လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ/သမထဝိပဿနာကို ပယ်ခြင်းနှင့်စပ်သော ဝိနိစ္ဆယ

လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း)
by သာသနာရေးဝန်ကြီးဌာန
၅-၈။ ဆုံးဖြတ်ချက် အမှတ်(၈) သမထဝိပဿနာကို ပယ်ခြင်းနှင့်စပ်သော ဝိနိစ္ဆယ
3146လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း) — ၅-၈။ ဆုံးဖြတ်ချက် အမှတ်(၈) သမထဝိပဿနာကို ပယ်ခြင်းနှင့်စပ်သော ဝိနိစ္ဆယသာသနာရေးဝန်ကြီးဌာန

လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ ဆုံးဖြတ်ချက်
နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)
စောဒနာအမှတ် (၈)

သမထဝိပဿနာကို ပယ်ခြင်းနှင့်စပ်သော ဝိနိစ္ဆယ

ဗုဒ္ဓဘာသာဝင်တို့၏ သမထလမ်းစဉ်နှင့် ဝိပဿနာလမ်းစဉ်တို့ကို ဖျက်ဆီးပြီး သံသရာမှ ထွက်မြောက်ရေးလမ်းကို ပိတ်ပင်ဟန့်တားဖျက်ဆီးနေကြခြင်းနှင့် ပတ်သက်သော စောဒနာ သောဓနာ ၂-ရပ်ကို ဝေဖန်သုံးသပ်ချက်

၁။ စောဒကပုဂ္ဂိုလ်များက လူသေလူဖြစ်ဝါဒီ ဦးဥက္ကဋ္ဌနှင့်တကွ ၎င်း၏ဩဝါဒခံ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ဝင်များနှင့် အပေါင်းအပါနောက်လိုက်များ၏ သမထဝိပဿနာ လမ်းစဉ်များကို ဖျက်ဆီး ခြင်း သမထ ဝိပဿနာလုပ်ငန်းသည် ဗုဒ္ဓဝါဒမဟုတ်ဟု သင်တန်းပို့ချခြင်းများနှင့် ပတ်သက်၍ ဦးဥက္ကဋ္ဌရေး ဗုဒ္ဓလမ်းစဉ်စာအုပ် စာမျက်နှာ ၆၅-မှ

(က) ဗုဒ္ဓ၏ အစစ်အမှန်ဖြစ်သော လမ်းစဉ်ကား ဥပါဒါန်မနှောင်ဘဲ ဖြောင့်ဖြူးလှ၏၊ သို့ရာတွင် သဥပါဒါန ဟိန္ဒူယောဂလမ်းစဉ် လွှမ်းမိုး၍နေသော ဗမာ့ပဋိပတ္တိသာသနာဝင်၌ကား ယောဂီ ပုဂ္ဂိုလ်အပေါင်းတို့သည် ဗုဒ္ဓကိုယ်တိုင်ထွင် ဗုဒ္ဓကိုယ်တိုင်လျှောက်၍ ဗုဒ္ဓကိုယ်တိုင် ပြောင်မြောက်ခဲ့သော ဗုဒ္ဓ၏အနုပါဒါန လမ်းစဉ်ကို ရှိသေးသည်ဟူ၍ပင် အသိအမှတ်မပြုနိုင်ခဲ့။

(ခ) ဗုဒ္ဓဝါဒပြဿနာများ အမည်ရှိစာစောင် စာမျက်နှာ ၁၉၊ ၂၀-မှ “တိကျစွာဆိုရသော် ဗုဒ္ဓဝါဒတွင် သမထနှင့် ဝိပဿနာလုပ်ငန်းစဉ်များ မပါဝင်ပါ”။

(ဂ) သို့သော် သမထနှင့် ဝိပဿနာကို အလုံးစုံခြုံ၍ ပယ်ခြင်းမှာ မဖြစ်နိုင်ပါ။ အကြောင်းမှာမူ ယင်းသမထနှင့် ဝိပဿနာများသည် ဗုဒ္ဓဘာသာလောကတခုလုံး အရိုးစွဲ၍ အသဲခိုက်လျက် ရှိကြသောကြောင့် ယင်းတို့ကို မေ့လျော့ထားခြင်းငှာ မသင့်ပါ။

ဟူသော စကားရပ်များကို ထုတ်ပြ၍ ထိုပုဂ္ဂိုလ်တို့၏ ရေးသားချက်များသည် ဗုဒ္ဓ၏ သမထဝိပဿနာ ကျင့်စဉ်ကို ဟိန္ဒူ ယောဂဟု အဓမ္မပြောခြင်း ဗုဒ္ဓကိုယ်တော်တိုင် ဟောတော်မူခဲ့သော သမထဝိပဿနာ ကျင့်စဉ်များကို ဗုဒ္ဓဝါဒတွင် မပါဝင်ဟု ပြောင်ပြောင်တင်းတင်း ရေးသားထားခြင်းဖြစ်၍ ပါထိကဝဂ္ဂပါဠိ အသင်္ခတသံယုတ် ပါဠိတော်များနှင့် ဆန့်ကျင်ခြင်းကြောင့် မိစ္ဆာဓမ္မ အဓမ္မဝါဒဖြစ်ကြောင်း၊ ထိုသို့ ပြောဟောရေးသားသော ပုဂ္ဂိုလ်များသည် အဓမ္မဝါဒီများဖြစ်ကြောင်းကို စောဒနာကြလေသည်။

“ဧကာယနော် အယံ ဘိက္ခဝေ မဂ္ဂေါ” စသော သတိပဋ္ဌာန်လမ်းစဉ် “သီလဝိသုဒ္ဓိ ယာဝဒေဝ စိတ္တဝိသုဒ္ဓတ္တာ” စသော ရထဝိနီတသုတ်လာ ဝိသုဒ္ဓိခုနစ်ပါးလမ်းစဉ် “သမထပုဗ္ဗင်္ဂမံ ဝိပဿနံ ဘာဝေတိ” စသော ယုဂနဒ္ဓသုတ် “ကတမေ ဒွေ ဓမ္မာ ဘာဝေတဗ္ဗာ၊ သမထော စ ဝိပဿနာ စ” စသော ပါထိကဝဂ် လာ လမ်းစဉ်များသည် သမထ ဝိပဿနာလမ်းစဉ်များဖြစ်ကြောင်း ဓမ္မစကြာဒေသနာတော်လာ သစ္စဉာဏ် စသည်တို့နှင့် အနတ္တလက္ခဏသုတ်လာ “နေတံ မမ” စသည်တို့သည် ဝိပဿနာလမ်းစဉ်များ ဖြစ်ကြောင်းကို စောဒကဆရာတော်တို့က သာဓကအဖြစ် တင်ပြလျှောက်ထားကြလေသည်။

သုံးသပ်ချက်

၂။ ဤစောဒနာစကားရပ်တွင် “ဓမ္မစကြာဒေသနာတော်လာ သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ်တို့သည် ဝိပဿနာလမ်းစဉ်တရားတို့ ဖြစ်ကြပါတယ်” ဟူသော စကားရပ်သည် အမြွက်မျှသာ ဖြစ်ကြောင်း တွေ့ရသည်၊ သစ္စဉာဏ်သည် အရိယမဂ်၏ ရှေ့အဖို့၌လည်းကောင်း၊ အရိယမဂ်ခဏ၌ လည်းကောင်း၊ အရိယမဂ်၏နောက်အဖို့၌လည်းကောင်း ဖြစ်သည်။ ကိစ္စဉာဏ်သည် အရိယမဂ်၏ ရှေ့အဖို့၌သာဖြစ်သည်။ ကတဉာဏ်သည်ကား မဂ္ဂါနန္တရဖိုလ်မှ နောက် ပစ္စဝေက္ခဏာ အခိုက်၌သာ ဖြစ်သည်၏ အဖြစ်ကို ကထာဝတ္ထုမူလဋီကာ၌ ဤသို့ပြဆိုထားပေသည်။

“ပရိညေယျန္တိ ပုဗ္ဗေဘာဂေါ၊ ပရိညာတန္တိ အပရဘာဂေါ၊ သစ္စဉာဏံ ပန မဂ္ဂက္ခဏေပိ ပရိဇာနနာဒိကိစ္စသာဓနဝသေန ဟောတီတိ အာဟ သဒ္ဓိံ ပုဗ္ဗဘာဂပရဘာဂေဟီတိ” (မူလဋီ၊၃၊၁၁၂။)

ထို့ကြောင့် သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ်တို့သည် ဝိပဿနာလမ်းစဉ်သာ မဟုတ်၊ ဝိပဿနာ ဉာဏ်နှင့်တကွ အရိယမဂ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ်များ ဖြစ်ကြသည်။

၃။ ထိုစောဒနာကို စုဒိတကတို့က ချေပသောဓနာရာဝယ် သောဓနာစာပိုဒ် (၁) (၂) (၃) တို့၌ စောဒကဆရာတော်များ၏ “ဗုဒ္ဓေါ ဟေဿံ သဒေဝကေ သန္တာရေဿံ သဒေဝကံ” ဟူသောပါဠိများ၏ သုတ္တန်အညွှန်း စာပိုဒ်စာမျက်နှာများ မဖော်ပြသဖြင့် လုပ်ကြံထားသော ပါဠိများဖြစ်လေရော့သလားဟု သံသယဝင်လျက်ရှိနေကြောင်း သစ္စာလေးပါးသိ၍သာ ဘုရားဖြစ်ကြောင်း လောကဟူသောပုဒ်မှာ သဒေဝကလောက ဟုတ်မည်မထင်ကြောင်း သာမညဖလသုတ်၌ “တထာဂတော လောကေ ဥပ္ပဇ္ဇတိ” သာပါရှိပြီး “သဒေဝကေ”ဟူသော ဝိသေသနပုဒ် မပါရှိကြောင်း၊ လောကသုတ်၌ “လောကဿ ဘိက္ခဝေ သမုဒယဉ္စ။ ပ။လောကသမုဒယော”ဟု အတိအလင်းပါရှိသဖြင့် ထိုလောကသည် ကာမလောက တစ်ခုလုံးကိုသာ ရည်ညွှန်းချက်ရှိကြောင်း အကယ်၍ နတ်ဗြဟ္မာလောကများ ပါဝင်နေပါလျှင် “သဒေဝကေ သဗြဟ္မကေ”ဟု ပါသင့်ကြောင်း ချေပကြလေသည်။

၄။ ထိုစောဒနာ သောဓနာ ၂-ရပ်ကို သုံးသပ်စိစစ်သော် စောဒကဆရာတော်များသည် “ဗုဒ္ဓေါ ဟေဿံ” စသော ပါဠိများသည် ပဓာန စောဒနာမဟုတ်၊ အခြေခံစကားမျှဖြစ်ခြင်းကြောင့် ယင်းပါဠိတို့၏ သုတ္တန်စာပိုဒ် စာမျက်နှာတို့ကို မညွှန်းခြင်းဖြစ်ရာ၏၊ ယင်းပါဠိတော်များသည် ဗုဒ္ဓဝံသပါဠိတော်(၃၁၀၊ ဂါထာနံပါတ် ၅၅-၅၆-တို့၌ အထင်အရှားရှိခြင်းကြောင့် လုပ်ကြံထားသောပါဠိများ မဟုတ်သည်မှာ ထင်ရှားပေသည်။

၅။ “သစ္စာလေးပါးသိ၍သာ ဘုရားဖြစ်ပါသည်” ဟူသောချေပချက်ကား စောဒကဆရာတော် များ၏ “ဗုဒ္ဓေါ ဟေဿံ သဒေဝကေ။ ပ။ ဟူသော ရည်ရွယ်ချက်တော်ကြီးဖြင့် ဘုရားအဖြစ်သို့ ရောက်တော်မူလာရကား” ဟူသောစကားရပ်ကို ချေပသောစကားဖြစ်သည်။ “ရည်ရွယ်ချက်ဖြင့် ဘုရား ဖြစ်သည်မဟုတ်၊ သစ္စာလေးပါးသိ၍သာ ဘုရားဖြစ်သည်”ဟု ချေပလိုရင်းဖြစ်၏၊

ဤအချက်ကို စိစစ်အံ့၊ အားလုံးသောပုဂ္ဂိုလ်တို့သည် ထိုထိုကိစ္စတို့ကို ပြုလုပ်ဆောင်ရွက်ကြရာ၌ ရည်ရွယ်ချက်ရှိသည်သာ ဖြစ်ကြ၏၊ ဗုဒ္ဓရှင်တော်မြတ်သည်လည်း “ဗြဟ္မာ, လူ, နတ် သုံးဘုံရပ်၌ ဘုရား ဖြစ်အောင် ငါကျင့်ဆောင်မည်၊ ဘုရားဖြစ်လျှင် ဗြဟ္မာ, နတ်, လူ သုံးဘုံသူတို့ကို သံသရာမှ ကယ်တင် ထုတ်ဆောင်မည်” ဟူသော အလွန်မွန်မြတ်သော ရည်ရွယ်ချက်တော်ကြီးဖြင့် လက်တော်သို့ ရောက်လုဆဲဆဲဖြစ်သော နိဗ္ဗာန်ချမ်းသာကို ပယ်စွန့်လျက် ဘုရားဆုကို ပန်ဆင်ကာ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပါရမီစဂစရိယတို့ကို ပြည့်ဝအောင် ဖြည့်ကျင့်တော်မူပြီး၍ အဆုံးဘဝဝယ် မဇ္ဈိမပဋိပဒါလမ်းစဉ်ဖြင့် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။

ဤအရာ၌ သံသရာဝဲဩဃ၌ နစ်မွန်းမျောပါနေကြသော သတ္တဝါတို့အပေါ်၌ လွန်စွာသနားတော်မူသော မဟာကရုဏာတော်ဖြင့် “သန္တာရေဿံ သဒေဝကံ” နတ်နှင့်တကွသော သတ္တဝါအပေါင်းကို ကယ်တင်ထုတ်ဆောင်အံ့ဟု ရည်ရွယ်ချက်ဖြစ်တော်မူသည်။ ထိုမဟာကရုဏာတော်သည် အကြောင်း, ပါရမီစာဂစရိယသည် အကျိုး၊ ပါရမီစာဂစရိယသည် အကြောင်း, သမထ ဝိပဿနာဉာဏ်သည် အကျိုး၊ သမထ ဝိပဿနာဉာဏ်သည် အကြောင်း, အောက်မဂ် အောက်ဖိုလ်သည် အကျိုး၊ အောက်မဂ် အောက်ဖိုလ်သည် အကြောင်း, အရဟတ္တမဂ် အရဟတ္တဖိုလ်သည် အကျိုး၊ အရဟတ္တမဂ် အရဟတ္တဖိုလ်သည် အကြောင်း, သဗ္ဗညုတဉာဏ်တော်နှင့်တကွ ဗုဒ္ဓဂုဏ်တော်အပေါင်းသည် အကျိုးဟု ကြောင်းကျိုးဆက်ကာ ဘုရားဖြစ်တော်မူလာခြင်း ဖြစ်သည်။ ထို့ကြောင့် “ရည်ရွယ်ချက်ဖြင့် ဘုရား ဖြစ်သည်မဟုတ်၊ သစ္စာလေးပါးသိ၍သာ ဘုရားဖြစ်ပါသည်” ဟူသော ချေပချက်ကား စကားကပ် ကိုးခြင်းသာ ဖြစ်ပေသည်။ စောဒကတို့၏စွဲချက်ကို လှုပ်ချောက်ခြားခြင်း မပြုနိုင်။

၆။ သာမညဖလသုတ်၌ “တထာဂတော လောကေ ဥပ္ပဇ္ဇတိ” သာပါရှိပြီး “သဒေဝကေ” ဟူသော ဝိသေသသနပုဒ် မပါရှိခြင်းကြောင့် “လောကဟူသောပုဒ်မှာ သဒေဝကလောက ဟုတ်မည်မထင်” ဟူသော ချေပချက်သည်လည်း “လူသေလျှင် လူသာဖြစ်သည်၊ နတ် ဗြဟ္မာ ငရဲ စသည်မဖြစ်နိုင်” ဟူသော မိစ္ဆာအယူ၏ ဖုံးကွယ်မှုကြောင့် အမှန်ကိုမမြင် ဘုရားရှင်၏ ဒေသနာများကို ပယ်ရှားလိုသော အယောနိသော မနသိကာရ စေတနာဆိုးဖြင့် ချေပသောစကားသာ ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုစုဒိတကတို့ ကိုးကားသော စာပိုဒ်ထဲမှာပင် “သော ဣမံ လောကံ သဒေဝကံ သမာရကံ သဗြဟ္မကံ” ဟူသောပုဒ်များ တဆက်တည်း ပါရှိနေသည်ကို တမင်ကွက်ဝှက်လျက် ချန်ထားခဲ့သောကြောင့် ဖြစ်ပေသည်။ ထိုမျှမက စုဒိတကတို့ ယုံကြည်လေးစားသည်ဆိုသော ဓမ္မစကြာတရားတော်၌ပင် “အထာဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ” ဟု ပါရှိလေသည်။ ထိုပါဠိရပ်မျိုးကား ဘုရားဟောဒေသနာများ၌ မရေမတွက်နိုင်အောင် များလှစွာ၏၊

၇။ လောကသုတ်၌ လောက၏ အရကိုလည်း ကာမလောကကို ရည်ညွှန်းသည်။ အကယ်၍ နတ်ဗြဟ္မာလောကများ ပါဝင်နေပါလျှင် “သဒေဝကေ သဗြဟ္မကေ” ဟူသော ပါဠိများပါရှိသင့်သည်ဟု ချေပကြပြန်သည်။ ထိုလောကသုတ်၌ “စက္ခုဉ္စပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” မျက်စိနှင့် အဆင်းကိုစွဲ၍ မြင်သိစိတ် စက္ခုဝိဉာဏ်ဖြစ်သည် စသော စကားရပ်တို့ဖြင့် သင်္ခါရလောကအဖြစ် လွန်စွာ ထင်ရှားနေပါလျက် ကာမလောကကို ရည်ညွှန်းသည်ဟု ဆိုခြင်းသည်လည်း သခင်မြတ်ဆိုင်နှင့် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့သည် မိမိတို့သည် ပရိယတ်အခြေခံ ကင်းမဲ့သဖြင့် ဒေသနာတော်၏ အဓိပ္ပါယ်မှန်ကို ဧကန်ကျန မယူဆတတ်ပါဟု ဝန်ခံလာရာ ရောက်ချေသည်။ နိဒါနဝဂ္ဂသံယုတ် အဋ္ဌကထာနှာ-၆၉ လောကသုတ်အဖွင့်၌ “လောကဿာတိ သင်္ခါရလောကဿ” ဟု ဖွင့်ပြလျက်ရှိသည်။ ထိုသုတ်၌ “သဒေဝကေ” စသည် မပါရှိခြင်းသည် “ဗုဒ္ဓေါဟေဿံ သဒေဝကေ” စသော စကားရပ်တို့နှင့် မည်သို့မျှမပတ်သက်ချေ။”

၈။ သောဓနာလွှာ စာပိုဒ်နံပါတ်-၄ ၌ မူလပါဠိတော်၌ “ဧကာယနော အယံ ဘိက္ခဝေ” ဟု ရှိလျက် စောဒကဆရာတော်များ၏ စောဒနာလွှာ၌ “ဧကာယနော ဘိက္ခဝေ အယံ” ဟု လွဲမှားနေကြောင်း ကို သောဓနာကြသည်။ ထိုသောဓနာနှင့် ပတ်သက်၍ စောဒကဆရာတော်များက ဝိနည်းဓိုရ်ဆရာတော် များထံ၌ “ဧကာယနော အယံ ဘိက္ခဝေ” ဟုပင် ဖတ်၍လျှောက်ထားခဲ့ကြောင်း အသံဖမ်းတိတ်ခွေ၌လည်း ထိုအတိုင်းပင်ရှိကြောင်း စောဒနာလွှာများ၌ စာရိုက်စဉ်က မှားယွင်းရိုက်မိသည်ကို အချိန်မရ၍ မပြင်လိုက်နိုင်ကြောင်းကို ဖြေရှင်းပြီးဖြစ်သည်။

၉။ သောဓနာလွှာ စာပိုဒ် (၄) မှ (၁၄) အထိ စကားရပ်တို့ဖြင့် စုဒိတကပုဂ္ဂိုလ်တို့က “တပည့် တော်တို့မှာလည်း ဝိမုတ္တိရသ ရရှိနိုင်ရေးအတွက် ကျင့်စဉ်ရှိပါသည်” ဟုလျှောက်ထား၍ မိမိတို့၏ ကျင့်ပုံ ကျင့်နည်းများကို အကျယ် ရှင်းလင်းတင်ပြကြသည်။

သို့ရာတွင် နည်းမှန်လမ်းမှန်ကျင့်ရန်ကား လွန်စွာလိုအပ်လှ၏၊ စတင်၍ အားထုတ်စဉ်ကပင် နည်းမှန်လမ်းမှန်မဟုတ်ပါလျှင် ဝိပဿနာဉာဏ် ဖြစ်လာနိုင်ရန် အကြောင်းမရှိပေ။

၁၀။ စုဒိတကတို့၏ စာပိုဒ်နံပါတ်(၆)လာ စကားရပ်ကို စိစစ်ရာဝယ် စတင်အားထုတ်ရန် အခြေခံကိုက လွဲမှားနေသည်ကို တွေ့ရပေသည်။ ထိုအပိုဒ်(၆)၌ “အမှန်မြင်ဆိုသည်မှာ သက်ရှိသက်မဲ့ ဖြစ်ပါသည်၊ ဤသက်ရှိသက်မဲ့သည် သန္ဒိဋ္ဌိက အကာလိက စသော ဓမ္မဂုဏ်နှင့်လည်း ကိုက်ညီပါသည် ဘုရား” ဟုဆိုထား၏၊

“ဤသက်ရှိသက်မဲ့သည် သန္ဒိဋ္ဌိက အကာလိက စသော ဓမ္မဂုဏ်နှင့်လည်း ကိုက်ညီပါသည် ဘုရား” ဟူသော စကားသည် ဘုရားရှင်အလိုတော် ဗုဒ္ဓဝါဒအမှန်နှင့် အံချော်၍နေလေသည်၊ သက်ရှိ သက်မဲ့ဟူသည် အလုံးစုံသော သင်္ခါရတရားများသာ ဖြစ်သည်။ ထိုအလုံးစုံသော သင်္ခါရတရားဟူသမျှ သည် သန္ဒိဋ္ဌိက အကာလိက မဖြစ်နိုင်ချေ။ ဤကဲ့သို့ စကတည်းက မှားနေသော သမ္မာဒိဋ္ဌိ သုတေသန သမားတို့၏ ကျင့်စဉ်သည် ဝိမုတ္တိရသ အစစ်အမှန်ကို မည်သည့်အခါမျှ ရရှိစေလိမ့်မည် မဟုတ်ပေ။

၁၁။ ဤအရာ၌ ဘုရားရှင်ဟောတော်မူသော အင်္ဂုတ္တိုရ် တိကဆက္က နဝကနိပါတ်လာ သန္ဒိဋ္ဌိက သုတ်များကို ထုတ်ပြဖွယ်ရှိသော်လည်း အမှတ်(၂)ဝိနိစ္ဆယ၌ အကျယ်ဝေဖန်ခဲ့ပြီးဖြစ်၍ ဤ၌ တဖန် ထုတ်ပြန်မနေတော့ပေ။

သန္ဒိဋ္ဌိကဟူသည် အရိယမဂ်ဖြစ်သည်။ တနည်း လောကုတ္တရာတရားကိုးပါး ဖြစ်သည်။ အကာလိကဟူသည် မိမိ၏အခြားမဲ့၌ ဖိုလ်တည်းဟူသောအကျိုးကို ဖြစ်စေတတ်သော မဂ်လေးပါး ဖြစ်သည်ဟု ဝိသုဒ္ဓိမဂ် ဒု-၂၀၉ ၌ဖွင့်ပြထားပေသည်။

ဤဒေသနာတော်တို့ဖြင့် လောဘ ဒေါသ မောဟ ကိုယ်ပြစ် နှုတ်ပြစ် စိတ်ပြစ်များ ဖြစ်ပေါ်လာလျှင် သတိဖြင့် ရှုမှတ်နေသောပုဂ္ဂိုလ်၏ ကိုယ်တိုင်သိမှု ကွယ်ပျောက်သွားလျှင်လည်း ကွယ်ပျောက် သွားသည်ကို သိမှု စျာန် မဂ်, ဖိုလ်ကို ကိုယ်တိုင်သိမြင်မှုများသည်သာ သန္ဒိဋ္ဌိက အကာလိက စသည်ဖြစ်ပေသည်။ စုဒိတကတို့က သက်ရှိသက်မဲ့သည် သန္ဒိဋ္ဌိက အကာလိက စသည်ဖြစ်၏ဟု ပြောဆိုခြင်းသည်ကား အလျင်းပင် မဟုတ်ကြောင်း သိသာထင်ရှားလှပေသည်။

၁၂။ စုဒိတကတို့၏ ဝိပဿနာရှုပုံကို စိစစ်ပြန်သော် “သက်ရှိလူသားသည် သက်မဲ့ အစာ, ရေ, လေတို့ကြောင့် ဖြစ်ရသည်။ ထို အစာ, ရေ, လေ တို့သည် ဗဟိဒ္ဓလောက၌ ရှိသည်။ ဗဟိဒ္ဓသည် အဇ္ဈတ္တ ဖြစ်လာသည်။ ထိုအဇ္ဈတ္တသည် သက်ရှိဖြစ်သည်။ ထိုသက်ရှိသည်ပင်လျှင် မကြာမီ ဗဟိဒ္ဓပြင်ပသို့ ကူး ပြောင်းသွားသည်။ အဘယ်ကြောင့်ဆိုသော် အစာ, ရေ, လေ တို့သည်ပင်လျှင် ရွေ့လျားမတည်ငြိမ်၊ ပုံစံတစ်ခုမှ ပုံစံတစ်ခုသို့ ပြောင်းလဲနေသည်။ ဥပမာ-စပါးမှဆန်၊ ဆန်မှ ထမင်း၊ ထမင်းမှ လူဖြစ်လာပါ သည်ဘုရား၊ မတည်မြဲသော ရုပ်ဝတ္ထုတို့ဖြင့် တည်ဆောက်ထားသော ဤရုပ်ကာယဝတ္ထုသည် မတည်မြဲပေ။ ထိုသို့ သိလာသောအခါ ထိုသက်ရှိ ရုပ်ကာယပေါ်၌ “အမြင်မှန်” ရရှိလာပါသည်။ ထိုအမြင်မှန်သည်ပင် သမ္မာဒိဋ္ဌိ ဖြစ်ပါသည်ဘုရား” ဟု တွေ့ရပေသည်။

