၁၇။။ “မင်းလည်း စိတ်တူ၊ အယူ ကြံသီး၊ အမတ်ကြီးတို့၊ သမီးကို ယူ၊ ထီးဖြူမနှင်း၊ အကြံတင်းလည်း၊ အတွင်း,ပြင်လုံ၊ လိုတော်ကြုံ”ဟု၊ ဗိုလ်ပုံ ခင်းကျင်း[၁]၊ ဆင်း,မြင်း,ရထား၊ မြည်း,လား မွမ်းဖြင့်၊ ရိက္ခာတင်လည်း၊ မြေပြင် တင်းကျမ်း၊ ညိတ်ညိတ်မွမ်းမျှ၊ ခွဲခြမ်း သီးသီး၊ ရန်တားပြီးမှ၊ “မြေကြီး အနှံ့၊ ငါချီအံ့တည့်။ ခိုင်ခံ့ လေဟန်၊ မာန်တကြွားကြွား၊ အား, တသုံးသုံး၊ ကြုံး,တလွှားလွှား၊ စကားအရေး၊ လူရည်သွေးလျက်၊ မလေး မထီ၊ မင်းကို မှီသည်။ နန္ဒီသေန၊ အစွမ်းမျှကို[၂]၊ ငါက သူရဲ၊ အလဲလဲနှင့်၊ တပွဲ,တလမ်း၊ စမ်းလိုက်ရစေ၊ ထိတိုင်းကြေစိမ့်”[၃]၊ ပိုင်မြေ, တိုင်းကား၊ ကျေးကျွန်များကို၊၊ ခန့်ထား,အကုန် ရုံးသည်တည်း[၄]။။
၁၈။။ ရထား,မြင်း,ဆင်၊ စုံလင် ပေါင်းရှက်၊ လက်နက် လေး ကိုင်၊ ဒုတ်နိုင် ဓားဆွဲ၊ စီ,ခွဲ ခန့်ထား၊ ရဲမက်များတွင်၊ ကြီးမား အချုပ်၊ တပ်အုပ်, တပ်ခေါင်း၊ တပ်ပေါင်းဆိုင်ရာ၊ ဗိုလ်ပါ အကြပ်၊ စီရင် ကွပ်၍၊ ငါ့တပ် ကျော်ချင်း[၅]၊ သူ့ ပြည်တွင်းသို့၊ နင်းမိသောခါ[၆]၊ ရိက္ခာ ဖြည့်တင်း၊ စိုင်းပြင်း အကြံ၊ မြို့ကို ရံ၍၊ နိုင်ငံတလွှား၊ စပါး, ဆန်ရေ၊ ဖျက်ဆီးစေမှ၊ ထိုမြေပြည်သူ၊ ပြင်က လူကို ၊ ဖမ်းယူ ညှဉ်းဆဲ၊ ဆင်းရဲသောခါ၊ ဘယ်နေသာအံ့။ မြို့ပါဋလိ၊ သိသိ ကြေညက်၊ မပျက် သမျှ၊ ပြည်ဗိမာန်၊ ငါမပြန် ဟု[၇]၊ ပြင်းထန် ထောင်းထောင်း၊ မျက်ရှိန် ခြောင်း၍၊၊ ခြိမ်းမောင်း,အာဏာ သုံးသည်တည်း[၈]။။
၁၉။။ မည်တော် အဿက၊ နရိန္ဒ လည်း၊ ကြံဆ ဆွေးနွေး၊ ရက် မဝေးလျှင်၊ စစ်ရေးပေါ်မည်၊ သိလေသည်ကြောင့်၊ ကြံစည် ထောက်ရှု၊ စီရင်မှုကို၊ ယခု မညောင်း၊ တိုင်ပင်ကောင်းဟု၊ အကြောင်း စုံစီ၊ စစ်ထား ညီအောင်၊ နန္ဒီသေန၊ မည်ရ ထင်ရှား၊ မတ်ခေါင်ဖျားအား၊ စကား မြွက်ခြည်၊ တိုင်ပင်သည်ကား၊ “ပတ်လည် မျက်နှာ၊ ရှုဘွယ်သာလျှင်၊ မြင့်စွာဖြူးဖြူး၊ တောင်ထိပ်ဦးဝယ်၊ မီးရှူး တင့်တယ်၊ ထွန်းသောနှယ်သို့၊ ပြည်စွယ်,ပြည်သွား၊ ပြည်နား,မျက်စိ၊ ပြည်ကြီး တန်ဆာ၊ ဂုဏ်,ပညာနှင့်၊ လိမ္မာ