ရတနာသာချင်း
by မန်လည်ဆရာတော်
2958ရတနာသာချင်းမန်လည်ဆရာတော်

မှတ်စိမ့်လူဗိုလ်၊ ထိန့်ထိန့်ပြိုမျှ၊ မြင်းမိုရ်ထိပ်ထက်၊ ဗွေအချက်၌၊ မြေစက္ကဝါ၊ တမျက်နှာကို၊ မဟာစည်ကြီး၊ တင်၍ပြီးမှ၊ ကောင်းချီးကြိုးငြာ၊ မိုးဗြဟ္မာလျှင်၊ စကြာဝဠာအောက်ထက်၊ ဘဝဂ်ထုတ်ပိုင်း၊ ကျော်နံ့လှိုင်းအောင်၊ ရှိတိုင်းအားဆော်၊ ရိုက်တီးကျော်သို့၊ အဟော်ဝတ၊ ဗုဒ္ဓရတနာ၊ ဂုဏ်တေဇာကို၊ ပဒေသာဉာဏ်၊ ချွေကာသန်၍၊ ရွှေနားပန်ခု၊ ဆင်တော်ရန်ပြုလိုက်လျှင်၊ ဤလူ့ပြည်ရွာ၊ မြေမျက်နှာနှင့်၊ ရေမှာတခြား၊ နဂါးဂဠုန်၊ နတ်တို့ဘုံ၌၊ ရောင်ဟုန်ထွန်းတောက်၊ စိန်ကျောက်ပတ္တမြား၊ ပြယားနီလာ၊ သန္တာမျက်ရွဲ၊ ပုလဲအမြုတေ၊ ရွှေနှင့်ငွေတည်း၊ ကြည်းရေကုန်းကျင်း၊ မြေတွင်းလျှိုးဝင်၊ ကောင်းကင်မိုးပျံ၊ ပြိုးပြက်လျှံ၍၊ ပြည်တန်-တိုင်းတန်၊ဘိုးမှန်မရ၊ အနဂ္ဃဟု၊ ကမ္ဘာ့တန်းဆာ၊ လူနတ်အမျိုး၊ မြတ်နိုးရွှင်ပြုံး၊ နှလုံးအင်တက်၊ လွန်စုံမက်သည်။ နှစ်သက်ရာကြောင့်၊ ရတနာဟူ၍၊ သမိုက်အပ်သော၊ သဝိညာဏက၊ အဝိညာဏက၊ သသာမိက၊ အသာမိက၊ ဝိသေသဥစ္စာ၊ ရတနာတို့ထက်၊ ရောင်ဝါဇုတိ၊ သီရိပရမေ၊ အသရေဣဒ္ဓိပါဒ်၊ တန်ခိုးဓာတ်နှင့်၊ မျိုးဇာတ်အာနုဘော်၊ တုမမြှော်အောင်၊ ရွှေဂုဏ်တော်ထူး၊ ကျေးဇူးဥက္ကဋ္ဌ၊ နုတ္တရကြောင့်၊ ဗုဒ္ဓရတနာ။ သည်ရတနာမှ၊ ရတနာမွန်ကြီး၊ သာလွန်၍ ချီးထိုက်သဖြင့်၊ အံ့မပြီးဘက်မမြင်-လူနတ်ဗြဟ္မာ၊ သတ္တဝါတို့၊ ဆံစူဠာဦး၊ ပန်ဆင်ကာဖူးရပါသည်၊ ထူးဝိသေသ၊ ရတနာ့ရှင်ဘုရင်။ ။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.