ဤဝိပဿနာရှုနည်းမျိုးသည် ဘုရားဟောပါဠိတော်နှင့် အဋ္ဌကထာ, ဋီကာတို့၌ မရှိပေ။ ဤသို့ ဆင်ခြင်နေရုံဖြင့် ဝိပဿနာဉာဏ် လုံးဝဖြစ်နိုင်ဖွယ် မရှိရုံမျှမက သုတမယဉာဏ် စိန္တာမယဉာဏ်ပင် ဖြစ်နိုင်ဖွယ်ရာ အကြောင်းမရှိပါ။

စုဒိတကတို့ မြင်ခြင်းသည် အမြင်မှန်လည်းမဟုတ်၊ မဂ္ဂင်ရှစ်ပါးတွင် ပါဝင်သော သမ္မာဒိဋ္ဌိလည်း ဘယ်သောအခါမျှ ဖြစ်မလာနိုင်ပေ။ ထိုသို့ အခြေခံမှ စတင်လွဲမှားနေသောကြောင့် စုဒိတကတို့က မိမိတို့သည် ဝိပဿနာကို ပွားများနေပါသည်ဆိုသော်လည်း လူကြားကောင်းရုံ စကားဖြစ်ရုံမျှ တင်ပြခြင်း ဖြစ်ပေသည်။ ထို့ကြောင့် စာပိုဒ်အမှတ် (၇) မှ (၁၃)တိုင်အောင်သော စကားရပ်များကို မိမိတို့သန္တာန်၌ အမှန်တကယ် ဖြစ်ရှိသည်ကို တင်ပြခြင်းမဟုတ်ဟု ဝိနည်းဓိုရ်ဆရာတော်များက ယူဆတော်မူကြသည်။

၁၃။ သောဓနာလွှာ စာပိုဒ်နံပါတ် ၁၄၊ ၁၅-စကားရပ်တို့ဖြင့် စုဒိတကပုဂ္ဂိုလ်တို့က မိမိတို့သည် ဒိဋ္ဌဓမ္မ, ပတ္တဓမ္မ, ပရိယောဂါဠဓမ္မအပေါ်၌သာ ကျင့်သုံးလျက်ရှိကြောင်း သံသယများ လွန်မြောက်ပြီ၊ သို့လော သို့လော မဖြစ်ပြီ။ ပြောရဲဆိုရဲပြီး တစ်ပါးသူနှင့် မဆိုင်ပြီဟူသော ဝိပဿနာမျိုး သမထမျိုး ကိုသာ ကျင့်သုံးကြောင်း လျှောက်ထားကြလေသည်။

ဒိဋ္ဌဓမ္မစသော ဂုဏ်တို့ကား သောတာပန်ပုဂ္ဂိုလ်၏ ဂုဏ်များဖြစ်ပေသည်။ စုဒိတကတို့က မိမိတို့မှာ ထိုဂုဏ်များနှင့် ပြည့်စုံပြီဟုဆိုသဖြင့် သောတာပန်၏အဖြစ်ကို ဝန်ခံရာရောက်သည်။ ဦးဥက္ကဋ္ဌနှင့် အပေါင်းအပါတို့ သောတာပန် ဖြစ်မဖြစ်ကိုကား ဝိနည်းဓိုရ်ဆရာတော်များ ဆုံးဖြတ်ခွင့်မရှိချေ။ ထိုပုဂ္ဂိုလ်တို့၏ အမူအရာ အပြောအဆို စသည်တို့ကိုထောက်၍ ဟုတ်လောက် မဟုတ်လောက်ကို ပရိသတ်တို့ကသာ ဆုံးဖြတ်ကြရန် ဖြစ်ပေသည်။ အေးချမ်းစွာ ဗုဒ္ဓတရားကို ကျင့်သုံးနေကြသူများကို လည်းကောင်း၊ ပိဋကသုံးပုံ နိကာယ်ငါးရပ် ဘုရားတရားတော်များကိုလည်းကောင်း၊ ပရမတ္ထသံဃာ သမုတိသံဃာ သံဃာတော်များကိုလည်းကောင်း၊ ဗုဒ္ဓဘာသာတို့၏ ကျင့်ရိုး ကြံရိုး လမ်းရိုး လမ်းမှန် တို့ကိုလည်းကောင်း၊ မြတ်စွာဘုရားနှင့် စေတီပုထိုး ဆင်းတုတော်တို့ကိုလည်းကောင်း ရိုင်းရိုင်းပျပျ ဝေဖန်ပုတ်ခတ် ရေးသားပြောဟောခြင်း ဗုဒ္ဓဘာသာတိုက်ဖျက်ရေး စာအုပ်စာတမ်း စာစောင်များကို ထုတ်ဝေခြင်း ပြက်ရယ်ပြောင်လှောင်ပြုခြင်း စသည်တို့ကို အသင်းအပင်းဖွဲ့၍ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေကြသော သမ္မာဒိဋ္ဌိသုတေသနအဖွဲ့သား (ရုပ်ဝါဒသမား)တို့အား သူတို့၏ လုပ်ငန်းများကို ထောက်ရှု၍ မည်သို့သော ပုဂ္ဂိုလ်မျိုးများဖြစ်ကြောင်းကို သိမြင်နိုင်ကြပေသည်။

၁၄။ စုဒိတကတို့၏ ဤသောဓနာများကို ခြုံငုံသုံးသပ်သော် စောဒကဆရာတော်များ စွဲချက် တင်ထားသော (က) (ခ) (ဂ) စကားရပ်တို့ဖြင့် သမထဝိပဿနာလမ်းစဉ်သည် ဗုဒ္ဓဝါဒ၌ မပါဝင်ဟု လည်းကောင်း၊ ဗုဒ္ဓ၏ သမထဝိပဿနာလမ်းစဉ်များကို ဟိန္ဒူယောဂအကျင့်ဟူ၍လည်းကောင်း စွပ်စွဲလျက် ဗုဒ္ဓ၏ သမထဝိပဿနာကို ဖျက်ဆီးနေကြသည်ဟူသော စောဒနာချက်ကို စုဒိတကတို့၏ ချေပ ငြင်းဆိုချက်ကို မတွေ့ရချေ။ ချေပငြင်းဆိုခြင်း မပြုရုံမျှမက သောဓနာလွှာစာပိုဒ် (၁၆)၌ စောဒကဆရာတော်များဆိုလိုသော ယောဂလမ်းစဉ် သာသနာပ သမဏဗြာဟ္မဏတို့၏ လမ်းစဉ်မျိုး၌ အကျုံးဝင်သည့် သမထ ဝိပဿနာမျိုးကို တပည့်တော်များ မကျင့်သုံးကြပါဘုရားဟု ထပ်မံ၍ပင် ဝန်ခံစွပ်စွဲ ကြပြန်လေသည်။

ထင်ရှားစေဦးအံ့၊ စောဒကဆရာတော်များ ဆိုလိုသော သမထဝိပဿနာ ဟူသည် ပါထိကဝဂ္ဂပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ အင်္ဂုတ္တရနိကာယ် အဘိညာသုတ္တပါဠိ အသင်္ခတသံယုတ်ပါဠိတော်များ၌ လာသော ဗုဒ္ဓနှင့် ဗုဒ္ဓသာဝကတို့ ဟောတော်မူသော သမထဝိပဿနာ များပင်ဖြစ်သည်ကို သာမည စောဒနာလွှာ(၄)နံပါတ် စာပိုဒ်ဖြင့်ပင် သိသာပေသည်။ ထိုတွင် ပါထိကဝဂ် ပါဠိတော် နှာ-၁၈၆၌ သမာဓိလေးပါး ပွားပုံကိုလည်းကောင်း၊ နှာ-၁၈၇ ၌ အပ္ပမညာလေးပါး အာရုပ္ပလေးပါး ပွားများပုံတို့ကိုလည်းကောင်း၊ နှာ-၁၈၉၌ ဗောဇ္ဈင်ခုနစ်ပါး ပွားများပုံကိုလည်းကောင်း ဟောတော်မူသည်။ နှာ-၂၂၈ ၌လည်း -

“ကတမေ ဒွေ ဓမ္မာ ဘာသေတဗ္ဗာ၊ သမထော စ ဝိပဿနာ စ၊ ဣမေ ဒွေ ဓမ္မာ ဘာဝေတဗ္ဗာ -”
ဟု ဟောတော်မူသည် (ဝိသေသစောဒနာ၌ ပါပြီးဖြစ်၏)။

၁၅။ မဇ္ဈိမပဏ္ဏာသပါဠိတော် ကန္ဒရကသုတ် (နှာ-၇-၁၂) အတ္တန္တပစသော ပုဂ္ဂိုလ်လေးမျိုးတို့တွင် စတုတ္ထဖြစ်သော မိမိ သူတပါး နှစ်ဦးလုံးကို မပူပန်မဆင်းရဲစေတတ်သည့် နေဝအတ္တန္တပ နပရန္တပပုဂ္ဂိုလ်ကိုပြရာ၌ “သဒ္ဓါတရားရှိသော အမျိုးကောင်းသားသည် ဘုရားရှင်သာသနာတော်၌ ရဟန်းပြုလျှင် မြတ်သောသီလအစု မြတ်သောရောင့်ရဲခြင်း မြတ်သောဣန္ဒြေကို စောင့်စည်းခြင်း၊ မြတ်သော သတိသမ္ပဇဉ်နှင့် ပြည့်စုံစေ၍ စတုတ္ထစျာန် ရသည့်တိုင်အောင် သမထကမ္မဋ္ဌာန်း အားထုတ်ပုံကို လည်းကောင်း၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဒိဗ္ဗစက္ခုဉာဏ်တို့ကို ရရှိအောင် အားထုတ်ပုံကိုလည်းကောင်း၊ ထို့နောက် ဝိပဿနာရှု၍ အရဟတ္တမဂ်ဉာဏ်တည်းဟူသော အာသဝက္ခယဉာဏ်ရအောင် အားထုတ်ပုံကို လည်းကောင်း” ဟောကြားတော်မူ၏၊

၁၆။ ယင်းပါဠိတော် အဋ္ဌကနဂရသုတ် (နှာ ၁၂ မှ ၁၆) ၌ ဒသမသူကြွယ်က “မြတ်စွာဘုရား ဟောတော်မူသော နိဗ္ဗာန်ရောက်ကြောင်းတရားတစ်ခုကို ဟောတော်မူပါ” ဟု အရှင်အာနန္ဒာအား လျှောက်ထားရာ အရှင်အာနန္ဒာက ပဌမစျာန်စသော စျာန်လေးပါး မေတ္တာ စေတောဝိမုတ္တိ စသော အပ္ပမညာစျာန်လေးပါး အာကာသာနဉ္စယတန ဝိညာဏဉ္စာယတန အာကိဉ္စညာယတနစျာန်တို့ကို အခြေခံ၍ ဝိပဿနာဉာဏ်သို့တက်ကာ အရဟတ္တမဂ် အရဟတ္တဖိုလ်တိုင်အောင် ပေါက်ရောက်နိုင်ပုံကို နည်းပေါင်း(၁၁)ပါးတို့ဖြင့် ဟောကြားတော်မူလေသည်။ ထိုအခါ ဒသမသူကြွယ်က “ရွှေအိုးတစ်လုံးကို ရှာသူသည် တစ်ကြိမ်တည်းဖြင့် ရွှေအိုး (၁၁)လုံးရသလို အမြိုက်နိဗ္ဗာန်တံခါး(၁၁)ပေါက်ကို ပွားများရန် ရရှိပါပြီ။ တံခါး(၁၁)ပေါက်ရှိသောအိမ်ကို မီးလောင်လျှင် တံခါးတစ်ပေါက်ပေါက်ဖြင့် မိမိကိုယ်ကို ချမ်းသာအောင် ပြုနိုင်သလို တပည့်တော်သည် ဤအမြိုက်နိဗ္ဗာန်တံခါး (၁၁)ပေါက်တို့တွင် တစ်ပေါက်ပေါက်ဖြင့် မိမိကိုယ်ကို ချမ်းသာအောင် ပြုနိုင်ပါလိမ့်မည်” ဟု လျှောက်ထားပုံ အကြောင်းအရာများကို ပြဆိုထားလေသည်။ ဤသည်တို့ကား ဗုဒ္ဓဘာသာတို့၏ သမထဝိပဿနာတရားများပင် ဖြစ်ပေသည်။

၁၇။ ယင်းပါဠိတော် သေခသုတ် နှာ ၁၆-၂၁ ၌ မြတ်စွာဘုရား၏ စေခိုင်းတိုက်တွန်းခြင်းကြောင့် အရှင်အာနန္ဒာက သာကီဝင်မင်းတို့အား ဟောကြားသော ဝိဇ္ဇာသုံးပါး စရဏတစ်ဆယ့်ငါးပါး သမထဝိပဿနာ တရားတို့ကို ပြဆိုထား၏၊ နှာ ၈၃-၈၆ မဟာရာဟုလောဝါဒသုတ်၌ ဓာတ်ကမ္မဋ္ဌာန်း အပ္ပမညာကမ္မဋ္ဌာန်း အာနာပါနဿတိ ကမ္မဋ္ဌာန်းများကို ပြဆိုထား၏၊ ယင်းပါဠိတော် ၁၆၂-မဟာဝစ္ဆ သုတ်၌ ဝစ္ဆဂေါတ္တပရိဗိုဇ်တို့သည် သာသနာတော်၌ ရဟန်းပြု၍ မကြာမီ ၁၅-ရက်အတွင်း၌ အနာဂါမိ ဖိုလ်သို့ ဆိုက်ရောက်ပြီးနောက် ဘုရားထံမှောက် သွားရောက်ကာ “အရှင်ဘုရား တပည့်တော်သည် သေခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သောဉာဏ် သေခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သောဝိဇ္ဇာဖြင့် ရောက်သင့်သောဖိုလ်သို့ ရောက်ခဲ့ပါပြီ။ မြတ်စွာဘုရားသည် တပည့်တော်အား အထက်တန်းတရားကို ဟောကြားတော်မူပါ” ဟု လျှောက်ထားလေရာ မြတ်စွာဘုရားက “ဝစ္ဆ ထိုသို့ဖြစ်လျှင် သင်သည် သမထဝိပဿနာ နှစ်ဖြာသော တရားတို့ကို ပွားများလော့၊ သမထဝိပဿနာ နှစ်ဖြာသောတရားတို့ကို ပွားများလျှင် များစွာသော ဓာတ်တို့ကို ထိုးထွင်း၍ သိခြင်းငှာဖြစ်လိမ့်မည်။ ဣဒ္ဓိဝိဓ ဒိဗ္ဗသောတ စေတောပရိယ ပုဗ္ဗေနိဝါသာနုဿတိ ဒိဗ္ဗစက္ခု အာသဝက္ခယ အဘိညာဉ်တို့ကို ရလိမ့်မည်” ဟု ဟောတော်မူသည်။

နှာ ၄၃၆-၄၃၈ သင်္ဂါရဝသုတ်၌ မြတ်စွာဘုရား ကိုယ်တော်တိုင်သိမြင် ကိုယ်တော်တိုင်လျှောက် လှမ်း၍ ကိုယ်တော်တိုင် အောင်မြင်ခဲ့သော သမထဝိပဿနာ လမ်းစဉ်များကို ထင်ရှားစွာ ပြဆိုထား၏၊ ထို့ပြင်လည်း ဤမဇ္ဈိမပဏ္ဏာသပါဠိတော်၌ သမထဝိပဿနာ ကျင့်စဉ်တို့ကို များစွာပြဆိုထား၏၊

၁၈။ ဥပရိပဏ္ဏာသပါဠိတော် ဒေဝဒဟသုတ် နှာ ၁၁ မှ ၁၆ တိုင်အောင် ကန္ဒရကသုတ်၌ ကဲ့သို့ပင် သမထစျာန်အကျင့်နှင့် အာသာဝက္ခယဉာဏ် ရသည့်တိုင်အောင် ဝိပဿနာကျင့်စဉ်တို့ကို ပြဆိုထား၏၊ ထို့အတူ ဂဏကမောဂ္ဂလ္လာနသုတ် မဟာပုဏ္ဏမသုတ် ဆဗ္ဗိသောမနသုတ် စသည်တို့၌လည်း သမထဝိပဿနာတို့ကို ပြဆိုထား၏၊ အထူးအားဖြင့် အာနာပါနဿတိသုတ် (နှာ-၁၂၂-၁၃၀)၌ အာနာပါနဿတိ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပွားများပုံကို (အရဟတ္တဖိုလ်ပေါက်) အကျယ်ပြထား၏၊ ကာယဂတာသတိသုတ်(နှာ-၁၃၀-၁၄၀)၌ ကာယဂတာသတိကမ္မဋ္ဌာန်း စီးဖြန်းပွားများပုံကို (အရဟတ္တဖိုလ်ပေါက်) အကျယ်ပြထား၏၊

၁၉။ အင်္ဂုတ္တိုရ်ပါဠိတော် စတုက္ကနိပါတ် အဘိညာသုတ်(၅၇၀)၌ “ ဥပါဒါနက္ခန္ဓာ တရား ငါးပါးသည် ဉာဏ်ဖြင့် ပိုင်းခြားသိရမည့်တရား အဝိဇ္ဇာနှင့် ဘဝတဏှာသည် ဉာဏ်ဖြင့်သိ၍ ပယ်ရမည့်တရား သမထနှင့် ဝိပဿနာသည် ဉာဏ်ဖြင့်သိ၍ ပွားများရမည့်တရား ဝိဇ္ဇာနှင့် ဝိမုတ္တိသည် ဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုရမည့်တရားဟု ပြဆိုထားပေသည်။

သဠာယတနဝဂ္ဂသံယုတ်ပါဠိ အသင်္ခတသံယုတ်(၅၃၅-၅၄၃)၌ “ရာဂ ဒေါသ မောဟ ကုန်ရာကို အသင်္ခတ(နိဗ္ဗာန်)ဟု ဆိုအပ်၏၊ ကာယဂတာသတိကို သမထဝိပဿနာကို။ ပ။ ဝိတက်ဝိစာရရှိသော ပဌမစျာန်သမာဓိ ဝိတက်မရှိ ဝိစာရမျှသာရှိသော ဒုတိယစျာန်သမာဓိ ဝိတက်ဝိစာရမရှိသော တတိယ စတုတ္ထ ပဉ္စမစျာန်သမာဓိကို အသင်္ခတ(နိဗ္ဗာန်)သို့ သွားရောက်ကြောင်းလမ်းဟု ဆိုအပ်၏”စသည်ဖြင့် သမထဝိပဿနာ ပွားများရန် ပြဆိုထားပေသည်။

ဤပိဋကတ်တော်များ၌ ဘုရားရှင်နှင့် သာဝကတို့ ဟောပြထားသော သမထဝိပဿနာများသည် စောဒကဆရာတော်များ ဆိုလိုသော သမထဝိပဿနာများဖြစ်သည်။ ထိုသမထ ဝိပဿနာများကို သာသနာပ သမဏဗြာဟ္မဏတို့၏ ယောဂလမ်းစဉ်များဟု ဆိုခြင်းဖြင့် ဘုရားရှင်၏ သမထဝိပဿနာ ကျင့်စဉ်များကို သာသနာပ သမဏဗြာဟ္မဏတို့၏ ယောဂကျင့်စဉ်များဟု စွပ်စွဲရာရောက်ချေသည်။ ထို့ကြောင့် စုဒိတကတို့သည် ဤ(၁၆)စာပိုဒ်ပါ သောဓနာစကားဖြင့် စောဒကဆရာတော်များ၏ စွဲဆိုချက် ကို ငြင်းပယ်ချေပခြင်း မပြုရုံမျှမက ထပ်မံ၍ပင် ဝန်ခံလိုက်ခြင်းဖြစ်သည်။

၂၀။ သောဓနာလွှာစာပိုဒ် (၁၇)၌ စောဒကဆရာတော်များ တင်ပြသည့် ရထဝိနီတသုတ္တန်မှာ ပြည့်စုံလုံလောက်ခြင်းမရှိကြောင်း ပြဆိုလျက် ရထဝိနီတသုတ် မြန်မာပြန်ကို ဖော်ပြကာ ဤသုတ္တန်၏ အဓိကရည်ရွယ်ချက်မှာ အနုပါဒါပရိနိဗ္ဗာန်အတွက်သာ ဖြစ်ကြောင်း၊ ဝိသုဒ္ဓိ(၇)ခန်း လမ်းစဉ်ဟူ၍လည်းကောင်း၊ သီလဝိသုဒ္ဓိနှင့် စိတ္တဝိသုဒ္ဓိသည် သမထကျင့်စဉ်ဟူ၍လည်းကောင်း- ကျန်(၅)ပါးဖြစ်သည့် ဒိဋ္ဌိဝိသုဒ္ဓိ စသည်တို့သည် ဝိပဿနာကျင့်စဉ်ဟူ၍လည်းကောင်း ဖော်ပြထားခြင်းမရှိကြောင်း ထိုသုတ္တန်အတွက် စောဒကဆရာတော်များ၏ အတ္တနောမတိမျှသာဖြစ်ကြောင်း သုတ္တန်ဓမ္မကို လေ့လာရာတွင် အရှိကို အရှိအတိုင်းသာ စောဒနာသင့်ကြောင်း ဓမ္မကို အဓမ္မဖြစ်အောင် ဝိနယကို အဝိနယဖြစ်အောင် ကိုယ်လိုရာဆွဲ၍ စောဒနာလျှင် အာပတ်သင့်၍ အပါယ်သို့လားမည်ကို စိုးရိမ်ပူပန်မိကြောင်းဟု ချေပ သောဓနာထားသည်ကို တွေ့ရ၏၊

သုံးသပ်ချက်

၂၁။ စောဒကဆရာတော်များသည် ရထဝိနီတသုတ်လာ ဝိသုဒ္ဓိ(၇)ပါးကို သိက္ခာသုံးပါးဖြင့် သင်္ဂြိုလ်ရေတွက်ပြ၍ ယင်းကျင့်စဉ်သည် အနုပါဒါပရိနိဗ္ဗာန်ဟူသော အကျိုးကို ရစေနိုင်သောကျင့်စဉ် ဖြစ်ပါသည်ဟု စောဒနာကြသည်။ ထိုစောဒနာ၌ စောဒကဆရာတော်များသည် မိမိတို့တင်ပြလိုသော ဝိသုဒ္ဓ(၇)ပါးမျှကိုသာ ထုတ်နုတ်ပြဆိုပါက လိုအပ်သော အနက်ပြည့်ပြီဖြစ်၍ ထိုမျှသာ ပြခြင်းဖြစ်ရကား မပြည့်စုံဟု မဆိုသာချေ။

၂၂။ “ဤသုတ္တန်၏ အဓိကရည်ရွယ်ချက်မှာ အနုပါဒါပရိနိဗ္ဗာန်အတွက်သာ ဖြစ်ပါသည်။ ဝိသုဒ္ဓိ (၇)ပါး လမ်းစဉ်ဟူ၍ ဖော်ပြထားခြင်း မရှိပါ” ဟူသော ချေပချက်သည်လည်း အကျိုးမထင်သကဲ့သို့သာ ဖြစ်သည်။ ထင်ရှားစေဦးအံ့-

နိဗ္ဗာနောဂဓံ ဟိ အာဝုသော ဝိသာခ ဗြဟ္မစရိယံ နိဗ္ဗာနပရာယနံ နိဗ္ဗာနပရိယောသာနံ။ (မ၊၁၊၃၇၉။)

မြတ်စွာဘုရား၏ သာသနာတော်၌ သီလ သမာဓိ ပညာ ဟူသော အကျင့်မြတ်သည် နိဗ္ဗာန်၌သာ သက်ဝင်၍ အဆုံးသတ်လေသည်။ ထို့ကြောင့် စောဒကဆရာတော်များကလည်း ဤအနုပါဒါပရိနိဗ္ဗာန် တည်းဟူသော အကျိုးကိုပင် အထွတ်တင်လျက်ထားပြီး ဖြစ်၏၊ ဤရထဝိနီတသုတ် ပါဠိတော်၌ပင် ဝိသုဒ္ဓိ(၇)ပါးကို ထင်ရှားစွာပြထားပါလျက် ဝိသုဒ္ဓိ(၇)ပါးလမ်းစဉ်ဟု ဖော်ပြထားခြင်းမရှိပါဟု ဦးဥက္ကဋ္ဌ တပည့်များက ချေပခြင်းသည် ပိဋကတ်တော်၌ အထင်အရှားလာရှိသော ဝိသုဒ္ဓိ(၇)ပါး ကျင့်စဉ်များကို ပယ်ရှားဖျက်ဆီးလိုသော အယောနိသော မနသီကာရဖြင့် မမြင်ဟန်ပြု၍ ချေပခြင်းသာဖြစ်ပေသည်။ ဝိနည်းဓိုရ်ဆရာတော်များ၏ ရှေ့မှောက်မှာပင် ဤကဲ့သို့ မြှုပ်ကွယ်လှည့်စား ပြောကြားနေကြသည်ကို တွေ့ကြရ၍ ဦးဥက္ကဋ္ဌ၏ တပည့်လက်သား ရုပ်ဝါဒသမားများသည် ရိုးသားသော ဘာသာဝင်တို့အား အဘယ်မျှလောက် လိမ်လည်လှည့်ဖျား စည်းရုံးနေကြမည်ကို ကောင်းစွာ သိလောက်ပေသည်။ ဤအကြောင်းသည် စာပိုဒ်နံပါတ်(၂)လာ သောဓနာစကားရပ်ဖြင့်ပင် ပေါ်လွင်ထင်ရှားပြီးဖြစ်သည်။

၂၃။ မူရင်းပါဠိတော်၌ရှိသော အရှင်ပုဏ္ဏက အရှင်သာရိပုတ္တရာအား ဖြေဆိုသော ရထဝိနီတ သုတ်လာ ဥပမာန ဥပမေယျတို့၏ အဓိပ္ပာယ်ကို အနည်းငယ်မျှ ရှင်းလင်းဖော်ပြဦးအံ့။

ပသေနဒီကောသလမင်းသည် သာဝတ္ထီမြို့၌နေစဉ် သာကေတမြို့ဝယ် အဆောတလျင် ပြုဖွယ်ကိစ္စ ဖြစ်ပေါ်လာ၍ ယင်း ၂-မြို့အကြား၌ မြင်းကသော ရထားခုနစ်စီးတို့ကို အသင့်ပြင်ထားစေ၍ သာဝတ္ထိမြို့မှထွက်ကာ နန်းတွင်းတံခါးဝမှ ပထမရထားကို စီးလျက် ထိုရထားဖြင့် ဒုတိယရထားသို့ ရောက်၏၊ ပထမရထားကို စွန့်ခဲ့ပြီးလျှင် ဒုတိယရထားကို စီးပြန်၏၊ ဤနည်းအတိုင်း သတ္တမရထားဖြင့် သာကေတမြို့ နန်းတွင်းတံခါးသို့ ဆိုက်ရောက်လာလေသည်။

