၈၈။။ ကလိင်္ဂစော၊ မုနော ခေါင်ချာ၊ များဗိုလ်ပါနှင့်၊ ထိုခါ အုတ်ကျက်၊ မဖက်,မဆိုင်၊ မပြိုင်,မပူး၊ ရွှံလန့်မူးလျက်၊ မြင်ဦးလှည့်လည်[၁]၊ ထွက်ပြေးသည်တွင်၊ တောင်တည် နေခင်း၊[၂]၊ ထိုသည် မင်း၏၊ တပ်တွင်း,တပ်ပြင်၊ တပ်ဝန်းကျင်မှ၊ လမ်းခွင် သွားရာ၊ များဥစ္စာသည်၊ မြေတာ ကြွင်းမဲ့၊ ကြဲသကဲ့သို့၊ လက်ဖွဲ့,လက်စွပ်၊ လက်ကြပ်,လက်ကောက်၊ စိန်,ကျောက် ထွေထွေ၊ ရွှေ,ငွေ စည်ဖောင်း၊ ပုံ,မောင်း ပတ်သာ၊ တန်ဆာ မှောက်တို၊ မိန်ညို ချပ်,ကာ၊ ပူတာ,ခွက်အုပ်၊ အထုပ်,အပိုး၊ ပုဆိုး သင်ထည်၊ မည်သည် မသိ[၃]၊ သွားတိုင်း ငြိရှင့်။ ကရိယာများ၊ ဒိုင်း နှင့် လွှားက၊ လှံ,ဓား ရှုပ်ထွေး[၄]၊ ပြောင်း,လေး သေနတ်၊ မလွတ် ဖြင်ပည်း၊ လား,မြည်း ဝန်တင်၊ မြင်း,ဆင် လူသူ၊ ဖမ်းယူကုန်ကြ၊ သုံ့,လက်ရသည်[၅]၊ ကိုယ်င,ကိုယ်စီ၊ မချီ,ပိုးနိုင်၊ အဆိုင်ဆိုင်တည့်။ စိုးပိုင် သခင်၊ စောနတ်သျှင်လည်း၊ ချစ်ကြင် လွန်ပြင်း၊ အကုန် နှင်း၏။ မင်းဆွေ,စိုးမျိုး၊ မှူးရိုး, မတ်ခြား၊ မင်းသား, မင်းသမီး၊ လက်နက်ကြီးကို၊ သင်းသီး ဗိုလ်ပါ၊ မယူသာတည့်။ လိုရာ ကိစ္စ၊ ကြွင်းသမျှမူ၊ လက်ရ ယူစေ၊ ထိမ်းမှတ်ပေရှင့်။ ခြေတော်တင်ရ၊ ဆင်နာဂကို၊ ရကြသူအား၊ အဖိုးထား၍၊ ရွေးစားတော်မူ၊ မှုထမ်းသူတို့၊ တယူ ချီးမွမ်း[၆]၊ ရေ့နှယ်ချမ်းသည်၊၊ ရွှင်ဝမ်း,သာယာ ငြိမ်းသတည်း။။
၈၉။။ အောင်လံ စိုက်ထူ၊ အောင်တော်မူသည်၊ အောင်သူတို့မင်း၊ ခန့်ရန် တင်းလျက်[၇]၊ ကြောင်းခြင်း စုံစီ၊ နှလုံးညီအောင်၊ နန္ဒီသေန၊ မတ် ကြီး စသည်၊ များလှ အပေါင်း၊ ခေါ်တုံ ရှောင်း၍၊ အကြောင်း ဆင်ခြင်၊ မှုရေးအင်ကို၊ တိုင်ပင်သည်ကား၊ “ ငါ့ဖုန်းအားကြောင့်၊ လျင်လျား, မကြာ၊ ရန်ပေါင်း ကွာ၏။ ဗိုလ်ပါ ဆင်,မြင်း၊ ဖြည့်တင်း မွေ့လျော်၊ နေပြည်တော်သို့၊ ပြန်သော် သင့်မည်၊ သူ့ ပြည် ခရိုင်၊ သူ့ နိုင်ငံသို့၊ သူ့ နန်းမြို့ကို၊ ငါတို့ ရအောင်[၈]၊ စွမ်းဆောင်ကြမည်” ၊ အတည်တည်ကို၊ အရှည် မျှော်တွေး၊ စုံစမ်း မေးလျက်၊ ဖုန်းရေး ကံယွင်း၊ မင်းလည်း တိမ်းပြို၊