ဤဥပမာအတူ သီလဝိသုဒ္ဓိသည် စိတ္တဝိသုဒ္ဓိအကျိုးငှာ ဖြစ်၏၊ စိတ္တဝိသုဒ္ဓိသည် ဒိဋ္ဌိဝိသုဒ္ဓိ အကျိုးငှာဖြစ်၏၊ ဒိဋ္ဌိဝိသုဒ္ဓိသည် ကင်္ခါဝိတရဏဝိသုဒ္ဓိအကျိုးငှာ ဖြစ်၏၊ ကင်္ခါဝိတရဏဝိသုဒ္ဓိသည် မဂ္ဂါမဂ္ဂဉာဏ ဒဿနဝိသုဒ္ဓိအကျိုးငှာ ဖြစ်၏၊ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိသည် ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိအကျိုးငှာ ဖြစ်၏၊ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိသည် ဉာဏဒဿနဝိသုဒ္ဓိအကျိုးငှာ ဖြစ်၏၊ ဉာဏဒဿနဝိသုဒ္ဓိသည် အနုပါဒါပရိနိဗ္ဗာန် အကျိုးရှိ၏၊ ငါသည် ဤအနုပါဒါပရိနိဗ္ဗာန် အကျိုးငှာ မြတ်စွာဘုရားအထံတော်၌ အကျင့်မြတ်ကို ကျင့်သုံး၏-ဟု အရှင်ပုဏ္ဏ က အရှင်သာရိပုတ္တရာအား လျှောက်ထား၏၊

၂၄။ ဤစကားရပ်၌ ဥပမာန ဥပမေယျနှီးနှောပုံကို မူလပဏ္ဏာသအဋ္ဌကထာ(ဒု-၆၃) မှ ယူ၍ ပြဆိုဦးအံ့၊ ဇရာမရဏမှ ကြောက်သော ယောဂီပုဂ္ဂိုလ်သည် ပသေနဒီကောသလမင်းနှင့် တူ၏၊ ခန္ဓာငါးဝ သက္ကာယသည် သာဝတ္ထိမြို့နှင့် တူ၏၊ နိဗ္ဗာန်မြို့တော်သည် သာကေတမြို့နှင့်တူ၏၊ ယောဂီပုဂ္ဂိုလ်၏ မသိရသေးသော သစ္စာလေးပါးတို့ကို ထိုးထွင်း၍ သိဖွယ်ကိစ္စသည် မင်း၏ အဆောတလျင် ပြုဖွယ်ကိစ္စနှင့် တူ၏၊ ဝိသုဒ္ဓိ(၇)ပါးသည် ရထား(၇)စီးနှင့်တူ၏၊ သီလဝိသုဒ္ဓိ၌ တည်ရာအခါသည် ပထမရထားကို စီးရာအခါနှင့်တူ၏၊ သီလဝိသုဒ္ဓိစသည်တို့ဖြင့် ဒိဋ္ဌိဝိသုဒ္ဓိစသည်တို့၌ တည်ရာအခါသည် ပထမရထားစသည်တို့ဖြင့် ဒုတိယရထားစသည်တို့ကို စီးရာအခါနှင့် တူ၏၊ ဉာဏဒဿနဝိသုဒ္ဓိဖြင့် ကိလေသာအလုံးစုံကို ကုန်ခန်းစေ၍ တရားမြတ်တည်းဟူသော ပြာသာဒ်သို့ တက်ပြီးလျှင် ငါးဆယ်ကျော်သော ကုသိုလ်တရားတို့ခြံရံကာ နိဗ္ဗာန်ကို အာရုံပြုသော ဖလသမာပတ်ကို ဝင်စား၍ လောကုတ္တရာချမ်းသာကို ခံစားရာအခါသည် သတ္တမရထားဖြင့် သာကေတမြို့ နန်းတော် တံခါးဝ၌ သက်ဆင်း၍ ပြာသာဒ်ထက်ဝယ် ဆွေမျိုးမိတ်သင်္ဂဟအပေါင်း ခြံရံလျက် ကောင်းမြတ်သော ဘောဇဉ်ကို ခံစားရာအခါနှင့် တူ၏၊ ပသေနဒီကောသလမင်းကြီးသည် သာကေတမြို့သို့ ရောက်ရန် ရထားခုနစ်စီးကို အဆင့်ဆင့် စီးခဲ့ရသကဲ့သို့ အနုပါဒါပရိနိဗ္ဗာန် ဝင်စံလိုသော ယောဂီပုဂ္ဂိုလ်သည် သီလဝိသုဒ္ဓိစသော ဝိသုဒ္ဓိ(၇)ပါးကို အဆင့်ဆင့်ပွားများရာ၏ ဟူသောအဓိပ္ပာယ်လည်း သိသာထင်ရှားပြီး ဖြစ်လေသည်။

ဤသို့ ရထဝိနီတသုတ်၌ ဝိသုဒ္ဓိခုနစ်ပါးအကြောင်းကို အတိအလင်း ဖော်ပြထားပါလျက် ဦးဥက္ကဋ္ဌတပည့် စုဒိတကတို့က မပါဟူ၍ လျှောက်ထားချေပခြင်း ဖြစ်သည့်အတွက် ၎င်းတို့၏ ချေပချက်သည် မည်သည့်နည်းနှင့်မျှ ယထာဓမ္မတရားသဖြင့် သောဓနာခြင်း မဖြစ်တော့ပေ။

၂၅။ ထိုဝိသုဒ္ဓိ ၇-ပါး ပွားများပုံအကျဉ်းချုပ်ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ဒု-၇၃) ၌ “ကထံ ဘာဝေတဗ္ဗောတိ ဧတ္ထ ပန” စသည်ဖြင့် ပြဆိုထားပေသည်။ အဓိပ္ပါယ်မှာ ခန္ဓာ, အာယတန, ဓာတ်, ဣန္ဒြေ, သစ္စာ, ပဋိစ္စသမုပ္ပာဒ် စသော တရားတို့သည် ဝိပဿနာပညာ၏ ဖြစ်ရာဘုံမည်၏၊ သီလဝိသုဒ္ဓိ, စိတ္တဝိသုဒ္ဓိ ၂-ပါးတို့သည် ဝိပဿနာပညာ၏ အခြေအမြစ်မည်၏၊ ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိတရဏဝိသုဒ္ဓိ, မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ, ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ, ဉာဏဒဿနဝိသုဒ္ဓိ- ဤ၅-ပါးတို့သည် ဝိပဿနာပညာ၏ အထည်ကိုယ်မည်၏၊ ထို့ကြောင့် ဖြစ်ရာဘုံဖြစ်သော ခန္ဓာစသော တရားတို့၌ သင်ယူ မေးမြန်းခြင်း၏ အစွမ်းအားဖြင့် ဉာဏ်ဖြင့် လေ့ကျက်ခြင်းကိုပြု၍ အခြေအမြစ်ဖြစ်သော ဝိသုဒ္ဓိ ၂-ပါး တို့ကို ပြည့်စုံစေပြီးလျှင် အထည်ကိုယ်ဖြစ်သော ဝိသုဒ္ဓိ ၅-ပါးတို့ကို ပြည့်စုံစေလျက် ပွားများရမည်ဟု ဆိုလိုပေသည်။

၂၆။ “သီလဝိသုဒ္ဓိနှင့် စိတ္တဝိသုဒ္ဓိတို့သည် သမထကျင့်စဉ်ဟူ၍လည်းကောင်း ကျန် ၅-ပါး ဖြစ်သည့် ဒိဋ္ဌိဝိသုဒ္ဓိ။ ပ။ ဉာဏဒဿနဝိသုဒ္ဓိတို့သည် ဝိပဿနာကျင့်စဉ်ဟူ၍လည်းကောင်း စောဒက ဆရာတော်များ ဖော်ပြသကဲ့သို့ ဖော်ပြထားခြင်းမရှိပါ” ဟူသော ချေပချက်သည်လည်း စောဒက ဆရာတော်များ၏ စောဒနာလွှာတွင် ပါရှိသည့်အတိုင်းကို မချေပဘဲ ပြင်ဆင်ပြောင်းလဲ၍ ချေပသော စကားဖြစ်သည်။ စောဒကဆရာတော်တို့၏ စောဒနာ၌ သီလဝိသုဒ္ဓိနှင့် စိတ္တဝိသုဒ္ဓိတို့သည် သမထ ကျင့်စဉ်ဟုမဆို၊ သီလဝိသုဒ္ဓိသည် သီလကျင့်စဉ်, စိတ္တဝိသုဒ္ဓိသည် သမထကျင့်စဉ်, ကျန် ၅-ပါးသော ဝိသုဒ္ဓိတို့သည် ဝိပဿနာကျင့်စဉ်တို့ ဖြစ်ကြပါသည်ဟူ၍သာ ဝိသုဒ္ဓိ ၇-ပါးကို သိက္ခာသုံးရပ်ဖြင့်ဟပ်၍ ပြဆိုထားခြင်းကိုသာ တွေ့ရပေသည်။ ဝိသုဒ္ဓိ၇-ပါးတို့တွင် ထိုထို ဝိသုဒ္ဓိတို့၏ တရားကိုယ်အရကောက်ကို မြင်ရုံမျှဖြင့်ပင်လျှင် ပိဋကတ်ဉာဏ်ရှိပြီးသူတို့အဖို့ ဤကားသီလ ဤကားသမထ(သမာဓိ) ဤကား ပညာဟု လွန်စွာထင်ရှားပြီးဖြစ်ရကား ဤသုတ်၌ ဖော်ပြထားခြင်းမရှိဟု မဆိုသင့်ချေ။

၂၇။ မူလပဏ္ဏာသအဋ္ဌကထာ ရထဝိနီတသုတ်အဖွင့် နှာ ၆၄-၌ ဝိသုဒ္ဓိ၇-ပါးတို့ကို ကထာ ၁၀-ပါးနှင့် ယှဉ်ပြရာဝယ် “သီလဝိသုဒ္ဓိသည် အပ္ပိစ္ဆကထာ, သန္တုဋ္ဌိကထာ, အသံသဂ္ဂကထာ, သီလကထာ ဟူသော ကထာလေးပါးဖြစ်သည်။ စိတ္တဝိသုဒ္ဓိသည် ပဝိဝေကကထာ, ဝီရိယာရမ္ဘကထာ, သမာဓိကထာ ဟူသော ကထာ၃-ပါးဖြစ်သည်။ ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိတရဏဝိသုဒ္ဓိ, မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ, ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ, ဉာဏဒဿနဝိသုဒ္ဓိ ၅-ပါးတို့သည် ပညာကထာဖြစ်သည်” ဟု ပြဆိုသော စကားရပ်ဖြင့်လည်း သီလဝိသုဒ္ဓိကို သီလသိက္ခာ၌၊ စိတ္တဝိသုဒ္ဓိကို သမာဓိသိက္ခာ၌၊ ကျန် ဝိသုဒ္ဓိ၅-ပါး တို့ကို ပညာသိက္ခာ၌ သွင်းယူရမည့်အဖြစ်သည် သိသာလှပေသည်။

ထို့ကြောင့် စောဒကဆရာတော်တို့၏ ဝိသုဒ္ဓိ ၇-ပါးတို့ကို သိက္ခာ ၃-ပါးတို့၌ သွင်းယူရေတွက်၍ အနုပါဒါပရိနိဗ္ဗာန်၏ အကျင့်လမ်းစဉ်အဖြစ် တင်ပြသော စောဒနာသည် ပါဠိတော် အဋ္ဌာအထာတို့နှင့် ညီညွတ်၍ သင့်မြတ်သော စောဒနာဖြစ်သဖြင့် ဓမ္မကို အဓမ္မဖြစ်အောင်၊ ဝိနယကို အဝိနယဖြစ်အောင် ကိုယ်လိုရာကို ကိုယ်ဆွဲ၍ စောဒနာခြင်းမဟုတ်၊ အမှန်ကိုအမှန်အတိုင်း အရှိကိုအရှိအတိုင်း စောဒနာသော ဓမ္မာစောဒနာသာဖြစ်သည်။

၂၈။ သောဓနာလွှာ စာပိုဒ်(၁၉)၌ မူလပဏ္ဏာသ မြန်မာပြန် စာမျက်နှာ ၁၉၁၊ပုဒ်ရေ ၂၄၀-၌ လာသော ကုလ္လူပမတရားတော်ကို သာဓကအဖြစ် ထုတ်ဆောင်၍ “ထို ကုလ္လူပမသုတ်၏ ရည်ရွယ်ချက်မှာ တပည့်တော်များ အထက်မှ တင်ပြထားသည့် ရထဝိနီတသုတ်နှင့် တထပ်တည်း တထေရာတည်း ဖြစ်နေပါသည်။ တရားတော်သည်လည်း သံသရာရေပြင်ကို ဖြတ်၍ နိဗ္ဗာန်တည်းဟူသော တစ်ဖက်ကမ်းသို့ အရောက် ကူးခတ်ရန်သာဖြစ်၏၊ စွဲယူသိမ်းပိုက်ထားရန် မဟုတ်ပေ။ ဤအဓိပ္ပါယ်ကို သိမြင်သူတို့သည် ဓမ္မတရားတည်းဟူသော ဖောင်ကိုသော်လည်း စွန့်ပယ်ခဲ့ရမည်။ တရားနှင့် ဆန့်ကျင်သော သံသရာ နစ်မွန်းကြောင်းဖြစ်သည့် အဓမ္မမှုတို့ကိုကား ဆိုဖွယ်ရာမရှိတော့ပြီ၊ တစိုးတစိမကျန် ပယ်လှန်ပစ်ရမည်ဟု ဟောတော်မူပေသည်”ဟု သောဓနာကြပြန်သည်။

သုံးသပ်ချက်

၂၉။ ဤသောဓနာကား စောဒနာနှင့် မည်သို့မျှ မသက်ဆိုင်ချေ။ စောဒကဆရာတော်များသည် တရားတော်ကို စွဲယူသိမ်းပိုက်ထားရမည်ဟု စောဒနာခြင်း မပြုခဲ့ကြပေ။ ဦးဥက္ကဋ္ဌနှင့်တကွ သူ၏ဩဝါဒခံ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ဝင်များနှင့် အပေါင်းအပါ နောက်လိုက်များသည် ဗုဒ္ဓကိုယ်တော်တိုင် ဟောပြောခဲ့သော သမထဝိပဿနာ ကျင့်စဉ်များကို ဗုဒ္ဓဝါဒတွင်မပါဝင်၊ ဟိန္ဒူယောဂကျင့်စဉ်ဟု အဓမ္မ စွပ်စွဲ ဖျက်ဆီးနေကြပါသည် ဟူ၍သာ စောဒနာခြင်းပြုခဲ့ကြသည်။

စုဒိတကတို့သည် စောဒကဆရာတော်များ တင်ပြစွဲဆိုထားသည့် ပဓာနအချက်ကို ချေပငြင်းဆိုခြင်း မပြုနိုင်သည့်အတွက် ထိုထိုပိဋကတော်လာ တစ်စိတ်တစ်ဒေသသော ပုဒ်ကိုယူ၍(လေသမတ္တ) အမြွက်ထောင်ကာ မသက်ဆိုင်ရာကိုသာ ချေပသောဓနာနေကြသည်။

၃၀။ ကုလ္လူပမ တရားတော်၌-

“ကုလ္လူပမံ ဝေါ ဘိက္ခဝေ ဓမ္မံ ဒေသိတံ အာဇာနန္တေဟိ ဓမ္မာပိ ဝေါ ပဟာတဗ္ဗာ၊ ပဂေဝ အဓမ္မာ” (မ၊၁၊၁၈၈။) (အလဂဒ္ဒူပမသုတ်)

“ရဟန်းတို့ သင်တို့အား ဟောကြားထားသော ဖောင်ဥပမာရှိသောတရားကို သိသောသင်တို့သည် တရားမှု (သမထဝိပဿနာ၌ဖြစ်သော ဆန္ဒရာဂ) တို့ကိုပင်သော်လည်း ပယ်စွန့်ကြရမည်။ မတရားမှု (ကာမဂုဏ်၌ဖြစ်သော ဆန္ဒရာဂ) တို့ကိုကား ပြောဆိုဖွယ်ပင် မရှိတော့ချေ” (မ၊မြန်၊၁၊၁၉၂။) ဟု တရားတို့ကို ပယ်စွန့်ရန် ဟောတော်မူခြင်းသည် ဘုရားဟော သမထဝိပဿနာတရားတို့ကို ဗုဒ္ဓဝါဒတွင် မပါဝင်၊ ဟိန္ဒူ ယောဂကျင့်စဉ်သာဖြစ်သည်ဟု စွပ်စွဲကာ ပယ်စွန့်ရမည်ဟု ဟောတော်မူလိုသည်မဟုတ်၊ ထိုသမထ ဝိပဿနာတရား၌ စွဲလမ်းတပ်မက်သည့် ဆန္ဒရာဂကိုသာ ပယ်စွန့်ရမည်ဟု ဟောတော်မူလိုရင်း ဖြစ်သည်။ ဤအဓိပ္ပါယ်သည် “နော ဂဟဏတ္ထာယ” (စွဲယူထားရန်မဟုတ်) ဟူသော ပါဠိတော်စကား ဖြင့်ပင် ထင်ရှားပြီးဖြစ်ပေသည်။

၃၁။ ထိုသုတ်၌ ဆိုလိုရင်းအဓိပ္ပါယ်ကို အဋ္ဌကထာ နှာ-၁၆-မှယူ၍ ပြဆိုလိုပေသည်။ အရိဋ္ဌရဟန်းသည် “ကောင်းသောအတွေ့ရှိသော အခင်းအရုံစသော ဖောဋ္ဌဗ္ဗာရုံကို မြတ်စွာဘုရား ခွင့်ပြုထားခြင်းကြောင့် ဖောဋ္ဌဗ္ဗာရုံချင်းတူသော မာတုဂါမ မေထုန်အတွေ့လည်း အပ်သည်” ဟူသော မိစ္ဆာ အယူကို ယူဆပြောဟောမှုနှင့်စပ်လျဉ်း၍ ထိုသုတ္တန်ကို ဟောတော်မူသည်ကို ရှေးဦးစွာ သိထားနှင့်ရမည်။ သို့မှသာ အဋ္ဌကထာပြဆိုသော အဓိပ္ပါယ်ကို သဘောပေါက်ပေလိမ့်မည်။

“ရဟန်းတို့ ငါဘုရားသည် ဤသို့သဘောရှိသော ငြိမ်သက်မွန်မြတ်သည့် တရားတို့၌ လိုချင်စွဲမက်သည့် ဆန္ဒရာဂကို ပယ်စွန့်ခြင်းကို ဟောတော်မူသေး၏၊ ရွာသူတို့အကျင့် သူယုတ်မာတို့ အကျင့်ဖြစ်သည့် ရုန့်ရင်းကြမ်းတမ်းသော ရေဆေးပစ်ရခြင်း အဆုံးရှိသော ဤမသူတော်တို့အကျင့်၌ ဆန္ဒရာဂကို ပယ်စွန့်ရန် အဘယ်ကြောင့် မဟောဘဲ ရှိချိမ့်မည်နည်း။ ယင်းမသူတော်တို့အကျင့်၌ အချည်းနှီးသော ယောကျာ်းဖြစ်သည့် ဤအရိဋ္ဌသည် အပြစ်မရှိဟု အမှတ်ရှိလျက် ကာမဂုဏ်ငါးပါးတို့၌ လိုချင်စွဲမက်သည့် ဆန္ဒရာဂကို အန္တရာယ်မပြုနိုင်ဟု ပြောဆိုဘိ၏၊ သင်တို့သည် အရိဋ္ဌကဲ့သို့ ငါဘုရား သာသနာတော်၌ ရွှံ့ညွန်ကိုဖြစ်စေ အမှိုက်သရိုက်ကိုဖြစ်စေ မထည့်သွင်းလေသင့်” ဟု ဤဩဝါဒဖြင့် အရိဋ္ဌကိုပင် ဘုရားရှင်နှိမ်နင်းတော်မူ၏၊ ဤကား ဟောတော်မူရင်း အဓိပ္ပါယ်တည်း။

၃၂။ “တရားတို့ကိုသော်လည်း ပယ်စွန့်ရမည် “”ဟူသော ဤစကားတော်နှင့်စပ်လျဉ်း၍ သမထ ဝိပဿနာတရားတို့၌ ဆန္ဒရာဂကို ပယ်စွန့်ရန် ဟောတော်မူပုံကို ပါဠိတော်တို့မှ အဓိပ္ပါယ်အကျဉ်းချုပ်မျှ ထုတ်နုတ်ပြဆို လိုပေသေးသည်။ သမထတရား၌ ဆန္ဒရာဂပယ်စွန့်ရန်ကို မဇ္စျိမပဏ္ဏာသပါဠိတော် လဋုကိကောပမသုတ် နှာ-၈၁၈၊၁၁၉-၌ ဤသို့ ပြဆိုထားလေသည်။

“ဥဒါယီ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ ပ။ ပထမစျာန်သို့ ရောက်၍နေ၏၊ ဤပထမစျာန်ကို ငြိတွယ်သင့်သော တရားမဟုတ်ဟု ငါဟော၏၊ ပယ်စွန့်ကြ လွန်မြောက်ကြဟု ငါဟော၏၊ လွန်မြောက်ကြောင်းကား ဒုတိယစျာန်ဖြစ်သည်။ ပ။ နေဝသညာ နာသညာယတနစျာန်ကိုလည်း ငြိတွယ်သင့်သော တရားမဟုတ်ဟု ငါဟော၏၊ ပယ်စွန့်ကြ လွန်မြောက်ကြဟု ငါဟော၏၊ လွန်မြောက်ကြောင်းကား နိရောဓသမာပတ်ဖြစ်သည်။ ပ။ ဥဒါယီ ဤသို့လျှင် နေဝသညာနာသညာယတနစျာန်ကို သော်လည်း ပယ်ရမည်ဟု ငါဟောသော သံယောဇဉ် ကြီးကြီးငယ်ငယ်ကို သင်မြင်ဖူးသလော” ဟု မေးတော်မူရာ “မမြင်ဖူးပါ” ဘုရားဟု ဥဒါယီက လျှောက်လေသည်။ (ဤကား သမထတရား၌ ဆန္ဒရာဂပယ်ရန် ဟောတော်မူပုံဖြစ်သည်။)

၃၃။ ဝိပဿနာတရား၌ ဆန္ဒရာဂပယ်စွန့်ရန်ကို မူလပဏ္ဏာသပါဠိတော် မဟာတဏှာသင်္ခယ

သုတ်-နှာ-၃၂၇ မြန်မာပြန်-၃၃၅-၌ ဤသို့ပြဆိုထားလေသည်။

“ရဟန်းတို့ အကယ်၍ သင်တို့သည် သို့ကလောက် စင်ကြယ်ဖြူဖွေးသည့်အယူကို တဏှာဒိဋ္ဌိ တို့ဖြင့် ကပ်ငြိတွယ်တာ ဥစ္စာကဲ့သို့ လိုလားမက်မောနေကြလျှင် ငါ့ဥစ္စာဟု မြတ်နိုးနေကြလျှင် သိမ်းပိုက် စွဲယူထားရန် မဟုတ်ဘဲ ကူးမြောက်ဖို့ရန်အကျိုးငှာ ငါဟောထားသည့် ဖောင်ဥပမာရှိသောတရားကို သင်တို့ တကယ်သိသည် မည်ကြသေးရဲ့လား” ဟု မေးတော်မူရာ “မမည်ကြပါဘုရား” ဟု ရဟန်းတော် များက လျှောက်ကြသည်။

“ရဟန်းတို့ အကယ်၍ သင်တို့သည် သို့ကလောက် စင်ကြယ်ဖြူဖွေးသည့်အယူကို မကပ်ငြိ မတွယ်တာ ဥစ္စာကဲ့သို့ မလိုလား မမက်မောကြလျှင် ငါ့ဥစ္စာဟု မမြတ်နိုးကြလျှင် သိမ်းပိုက်စွဲယူထားရန် မဟုတ်ဘဲ ကူးမြောက်ဖို့ရန်အကျိုးငှာ ငါဟောထားသော ဖောင်ဥပမာရှိသောတရားကို သင်တို့ တကယ်သိသည် မည်ကြသလား” ဟု မေးတော်မူရာ “မသိကြပါဘုရား”ဟု ရဟန်းတော်များက လျှောက်ထားကြ လေသည်။ (ဤကား ဝိပဿနာတရား၌ ဆန္ဒရာဂကိုပယ်ရန် ဟောတော်မူပုံဖြစ်သည်။)

ဤပြဆိုခဲ့ပြီးသော ပါဠိတော် အဋ္ဌကထာတို့ဖြင့် “ဓမ္မာပိ ဝေါ ပဟာတဗ္ဗာ” တရားတို့ကိုသော်လည်း ပယ်စွန့်ရမည်ဟူသော စကားရပ်၌ ဆန္ဒရာဂကို ပယ်စွန့်ရမည့်အဖြစ်သည် ထင်ရှား သိသာပေပြီ။

၃၄။ စာပိုဒ်(၂၀)၌ပါသော သောဓနာစကားရပ်ကား စောဒနာနှင့် မသက်ဆိုင်ပေ။ စာပိုဒ်(၂၁)၌ စောဒကဆရာတော်များသည် ဝိသုဒ္ဓိ ၇-ပါးမဖြစ်သရွေ့ နိဗ္ဗာန်နှင့် မနီးစပ်နိုင်ပုံကို ဖိ၍ဆိုထားပါသည်။ ပဋာစာရီကဲ့သို့သော အရူးမ, ကိသာဂေါတမီ ကဲ့သို့သော အန္ဓ, အမ္ဗပါလီလို ပြည့်တန်ဆာ, အင်္ဂုလိမာလ ကဲ့သို့သော လူဆိုးကြီးများသည် အသိနှင့်အကျင့် ထပ်မိသည့် တခဏအတွင်း၌ အမှန်တရားကို ထိုးထွင်း သဘောပေါက်နိုင်ခဲ့သော အထောက်အထားများသည် ဝိသုဒ္ဓိ ၇-ပါးအောက်တွင် သေးသိမ်မှေးမှိန်၍ ငုပ်လျှိုးနေရပါသည်ဘုရားဟု ချေပကြလေသည်။

သုံးသပ်ချက်

ဤသောဓနာစကားရပ်တို့၌ ဝိသုဒ္ဓိ ၇-ပါးကို မထေမဲ့မြင်ပြုလိုရိပ် ထင်နေသည်။ ဝိသုဒ္ဓိ ၇-ပါးကား အရှင်ပုဏ္ဏထေရ်က အရှင်သာရိပုတ္တရာထေရ်အား ဖြေကြားသောအရာ ရထဝိနီတသုတ်၌ လာသည်။ ဤမျှသာမက အရှင်သာရိပုတ္တရာထေရ်သည်လည်း ယခင် ဝိသုဒ္ဓိ ၇-ပါးတို့တွင် ပညာဝိသုဒ္ဓိနှင့် ဝိမုတ္တိဝိသုဒ္ဓိတို့ကိုထည့်၍ ဝိသုဒ္ဓိ ၉-ပါးတို့ကို ပွားများရမည့် “ဘာဝေတဗ္ဗ” တရားအဖြစ် ဟောကြား တော်မူခဲ့သည်ကို ပါထိကဝဂ္ဂ ပါဠိတော်နှာ-၂၅၂ ၌ တွေ့မြင်နိုင်သည်။

ဤသို့ ရဟန္တာအရှင်မြတ်ကြီးများကိုယ်တိုင် မိမိတို့လျှောက်ခဲ့သည့်အတိုင်း ဟောကြားထားခဲ့သည့် ဝိသုဒ္ဓိ ၇-ပါးအကျင့်လမ်းစဉ်များကို မထေမဲ့မြင် မပြုသင့်ကြပေ။

၃၅။ စောဒကဆရာတော်များ၏ စကားရပ်၌ စုဒိတကတို့ပြဆိုသော စကားရပ်မျိုးကို မတွေ့ရ။ ဝိသုဒ္ဓိ ၇-ပါးတို့ကို သိက္ခာ ၃-ပါးတို့၌ သွင်း၍ ပြဆိုထားသည်ကိုသာ တွေ့ရသည်။ သာသနာတော် ဟူသည်လည်း ဤသီလ၊ သမာဓိ၊ ပညာသိက္ခာ သုံးပါးတို့ပင်ဖြစ်သည်။ ဤသိက္ခာသုံးပါးကို ပြည့်စုံအောင် မဖြည့်ကျင့်လျှင်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မသိမြင်နိုင်ချေ။ ထို့ကြောင့်ပင် ဘုရားရှင်ကိုယ်တော်မြတ်က “သီလဖြင့် ထုံမွှမ်းအပ်သောစိတ်သည် ကောင်းစွာသာလျှင် အာသဝတို့မှ လွတ်မြောက်နိုင်၏” ဟု ဟောတော်မူသည်။ (ဒီဃနိကာယ မဟာဝဂ္ဂပါဠိ-နှာ-၈၄)။

၃၆။ စုဒိတကတို့တင်ပြသည့် ပဋာစာရီ, ကိသာဂေါတမီ, အမ္ဗပါလီ, အင်္ဂုလိမာလတို့သည် လည်းကောင်း တရားနာစဉ် မဂ်ဖိုလ်သို့ ဆိုက်ရောက်သွားကြသော သန္တတိအမတ်ကြီးစသော အခြားပုဂ္ဂိုလ်တို့သည် လည်းကောင်း ကာယ ဝေဒနာ စိတ္တ ဓမ္မ တို့တွင် တစ်စုံတစ်ခုသောတရားကို မသုံးသပ်ဘဲ နာကြားရသောတရားကို သဘောကျရုံဖြင့် မဂ်ဖိုလ်ကို ရသွားကြသည်မဟုတ်၊ ကာယ ဝေဒနာ စိတ္တ ဓမ္မတို့တွင် တစ်ပါးပါးကို သုံးသပ်၍ သတိပဋ္ဌာန်းလမ်းစဉ်ဖြင့်သာ မဂ်ဖိုလ်ကို ရကြသည်ဟု မှတ်ရာ၏၊

ထို့ကြောင့် သုတ်မဟာဝါ အဋ္ဌကထာ၌-

“ယသ္မာ ပန ကာယဝေဒနာစိတ္တဓမ္မေသု ကိဉ္စိ ဓမ္မံ အနာမသိတွာ ဘာဝနာ နာမ နတ္ထိ၊
တသ္မာ တေပိ ဣမိနာဝ မဂ္ဂေန သောကပရိဒေဝေ သမတိက္ကန္တီတိ ဝေဒိတဗ္ဗာ” (ဒီ၊ဋ္ဌ၊၂၊၃၃၉။)
ဟု မိန့်ဆိုတော်မူသည်။

အဓိပ္ပါယ်ကား- ထိုသို့ပင် ဂါထာကိုကြားနာရ၍ မဂ်ဖိုလ်သို့ ရောက်ကြပါကုန်သော်လည်း ရုပ်အပေါင်း ကိုယ် ဝေဒနာ စိတ် သဘောတရားတို့တွင် တစ်စုံတစ်ခုသောတရားကို မသုံးသပ်မူ၍ ဝိပဿနာပညာ မဂ်ပညာကို ပွားစေခြင်း ဘာဝနာကြောင့် ထိုသန္တတိအမတ်ကြီး ပဋာစာရီတို့သည်လည်း ဤသတိပဋ္ဌာန်လမ်းစဉ်ဖြင့်သာလျှင် စိုးရိမ်ပူဆွေးငိုကြွေးခြင်းတို့ကို လွတ်မြောက်ကြကုန်၏ ဟူ၍ သိအပ် ကုန်၏၊

၃၇။ ပဋာစာရီ စသော ပုဂ္ဂိုလ်တို့သည် တရားတော်၏ အဆုံး၌ မဂ်ဖိုလ်ရသွားကြသည်ဟု ဆိုခြင်းကြောင့် ထိုပုဂ္ဂိုလ်တို့၌ သီလဝိသုဒ္ဓိ စသည်မဖြစ်ဟု စုဒိတကတို့ ယူဆကြဟန်ရှိသည်။ ဤသို့ကား မဟုတ်ပေ။ ရဟန်းတို့မှာသာ တရားအားမထုတ်မီ ရှေးမဆွက သီလဝိသုဒ္ဓိ ဖြစ်နေရန် လိုသည်။ လူတို့မူကား ရဟန်းတို့ကဲ့သို့ ရှေးမဆွက သီလစင်ကြင်ပြီး မဟုတ်စေကာမူ တရားနာခါနီး သို့မဟုတ် တရားနာစဉ်မှာ “မကောင်းမှု မပြုတော့ပါ” ဟု ကြံစည်ဆုံးဖြတ်ခြင်းဖြင့်ပင် သီလဝိသုဒ္ဓိ ပြီးသည်။ ကြံစည်ဆုံးဖြတ်မှု မရှိရကား ရှုမှတ်မှုဘာဝနာ စိတ္တုပ္ပါဒ်ဖြင့်သာလျှင် သီလဝိသုဒ္ဓိ ကိစ္စပြီးသည် ဟူ၍ မှတ်ယူရာ၏၊

ထို့ကြောင့် ပဋာစာရီ, ကိသာဂေါတမီ, အမ္ဗပါလီ, အင်္ဂုလိမာလတို့ အသိနှင့်အကျင့် ထပ်မိသည့် တခဏတွင်း၌ အမှန်တရားကို ထိုးထွင်းသဘောပေါက်နိုင်ခဲ့သော အထောက်အထားများသည် ဝိသုဒ္ဓိ ၇-ပါးအောက်တွင် သေးသိမ်မှေးမှိန်၍ ငုပ်လျှိုးနေရပါသည်ဟူသော စကားသည် မဟုတ်မမှန်ချေ။ အမှန် စင်စစ် သီလဝိသုဒ္ဓိ= သီလစင်ကြယ်မှုမဖြစ်ဘဲ, စိတ္တဝိသုဒ္ဓိ= စိတ် စင်ကြယ်မှုမဖြစ်ဘဲ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို မည်သည့်နည်းနှင့်မျှ မရနိုင်ပေ။ အဘိဓမ္မာသဘောအရကြည့်လျှင် တရားနာနေစဉ် တခဏအတွင်း၌ မရေတွက်နိုင်သော ဝီထိတို့ ကျနေကြသည်။ ထိုစိတ်အစဉ်တွင် အခြေခံဖြစ်သော သီလ စင်ကြယ်မှု စိတ်တည်ငြိမ်မှုများ ဖြစ်ပြီးကာမှ အထက်ဝိသုဒ္ဓိများဖြစ်ပြီး နောက်ဆုံးကျမှ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရခြင်းဖြစ်သည်။ ဤသို့ စိတ်တို့၏သဘောကို နားမလည်သောကြောင့် သီလစိတ္တ စင်ကြယ်နှင့်ရန် မလိုဘဲသိမြင်သည့်အခါ စင်ကြယ်ပြီးဖြစ်သည်ဟု သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့သားတို့က ထင်မြင်ကြခြင်း ဖြစ်လေသည်။

၃၈။ အထူးပြဆိုဖွယ် ရှိသေး၏၊ အမ္ဗပါလီ ပြည့်တန်ဆာမသည် စုဒိတကတို့ ထင်မှတ်သကဲ့သို့ တရားနာပြီးသည့်အဆုံး၌ မဂ်ဖိုလ်ကိုရသည်မဟုတ်၊ ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မမူမီနှစ် ဝေသာလီပြည်သို့ ကြွတော်မူလာစဉ် မိမိ၏ဥယျာဉ်ကို ဘုရားအမှူးရှိသော သံဃာတော်အား ကျောင်းတိုက်အဖြစ် လှူဒါန်းကြောင်းကို သုတ်မဟာဝါပါဠိတော်(၁၈၁၊၈၂၊ ၈၃ တို့၌ ပြဆိုထား၏၊ မဂ်ဖိုလ်ရသည်ဟု မပြဆိုချေ။ နောက်အခါမှ မိမိ၏သား ရဟန်းတော် ဝိမလကောဏ္ဍညထေရ်၏ထံ၌ တရားကို ကြားနာရ၍ ရဟန်းမိန်းမပြုပြီးလျှင် ဝိပဿနာကို ပွားများအားထုတ်၍ အရဟတ္တဖိုလ်သို့ ဆိုက်ကြောင်းကို ထေရီဂါထာအဋ္ဌကထာ(၂၁၄၊၂၂၀) တို့၌ ပြဆိုထားလေသည်။

ထို့ပြင် မြတ်စွာဘုရားသည် အရှိန်အဝါ လွန်စွာကြီးသူဖြစ်သည်။ ထို့ကြောင့် အရူးပင်ဖြစ်စေ၊ ပြည့်တန်ဆာမပင်ဖြစ်စေ လူသတ်သမားပင်ဖြစ်စေ မြတ်စွာဘုရား၏ ခြေတော်ရင်းသို့ ရောက်သွားသောအခါ အရူးလည်းပြေ အကျင့်လည်းမသွေဘဲ လူသေစေရန်ဖန်တီးသည့် ဒေါသစိတ်လည်း ထိုခဏ၌ မရှိတော့ပေ။ တရားနာခါနီးနှင့် နာယူနေဆဲခဏ မဂ်ဉာဏ် ဖိုလ်ဉာဏ်မရမီ ကြားကာလ၌ သီလဝိသုဒ္ဓိ ဖြစ်သွားပုံ စိတ္တဝိသုဒ္ဓိဖြစ်သွားပုံ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်သွားပုံ စသည်ကို ပိဋကတ်ဉာဏ်ရော ဝိပဿနာဉာဏ်ရော ရှိသူမှ နားလည်သဘောပေါက်နိုင်သည်။ ဤကဲ့သို့ ပိဋကတ်ဉာဏ်နှင့် ကျင့်ကြံအားထုတ်သူသည် ဝိပဿနာဉာဏ်မရှိသူ လူပြိန်းတို့အမြင်ဖြင့်ကြည့်မူကား ဘုရားရှင်တရားနာ၍ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရမှ အရူးပျောက်သည် ပြည့်တန်ဆာစိတ်ပျောက်သည် လူသတ်စိတ်ပျောက်သည် အကျင့်နှင့်အသိ တပြိုင်နက် တစ်ချက်တည်းကျသည်ဟု ထင်စရာဖြစ်သည်။ ဤအမြင်ကား အလွန်ထူပိန်းသည့် လူပြိန်းတို့၏ အမြင်မျိုးသာဖြစ်ဘိသည်။ ဗုဒ္ဓတရားတော်များသည် ဂမ္ဘီရာ=နက်နဲသည်၊ ဒုဒ္ဒသာ=မြင်နိုင်ခဲသည်ဟု ဆိုခြင်းသည် ဤကဲ့သို့သော လူပြိန်းများအတွက် အထူးသတိပေးချက်ပင်ဖြစ်ပေသည်။

၃၉။ သောဓနာလွှာ စာပိုဒ်နံပါတ်(၂၂)၌ စောဒကဆရာတော်များတင်ပြသည့် ယုဂနဒ္ဓသုတ် သည် ဘုရားဟောမဟုတ်၊ အရှင်အာနန္ဒာက အပေါင်းအသင်းရဟန်းတို့အား ဟောကြားသောသုတ် ဖြစ်ကြောင်း, သုတ်၏ဆိုလိုရင်းမှာ သမထနှင့် ဝိပဿနာ ပွားများရမည်ဟု ဆိုလိုရင်းမဟုတ်ဘဲ သမထရှေ့သွားရှိသော ဝိပဿနာဖြင့်ဖြစ်စေ၊ ဝိပဿနာရှေ့သွားရှိသော သမထဖြင့်ဖြစ်စေ သမထ ဝိပဿနာ ၂-ပါးစုံ ရှေ့သွားဖြစ်၍ ပွားများအားထုတ်ပါက သံယောဇဉ်ပျောက်၍ အနုသယကင်းစင်မည် ဟု ဆိုလိုရင်းဖြစ်ကြောင်း ချေပကြလေသည်။

သုံးသပ်ချက်

၄၀။ ယုဂနဒ္ဓသုတ်သည် ဘုရားဟောမဟုတ်၊ အရှင်အာနန္ဒာ ဟောသောသုတ် ဖြစ်ပါသည် ဟူသောစကားဖြင့် ယုဂနဒ္ဓသုတ်ကို ဘုရားဟောမဟုတ်၍ ပယ်ရှားလို လက်မခံလိုသော အဓိပ္ပာယ် သက်ရောက်၏၊ စောဒကဆရာတော်များကလည်း ဘုရားဟောဟု တင်ပြကြသည်မဟုတ်။ ဗုဒ္ဓသာသနာတော်၌ သမထဝိပဿနာပွားရမည့် ဩဝါဒနည်းလမ်းများကို ဟောကြားထားခြင်း ရှိပါသည်ဟုသာ တင်ပြခဲ့ကြသည်။ ထို့ကြောင့် ဘုရားဟော ဟုတ်-မဟုတ်ကို အငြင်းပွားရန် မရှိ၊ ဘုရားရှင်ကိုယ်တော်တိုင် ဟောသောတရားဖြစ်စေ ဘုရားရှင်၏သာဝကတို့ ဟောသောတရားဖြစ်စေ လိုက်နာကျင့်ကြံက အကျိုးရစေနိုင်သောတရားတော်ဖြစ်လျှင် ယုံကြည်လေးစားစွာ လိုက်နာကျင့်ကြံရမည်သာဖြစ်သည်။ မဟာပဒေသလေးပါး၌ သွင်းချ၍ကြည့်ပါက ဗုဒ္ဓဘာသိတသုတ္တနှင့် လုံးဝဆန့်ကျင်ခြင်း မရှိသည့်အပြင် သံဃာယနာသုံးတန် အဝင်အပါဖြစ်ရကား-

“သုတ္တံ နာမ တိဿော သင်္ဂီတိယော အာရုဠာနိ တီဏိ ပိဋကာနိ။ ပ။ တတ္ထ သုတ္တံ အပ္ပဋိဗာဟိယံ၊ တံ ပဋိဗာဟန္တေန ဗုဒ္ဓေါဝ ပဋိဗာဟိတော ဟောတိ” (ဒီ၊ဋ္ဌ၊၂၊၁၅၈။)

အဓိပ္ပါယ်မှာ - သံဂါယနာသုံးတန်တို့သို့ တင်အပ်ကုန်သော ပိဋကတ်သုံးပုံတို့သည် သုတ္တမည်၏၊ ထိုသုတ္တဟုဆိုအပ်သော ပါဠိတော်ကို မတားမြစ် မပစ်ပယ်ထိုက်၊ ထိုသုတ္တဟုဆိုအပ်သော ပါဠိတော်ကို တားမြစ်ပစ်ပယ်သောသူသည် ဘုရားရှင်ကိုပင် တားမြစ်ပစ်ပယ်ရာရောက်ချေသည်။

၄၁။ ဤသုတ်၏ဆိုလိုရင်းမှာ သမထနှင့် ဝိပဿနာကို ပွားများရမည်ဟု ဆိုလိုရင်းမဟုတ်ပါ။ သမထ ရှေ့သွားရှိသော ဝိပဿနာဖြင့်ဖြစ်စေ ဝိပဿနာ ရှေ့သွားရှိသော သမထဖြင့်ဖြစ်စေ သမထ ဝိပဿနာ နှစ်ပါးစုံရှေ့သွား၍ဖြစ်စေ ပွားများအားထုတ်ပါက သံယောဇဉ်ပျောက်၍ အနုသယကင်းစင်မည် ဟု ဆိုလိုရင်းဖြစ်ပါသည်ဟူသော ချေပချက်သည်လည်း ဒေသနာတော်၏အဓိပ္ပါယ်ကို ကျနစွာ မကောက် ယူတတ်၍သာ ချေပမိသော စကားဖြစ်သည်။ စုဒိတက သမ္မာဒိဋ္ဌိ သုတေသနသမားတို့သည် ပထမကြီး ပထမကျော် ဓမ္မာစရိယတို့ သင်ရကြားရသည့်နည်း ဥပစာ နေတ္တိဟာရ စသည်တို့ကို လုံးဝ မသင်ဖူး ကြရှာသဖြင့် ပါဠိတော်မြန်မာပြန်များကိုဖတ်ပြီး လူပြိန်းတွေး တွေးကာ မှောက်မှားနေကြခြင်းဖြစ်သည်။

ဒေသနာတော်၏ အဓိပ္ပာယ်ကို ကောက်ယူရာ၌ ဒေသနာဟာရ နေတ္တိနည်းစသော နည်းပေါင်း များစွာဖြင့် သေချာစေ့ငု ကြည့်ရှုကောက်ယူရသည်၊ ဤ၌ ဥပါယ, ဖလ, အာဏတ္တိ ၃-ပါးမျှဖြင့် သိသာ ရုံမျှ ကောက်ပြပေးအံ့။

ဤသုတ်၌ သမထရှေ့သွားရှိသော ဝိပဿနာကို ပွားများ၍ မဂ်ဖြစ်ပေါ်လာပုံ, ဝိပဿနာရှေ့သွား ရှိသော သမထကိုပွားများ၍ မဂ်ဖြစ်ပေါ်လာပုံ, သမထ ဝိပဿနာအစုံတွဲလျက် ပွားများ၍ မဂ်ဖြစ်ပေါ် လာပုံ, အရောင်အလင်းစသော ဝိပဿနာ ညစ်ညူးကြောင်း “ဝိပဿနုပက္ကိလေသ” ဘေးရန် ဆယ်ပါးတို့ ကြောင့်ဖြစ်သော တုန်လှုပ်ပျံ့လွင့်မှု “ဥဒ္ဒစ္စ” ကိုပယ်၍ အဇ္ဈတ္တ၌ ဝိပဿနာစိတ်ကိုထားကာ သမာဓိကို ဖြစ်စေ၍ မဂ်ဖြစ်ပေါ်လာပုံလေးမျိုးကို ပြထားပေသည်။

ဤသုတ်၌ သမထ (သမာဓိ) ရှေ့သွားရှိသော ဝိပဿနာစသော လေးပါးတို့ကို ပွားများ အားထုတ်ခြင်းသည် အကြောင်းဥပါယ မည်၏၊ မဂ်ဖြစ်ပေါ်လာ၍ သံယောဇဉ် အနုသယတို့ ပျောက်ကင်း ခြင်းသည် အကျိုးဖလမည်၏၊ အရိယမဂ်ကိုရ၍ သံယောဇဉ် အနုသယ ပျောက်ကင်းခြင်းအကျိုးကို ရရှိလေအောင် သမထ (သမာဓိ) ရှေ့သွားရှိသော ဝိပဿနာစသော လေးပါးတို့ကို ပွားများအားထုတ် ကြလေဟု ဒေသကဖြစ်သော အရှင်အာနန္ဒာ၏ တိုက်တွန်းတော်မူခြင်းသည် အာဏတ္တိမည်၏၊ ဤသို့ ဒေသနာတော်၏ အဓိပ္ပာယ်ကို ကျနသေချာသိမြင်ပါက “သမထဝိပဿနာကို ပွားများရမည်ဟု ဆိုလိုရင်း မဟုတ်ပါ” ဟု ချေပ သောဓနာမိကြတော့မည် မဟုတ်ပေ။

၄၂။ သောဓနာလွှာ စာပိုဒ်နံပါတ် (၂၃) လာ သောဓနာကား စကားဖြစ်ရုံမျှသာ ဖြစ်ပေသည်၊ စာရိုက်သူက (၂၂၈)ကို (၂၂၂)ဟု ရိုက်မှားခြင်းသာဖြစ်၍ စိစစ်ဖွယ်မလို၊ စာပိုဒ်နံပါတ် (၂၄)လာ သောဓနာကား စာပိုဒ်နံပါတ် (၄) မှ (၁၅) အထိ သောဓနာများကို သုံးသပ်ရာ၌ ပါဝင်ပြီးဖြစ်သည်။

၄၃။ သောဓနာလွှာ စာပိုဒ်နံပါတ် (၂၅)၌ စုတိတကတို့က “စောဒကဆရာတော်များသည် တောင်တွင်းကြီး နတ်မှီတောရဆရာတော် အရှင်ဥက္ကဋ္ဌကို လေးစားကြည်ညိုနေကြသည့် ရဟန်းရှင်လူ ပြည်သူတို့အား ယုံမှားသံသယဝင်လာအောင် ရေးသားဖော်ပြထားသည်ကို တွေ့ရကြောင်း” စသည်ဖြင့် ချေပကြပြန်သည်။

သုံးသပ်ချက်

ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တပည့်များသည် ဗုဒ္ဓ၏သမထ ဝိပဿနာတို့ကို စွပ်စွဲပုတ်ခတ်ပယ်ရှားမှု မပြုခဲ့လျှင်လည်းကောင်း ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်လာ စကားတို့ကို လွဲမှားစွာ လုပ်ကြံဖော်ပြမှု မပြုခဲ့လျှင်လည်းကောင်း ယင်းသို့စောဒနာရန် မသင့်ချေ၊ ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တပည့်များသည် ဗုဒ္ဓ၏သမထ ဝိပဿနာများကို စွပ်စွဲပုတ်ခတ်မှု ပယ်ရှားမှု ပြု-မပြုကိုလည်းကောင်း ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်လာ စကားတို့ကို လွဲမှားစွာလုပ်ကြံဖော်ပြမှု ပြု-မပြုကိုလည်းကောင်း စိစစ်သည်ရှိသော် စောဒကဆရာတော်များ တင်ပြထားသည့် (က) (ခ) (ဂ) အမှတ်ပါစကားရပ်များဖြင့် ဗုဒ္ဓ၏သမထ ဝိပဿနာတို့ကို စွပ်စွဲပယ်ရှားထားသည်ကို တပ်အပ်ထင်ထင် တွေ့မြင်နေရပေသည်၊ ထိုပုဂ္ဂိုလ်တို့ ရေးသားထုတ်ဝေသော ဓမ္မအလင်းရောင် သစ္စာဓမ္မစာစောင်, နိကာယ်၏နိကာယ်စာစောင် စသည်များနှင့် ဗုဒ္ဓအဘိဓမ္မာ, အနတ္တရောင်ခြည်စသော စာအုပ်များ၌လည်း စွပ်စွဲပယ်ရှားမှု ဆန့်ကျင်ဖော်ပြမှုများကို တွေ့မြင်နေရပေသည်၊ ယင်းအချက်များကို စုဒိတကတို့က ချေပငြင်းဆိုခြင်း မပြုနိုင်ရုံမျှမက ဝိနည်းဓိုရ်ရုံးသို့ တင်သွင်းသော ဤသောဓနာလွှာ၌ပင် ထိုစကားမျိုးကို ထပ်ကာထပ်ကာ ပြောဆိုနေကြပြန်သည်၊ ထိုအကြောင်းများကြောင့်သာ စောဒကဆရာတော်များက အမှန်အတိုင်း စောဒနာကြခြင်းဖြစ်ရကား အကြည်ညိုပျက်အောင် တမင်ရေးသားဖော်ပြသည်ဟု မဆိုသင့်ချေ၊ ဘယ်သူမပြု မိမိမှုဆိုသည့်အတိုင်း စုဒိတကတို့၏လုပ်ပုံကိုသာ ဖော်ပြခြင်းဖြစ်ပေသည်။

၄၄။ ထိုစုဒိတကပုဂ္ဂိုလ်တို့၏ ရေးသားချက်များကို အနည်းငယ်ထုတ်ပြဦးအံ့။

(က) ရုပ်နှင့်နာမ်တို့၏ ချုပ်ရာငြိမ်းရာ ကုန်ဆုံးရာ နိဗ္ဗာန်ကြီးဖြစ်သည်ဟူသော ဗုဒ္ဓ ဘာသာ မြန်မာလောကသားတစ်ရပ်လုံး၏ အနုမာနကား ဗုဒ္ဓ၏ဓမ္မကြာ၌ မထင်သော အယူအဆမျှသာ ဖြစ်ချေသည်၊ စင်စစ်မှာ ချေးညှော် ကော်ဟု ဆိုအပ်သော တဏှာဓာတ် ကွာကျရန် ကြိုးပမ်းမှု ကိုသာလျှင် ဗုဒ္ဓအရှင် ရည်ညွှန်းခဲ့သည်၊ ရုပ်တွေ နာမ်တွေကို ထုချေရိုက်ခွဲပြီး လက်စတုံး ကုန်ဆုံး ချုပ်ငြိမ်းခြင်းသို့ ရောက်သွားအောင်အားထုတ်ရန် ရည်သန်ရိုးရင်း နှလုံးသွင်းကာ အလျှင်းပင် ဗုဒ္ဓ၌ မရှိခဲ့ချေ။ (လူသေလူဖြစ် ဒု-အကြိမ်ရိုက်၊ နှာ-၃၉)

(ခ) “ဇာတိပိ ဒုက္ခာ အရ ပြဆိုရာ၌ “အမိဝမ်းတွင်း၌ ကိန်းအောင်းရခြင်းကို ဒုက္ခဟု ဟောခြင်းမဟုတ်ကြောင်း နားလည်ပါ၊ အမိဝမ်းတွင်း ဘာမျှဒုက္ခမဖြစ်”။ (ဗုဒ္ဓအဘိဓမ္မာ ပ-နှိပ်၊ နှာ-၁၉၇)

(ဂ) “ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ” ဆိုသည်မှာ ခန္ဓာငါးပါး၌စွဲသော ဥပါဒါန်တရားကို ဆိုလိုသည်၊ ဥပါဒါန်မဲ့သော (မရှိသော) ခန္ဓာငါးပါးသည် သုခတည်း။ (ဗုဒ္ဓအဘိဓမ္မာ ပ-နှိပ်၊ နှာ-၁၉၈)

(ဃ) “ဘဝပြတ်ခြင်းအယူကို သံယောင်လိုက်၍ မှားယူနေကြသော မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာအမည်ခံ အရေခြုံလူတစ်စုတို့ကလည်း ဘဝရှိလျှင် ဒုက္ခ, ဘဝပြတ်မှ သုခနိဗ္ဗာန်၊ နိဗ္ဗာန်မှာ ရုပ်ခန္ဓာ, ဘဝမရှိဟု ပြောဆိုတောင့်တ နေကြချေသေး၏၊ ထိုအယူသည် ဂေါတမ၏ အလိုကျ မဟုတ်ချေ”။ (ဗုဒ္ဓအဘိဓမ္မာ-၂၀၄)

(င) “ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ၊ ဥပါဒါန်တဏှာနှင့်တကွဖြစ်သော ခန္ဓာငါးပါး သာလျှင် ဒုက္ခတဲ့၊ ဥပါဒါန်တဏှာမရှိသော ခန္ဓာငါးပါးဟာ နိရောဓ၊ နိဗ္ဗာနသုခပေါ့”။ (ဗုဒ္ဓအဘိဓမ္မာ ပ-နှိပ်၊ နှာ-၂၀၆)

(စ) ကာယိကသုခ = ကိုယ်ချမ်းသာ၊
စေတသိကသုခ = စိတ်ချမ်းသာ၊

လောက၌ ကိုယ်ချမ်းသာ စိတ်ချမ်းသာအပြင် ဘာရှိသေးလဲ၊ ၎င်း ၂-ခုကလွဲ၍ ချမ်းသာမရှိပါ၊ လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာ, နိဗ္ဗာန်ချမ်းသာတို့လည်း ထို ၂-မျိုးထဲတွင် အကျုံးဝင်၏၊ (ဗုဒ္ဓအဘိဓမ္မာ ပ-နှိပ်၊ နှာ-၂၁၆)

(ဆ) “ပထဝီ, အာပေါ, တေဇော, ဝါယော ဆိုတဲ့ သဘာဝကြီးလေးမျိုးအား (ပ-အာ-ဝါ-တေ) ဓာတ်ကြီးလေးပါး ဟူသောအမည်ဖြင့် အဘိဓမ္မာနယ်ပယ်၌ တွင်ကျယ်ခဲ့လေပြီ။ ပ။ ၎င်းတို့သည် ပြုပြင်မှုနှင့် ပြောင်းလဲမှုကိုသာ လက်ခံကြကုန်၏၊ ပျက်စီးကုန်ဆုံး နိဂုံးချုပ်ခြင်းကိုမူကား အပြင်းအထန် ငြင်းဆန်လေ့ ရှိကြကုန်၏၊ပ။ ၎င်းတို့သည် နိစ္စ မြဲတဲ့သဘောကို လည်းကောင်း၊ ဓုဝ- ခိုင်တဲ့သဘောကိုလည်းကောင်း၊ သဿတ- တစ်မျိုးတည်းတည်တဲ့ သဘောကိုလည်းကောင်း၊ အဝိနာသီ- မပျက်စီးတဲ့သဘောကိုလည်းကောင်း၊ သဗ္ဗာဗျာပီ- အလုံးစုံပျံ့နှံ့၍ တည်တဲ့သဘောကိုလည်းကောင်း ဆောင်ကြကုန်၏” (အနတ္တရောင်ခြည်၊ နှာ ၉၇-၉၈)

(ဇ) “ဝိပဿနာလုပ်ငန်းစဉ်များလည်း ဘဝသုံးပါးအပေါ်တွင် အခြေခံထားပြီး အကျိုးခန္ဓာပေါ်တွင် ရှုမှတ်ဆင်ခြင် ပွားများနေကြသည်သာများကြသည်၊ ပညတ်အာရုံများကို ရှုမှတ် ဆင်ခြင် ပွားများနေကြသည်၊ အကျိုးကိုသတ်၍ နေခြင်းအားဖြင့် လမ်းဆုံးသို့မရောက်ရှိနိုင်” (ဗုဒ္ဓဝါဒပြဿနာများ၊ နှာ-၂၀)

“အကျိုး ရုပ်နာမ်ခန္ဓာတို့သည် ပညတ်တရားများပင် မဟုတ်ပါလေလော” (ယင်းစာစောင် နှာ-၂၁)

(စျ) ဆောင်ယူ နှလုံးသွင်းရမည့် သစ္စာကား အဘယ်နည်း၊ နိရောဓနှင့် မဂ္ဂသစ္စာတို့ ဖြစ်သည်။ (ဗုဒ္ဓဝိပဿနာ-၂၊ နှာ-၇၉)

ဤကား ဦးဥက္ကဋ္ဌနှင့် သူ၏နောက်လိုက်များ ရေးသားထုတ်ဝေသော စာအုပ်စာတမ်းများမှ အနည်းငယ်မျှ ထုတ်ပြအပ်သော မှားယွင်းသော အယူပြစကားရပ်များဖြစ်သည်၊ ထိုစကားရပ်များကို အနည်းငယ် ရှင်းပြဦးအံ့။

၄၅။ (က) အမှတ်ပြစကားရပ်သည် မိမိသာလျှင် ကျမ်းဂန်၏ အနက်အဓိပ္ပာယ်ကို ကျန မှန်ကန်စွာ ယူဆတတ်သူဖြစ်သည်ဟု မိမိကိုယ်ကို မြှောက်ပင့်ဝါကြွားပလွှားမှု “အတ္တုက္ကံသန ဗုဒ္ဓဘာသာ မြန်မာ ရဟန်းရှင်လူအားလုံးသည်ကား ကျမ်းဂန်၏အနက်အဓိပ္ပာယ်ကို ကျနမှန်ကန်စွာ ယူဆတတ်သူများ မဟုတ်ကြဟု သူတပါးကို နှိမ့်ချကဲ့ရဲ့မှု “ပရဝမ္ဘန နှစ်ကိစ္စ ပြီးစေရန် ရည်သန်ရေးသားချက်သာ ဖြစ်ပေသည်။

မြန်မာပြည် သာသနာဝင်ဝယ် နေအသွင် လအသွင် ပေါ်လွင်ထင်ရှားသည့် ရှေးရှေးသော သာသနပါလ သာသနယောဓ မဟာထေရ်အရှင်မြတ်ကြီးများနှင့် ယခုမျက်မှောက်ခေတ် သာသနာဝင်ဝယ် ပေါ်လွင်ထင်ရှားသည့် သာသနာစောင့် သာသနာ့သူရဲကောင်းကြီးများ ဖြစ်တော်မူကြသော မဟာထေရ်မြတ်ကြီးများသည် ဓမ္မစကြာဒေသနာတော်ကို သေချာစေ့စပ် အထပ်ထပ်အခါခါ လေ့လာသင်ယူတော် မူကြပြီး၍လည်းကောင်း ယင်းဒေသနာတော်လာ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ပွားများကျင့်သုံးတော် မူကြ၍လည်းကောင်း “ရုပ်နာမ်တို့၏ ချုပ်ငြိမ်းကုန်ဆုံးရာသည် နိဗ္ဗာန်တရားတော်မြတ်ဖြစ်သည်” ဟု အာဂမသုတ အဓိဂမသုတ = စာတွေ့ဉာဏ်တွေ့ဖြင့် တေ့တေ့ဆိုင်ဆိုင် ပိုင်ပိုင်နိုင်နိုင်ကြီး သိမြင်တော်မူခဲ့ကြပေသည်၊ ဤသို့ သိမြင်တော်မူကြ၍ ဗုဒ္ဓရှင်အလိုတော်ကျ “ရုပ်နာမ်ဓမ္မတို့၏ ချုပ်ငြိမ်း ကုန်ဆုံးရာသည် နိဗ္ဗာန်တရားတော်မြတ်ဖြစ်သည်” ဟု ဟောဖော်ညွှန်ပြတော် မူခဲ့ကြလေသည်။

ယင်းသို့ဖြစ်ပါလျက် ဦးဥက္ကဋ္ဌသည် ပိဋကကျမ်းဂန်များကို ဆရာနည်းကျကျ မသင်ယူခဲ့ဖူး၍ ပိဋကတော်လာ ဒေသနာ၏ အနက်အဓိပ္ပာယ်ကို သေချာဂန မယူဆတတ်သောကြောင့်သော်လည်းကောင်း ဗုဒ္ဓဘာသာမြန်မာ တလောကလုံးကို အပြစ်တင်လို နှိမ့်ချလို ပြစ်မှားလိုသော ပဒုဋ္ဌစိတ် ဖုံးပိတ်ကွယ် လာနေသောကြောင့်သော်လည်းကောင်း မိမိ မသိမမြင်လေဟန် လုပ်ကြံစွပ်စွဲခဲ့လေသည်။

၄၆။ ရုပ်နာမ်တို့၏ ချုပ်ငြိမ်းကုန်ဆုံးရာသည် နိဗ္ဗာန်ဖြစ်သည်” ဟူသော အနက်အဓိပ္ပာယ်သည်ကား “ဒုက္ခနိရောဓံ အရိယသစ္စံ” ဟူသော ဘုရားရှင်မိန့်ခွန်းတော်ကိုကြားရရုံ ထိုပုဒ်ကို မြင်ရရုံဖြင့်ပင် သိသာထင်ရှားလှပေသည်၊ မှန်လှ၏၊ “ဒုက္ခနိရောဓံ” ဟူသောပုဒ်၌ ဒုက္ခ၏အရကား “ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ” ဟူသော ဒေသနာဖြင့်ပင် ဥပါဒါနက္ခန္ဓာငါးပါးဟု ထင်ရှား သိသာ၏၊ ထိုငါးပါးတို့တွင် ရုပုပါဒါနက္ခန္ဓာသည် ရုပ်တရား ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာ လေးပါးတို့ကား နာမ်တရားဖြစ်၍ ရုပ်နာမ်နှစ်ပါးပင်ဖြစ်သည်၊ နိရောဓဟူသောပုဒ်သည်ကား ချုပ်ရာဟူသော အနက် ချုပ်ငြိမ်းခြင်းဟူသော အနက်ကိုဟောသည်၊ ထို့ကြောင့် “ဒုက္ခနိရောဓဥပါဒါနက္ခန္ဓာ ငါးပါးရုပ်နာမ်တရားဟူသော ဒုက္ခ၏ချုပ်ရာ (ဝါ)ချုပ်ခြင်းသည် နိရောဓသစ္စာ=နိဗ္ဗာန်” ဟူသော အနက်သည် ဓမ္မစကြာဒေသနာတော်၌ပင် ပေါ်လွင်ထင်ရှားလှပေသည်၊ ဤမျှလောက် ပေါ်လွင်ထင်ရှားနေသော အနက်အဓိပ္ပာယ်ကိုပင် မမြင်တတ် မသိတတ် မယူဆတတ်သော ဦးဥက္ကဋ္ဌသည် “ဗုဒ္ဓဘာသာ မြန်မာလောကသားတစ်ရပ်လုံး၏ အနုမာနကား ဗုဒ္ဓ၏ဓမ္မစကြာ၌ မထင်” ဟု အပြစ်တင်စကား ရေးသား၍ အကြွားကြီး ကြွားမိလေသည်။

၄၇။ “စင်စစ်မှာ ချေးညှော်ကော်ဟု ဆိုအပ်သော တဏှာဓာတ် ကွာကျရန် ကြိုးပမ်းမှုကိုသာလျှင် ဗုဒ္ဓအရှင် ရည်ညွှန်းခဲ့သည်၊ ရုပ်တွေ နာမ်တွေကို ထုချေရိုက်ခွဲပြီး လက်စတုံး ကုန်ဆုံးချုပ်ငြိမ်းခြင်းသို့ ရောက်သွားအောင် အားထုတ်ရန် ရည်သန်ရိုးရင်း နှလုံးသွင်းကာ အလျှင်းပင် ဗုဒ္ဓ၌ မရှိခဲ့ချေ” ဟူသော ရေးသားချက်သည်လည်း ယခင်စကားနှင့် အလားတူပင်ဖြစ်သည်၊ အကယ်၍ ရုပ်,နာမ်အားလုံး ကုန်ဆုံးချုပ်ငြိမ်းသွားပါက လူသေလျှင် လူပြန်၍ မဖြစ်နိုင်တော့သောကြောင့် မိမိ၏ လူသေလူဖြစ်ဝါဒကို ကျားကန်ထောက်ကူပေးရန် ကြိုးပမ်းချက်ဖြစ်ပေသည်၊ “ဒုက္ခနိရောဓံ အရိယသစ္စံ” ဟူသော မိန့်ခွန်းတော်ကို မျက်ကွယ်ပြု၍ “ယော တဿ ယေဝ တဏှာယ” စသော နောက်စကားကိုသာ ယူပြီးလျှင် ဉာဏ်အမြင်သေးသိမ်သော လူတစ်စုကို မိမိဘက်ပါအောင် သွေးဆောင်လှည့်စားသော ရေးသားချက်လည်း ဖြစ်ပေသည်။

ဤသို့သော ဝိတဏ္ဍဝါဒီ (ဆန့်ကျင်ဘက်အယူရှိသူ) ပုဂ္ဂိုလ်တို့၏ စကားကပ်ကိုးမည့်အရေးကို မြော်တွေး သိမြင်တော်မူသော အဋ္ဌကထာဆရာသည် -

“နိရောဓသစ္စနိဒ္ဒေသေ ယော တဿာယေဝ တဏှာယာတိ ဧတ္ထ ယော တေဿဝ ဒုက္ခဿာတိ ဝတ္တဗ္ဗေ ယသ္မာ သမုဒယနိရောဓေနေဝ ဒုက္ခံ နိရုဇ္ဈတိ” (အဘိ၊ဋ္ဌ၊၂၊၁၀၅။)
အစရှိသောစကားကို မိန့်ကြားဖွင့်လှစ်ခဲ့လေသည်။

အဓိပ္ပါယ်မှာ - ဒုက္ခ၏ချုပ်ငြိမ်းရာ ဒုက္ခနိရောဓအရိယသစ္စာကို ပြတော်မူရာ၌ (ဒုက္ခနိရောဓဟူသော ပုဒ်နှင့်လိုက်လျောအောင်) “ယော တဿဝ ဒုက္ခဿ” ဟု ဟောသင့်ပါလျက် မဟောဘဲ အဘယ်ကြောင့် “ယော တဿယေဝ တဏှာယ” ဟု တဏှာ သမုဒယချုပ်ခြင်းဖြင့် ဒုက္ခနိရောဓကို ပြတော်မူသနည်းဟူမူ အကြောင်းတရားဖြစ်သော တဏှာသမုဒယ၏ ချုပ်ခြင်းကြောင့်သာ အကျိုးဖြစ်သော ဥပါဒါနက္ခန္ဓာ ငါးပါးရုပ်နာမ်တရားဟူသော ဒုက္ခချုပ်သည်၊ တဏှာချုပ်ခြင်းမှတပါး အခြားအကြောင်းကြောင့် ဒုက္ခချုပ်သည်မဟုတ်၊ ထို့ကြောင့် အကျိုးဖြစ်စေသော ဥပါဒါနက္ခန္ဓာ ငါးပါးရုပ်နာမ်တရားဟူသော ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်ကိုပြတော်မူလိုသော မြတ်စွာဘုရားသည် အကြောင်း ဖြစ်သော တဏှာသမုဒယချုပ်ခြင်းဖြင့် ပြတော်မူသည်၊ ဥပမာဖြင့် ထင်ရှားအောင် ပြရမူ ခြင်္သေ့သည် မိမိကို မြားဖြင့်ပစ်သည်ရှိသော် မြားကိုမလိုက်ဘဲ ပစ်သူကိုသာ လိုက်သကဲ့သို့ ထို့အတူ ဘုရားရှင်တို့သည်လည်း အကျိုးဖြစ်သော ဥပါဒါနက္ခန္ဓာ ငါးပါးရုပ်နာမ်တရားဟူသော ဒုက္ခကို ချုပ်ငြိမ်းစေလိုကြသည်ရှိသော် အကြောင်းဖြစ်သော တဏှာသမုဒယ ချုပ်ငြိမ်းရန် ကျင့်သုံးကြဟု ညွှန်ပြတော်မူကြပေသည်။

၄၈။ ထပ်၍ ရှင်းပြဦးအံ့- သမုဒယသစ္စာ တဏှာလောဘသည် အကြောင်း၊ ဥပါဒါနက္ခန္ဓာ ငါးပါးရုပ်နာမ်တရားဟူသော ဒုက္ခသစ္စာသည် အကျိုး၊ သစ်ပင်၏ရေသောက်မြစ်သည် အပြစ်အနာအဆာ မရှိဘဲ ခိုင်မြဲနေလျှင် အထက်ပိုင်း အကိုင်းအခက်များကို ခုတ်ချင်တိုင်း ခုတ်ဖြတ်ထားစေကာမူ ထိုသစ်ပင်သည် ပြန်လည်ပေါက်ရောက် ရှင်သန်ပြန်သကဲ့သို့ ဤအတူပင် သမုဒယသစ္စာ တဏှာအနုသယကို အရဟတ္တမဂ်ဖြင့် မပယ်ရသေးလျှင် ဥပါဒါနက္ခန္ဓာ ငါးပါးရုပ်နာမ်တရားဟူသော ဒုက္ခသစ္စာတရားသည် ထပ်ကာထပ်ကာ ဖြစ်၍နေမည်သာ ဖြစ်ပေသည်။

ယထာပိ မူလေ အနုပဒ္ဒဝေ ဒဠေ၊ ဆိန္နောပိ ရုက္ခော ပုနရေဝ ရူဟတိ။
ဧဝမ္ပိ တဏှာနုသယေ အနူဟတေ၊ နိဗ္ဗတ္တတိ ဒုက္ခမိဒံ ပုနပ္ပုနံ။ (ခု-၁ (ဓမ္မပဒ) ၆၂။)

မြန်မာပြန်

ခိုင်မြဲသော ရေသောက်မြစ်ကို မဖျက်ဆီးဘဲ မခုတ်ဘဲ ပင်စည်ကို ဖြတ်သော်လည်း သစ်ပင်သည် တဖန်ပေါက်ရောက် စည်ကားပြန်သကဲ့သို့ ဤအတူ ကိန်းအောင်းနေသော တဏှာကို မဖျက်ဆီးအပ် သေးသည်ရှိသော် ဤ(ပဋိသန္ဓေနေခြင်းစသော)ဆင်းရဲသည် အဖန်ဖန် အထပ်ထပ်ဖြစ်ရ၏၊ (ခု-မြန် ၁။ ၅၈။)

၄၉။ သစ်ပင်ကို သွေ့ခြောက်ပျက်စီးစေလိုသောသူသည် အမြစ်ကို ပယ်ဖြတ် ဖျက်ဆီးရသကဲ့သို့ လည်းကောင်း ရောဂါကို ကင်းပျောက်စေလိုသောသူသည် ရောဂါ၏ အကြောင်းအရင်းကို ငြိမ်းစေရသကဲ့သို့ လည်းကောင်း ရုပ်နာမ်ခန္ဓာဟူသော ဒုက္ခကိုချုပ်ငြိမ်းစေလိုသော ပုဂ္ဂိုလ်သည်လည်း သစ်ပင်၏အမြစ်နှင့်တူသော တဏှာ, ရောဂါ၏ အကြောင်းရင်းနှင့်တူသော တဏှာကို အကြွင်းမဲ့ပယ် သတ်ရလေသည်၊ ပယ်သတ်ရန် လက်နက်ကား အရိယမဂ္ဂင်ရှစ်ပါးပင်ဖြစ်သည်။

ယင်းအရိယမဂ္ဂင်ကို မိမိသန္တာန်၌ဖြစ်စေလိုသော သူတော်စင်သည် သီလမဂ္ဂင် သမာဓိမဂ္ဂင်တည်းဟူသော အခြေခံမူလမဂ္ဂင်တို့ကို မိမိသန္တာန်၌ ရှေးဦးစွာ ဖြစ်ပွားစေ၍ ဝိပဿနာမဂ္ဂင်တည်းဟူသော ပုဗ္ဗဘာဂမဂ္ဂင်ကို ဖြစ်ပွားစေရသည်၊ သီလမဂ္ဂင်ဖြင့် ဝိတိက္ကမ ကိလေသာ=(ကာယကံကျုးလွန်မှု)တို့ကို ပယ်သတ်ရသည်၊ သမာဓိမဂ္ဂင်ဖြင့် ပရိယုဋ္ဌာနကိလေသာ= (မနောကံသောင်းကျန်းမှု)တို့ကို ပယ်သတ်ရသည်၊ ဝိပဿနာမဂ္ဂင်ဖြင့် အနုသယကိလေသာ=(အကိန်းဓာတ်)ကို တဒင်္ဂပဟာန်အားဖြင့် ပယ်သတ်ရသည်၊ ဤသို့သောအစဉ်ဖြင့် မဇ္ဈိမဋိပဒါခေါ် မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ပွားများအားထုတ်သည်ရှိသော် သမာဓိဉာဏ် ထက်သန်ပြည့်စုံသောအခါ၌ အရိယမဂ်ဉာဏ် လေးပါးတို့ အစဉ်အားဖြင့် ထင်ရှားဖြစ်ပေါ်လာကြကုန်၏၊

၅၀။ ထိုအရိယမဂ်လေးပါးတို့တွင် သောတာပတ္တိမဂ်သည် ဒိဋ္ဌိဝိစိကိစ္ဆာ ကိလေသာနှစ်ပါး တို့ကို အကြွင်းမဲ့ ပယ်သတ်လေသည်၊ အပါယဂမနိယ (အပါယ်သို့လားစေတတ်သော) လောဘ, ဒေါသ, မောဟ, မာန, ထိန, ဥဒ္ဓစ္စ, အဟိရိက, အနောတ္တပ္ပ ဟူသောကိလေသာရှစ်ပါးတို့ကိုလည်း ပယ်သတ် လေသည်၊ (အပါယဂမနိယ မဟုတ်သော အပါယ်သို့မလားစေတတ်သော နည်းပါးသော လောဘစသည် တို့ကိုကား မပယ်နိုင်သေး)၊ ထိုကိလေသာတို့ကို ပယ်သတ်လိုက်သည်ရှိသော် ထိုကိလေသာတို့ကြောင့် ဖြစ်ထိုက်သည့် အပါယ် ရုပ်နာမ်ခန္ဓာနှင့် ခုနစ်ဘဝအထက် အနမတဂ္ဂ သံသရာ၌ ဖြစ်ထိုက်သော သုဂတိရုပ်နာမ်တို့လည်း ဖြစ်ခွင့်မရဘဲ ပြတ်စဲချုပ်ငြိမ်းကြလေသည်။

သကဒါဂါမိမဂ်သည် ရုန့်ရင်းကြမ်းတမ်းသော ကာမရာဂ ဗျာပါဒတို့ကို ပယ်သတ်၏၊ (သိမ်မွေ့သော ကာမရာဂ ဗျာပါဒတို့ကိုကား မပယ်နိုင်သေး)၊ ထို ရုန့်ရင်းသော ကာမရာဂ ဗျာပါဒတို့ကို ပယ်သတ်လိုက်သည်ရှိသော် ထိုကိလေသာတို့ကြောင့် နှစ်ဘဝအထက်ဖြစ်ထိုက်သော ရုပ်နာမ် ခန္ဓာတို့လည်း ဖြစ်ခွင့်မရဘဲ ပြတ်စဲချုပ်ငြိမ်းကြလေသည်။

အနာဂါမိမဂ်သည် ကာမရာဂ ဗျာပါဒတို့ကို အကြွင်းမဲ့ပယ်၏၊ ထိုကာမရာဂစသော ကိလေသာတို့ကို ပယ်လိုက်သည်ရှိသော် ထိုကိလေသာတို့ကြောင့် ဖြစ်ထိုက်သည့် ကာမဘဝ ရုပ်နာမ် ခန္ဓာတို့လည်း ဖြစ်ခွင့်မရဘဲ ပြတ်စဲချုပ်ငြိမ်းကြလေသည်။

အရဟတ္တမဂ်သည် ရူပရာဂ, အရူပရာဂ, မောဟ, မာန, ထိန, ဥဒ္ဓစ္စ, အဟိရိက, အနောတ္တပ္ပကိလေသာတို့ကို အကြွင်းအကျန်မရှိအောင် ပယ်သတ်လေသည်၊ ထိုအခါ တဏှာတည်းဟူ သော အဆာဓာတ်နှင့်တကွ ကိလေသာအားလုံး ကုန်ဆုံးချုပ်ငြိမ်းသွားခြင်းကြောင့် အမြစ်ပြတ်သွားသော သစ်ပင်ပမာ ရုပ်နာမ်ခန္ဓာ အားလုံးတို့သည်လည်း ကုန်ဆုံးချုပ်ငြိမ်းကြလေသည်၊ ထို့ကြောင့် -

“အယမန္တိမာ ဇာတိ၊ နတ္ထိ ဒါနိ ပုနဗ္ဘဝေါ”

“ဤဘဝသည် နောက်ဆုံးဘဝဖြစ်သည်၊ ယခုအခါ၌ နောက်ထပ်ဘဝအသစ်ဖြစ်ရန် မရှိပြီ” ဟု ဓမ္မစကြာဒေသနာ နိဂုံး၌ ဘုရားရှင်ဟောတော်မူခဲ့ပေသည်။

ဤဆိုခဲ့ပြီးသော အကြောင်းများကြောင့် “တဏှာကုန်အောင် ကျင့်ရန်သာ ဗုဒ္ဓရှင်ရည်ညွှန်းသည်၊ ရုပ်နာမ်ချုပ်ငြိမ်းအောင် ကျင့်ရန်မရည်ရွယ်”ဟု စကားကပ်၍ပြောခြင်းသည် ဦးဥက္ကဋ္ဌ တရားမတတ်သည်ကိုသာ ပေါ်လွင်စေပေသည်။

၅၁။ (ခ) “အမိဝမ်း၌ ကိန်းအောင်းနေရခြင်းကို ဒုက္ခဟု ဟောခြင်းမဟုတ်ကြောင်း နားလည်ပါ၊ အမိဝမ်းတွင်း ဘာမျှဒုက္ခမဖြစ်” ဟူသော စကားသည် လွန်စွာမှားယွင်းသော စကားဖြစ်သည်၊ အမိဝမ်းတွင်း၌ ကိန်းအောင်းရခြင်း၏ လွန်မင်းစွာ ကြောက်မက်ဖွယ်ကောင်းသော ဒုက္ခဖြစ်ပုံကို သမ္မောဟဝိနောဒနီအဋ္ဌကထာ(၉၀-၉၁) မှ ထုတ်နှုတ်ပြဦးအံ့။

အမိဝမ်း၌ ကိန်းအောင်းရသော သတ္တဝါသည် မိခင်၏ အစာသစ်အိမ်နှင့် အစာကျက်=ကျင်ကြီး အိမ်တို့၏အကြား အလွန်ကျဉ်းမြောင်းမှောင်မဲသော စက်ဆုပ်ရွံရှာဖွယ် အတိပြည့်သော အရပ်၌ ဖြစ်ရလေသည်၊ အမိဝမ်းဝယ် အသားနှပ်ကို ထုတ်ထားသကဲ့သို့လည်းကောင်း မုန့်ညက်စိုင်ကို ပြုတ်ဖျောထား သကဲ့သို့လည်းကောင်း မကွေးနိုင် မဆန့်နိုင်ဘဲ လွန်ကဲသောဒုက္ခကို ခံစားရလေသည်၊ အမိ၏ အဆောတလျင် ချွတ်ချော်တိမ်းယိမ်းခြင်း သွားလာထိုင်ထ လူးလှိမ့်ခြင်း စသည်တို့ကို ပြုရာအခါ၌ အရက်မူးပြီး ဝှေ့ရမ်းနေသော လူမိုက်၏လက်တွင်းက သိုးငယ်ကလေးလို, မြွေအလမ္ပယ်ဆရာ၏ လက်တွင်းက မြွေငယ်ကလေးလို လွန်စွာဆင်းရဲလေသည်၊ အမိက အေးမြသောရေကို သောက်သည့်အခါ အလွန်အေးလှသည့် သီတငရဲသို့ ကျရောက်ရသလို ပူသောအစာကို စားသည့်အခါ မီးကျီးငရဲသို့ ကျရောက်ရသလို, အငန်အချဉ်စသည်များကို စားသည့်အခါ အရေကိုခွာ၍ ဆားငန်ရေဖြင့် ပက်ဖျန်းခံရသလို, လွန်စွာစူးရှ ထက်မြက်လှသည့် ဒုက္ခအဖုံဖုံကို တွေ့ကြုံခံစားရလေသည်၊ ဖွားမြင်ရာအခါ၌လည်း ကမ္မဇလေအဟုန်ကြောင့် ဦးစောက်ပြောင်းပြန်လန်၍ အလွန်ကျဉ်းမြောင်းသည့် ယောနိဝဖြင့် သေလုမြောပါး ဒုက္ခခံစားကာ ဖွားမြင်လာရလေသည်၊ အမိဝမ်းတွင်း၌ ဒုက္ခဖြစ်ပုံကား များလှစွာ၏၊ အကျယ်ကို အဋ္ဌကထာ၌ အကျယ်ဖွင့်ပြ၏၊ သို့ပါလျက် ဦးဥက္ကဋ္ဌသည် ဇာတိပိ ဒုက္ခာဟူသော ဘုရားဟောတရားကို ပြောင်ကျကျဆန့်ကျင်ပြီး အမိဝမ်းတွင်း၌ ဘာဒုက္ခမျှမရှိဟူ၍ ရေးခြင်းသည် ဗုဒ္ဓဘာသိတနှင့် ဆန့်ကျင်ရေးစိတ်ဓာတ်ကို ဖော်ပြခြင်းပင် ဖြစ်လေသည်။

၅၂။ (ဂ) “ပဉ္စပါဒါနက္ခန္ဓာပိ ဒုက္ခာ-ဆိုသည်မှာ ခန္ဓာငါးပါး၌စွဲသော ဥပါဒါန်တရားကို ဆိုလိုသည်” ဟူသော အယူသည်လည်း ဘုရားရှင်အလိုတော်နှင့် များစွာဆန့်ကျင်၏၊ ဆန့်ကျင်ပုံကို မူလပဏ္ဏာသပါဠိတော်၌ လာသောစကားဖြင့် ဖော်ပြလိုပေသည်။

“အရှင်မ ထိုဥပါဒါန်သည်ပင် ဥပါဒါနက္ခန္ဓာငါးပါးတို့ပါလော၊ သို့မဟုတ် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ကြဉ်ဖယ်ထားလျှင် ဥပါဒါန်ရှိပါသေးသလော”ဟူသော ဝိသာခသူဋ္ဌေးကြီး၏ မေးမြန်းချက်ကို ဓမ္မဒိန္နာ ရဟန္တာထေရီမက-

“န ခေါ အာဝုသော ဝိသာခ တညေဝ ဥပါဒါနံ တေ ပဉ္စုပါဒါနက္ခန္ဓာ၊
နာပိ အညတြ ပဉ္စဟုပါဒါနက္ခန္ဓေဟိ ဥပါဒါနံ (မ၊၁၊၃၇၄)”။

ဒါယကာဝိသာခ ထိုဥပါဒါန်သည်ပင် ဥပါဒါနက္ခန္ဓာငါးပါး မဟုတ်ပါ၊ ဥပါဒါနက္ခန္ဓာငါးပါးကို ကြဉ်ဖယ်ထားလျှင် ဥပါဒါန်မရှိပါဟု ဖြေကြားလိုက်သည်၊ ဘုရားရှင်ကလည်း ဤပြဿနာကို ငါဘုရားကိုမေးလျှင်လည်း ဤအတိုင်းပင်ဖြေရမည်၊ ဤအတိုင်းပင်မှတ်ဟု မိန့်တော်မူသည်၊ ထိုကြောင့် ဤဒေသနာကို ဗုဒ္ဓဘာသိတ ဘုရားဟောဟု မှတ်ရာ၏၊ ဤသို့ “ဥပါဒါန်သည် ဥပါဒါနက္ခန္ဓာ ငါးပါးမဟုတ်” ဟု ပါဠိတော်၌ တိုက်ရိုက်ဆိုထားပါလျက် “ဥပါဒါနက္ခန္ဓာငါးပါးဆိုသည်မှာ ခန္ဓာငါးပါး၌ စွဲသော ဥပါဒါန်တရားကို ဆိုလိုသည်” ဟု ဖော်ပြခြင်းသည် အထက်ပါ ပါဠိတော်ကို မသွယ်မဝိုက် တိုက်ရိုက်ပယ်ဖျက်လိုက်ခြင်းပင် ဖြစ်ချေသည်။

၅၃။ ဤ ဒေသနာတော်ကား အဘိဓမ္မာကို မလေ့လာဖူးသူတို့အတွက် အသိခက်သောကြောင့် အနည်းငယ် ရှင်းပြဦးမည်။

ဥပါဒါန်ဟူသည် လောဘနှင့်ဒိဋ္ဌိ ဖြစ်သည်၊ ဥပါဒါနက္ခန္ဓာဟူသည် လောကီစိတ်(၈၁), စေတသိက်(၅၂), ရုပ်(၂၈) ဟူသော ခန္ဓာငါးပါးဖြစ်သည်၊ ထိုတွင် ရုပ်၂၈-ပါးသည် ရူပုပါဒါနက္ခန္ဓာ, ဝေဒနာစေတသိက်သည် ဝေဒနုပါဒါနက္ခန္ဓာ, သညာစေတသိက်သည် သညုပါဒါနက္ခန္ဓာ, ကျန်စေတသိက်(၅၀)သည် သင်္ခါရုပါဒါနက္ခန္ဓာ, လောကီစိတ် ၈၁-သည် ဝိညာဏုပါဒါနက္ခန္ဓာဖြစ်သည်၊ (သင်္ခါရုပါဒါနက္ခန္ဓာဖြစ်သည့် စေတသိက် ၅၀-တွင် လောဘနှင့်ဒိဋ္ဌိ ပါဝင်နေသည်ကိုသိပါ)၊ ထို့ကြောင့် လောဘဒိဋ္ဌိတည်းဟူသော ဥပါဒါန်သည် ဥပါဒါနက္ခန္ဓာငါးပါး မဟုတ်၊ သင်္ခါရုပါဒါနက္ခန္ဓာ၏ အစိတ်အပိုင်းမျှသာဖြစ်သည်၊ ဥပါဒါနက္ခန္ဓာငါးပါးကို ကြဉ်ဖယ်ထားလိုက်လျှင်လည်း ဥပါဒါန်ဟု မရှိနိုင် သည်ကို သိရာ၏၊

လောဘနှင့် ဒိဋ္ဌိသည် ဥပဒါန်လည်းဖြစ်သည်၊ ဥပါဒါနက္ခန္ဓာလည်း ဖြစ်သည်၊ လောဘ ဒိဋ္ဌိမှကြွင်းသော လောကီခန္ဓာငါးပါးသည် ဥပါဒါနက္ခန္ဓာသာဖြစ်သည်၊ ဥပါဒါန်မဖြစ်၊ ဤကား မြတ်စွာဘုရား၏ အလိုတော်တည်း၊ ဥပါဒါနက္ခန္ဓာငါးပါးသည် ဥပဒါန်ဖြစ်သည်၊ ဤကား ဘုရားကို ဆန့်ကျင်သော ဦးဥက္ကဋ္ဌနှင့် အပေါင်းပါတို့၏ အလိုတည်း။

၅၄။ “ဥပါဒါန်မဲ့သော (မရှိသော) ခန္ဓာငါးပါးသည် သုခတည်း” ဟူသော စကားသည်လည်း အဘိဓမ္မာသဘာဝနှင့် လုံးဝဆန့်ကျင်၏၊

ဤစကားသည် “ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခတို့တည်း- ဟူသောစကားရပ်၏ ဗျတိရေကတ္ထ-ပြောင်းပြန်ယူထားသော အနက်ဖြစ်သည်၊ ဦးဥက္ကဋ္ဌနှင့် သူ၏ နောက်လိုက်များသည် ဥပါဒါန်ရှိသောပုထုဇဉ်, သေက္ခပုဂ္ဂိုလ်တို့၏ ခန္ဓာငါးပါးကို ဥပါဒါနက္ခန္ဓာဟူ၍ လည်းကောင်း ဥပါဒါန်မရှိသော ရဟန္တာ၏ခန္ဓာငါးပါးကို ဥပါဒါန်မရှိသော ခန္ဓာငါးပါးဟူ၍လည်းကောင်း ယူလိုကြဟန်ရှိ၏၊ ထေရဝါဒပိဋက၌ ဤသို့ဟောထားသော အရာဋ္ဌာန မရှိချေ။

ပုထုဇဉ်သေက္ခပုဂ္ဂိုလ်တို့၏ သန္တာန်၌ဖြစ်စေ ရဟန္တာ၏ သန္တာန်၌ဖြစ်စေ ဥပါဒါန်တို့၏ အာရုံဖြစ်သော (ဥပါဒါန်တို့က အာရုံပြုနိုင်သော) လောကီ စိတ်စေတသိက် ရုပ်ဟူသော ခန္ဓာငါးပါးတို့ကို ဥပါဒါနက္ခန္ဓာဟူ၍လည်းကောင်း ဥပါဒါနိယတရားဟူ၍လည်းကောင်း မြတ်စွာဘုရားဟောတော်မူ၏၊ ဥပါဒါန်တို့၏အာရုံမဟုတ်သော (ဥပါဒါန်တို့ကို အာရုံမပြုနိုင်သော) လောကုတ္တရာစိတ် စေတသိက်နိဗ္ဗာန်ကို အနုပါဒါနိယတရားဟုသာ ဟောတော်မူ၏၊ အနုပါဒါနက္ခန္ဓာဟု သီးခြား ဟောထားသောအရာကား မရှိချေ၊ ထို့ကြောင့် လောကီစိတ်စေတသိက် ရုပ်တရားသည် ခန္ဓာလည်းမည်၏၊ ဥပါဒါနက္ခန္ဓာလည်း မည်၏၊ လောကုတ္တရာ စိတ်စေတသိက်ဟူသော နာမ်ခန္ဓာလေးပါးသည်ကား ခန္ဓာသာမည်၏၊ ဥပါဒါနက္ခန္ဓာ မမည်၊ နိဗ္ဗာန်ကား ခန္ဓာလည်း မမည် ဥပါဒါနက္ခန္ဓာလည်း မမည်၊ ယင်းသို့ဖြစ်၍ “ဥပါဒါန်မဲ့သော (မရှိသော) ခန္ဓာငါးပါး” ဟူသော စကားသည်ပင် လွဲမှားနေသောစကား ဖြစ်သည်။

ဦးဥက္ကဋ္ဌနှင့် သူ၏နောက်လိုက်များက ရဟန္တာ၏ခန္ဓာငါးပါးကို ဥပါဒါန်မရှိသော ခန္ဓာငါးပါးဟု ယူလိုကြဟန် ရှိကြောင်းကို ဆိုခဲ့ပြီ၊ ထိုသို့ယူလျှင်လည်း ရဟန္တာ၏ ခန္ဓာငါးပါးတို့တွင် လောကီခန္ဓာ ငါးပါးသည် ဥပါဒါနက္ခန္ဓာပင်ဖြစ်သည်၊ ထိုလောကီခန္ဓာတို့တွင် သုခဝေဒနာ သောမနဿဝေဒနာ ၂-ပါး တို့သာလျှင် သုခဖြစ်၍ ကျန်ခန္ဓာများကား သုခမဟုတ်ချေ၊ သစ္စာအားဖြင့်ကား ဒုက္ခသစ္စာချည်းသာ ဖြစ်၏၊ အရဟတ္တ ဖိုလ် စိတ် စေတသိက် ဟူသော နမ်ခန္ဓာလေးပါးတို့ကား ခန္ဓာသာမည်၏၊ ဥပါဒါနက္ခန္ဓာမမည်၊ ထိုလောကုတ္တရာခန္ဓာတို့တွင်လည်း အောက်စျန်လေးပါးနှင့်ယှဉ်သော အရဟတ္တဖိုလ် စိတ္တုပ္ပါဒ်ဖြစ်မူ သုခဝေဒနာတစ်ခုသာဖြစ်၍ ကျန်ခန္ဓာများကား သုခမဟုတ်ချေ၊ ပဉ္စမစျာန်နှင့်ယှဉ်သော စိတ္တုပ္ပါဒ်ဖြစ်မူကား သုခဟူ၍ လုံးဝမပါရှိချေ၊ သစ္စာအားဖြင့်ကား ဖိုလ်စိတ္တုပ္ပါဒ်တို့သည် အဘိဓမ္မာနည်းအားဖြင့် သစ္စာမှလွတ်၏၊ သုတ္တန်နည်းအားဖြင့် မဂ္ဂသစ္စာ ဒုက္ခသစ္စာများ ဖြစ်ကြ၏၊ ထို့ကြောင့် ဥပါဒါန်မဲ့သော(မရှိသော) ခန္ဓာငါးပါးသည် သုခတည်းဟူသော စကားသည် အဘိဓမ္မာ ဒေသနာတော်နှင့် လုံးဝဆန့်ကျင်သော စကားသာ ဖြစ်ပေသည်။

၅၅။ (ဃ) အမှတ်ပြစကားရပ်သည်ကား တိတ္ထိတို့၏ ဥစ္ဆေဒအယူနှင့် ဗုဒ္ဓဘာသာဝင်တို့၏ နိဗ္ဗာန်ကိုအတူထားလျက် မြန်မာဗုဒ္ဓဘာသာဝင်အားလုံးကို သိမ်းကျုံးဆဲရေးသော စကားသာဖြစ်သည်၊ ဗုဒ္ဓဘာသာတို့၏ နိဗ္ဗာန်ကား (ဦးဥက္ကဋ္ဌနှင့်အပေါင်းပါတို့ထင်သလို) ဥစ္ဆေဒအယူနှင့် အနည်းငယ်မျှပင် မတူချေ။

ဥစ္ဆေဒဒိဋ္ဌိ= (ပြတ်စဲ) အယူသည် ခန္ဓာငါးပါးတို့တွင် တစ်ပါးပါးကို အတ္တ=(အသက်ကောင်)ဟု ယူပြီးလျှင် ထိုအတ္တ=(အသက်ကောင်)သည် သတ္တဝါသေလျှင် ပြတ်၏၊ နောက်ထပ် ဘာမျှမဖြစ်တော့ဟု ယူသောအယူဖြစ်သည်ကို သီလက္ခန်ပါဠိတော် (၃၅)၌ တွေ့မြင်နိုင်ပေသည်၊ ဤဥစ္ဆေဒဒိဋ္ဌိသည် အဇိတကေသကမ္ဗလ တိတ္ထိဆရာကြီး၏ နတ္ထိကဒိဋ္ဌိ၌ အကျုံးဝင်၏၊ ဤအကြောင်းကိုလည်း သီလက္ခန် ပါဠိတော် (၅၉) အဇိတကေသကမ္ဗလ၏ အယူကိုပြရာပါဌ်၌ -

“နတ္ထိ အယံ လောကာ၊ နတ္ထိ ပရော လောကော၊ နတ္ထိ သတ္တာ ဩပပါတိကာ” (တစ်ပါးသောဘဝ၌ တည်သူ့အတွက်) ဤဘဝမရှိ၊ (ဤဘဝ၌ တည်သူ့အတွက်) တစ်ပါးသောဘဝမရှိ၊ သေ၍တဖန်ဖြစ်သော၊ သတ္တဝါတို့မရှိကုန် ဟူသော ပုဒ်တို့ဖြင့်သိနိုင်ပေသည်။

ဗုဒ္ဓဘာသာဝင်တို့၏ နိဗ္ဗာန်ကား ဤဥစ္ဆေဒအယူနှင့် မတူကွဲပြား ခြားနားလှပေသည်၊ ဗုဒ္ဓ ဘာသာဝင်တို့၏ နိဗ္ဗာန်ဟူသည် ဝဋ်သုံးပါးတို့၏ ချုပ်ငြိမ်းပြတ်စဲသွားခြင်းပင်ဖြစ်သည်။

၅၆။ ဝဋ္ဋ=ဝဋ်ဟူသည်မှာ အဆက်မပြတ် တရစပ်လည်နေသော သဘောပင်ဖြစ်သည်၊

ထိုဝဋ်သည် -
(၁) ကိလေသဝဋ်
(၂) ကမ္မဝဋ်
(၃) ဝိပါကဝဋ် ဟူ၍ -
သုံးပါးရှိ၏၊ ထိုသုံးပါးတို့တွင် -

(၁) အဝိဇ္ဇာ, တဏှာ, ဥပါဒါန် ဤသုံးပါးသည် ကိလေသဝဋ်မည်၏၊
(၂) သင်္ခါရ, ကမ္မဘဝဟု ခေါ်ဆိုအပ်သော လောကီကုသိုလ်, အကုသိုလ်စေတနာကံသည် ကမ္မဝဋ်မည်၏၊
(၃) ကံ၏အကျိုးဖြစ်သော ဘဝသစ် ရုပ်နာမ်ခန္ဓာသည် ဝိပါကဝဋ်မည်၏၊ (ဝိညာဏ်, နာမ်ရုပ်, သဠာယတန-စသည်ပင်တည်း)။

ပုထုဇဉ်ပုဂ္ဂိုလ်, သေက္ခပုဂ္ဂိုလ်တို့၏ သန္တာန်၌ အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့မပယ်ရသေးခြင်းကြောင့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်ဟူသော ကိလေသဝဋ်များရှိနေသည့်အတွက် ကုသိုလ်, အကုသိုလ်ကံတည်းဟူသော ကမ္မဝဋ်တို့ဖြစ်ကြလေသည်၊ ထိုကမ္မဝဋ်ကြောင့် ကံ၏အကျိုးဖြစ်သည့် ဘဝအသစ် ရုပ်နာမ်ခန္ဓာဟူသော ဝိပါကဝဋ် ဖြစ်ရပြန်လေသည်၊ ဤကား ဝဋ်သုံးပါးလည်နေပုံတည်း။

၅၇။ သီလ သမာဓိ ပညာ သိက္ခာသုံးပါးကို ပြည့်စုံအောင် ဖြည့်ကျင့်သောပုဂ္ဂိုလ်၏ သန္တာန်၌ သောတာပတ္တိမဂ် သကဒါဂါမိမဂ် အနာဂါမိမဂ် အရဟတ္တမဂ်တို့ အစဉ်အတိုင်းဖြစ်ပေါ်လာကြသည်၊ အရဟတ္တမဂ်၏အခြားမဲ့၌ပင် အရဟတ္တဖိုလ်စိတ်ဖြစ်ကာ ရဟန္တာအဖြစ်သို့ ဆိုက်ရောက်လေသည်။

အရဟတ္တမဂ်ဖြစ်သည်နှင့် တပြိုင်နက် (နေရောင်တောက်သည်နှင့် တပြိုင်နက် အမှောင်ပျောက် သကဲ့သို့) အဝိဇ္ဇာ တဏှာ ဥပါဒါန်တည်းဟူသော ကိလေသဝဋ်သည် ချုပ်ငြိမ်းပြတ်စဲလေသည်၊ ထိုရဟန္တာ၏ သန္တာန်၌ ကိလေသဝဋ် မရှိတော့သည့်အတွက် အတိတ်ကပြုခဲ့သောကံဟောင်းတို့သည် ပဋိသန္ဓေအကျိုး (ဘဝသစ်အကျိုး)ကို မပေးနိုင်ကြတော့ပေ၊ ကုသိုလ်ကံအသစ်လည်း နောက်ထပ် မဖြစ်တော့ပေ၊ အကြောင်းဖြစ်သော ကမ္မဝဋ် မဖြစ်တော့ဘဲ ငြိမ်းစဲသွားခြင်းကြောင့် အကျိုးဖြစ်သော ဝိပါကဝဋ် (ဘဝသစ် ရုပ် နာမ် ခန္ဓာ) မဖြစ်တော့ဘဲ ပြတ်စဲချုပ်ငြိမ်းလေသည်၊ ဤသို့ဝဋ်သုံးပါးတို့ ပြတ်စဲချုပ်ငြိမ်းသွားခြင်းကိုပင် နိဗ္ဗာန်ဟုခေါ်ဆိုသည်၊ ထို့ကြောင့် သီလက္ခန်ပါဠိတော် ကေဝဋ္ဋသုတ်၌ အောက်ပါအတိုင်း ဟောတော်မူသည်။

ဝိညာဏံ အနိဒဿနံ၊ အနန္တံ သဗ္ဗတော ပဘံ။
ဧတ္ထ အာပေါ စ ပထဝီ၊ တေဇော ဝါယော န ဂါဓတိ။
ဧတ္ထ ဒီဃဉ္စ ရတ္တဉ္စ၊ အဏုံ ထူလံ သုဘာ သုဘံ။
ဧတ္ထ နာမဉ္စ ရူပဉ္စ၊ အသေသံ ဥပရုဇ္ဈတိ။
ဝိညာဏဿ နိရောဓေန၊ ဧတ္ထေတံ ဥပရုဇ္ဈတိ (ဒီ၊၁၊၂၁၃)။

မြန်မာပြန်

(မျက်စိဖြင့်) မမြင်ကောင်းသော (ဥပါဒ် ဌီ ဘင်) အပိုင်းအခြားမရှိသော ထက်ဝန်းကျင် ဆိပ်ကမ်းရှိသော ဉာဏ်အထူးဖြင့် သိအပ်သော နိဗ္ဗာန်သည်ရှိ၏၊

ဤ(နိဗ္ဗာန်)၌ ရေ မြေ မီး လေသည် မတည်ပေ၊ ဤ(နိဗ္ဗာန်) ၌ အရှည် အတို အငယ် အကြီး အကောင်း အဆိုးသည် မရှိပေ၊ ဤ(နိဗ္ဗာန်)၌ နာမ်နှင့်ရုပ်သည် အကြွင်းမဲ့ချုပ်ပေ၏၊ ဤ(နိဗ္ဗာန်)၌ ဝိညာဉ်၏ ချုပ်ခြင်းကြောင့် ဤ(နာမ်နှင့် ရုပ်)သည် ချုပ်ပေ၏(ဒီ၊မြန်၊၁၊၂၄၂)။

၅၈။ ဤဒေသနာတော်ကို ထေက်ဆ၍ နိဗ္ဗာန်၌ ရုပ်နာမ်တစ်စုံတစ်ခုမျှ မရှိဟူသောအယူသည် ဘုရားရှင်၏ အယူဖြစ်ပေသည်၊ “နိဗ္ဗာန်မှာ ရုပ်ခန္ဓာဘဝမရှိဟု ပြောဆိုတောင့်တ နေကြချေသေး၏၊ ထိုအယူသည် ဂေါတမ၏ အလိုကျမဟုတ်ချေ” ဟူသော ဦးဥက္ကဋ္ဌနှင့် နောက်လိုက်ပုဂ္ဂိုလ်တို့၏ အယူသည်ကား ဘုရားရှင်၏ အလိုကျမဟုတ်ဘဲ အလွဲအမှား အကြွားသက်သက်သာဖြစ်သည်။

၅၉။ (င) အမှတ်ပြစကားရပ်တွင် “ဥပါဒါန်တဏှာ မရှိသော ခန္ဓာငါးပါးဟာ နိရောဓနိဗ္ဗာန သုခပေါ့” ဟူသောစကား၌ ဥပါဒါန်တဏှာ မရှိသောခန္ဓာငါးပါးဟူသည် ရဟန္တာ၏ခန္ဓာငါးပါးကို သူတို့ဆိုလိုဟန်ရှိသည်ဟု ဖော်ပြခဲ့ပြီး၊ ယင်းသို့ဖြစ်လျှင် “ဥပါဒါန်တဏှာမရှိသော ရဟန္တာ၏ ခန္ဓာငါးပါးကို နိရောဓသစ္စာ နိဗ္ဗာန်ချမ်းသာ” ဟု ဦးဥက္ကဋ္ဌနှင့် နောက်ပါပုဂ္ဂိုလ်တို့ ယူထားကြလေသည်။

“အသင်္ခတံ ခန္ဓတော ဌပေတွာ” အသင်္ခတဓာတ် နိဗ္ဗာန်တရားမြတ်ကို ခန္ဓာဟူသော အရေအတွက် မှချန်ထား၍ဟု ဓာတုကထာပါဠိတော်၌ အထပ်ထပ်အခါခါ ဘုရားရှင် ဟောတော်မူခဲ့ပါလျက် နိဗ္ဗာန်ကို ခန္ဓာ၌သွင်းထားခြင်းသည် အလျှင်းပင်မသင့်ချေ၊ ဘုရားကိုဆန့်ကျင်သော အယူဝါဒသာ ဖြစ်ပေသည်။

နိရောဓသစ္စာ နိဗ္ဗာန်ဟူသည် ခန္ဓာငါးပါးမဟုတ်၊ ဝဋ်ဆင်းရဲ၏ ချုပ်ငြိမ်းခြင်းသာဖြစ်သည်ကို အင်္ဂုတ္တိုရ် တိတ္ထာယတနသုတ်၌ -

ကတမဉ္စ ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ၊ အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဏော။ ပ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ (အံ၊၁၊၁၇၈)-
ဟု ဟောတော်မူပေသည်။

အဓိပ္ပာယ်မှာ “ရဟန်းတို့ ဒုက္ခနိရောဓ အရိယသစ္စာဟူသည်၊ဝါ၊ နိဗ္ဗာန်ဟူသည် အဘယ်နည်း၊ အရဟတ္တမဂ်ဖြင့်ပယ်၍ အဝိဇ္ဇာအကြွင်းမဲ့ ချုပ်ခြင်းကြောင့် သင်္ခါရတို့၏ ချုပ်ခြင်းဖြစ်၏၊ ပ။ ဇာတိချုပ် ခြင်းကြောင့် အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ ချုပ်ကုန်၏၊ ဤဆိုခဲ့သည့်အတိုင်း ချမ်းသာလည်းမဖက် အတ္တကောင်လည်း မဟုတ်သော ဤဆင်းရဲ အစုသက်သက်သာ ချုပ်ခြင်းဖြစ်ပေသည်၊ ရဟန်းတို့ ဤဆင်းရဲအစုသက်သက်၏ ချုပ်ခြင်းကို ဒုက္ခနိရောဓ အရိယသစ္စာ (နိဗ္ဗာန်) ဟု ဆိုအပ်၏၊”

ထို့ကြောင့် ခန္ဓာငါးပါးကို နိဗ္ဗာန်ဟုဆိုသော ဦးဥက္ကဋ္ဌစကားသည် ရိုးသားစွာ ဘာသာရေးကို လိုက်စားသူများအား အန္တရာယ်ကြီးမားလှသော အမြင်မှားစေသော မိစ္ဆာဝါဒသာဖြစ်ကြောင်း ထင်ရှားပေသည်။

၆၀။ နိဗ္ဗာန်ချမ်းသာကို ကိုယ်ချမ်းသာ စိတ်ချမ်းသာဟု ပြောသော(စ)အမှတ်ပြစကားရပ်ကို စိစစ်ချက်-
(၁) ကာယိကသုခဟူသည် ကုသလဝိပါက် ကာယဝိညာဏ်စိတ်၌ ယှဉ်သော ဝေဒနာ စေတသိက် ဖြစ်သည်။
(၂) စေတသိက သုခဟူသည် သောမနဿသဟဂုတ်စိတ် (၆၂)ပါး၌ ယှဉ်သော ဝေဒနာစေတသိက်ဖြစ်သည်။

ထိုကာယိကသုခ စေတသိကသုခသည် သင်္ခတတရားဖြစ်၏၊ နိဗ္ဗာန်ကား အသင်္ခတတရား ဖြစ်၏၊ ယင်းအသင်္ခတနိဗ္ဗာန်ကို သင်္ခတဖြစ်သော သုခ ၂-မျိုး၌ အကျုံးဝင်၏ဟု ဆိုခြင်းသည်ကား မည်မျှလွဲမှားနေကြောင်း ဆိုဖွယ်ရာပင် မရှိတော့ပြီ၊ ဦးဥက္ကဋ္ဌသည် နိဗ္ဗာန်ချမ်းသာဟူ၍ သီးခြားမရှိ၊ နိဗ္ဗာန်ချမ်းသာဆိုတာ ကာယိကသုခ-ကိုယ်ချမ်းသာ, စေတသိကသုခ-စိတ်ချမ်းသာပဲဟု ဘုရားရှင်အလိုနှင့်ဆန့်ကျင်ပြီး အဘယ်ကြောင့် ပြောသလဲ၊ ဦးဥက္ကဋ္ဌ ဘာလုပ်နေသည်ကို မျက်ခြေ မပြတ်လျှင် အဖြေမှန်ရပေလိမ့်မည်၊ ဦးဥက္ကဋ္ဌသည် စ,သ,ဃ,ဇ,က ဟူသော ပသာဒငါးပါး ရုပ်ဝါဒကို ဆုပ်ကိုင်ထားပြီး လူသေလူဖြစ်ဝါဒကို တီထွင်နေသူပီပီ ဘုရားရှင်၏ တရားတော်များကို လူသေလူဖြစ် နှင့်ကိုက်အောင် လုပ်နေခြင်းဖြစ်ပေသည်၊ မှန်၏- ရုပ်နာမ်တို့၏ ချုပ်ဆုံးရာနိဗ္ဗာန်ဟု အမှန်အတိုင်း လက်ခံနေပါက သူ၏ရုပ်ဝါဒအခြေခံနှင့် ဆန့်ကျင်နေသည့်အပြင် လူသေလူဖြစ် အရုပ်ထုရာ၌လည်း အနှောင့်အယှက် အတားအဆီးကြီး ဖြစ်နေလိမ့်မည်၊ ထို့ကြောင့် သူ၏အခြေခံရုပ်ဝါဒနှင့်လည်းကောင်း လူသေလူဖြစ် စိတ်ကူးယဉ်နှင့်လည်းကောင်း ကိုက်သွားအောင် ဘုရားဟော တရားတော်များကို ပြောင်းတိ ပြောင်းပြန် ကမောက်ကမ ပြောဟောရေးသားနေခြင်းဖြစ်ကြောင်း ဦးဥက္ကဋ္ဌတို့၏ အူမအထိ မြင်အောင် ကြည့်ကြရပေမည် ဖြစ်ပေသည်။

၆၁။ (ဆ) “ပထဝီ, အာပေါ, တေဇော, ဝါယော ဆိုတဲ့ ဓာတ်ကြီးလေးမျိုးကား။ ပ။ နိစ္စ=မြဲတဲ့ သဘောကိုလည်းကောင်း၊ ဓူဝ=ခိုင်တဲ့သဘောကိုလည်းကောင်း၊ သဿတ=တစ်မျိုးတည်းတည်တဲ့ သဘောကိုလည်းကောင်း၊ အဝိနာသီ=မပျက်စီးတဲ့သဘောကိုလည်းကောင်း၊ သဗ္ဗဗျာပီ=အလုံးစုံပျံ့နှံ့၍ တည်တဲ့သဘောကိုလည်းကောင်း ဆောင်ကြကုန်၏” ဟူသော ဦးဥက္ကဋ္ဌ၏အယူသည်လည်း ဘုရားရှင်၏ဝါဒနှင့် ဖြောင့်ဖြောင့်ဆန့်ကျင်လေသည်၊ ဘုရားရှင်သည် အတိတ် အနာဂတ် ပစ္စုပ္ပန် ရုပ်ဟူသမျှ အမြဲမရှိပုံကို “ရူပံ ဘိက္ခဝေ အနိစ္စံ အတီတာနာဂတံ၊ ကော ပန ဝါဒေါ ပစ္စုပ္ပန္နဿ” စသည်ဖြင့် ဟောတော်မူခဲ့ပေသည်။ (ခန္ဓဝဂ္ဂသံယုတ်-၁၇)

အဓိပ္ပာယ်မှာ- “ရဟန်းတို့ အတိတ် အနာဂတ် ရုပ်သည်မမြဲ။ ပစ္စုပ္ပန်ရုပ်၏ မမြဲခြင်း၌ကား ဆိုဖွယ်ရာပင်မရှိ၊ ရဟန်းတို့ ဤသို့ရှုမြင်သော သုတရှိသော အရိယာတပည့်သည် အတိတ်ရုပ်၌ ငဲ့ကွက်ခြင်းကင်း၏၊ အနာဂတ်ရုပ်၌ မနှစ်သက်၊ ပစ္စုပ္ပန်ရုပ်၌ ငြီးငွေ့ခြင်း, တက်မက်မှုကင်းခြင်း, ချုပ်ခြင်းငှာကျင့်၏” ဟူလို၊ အနတ္တလက္ခဏသုတ်၌လည်း ထိုနည်းတူပင်ဟော၏၊

ဤသို့ သုံးလောကထွတ်ထား မြတ်စွာဘုရားကိုယ်တော်တိုင်က “ရုပ်မှန်သမျှမမြဲ” ဟု ဟောတော်မူလျက် ပထဝီ, အာပေါ, တေဇော, ဝါယော ဟူသော ဓာတ်ကြီးလေးပါးတို့ကား နိစ္စ ဓုဝ သဿတ= အဝီ နာသီဟုယူသော ဦးဥက္ကဋ္ဌတို့၏ဝါဒသည် မြတ်စွာဘုရားဝါဒတော်နှင့် ဖြောင့်ဖြောင့်ဆန့်ကျင်သော မိစ္ဆာဝါဒ အဓမ္မစစ်စစ်ဖြစ်၍ ဘုရားရှင်ပွင့်တော်မမူမီကပင် ပေါ်ပေါက်နေကြသည့် နာမည်ကျော် တိတ္ထိကြီးများဖြစ်ကြသော ပူရဏကဿပ အဇိတကေသကမ္ဗလနှင့် ပကုဓကစ္စာယနတို့ဝါဒ၌ ပါဝင်သော အယူဝါဒသာ ဖြစ်ပေသည်။

မှတ်ချက်။ ။ ဤအယူသည် အနတ္တလက္ခဏသုတ်နှင့် ဆန့်ကျင်သောကြောင့် ဦးဥက္ကဋ္ဌတို့လူသိုက်က အနတ္တလက္ခဏသုတ်ကို လက်ခံသလိုလို ပြောဟောရေးသားကြခြင်းသည် လှည့်စားလို၍ အသံကောင်း ဟစ်ခြင်းမျှသာဖြစ်ကြောင်း ပေါ်လွင်ပေပြီ။

ဦးဥက္ကဋ္ဌဝါဒသည် ပူရဏကဿပဝါဒ၌ ပါဝင်ပုံ

၆၂။ ဦးဥက္ကဋ္ဌနှင့် ၎င်း၏တပည့်သားများ တိတ္တိကြီးများနှင့်တူပုံကို အနည်းငယ် ရှင်းပြဦးအံ့ -

ဦးဥက္ကဋ္ဌနှင့် နောက်လိုက်ပုဂ္ဂိုလ်တို့၏ ဝါဒသည် “ကမ္မဿကတ လမ်းစဉ်ကား ဘုရားရှင်၏ ဝါဒမဟုတ်” စသည်ဖြင့် ကံကိုပယ်သော ဝါဒဖြစ်ခြင်းကြောင့် -

ကရောတော န ကရီယတိ ပါပံ။
နတ္တိ တတောနိဒါနံ ပါပံ၊ နတ္ထိ ပါပဿ အာဂမော။
နတ္တိ တတောနိဒါနံ ပုညံ၊ နတ္ထိ ပုညဿ အာဂမော (ဒီ၊၁၊၄၉)။

မြန်မာပြန်

မကောင်းမှုပြုသူသည် ပြုရာမရောက်၊ ထိုသတ်ဖြတ်ခြင်း စသောအကြောင်းကြောင့် မကောင်းမှု မရှိ၊ မကောင်းမှု မလာရောက်၊ ထိုပေးလှူခြင်း စသောအကြောင်းကြောင့် ကောင်းမှုမရှိ၊ ကောင်းမှု မလာရောက်ဟူသော ပူရဏကဿပဝါဒ၌ ပါဝင်သည်။

ဦးဥက္ကဋ္ဌဝါဒသည် အဇိတကေသ ကမ္ဗလဝါဒ၌ ပါဝင်ပုံ

၆၃။ ကံကိုပယ်သောဝါဒသည် ကံ၏အကျိုးကိုလည်း ပယ်ရာရောက်သောကြောင့် “နတ္ထိ ဒိန္နံ၊ နတ္ထိ ယိဋ္ဌံ၊ နတ္ထိ ဟုတံ၊ နတ္တိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော (ဒီ၊၁၊၅၁) ။ ပေးလှူခြင်း “ဒါန” ၏အကျိုးမရှိ၊ ကြီးကျယ်သော ပူဇော်မှု၏ အကျိုးမရှိ၊ အနည်းငယ် ပူဇော်မှု၏အကျိုးမရှိ၊ ကောင်းစွာ ပြုအပ်သော ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးရင်း အကျိုးဖျား မရှိဟူသော တိတ္ထိဆရာကြီး အဇိတကေသကမ္ဗလဝါဒ၌ ဦးဥက္ကဋ္ဌဝါဒသည် ပါဝင်သည်။

ဘုရားကိုယ်တော်တိုင် သဗ္ဗညုတဉာဏ်တော်ထူးဖြင့်သိ၍ မျက်မှောက်ပြုကာ ဟောကြားထားသည့် ငရဲနှင့် နတ်ဗြဟ္မာလောကတို့ကို ပယ်ထားသော ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့၏ အယူသည် -
နတ္ထိ အယံ လောကော= (တစ်ပါးသောလောက၌ တည်သူ့အတွက်) ဤလောကမရှိ၊
နတ္ထိ ပရော လောကော= (ဤလောက၌ တည်သူ့အတွက်)တစ်ပါးသော လောကမရှိ၊
နတ္ထိ လောကေ သမဏဗြာဟ္မဏာ သမ္မဂ္ဂတာ သမ္မာပဋိပန္နာ၊ ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ (ဒီ၊၁၊၅၂)။

ဤလောက တစ်ပါးသောလောကကို ကိုယ်တိုင်သိ၍ မျက်မှောက်ပြုကာ သိစေနိုင် ဟောပြနိုင်ကြသည့် ကောင်းစွာဖြစ်ကုန် မှန်ကန်စွာကျင့်ကုန်သော သမဏဗြာဟ္မာဏတို့ဆိုတာ လောကမှာ တကယ်မရှိကြပါ-ဟူသော အဇိတကေသ ကမ္ဗလဝါဒ၌ ပါဝင်သည်။

ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့၏ “ရုပ်သာလျှင် ပဓာနဟူသောဝါဒ, လူဆိုတာ ဓာတ်ကြီးလေးပါး သာဖြစ်တယ်၊ နာမ်ဆိုတာ ရုပ်၏ အရိပ်အရောင်သာဖြစ်တယ်ဟူသောဝါဒါ, လူသား သေသွားသောအခါ ပ-အာ-တေ-ဝါ ဟူသော ဓာတ်ကြီးလေးပါးတို့သည် အစည်းပြေကာ ကွယ်သွားကြပြီးလျှင် ကောင်းကင်မှာ ပြေးသွားနေကြသည်ဟူသောဝါဒ, လူသေလျှင် ဂန္ဓဗ္ဗဓာတ် ထွက်သွားသည်” ဟူသော ဝါဒများသည် ထိုတိတ္ထိဆရာကြီး အဇိတဝါဒ၌ပင် အကျုံးဝင်၏၊ အဇိတဆရာကြီးက ဤသို့ယူ၏၊

စာတုမဟာဘူတိကော အယံ ပုရိသော= သတ္တဝါဆိုတာ မဟာဘုတ်လေးပါး အစုအဝေးသာ ဖြစ်သည်။ (နာမ်တရားသည် အရိပ်အရောင်မျှသာဟု ဆိုလိုသည်။)
ယဒါ ကာလံ ကရောတိ ပထဝီ ပထဝီကာယံ အနုပေတိ အနုပဂစ္ဆတိ။
အာပေါ။ တေဇော။ ဝါယော ဝါယောကာယံ အနုပေတိ အနုပဂစ္ဆတိ (ဒီ၊၁၊၅၃)။

သေသောအခါ ကိုယ်တွင်း အဇ္ဈတ္တပထဝီဓာတ်သည် ပြင်ပ ဗဟိဒ္ဓပထဝီဓာတ်အပေါင်းတို့ ကပ်ရောက်သွားသည်၊ အဇ္ဈတ္တအာပေါဓာတ်သည် ဗဟိဒ္ဓအာပေါဓာတ်အပေါင်းတို့ကပ်ရောက်သွားသည်၊ အဇ္ဈတ္တတေဇောဓာတ်သည် ဗဟိဒ္ဓတေဇောဓာတ်အပေါင်းတို့ကပ်ရောက်သွားသည်၊ အဇ္ဈတ္တဝါယောဓာတ်သည် ဗဟိဒ္ဓဝါယောဓာတ်အပေါင်းသို့ ကပ်ရောက်သွားသည်၊ ဤသို့သော အဇိတကေသကမ္ဗလဝါဒ၌ ဦးဥက္ကဋ္ဌဝါဒ ပါဝင်ပေသည်။

တိတ္ထိဆရာကြီး ပကုဓကစ္စာယနဝါဒ၌ ဦးဥက္ကဋ္ဌဝါဒ ပါဝင်ပုံ

၆၄။ “ပ-အာ-တေ-ဝါ ဟူသော ဓာတ်ကြီးလေးပါးတို့သည် မပျက်မစီးနိုင်ဘဲ အမြဲရှိနေသည် နိစ္စ-ဓုဝ-သဿတ-အဝိနာသီ ဖြစ်သည်” ဟူသော ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့၏ အယူဝါဒသည် -

“ဣမေ သတ္တ ကာယာ အကဋာ, အကဋဝိဓာ အနိမ္မိတာ အနိမ္မိတာ ဝဉ္ဈာ ပုဋဋ္ဌာ ဧသိကဋ္ဌာယိဋ္ဌိတာ” (ဒီ၊၁၊၅၃)

ပထဝီစသော ဤ (၇) မျိုးသော ကာယတို့သည် မပြုပြင်နိုင်ကုန် စီမံသမှု မပြုနိုင်ကုန် မဖန်ဆင်း နိုင်ကုန်၊ မဖန်ဆင်းစေနိုင်ကုန် အမြုံနှင့်တူကုန်၏၊ တောင်ထွဋ်ကဲ့သို့ တည်ကုန်၏၊ ဖြူဆံမြက်၏ အတွင်း၌တည်သော အဆံကဲ့သို့ တည်ကုန်၏ဟူသော ပကုဓကစ္စာယနဝါဒ၌ ပါဝင်သည်၊ ပကုဓ ကစ္စာယနဝါဒ၌ ပ-အာ-တေ-ဝါနှင့် သုခ-ဒုက္ခ-ဇီဝဟု ကာယ(၇)ပါးပြဆိုထားရာ ဦးဥက္ကဋ္ဌတို့က ရှေ့လေးပါးကို ယူ၍ဆိုခြင်းသာ ထူးပေသည်။

ဧကစ္စသဿဝါဒ၌ ဦးဥက္ကဋ္ဌဝါဒပါဝင်ပုံ

၆၅။ ဦးဥက္ကဋ္ဌနှင့် သူ၏နောက်လိုက်တို့သည် ကြံဆ၍ မိစ္ဆာအယူကို ယူတတ်သော “တိတ္ထိ” ပုဂ္ဂိုလ်, စူးစမ်းနှိုင်းချိန်၍ မိစ္ဆာအယူကို ယူတတ်သော “ဝီမံသီ” ပုဂ္ဂိုလ်များ ဖြစ်ကြသည်၊ ဝိတက်ဖြင့် အဖန်ဖန်ကြံဆ၍ ထင်လာမြင်လာသည့်အတိုင်း ပ-အာ-တေ-ဝါ ဓာတ်ကြီးလေးပါးတို့ကို နိစ္စ-ဓုဝ-သဿတ-အဝိနာသီ ဖြစ်သည်ဟု ယူကြသည်၊ ထိုအယူဝါဒသည် ဗြဟ္မဇာလသုတ်၌ ဟောတော်မူအပ်သော (၆၂)ပါးသော မိစ္ဆာဒိဋ္ဌိတို့တွင် ဧကစ္စသဿတဒိဋ္ဌိ၌ ပါဝင်သည် (သီလက္ခန်ပါဠိ-၂၃) ဧကစ္စ=အချို့, သဿတ=မြဲသည်၊တချို့သာမြဲ၍ တချို့မမြဲဟု ယူသောအယူကို ဧကစ္စသဿဒိဋ္ဌိဟု ခေါ်သည်။

ထိုဧကစ္စသဿတဝါဒသည်လည်း သတ္တဝါတို့တွင် တချို့ကားမြဲ၏ဟု ယူသော သတ္တေကစ္စ သဿတဝါဒ, သင်္ခါရတို့တွင် အချို့ကား မြဲ၏ဟုယူသော သင်္ခါရေကစ္စသဿတဝါဒဟူ၍ ၂-မျိုး ရှိ၏၊ ထို ၂-မျိုးတို့တွင် ဦးဥက္ကဋ္ဌတို့၏အယူသည် သင်္ခါရေကစ္စသဿတဝါဒဖြစ်သည်ကို သာရတ္ထဒီပနီဋီကာ ဥပရိပဏ္ဏာသဋီကာ၌လာသော အောက်ပါစကားရပ်ဖြင့် ထင်ရှားသိသာနိုင်ပေသည်။

ပရမာဏဝေါ နိစ္စာ ဒွိအဏာကာဒယော အနိစ္စာတိ ဧဝံ ပဝတ္တဝါဒါ သင်္ခါရေကစ္စသဿတိကာ သေယျထာပိ ကဏာဒဝါဒါဒယော (သာရတ္ထ၊ဋီ၊၁၊၁၄၃။ (ပ၊ဋီ၊၃၊၂၃၂)၊

ပရမာဏဝေါ၊ ပရမာဏုမြူတို့သည်။ နိစ္စာ၊ မြဲကုန်၏။ ဒွိအဏုကာဒယော၊ နှစ်ခုသော အဏုမြူ အပေါင်းစသည်တို့သည်။ အနိစ္စာတိ၊ မမြဲကုန်ဟူ၍။ ဧဝံ၊ ဤသို့။ ပဝတ္တဝါဒါ၊ ဖြစ်သောအယူတို့သည်။ သင်္ခါရေကစ္စသဿတိကာ၊ အချို့သင်္ခါရကား မြဲ၏ဟုယူသော သင်္ခါရေကစ္စသဿတဝါဒ မည်၏။ ကဏာဒဝါဒါဒယော သေယျထာပိ၊ ကဏာဒဂိုဏ်းဝင် ပုဂ္ဂိုလ်တို့၏အယူ စသည်တို့ကဲသို့တည်း။

၆၆။ ဤဝါဒကို ဝိဘင်္ဂမူလဋီကာ၌ အဏုဝါဒဟု ဆို၏၊

“အာဒိသဒ္ဒေန အဏူဟိ လောကော ပဝတ္တတိ၊ သဗ္ဗံ ပုဗ္ဗေကတဟေတူတိ ဧဝမာဒိ အကာရဏပရိဂ္ဂဟော ဒဋ္ဌဗ္ဗေ” (မူလဋီ၊၂၊၅၆)

အာဒိသဒ္ဒေန၊ ဣဿရပ္ပမာနကာလ သဘာဝါဒီတိ ဟူသောပုဒ်၌ အာဒိသဒ္ဒါဖြင့်။ အဏူဟိ၊ အဏုမြူတို့ကြောင့်။ လောကော၊ လောကသည်။ ပဝတ္တတိ၊ ဖြစ်၏။ သဗ္ဗံ၊ အလုံးစုံသော သုခဒုက္ခ ဟူသမျှသည်။ ပုဗ္ဗေကတဟေတု၊ ရှေးရှေးဘဝက ပြုအပ်သော အကြောင်းကြောင့်။ ဟောတိ၊ ဖြစ်၏။ ဣတိဧဝမာဒိ၊ ဤသို့ အစရှိသော။ အကာရဏ ပရိဂ္ဂဟော၊ အကြောင်းမဟုတ်သည်ကို ယူခြင်းကို။ ဒဋ္ဌဗ္ဗော၊ မှတ်အပ်၏၊

၆၇။ ဤစကားရပ်၌ အဏုဝါဒသည် ကမ္ဘာလောက၏ ဘဝအကြောင်းသည် အဏုမြူသာ ဖြစ်သည်ဟု မိစ္ဆာဝါဒီတို့ ယူဆသော အယူဖြစ်သည်၊ ထိုမိစ္ဆာဝါဒီတို့ယူဆပုံမှာ ဤစကြဝဠာ ကမ္ဘာလောကကြီး မဖြစ်ပေါ်မီ ရှေးအတိတ်အခါက အာကာသဟင်းလင်းပြင်ကြီးဝယ် အလွန်သေးငယ်သည့် ပရမာ အဏုမြူကလေးများသာ ရှိသည်၊ ဤပရမာ အဏုမြူကလေးများကား ပထဝီ, အာပေါ, တေဇော, ဝါယော ဟူသော ဓာတ်လေးပါးတို့ အသေးဆုံးမြူကလေးများ ဖြစ်သည်၊ ဘယ်သောအခါမျှ မပျက်စီးဘဲ အမြဲတည်သော ဓာတ်လေးပါးဖြစ်သည်၊ ထိုပရမာ အဏုမြူကလေးများ သည် အာကာသဟင်းလင်းပြင်ကြီးဝယ် ဝါယောဓာတ်၏ လှုပ်ရှားမှုကြောင့် လွင့်ပါး သွားလာနေရာမှ အာပေါဓာတ်၏ ဆွဲငင်မှုကြောင့် ပရမာအဏုမြူနှစ်ခုတို့ ပေါင်းစပ်လေသည်၊ ထိုမြူနှစ်ခုအပေါင်းကို ဒွိအဏုကဟုခေါ်သည်၊ ထိုမြူနှစ်ခုအပေါင်းကို မျက်စိဖြင့် မမြင်နိုင်၊ မှန်းဆ၍သာ သိနိုင်၏၊ ထိုဒွိအဏုက သုံးခုအပေါင်းကို တိအဏုက (တြသရဏု) ဟုခေါ်သည်၊ ဤသို့ အဏုမြူသုံးခုမှ လေးခုစသည် ပေါင်းစပ်၍ ကြီးမာသော အစိုင်အခဲများဖြစ်ကာ ဤစကြဝဠာ ကမ္ဘာလောကကြီး ဖြစ်ပေါ်လာရသည်၊ ကမ္ဘာပျက်သောအခါ၌ အထည်ဝတ္ထုဒြပ်တို့ ပြိုကွဲပျက်စီး၍ ပ-အာ-တေ-ဝါ ဟူသော ဓာတ်လေးပါးအစု ပရမာအဏုမြူအဖြစ်သို့ ပြန်ရောက်ကြလေသည်၊ ၎င်းတို့ကား ဘယ်သောအခါမျှ မပျက်စီးနိုင်သော နိစ္စ, ဓုဝ, သဿတ, အဝိနာသီဖြစ်သည်၊ တဖန် ကမ္ဘာဖြစ်ရန် အချိန်တန်သောအခါ ထိုပရမာအဏုမြူတို့ တဖန်ပေါင်းစပ်၍ ဒွိအဏုကစသည် ဖြစ်ကြပြန်သည်။

၆၈။ ဤအယူသည် ပ-အာ-တေ-ဝါ တို့၏ အသေးဆုံးဖြစ်သော ပရမာအဏုမြူကား နိစ္စ, ဒွိအဏုက စသည်တို့ကား အနိစ္စဟုဆိုသောကြောင့် သာသနာ့ဝေါဟာရအားဖြင့် ဧကစ္စသဿတဝါဒပင် ဖြစ်သည်။

လောက၏ ဖြစ်မှု ပျက်မှု အဏုမြူကို ပဓာနပြု၍ ဆိုသောကြောင့် အဏုဝါဒလည်း မည်၏၊

တိတ္ထိယာနံ အဏုပကတိပုရိသာဒိတဿ ဝါ ပညာပနာပိ အဝိဇ္ဇာမာန ပညတ္တိယေဝ = တိတ္ထိ တို့၏ အဏုမြူ, ပကတိ, ပုရိသ အစရှိသည်ကို ပညတ်ခြင်းသည်လည်း အဝိဇ္ဇာမာန ပညတ်သာတည်း။

လောက ဖြစ်မှုပျက်မှု၌ အဏုမြူဟူသော အကြောင်းကို ပညတ်ခြင်းသည် ထင်ရှားမရှိသည်ကို ပညတ်သော အဝိဇ္ဇာမာန ပညတ်မျှသာဖြစ်သည်ဟု ပုဂ္ဂလပညတ္တိအဋ္ဌကထာ(၂၆-၌ မိန့်ဆိုသည်။

ဤမိစ္ဆာဝါဒီ အညတိတ္ထိယတို့၏ အဏုဝါဒသည် ဦးဥက္ကဋ္ဌနှင့် သူ၏နောက်လိုက်တို့ လက်ခံစွဲယူ ထားသော အယူဝါဒဖြစ်သည်၊ ဤအယူဝါဒကို ဦးဥက္ကဋ္ဌက သစ္စာဓမ္မအတွဲ အမှတ် ၆-၇-၈ တို့၌ လည်းကောင်း တောင်တွင်းကြီးနေရှင်နယ် အရှင်ဇဝန က “နိဗ္ဗာန် ဆိုဒါ”အမည်ရှိ စာစောင်၌ လည်းကောင်း တောင်တွင်းကြီးနေရှင်နယ် အရှင်ရေဝတ က ဓမ္မအလင်းရောင် အတွဲ-၃၊ အမှတ် ၄-၌ လည်းကောင်း အတိအလင်း တင်ပြထားကြသည်။

၆၉။ အဏူဟိ လောကော ဝတ္တတီတိ အာဇီဝကဝါဒံ အန္ဓာယဟ=တက္ကတွန်း၏ဝါဒကို ရည်ရွယ်၍ အဏုမြူတို့ကြောင့် လောကဖြစ်၏ဟု မိန့်ဆိုသည်။ ကဏာဒဝါဒေါ ပန ဣဿရိစ္ဆာဝသေန အဏူနံ သံယောဂဝိယောဂတော လောကဿ ပဝတ္တိနိဝတ္တိံဝဒတိ။ ကဏာဒဝါဒသည်ကား ဣဿရ၏ အလို အစွမ်းအားဖြင့် အဏုမြူတို့ဖြင့် ပေါင်းစပ်ခြင်း ကွဲကွာခြင်းကြောင့် လောက၏ ဖြစ်ခြင်းပျက်ခြင်းကို ပြောဆို၏၊

ဤအဏုဝါဒသည် တက္ကတွန်းတို့၏ အယူဝါဒ ဖြစ်သည်ဟုလည်းကောင်း၊ ကဏာဒရသေ့၏ အဏုဝါဒသည်ကား ဣဿရ၏ အလိုစွမ်းဖြင့် (ဣဿရက စေခိုင်း၍ ဣဿရ၏ အလိုကျ)ဗြဟ္မာက ဖန်ဆင်း၍ အဏုမြူတို့ပေါင်းစပ်ခြင်း ကွဲကွာခြင်းကြောင့် လောကကြီး ဖြစ်ခြင်းပျက်ခြင်းကို ပြောဆိုသော ဝါဒဖြစ်သည်ဟုလည်းကောင်း (အနုဋီ၊၂၊၆၅) ၌ မိန့်ဆိုသည်။

၇၀။ ကဏာဒရသေ့၏ ဝါဒ၌ ဖန်ဆင်းရှင်ပါ၍ ပ-အာ-တေ-ဝါတို့ တခြားစီဖြစ်ခြင်း၊ ဦးဥက္ကဋ္ဌ ဝါဒ၌ ဖန်ဆင်းရှင်မပါဘဲ ပ-အာ-တေ-ဝါတို့ တစ်ပေါင်းတည်းဖြစ်ခြင်းကြောင့် ဦးဥက္ကဋ္ဌတို့ အသိုင်း အဝိုင်းက မိမိဝါဒသည် အဏုဝါဒမဟုတ်ပါဟု ငြင်းချက်ထုတ်လိုကထုတ်ကြပေမည်၊ မည်သို့ပင် ငြင်းချက်ထုတ်စေကာမူ ဦးဥက္ကဋ္ဌနှင့် သူ၏နောက်လိုက်များသည် ပြန်လည်ပြင်ဆင်ရေးသမားများ ဖြစ်ခြင်းကြောင့် ဗုဒ္ဓဝါဒကိုလည်း ပြင်ဆင်၊ ကဏာဒရသေ့၏ အဏုဝါဒကိုလည်း ပြင်ဆင်ကာ “ဥက္ကဋ္ဌ ဧကစ္စသဿတ အဏုဝါဒ” ကို တီထွင်ယူဆ ထားကြသည်မှာကား မည်သို့မျှငြင်းကွယ်၍ မရနိုင်ချေ၊ ဆိုခဲ့ပြီးသော စကားစဉ်အရ ပြန်၍ချုပ်ကြည့်သော် ဦးဥက္ကဋ္ဌနှင့် သခင်မြတ်ဆိုင် သမ္မာဒိဋ္ဌိ သုတေသီ ဆိုသူတို့သည် ဘုရားရှင်လက်ထက်က နာမည်ကျော်ကြား လူသိများခဲ့သော ပူရာဏကဿပ တိတ္ထိဆရာကြီး၊ အဇိတကေသကမ္ဗလ တိတ္ထိဆရာကြီး၊ ပကုဓကစ္စာယန တိတ္ထိဆရာကြီးတို့က ကံ-ကံ၏ အကျိုးကိုပယ်သော မိစ္ဆာဝါဒ, ငရဲနှင့်နတ်တို့ ဗြဟ္မာတို့ကိုပယ်သော မိစ္ဆာဝါဒ, တန်ခိုးအဘိညာဉ်ကိုပယ်သော မိစ္ဆာဝါဒ, ရုပ်ဓာတ်ကြီးလေးပါးသာလျှင် ပဓာနဟူသော ရုပ်မိစ္ဆာဝါဒ, ဓာတ်ကြီးလေးပါးသည် နိစ္စဖြစ်၏ဟူသော မိစ္ဆာဝါဒ, ဤသို့သော ခေတ်ဟောင်း မိစ္ဆာဝါဒများကို ဤ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်၌ ပြန်လည်ဆန်းသစ် ပေးနေကြသူများသာဖြစ်ကြောင်း ၎င်းတို့၏လုပ်ရပ်ကို ကျမ်းဂန်နှင့် ညှိလိုက်သောအခါ ထင်းကနဲ အကွင်းသား အရှင်းသား ပြည်သူတို့ သိမြင်နိုင်ကြပေပြီ။

၇၁။ ဦးဥက္ကဋ္ဌ၏ တပည့်ကြီး သခင်မြတ်ဆိုင်၏ ဗုဒ္ဓဝိပဿနာ ၂-နှာ-၁၉၆-၁၉၇-၌ “ဤဓာတ်ကြီးလေးပါးသည် အစဉ်အဆက် အစမရှိ အဆုံးမထင်သောကာလ “အနာဒိ, အနန္တ” အမြဲရှိသော မူလပကတိ ဓာတ်ကြီးများ ဖြစ်ကြလေသည်၊ စကြဝဠာအနန္တ၌ အမြဲရှိသော ဤမဟာဘူတ ဓာတ်ကြီးများသည် မည်သည့်အခါမျှ ပျောက်ပျက်သွားရိုးမရှိ၍ အနာဒိ, အနန္တ, သဗ္ဗဗျာပီ, အဝိနာသီ, နိစ္စ, ထာဝရသဘောကို အစဉ်ဆောင်ရွက်လျက်ရှိသည်” ဟူ၍ ဥက္ကဋ္ဌ၏ ဧကစ္စသဿတအဏုဝါဒကို ထောက်မကျားကန်ပြီးလျှင် “ကေဝဋ္ဋသုတ်၌ ဗုဒ္ဓက ဓာတ်ကြီးလေးပါး၏ ချုပ်ရာမရှိ၊ လွတ်ရာနယ်သာ ရှိသည်၊ ၎င်းကား နိဗ္ဗာန်ဟုဟော၏” ဟု ဘုရားရှင်ကိုပင် မဟုတ်မမှန် လုပ်ကြံစွပ်စွဲထားချက်ကို စိစစ်ပေဦးအံ့။ ကေဝဋ္ဋသုတ်၌ -

“ဧတ္ထ နာမဉ္စ ရူပဉ္စ၊ အသေသံ ဥပရုဇ္ဈတိ”

ဤနိဗ္ဗာန်၌ နာမ်ရောရုပ်ပါ အနည်းငယ် သိမ်သိမ်မွေ့မွေ့ကလေးမျှ မကျန် အကြွင်းမဲ့ချုပ်၏ဟု ဘုရားရှင်ဟောတော်မူသည်ကို (ဃ)အမှတ်ပြ စိစစ်ချက်၌ ပြခဲ့ပြီးဖြစ်သည်။

၇၂။ (ဇ) အမှတ်ပြ စကားရပ်၌ ကောက်နုတ်ချက်ကိုထုတ်သော် ရုပ်နာမ်ခန္ဓာသည် ပညတ်တရား ဖြစ်သည်၊ ယင်း ရုပ်နာမ်ခန္ဓာကို ရှုမှတ်ဆင်ခြင် ပွားများခြင်းဖြင့် လမ်းဆုံးသို့ မရောက်နိုင်ဟု ဆိုလိုသည်။

သုံးသပ်ချက်

“အနိစ္စံ ဒုက္ခံ အနတ္တာ ခန္ဓာ ဓာတုယော အာယတနာနိ သတိပဋ္ဌာနာ သမ္မပ္ပဓာနာတိအာဒိကာ ပရမတ္တကထာ နာမ”

အနိစ္စ, ဒုက္ခ, အနတ္တ, ခန္ဓာ, ဓာတ်, အာယတန, သတိပဋ္ဌာန်, သမ္မပ္ပဓာန် အစရှိသော ဒေသနာသည် ပရမတ္ထကထာ မည်၏ဟု ကထာဝတ္ထုအဋ္ဌကထာ(၁၃၉)၌ မိန့်ဆိုထားသောကြောင့် “ရုပ် နာမ် ခန္ဓာသည် ပညတ်တရားဖြစ်သည်” ဟူသောအယူသည် ဒေသနာတော်နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်သော အယူသာဖြစ်သည်။

၇၃။ “ယင်းရုပ်နာမ်ခန္ဓာကို ရှုမှတ်ဆင်ခြင်ပွားများခြင်းဖြင့် လမ်းဆုံးသို့ မရောက်နိုင်” ဟူသော စကားရပ်ဖြင့် “ရုပ် နာမ်ခန္ဓာကို ရှုမှတ်ဆင်ခြင်ပွားများမှူမပြုရ၊ ရုပ်နာမ်ခန္ဓာကို ရှုမှတ်ဆင်ခြင်ပွားများခြင်းဖြင့် လမ်းဆုံးဖြစ်သော အရဟတ္တဖိုလ် သို့မရောက်နိုင်” ဟု ဆိုလိုသည်။

သုံးသပ်ချက်

ထိုစကားရပ်သည် စုဒိတကတို့လက်ခံပါသည် ယုံကြည်ပါသည်ဆိုသော အနတ္တလက္ခဏသုတ်တော်ကိုပင် တိုက်ရိုက်ပယ်ရှားသော စကားရပ်ဖြစ်ပေသည်၊ မှန်လှ၏- ခန္ဓဝဂ္ဂသံယုတ် အနတ္တလက္ခဏသုတ် နှာ-၅၆-၌ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် ဟူသော ခန္ဓာငါးပါးတို့ကို ဝိပဿနာဉာဏ်ဖြင့် ရှုမှတ်ဆင်ခြင်ပွားများရမည်ဟု သဗ္ဗညုမြတ်စွာဘုရား ဟော ကြားတော်မူခဲ့ပေသည်။

“တသ္မာ တိဟ ဘိက္ခဝေ ယံ ကိဉ္စ ရူပံ။ပ။ ယာကာစိ ဝေဒနာ။ပ။ ယာကာစိ သညာ။ပ။ ယေကေစိ သင်္ခါရာ။ပ။ ယံ ကိဉ္စိ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္နံ။ပ။ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ”

အဓိပ္ပာယ်မှာ ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန် အတွင်းအပြင် အကြမ်းအနု အယုတ်အမြတ် အဝေးအနီး ဖြစ်သော အလုံးစုံသော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ကို ဤဟာသည် ငါ့ဥစ္စာမဟုတ်, ဤဟာသည် ငါမဟုတ် ဤဟာသည် ငါ၏အတ္တကောင်မဟုတ်ဟု ဟုတ်တိုင်းမှန်စွာ ဝိပဿနာပညာဖြင့် ရှုရမည်ဟု ဟောတော်မူ၏၊

၇၄။ ထို့ပြင် ခန္ဓဝဂ္ဂသံယုတ် နှာ-၁၃၆-၁၃၇-၁၃၈ တို့၌လာသော သီလဝန္တသုတ် သုတဝန္တသုတ်တို့၌ သီလသုတရှိသော ပုထုဇဉ်ရဟန်းသည် ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကို အနိစ္စဒုက္ခစသောအားဖြင့် နှလုံးသွင်းရှုမှတ်လျှင် သောတာပန် ဖြစ်နိုင်သည်၊ သောတာပန်သည် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို အနိစ္စဒုက္ခစသောအားဖြင့် နှလုံးသွင်းရှုမှတ်လျှင် သကဒါဂါမ်ဖြစ်နိုင်သည်၊ ထိုအတူ သကဒါဂါမ်က အနာဂါမ်, အနာဂါမ်က ရဟန္တာဖြစ်နိုင်သည်၊ ရဟန္တာသည် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို အနိစ္စ ဒုက္ခစသောအားဖြင့် နှလုံးသွင်းရှုမှတ်လျှင် မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရခြင်းအကျိုး, သတိသမ္ပဇဉ်အကျိုးရှိ၏ဟု အရှင်သာရိပုတ္တရာထေရ်က အရှင်မဟာကောဋ္ဌိကအား ဟောပြတော်မူခဲ့သည်။

ထို့ကြောင့် သခင်မြတ်ဆိုင်စသော စုဒိတကတို့၏အယူသည် ဖော်ပြပါ ပါဠိတော်များနှင့် ဖြောင့်ဖြောင့်ဆန့်ကျင်သော အယူဖြစ်သည်၊ ဗုဒ္ဓ၏ အနတ္တလက္ခဏာတရားကို လက်ခံပါသည်ဟု တနေရာ၌ပြောစဉ် နောက်တနေရာ၌ အနတ္တလက္ခဏာ တရားနှင့် ဆန့်ကျင်ဘက် ပြောပြန်သည်၊ ဤသို့ ကမောက်ကမ ရှေ့နောက် မညီ ယူပုံမျိုးကို ရည်ရွယ်၍ “မိစ္ဆာ အယူရှိသူတို့၏ အမြင်သည် ထိုထို ဤဤ အလီလီပြောင်းလဲတတ်၏၊ ဖွဲပုံ၌ စိုက်ထားသော သစ်ငုတ်နှင့် တူသည်” ဟု အဋ္ဌကထာဆရာ မိန့်မှာတော် မူခဲ့ခြင်း ဖြစ်လေသည်။

၇၅။ (စျ) “ဆောင်ယူနှလုံးသွင်းရမည့် သစ္စာကား အဘယ်နည်း နိရောဓနှင့် မဂ္ဂသစ္စာတို့ဖြစ်သည်” ဟူသော စကားသည်လည်း ဘုရားဟောဒေသနာကို မျက်ကွယ်ပြု၍ ထင်မိထင်ရာ ရေးသားသည့်စကားရပ်သာ ဖြစ်သည်၊ မှန်လှ၏- ပြဆိုခဲ့ပြီးသော အနတ္တလက္ခဏသုတ်, သီလဝန္တသုတ်, သုတဝန္တသုတ်တို့၌ သဗ္ဗညုဘုရားရှင်နှင့် လက်ျာတော်ရံပညာဧတဒဂ်ရ သာဝကကြီးတို့က ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ဟူသော ဥပါဒါနက္ခန္ဓာငါးပါးကို နှလုံးသွင်းရမည်ဟု ဟောတော်မူထားကြပါလျက် နိရောဓနှင့် မဂ္ဂသစ္စာတို့ကို ဆောင်ယူနှလုံးသွင်းရမည်ဟု ကမောက်ကမ ဆိုခြင်းသည် ဗုဒ္ဓဘာသာတို့အတွင်း အမြင်ရှုပ်ကုန်အောင် သာသနာတော်ကို ဖျက်ဆီးလိုသော ရည်ရွယ်ချက်ဖြင့် ရေးသားခြင်းမှတပါး အခြားအကြောင်း မရှိနိုင်ချေ။

၇၆။ သိသာစေရန် ထပ်မံ၍ ရှင်းပြလိုပေသည်။ သမ္မောဟဝိနောဒနီ အဋ္ဌကထာ၌-

“ဒုက္ခေ ဉာဏ” န္တိအာဒိနာ စတုသစ္စကမ္မဋ္ဌာနံ ဒဿိတံ၊ တတ္ထ ပုရိမာနိ ဒွေ သစ္စာနိ ဝဋ္ဋံ၊ ပစ္ဆိမာနိ ဝိဝဋ္ဋံ၊ တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော-

ဟု မိန့်တော်မူသည်၊ အဓိပ္ပာယ်မှာ “ဒုက္ခေ ဉာဏံ” အစရှိသော ပါဠိဖြင့် သစ္စာလေးပါး ကမ္မဋ္ဌာန်းကို မြတ်စွာဘုရား ပြတော်မူသည်၊ ထိုလေးပါးသော သစ္စာတို့တွင် ဒုက္ခ, သမုဒယဟူသော ရှေ့သစ္စာနှစ်ပါးတို့သည် ဝဋ်တရားဖြစ်သည်၊ နိရောဓ, မဂ္ဂဟူသော နောက်သစ္စာနှစ်ပါးတို့သည် ဝဋ်မှကင်းသော တရားဖြစ်သည်၊ ထိုဝဋ္ဋ, ဝိဝဋ္ဋ သစ္စာနှစ်မျိုးတို့တွင် ဝဋ္ဋဖြစ်သော ဒုက္ခ သစ္စာ သမုဒယသစ္စာ၌ ရဟန်း၏ ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်း ဖြစ်နိုင်သည်၊ ဝိဝဋ္ဋဖြစ်သော နိရောဓသစ္စာ, မဂ္ဂသစ္စာ၌ ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်း မရှိနိုင်ဟု ဆိုလိုပေသည်။

ထို့ကြောင့် “ဆောင်ယူနှလုံးသွင်းရမည့် သစ္စာကား နိရောဓနှင့် မဂ္ဂသစ္စာတို့ ဖြစ်သည်” ဟူသော အယူသည် အမှန်တရားကို ကျောပေးထားသော အဓမ္မဝါဒသာ ဖြစ်ကြောင်း သတိချပ်အပ်ပေသည်။

သမထဘာဝနာနှင့် သတိပဋ္ဌာန်ကို ပယ်ရှားခြင်း

၇၇။ ဗုဒ္ဓအဘိဓမ္မာ ပြန့်ပွားရေးအဖွဲ့ချုပ်မှ ထုတ်ဝေသော ဓမ္မအလင်းရောင် စာစောင်အတွဲ-၂၊ အမှတ်-၅၊ စာမျက်နှာ ၃-၌ နာယကကြီး အဘိဓမ္မာဆရာစိန် ဆိုသူက သူ၏ဆောင်းပါးတပုဒ်လုံးဖြင့် ဘုရားဟော သမထဘာဝနာ နှင့် သတိပဋ္ဌာန် ဒေသနာတော်များကို ပုတ်ခတ် ပယ်ရှားထားလေသည်၊ ဆောင်းပါးမှာ ရှည်လျား၍ အပြည့်အစုံ မဖော်ပြသာချေ၊ အနည်းငယ် မျှသာ ဖော်ပြလိုပေသည်။

ကျွန်ုပ်တို့ မြန်မာဗုဒ္ဓဘာသာတိုင်းလိုလို ပါးစပ်ဖျားတွင် ရေပန်းစားပြီး ပြောဆိုပြုလုပ် အားထုတ်နေကြတဲ့ ဘာဝနာများသည် မြန်မာပြည် ဗုဒ္ဓဘာသာ စာပေကျမ်းဂန်များတွင် ပြညွှန်ထားတဲ့ ဘာဝနာလေးဆယ် (ဝါ) ကမ္မဋ္ဌာန်း လေးဆယ် အစရှိသည်များ ဖြစ်ကြပေသည်။ပ။ အဘယ်ကြောင့်ဆိုသော် ထိုထို လမ်းစဉ်များကို ဗုဒ္ဓရှင်ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့တဲ့ ဘာဝနာလမ်းစဉ်များ ဖြစ်သည်ဟု ယုံကြည်စွဲယူနေခြင်းကြောင့် ဖြစ်ပေသည်။ (နှာ ၃-၄)

ယနေ့ ဗုဒ္ဓဘာသာလူသားတို့သည်။ပ။ ပူမှု အေးမှု တောင့်တင်းကိုက်ခဲမှုများကို လည်းကောင်း။ပ။ သွားသည် ရပ်သည် ထိုင်သည်ကို လည်းကောင်း အဲဒါလို အမြဲမပြတ်သတိချပ်ပြီး ပွားများအားထုတ် ရှုမှတ်ပြီး ပြုလုပ်နေတဲ့ ဘာဝနာ အလုပ်များကို ဗုဒ္ဓရှင်ထုတ်ဖော်ပြီး ဟောကြားတော်မူခဲ့ခြင်း မဟုတ်ဖူးလားလို့ မေးမည်ဆိုပါက မေးစရာ သင့်လှပေသည်၊ အဲ ဒီအမေးကို ရှင်းရှင်းနှင့်ဘွင်းဘွင်း ဖြေကြားရသော် ဗုဒ္ဓရှင် မဟောတဲ့ ဘာဝနာများသာ ဖြစ်ပေသည်။ (နှာ-၄)

ဤစကားရပ်တို့ဖြင့် မြတ်စွာဘုရား ဟောတော်မူခဲ့သော သမထကမ္မဋ္ဌာန်း များကိုလည်းကောင်း-

ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ။ ဌိတော ဝါဌိတောမှီတိ ပဇာနာတိ၊ နိသိန္နော ဝါ နိသိန္နောမှီတိ၊ ဒုက္ခံ ဝါ ဝေဒနံ ဝေဒယမာနော ဒုက္ခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ။

ွှစရှိသော သတိပဋ္ဌာန်ဒေသနာတော်ကိုလည်ကောင်း ပယ်ရှားထားလေသည်။

ဦးဥက္ကဋ္ဌနှင့် အပေါင်းပါတို့၏ ဖော်ပြပါ ရေးသားချက်တို့ကို တွေ့မြင်ရခြင်းကြောင့်သာ စောဒကဆရာတော်များက အမှန်ကို စောဒနာခြင်း ဖြစ်ရကား ဦးဥက္ကဋ္ဌအား အကြည်ညိုပျက်အောင် ရေးသားစောဒနာကြသည်ဟု မဆိုသင့်ချေ၊ တနည်းဆိုရသော် ဤသို့ စိစစ်ပြသဖြင့် ရုပ်ဝါဒီဖြစ်သော တောင်တွင်းကြီး ဦးဥက္ကဌ၏ဝါဒသည် ဘုရားဟောပိဋကသုံးပုံနှင့်လည်း လုံးဝ ဆန့်ကျင် သဘာဝယုတ္တိလည်းမရှိ ဖြစ်လည်းမဖြစ်နိုင်မှန်း ပို၍သိရှိခွင့်ရပြီး ကြည်ညိုချင်သူများက တိုး၍ ကြည်ညိုကြရအောင် စောဒကပုဂ္ဂိုလ်များက လမ်းစဖွင့်ပေးသည်ဟုပင် ဆိုနိုင်ပေသည်။

၇၈။ သောဓနာစာပိုဒ် (၂၆)မှ လိုရင်းကို ထုတ်နုတ်သော်-

(က) ထေရဝါဒ၌ သမထဝိပဿနာတရားများ ပါဝင်လျက်ရှိသည် ဆိုသောအချက်ကို အငြင်းမပွားလိုကြောင်း၊
(ခ) တပည့်တော်များ လက်ခံကျင့်သုံးနေသော သမထဝိပဿနာသည် ဓမ္မစက္ကပဝတ္တန, အနတ္တလက္ခဏသုတ်တော်များနှင့် ညီညွတ်နေပါသောကြောင့် ဓမ္မဝါဒ ဝိပဿနာသာဖြစ်ကြောင်း ဟူ၍ နှစ်ချက်တွေ့ရ၏၊

သုံးသပ်ချက်

၇၉။ (က) “ထေရဝါဒ၌ သမထဝိပဿနာများ ပါဝင်လျက်ရှိသည်ဆိုသော အချက်ကို အငြင်းမပွားလိုပါ” ဟု ဆိုသော်လည်း အငြင်းပွားအောင် ပယ်ရှားပုတ်ခတ်ရေးသားအပ်သော အချက်များကို စောဒကဆရာတော်များက လက်ဆုတ်လက်ကိုင် တင်ပြထားပြီးဖြစ်ရာ ထိုအချက်များကို စုဒိတကတို့ ချေပငြင်းဆိုခြင်း အလျှင်းမပြုနိုင်သောကြောင့်လည်းကောင်း သက်သေခံ တင်ပြထားသော စာအုပ်စာတမ်းများ၌လည်း ဗုဒ္ဓဘာသိတ သမထဝိပဿနာများကို သာသနာပ ဟိန္ဒူဗြဟ္မဏတို့၏ ဝါဒဟု စွပ်စွဲပုတ်ခတ်ရေးသားချက် အရပ်ရပ်ကို ထပ်ကာထပ်ကာ တွေ့မြင်နေရသောကြောင့်လည်းကောင်း ဤဝိနည်းဓိုရ် ဆရာတော်များ ရှေ့မှောက် ရောက်နေသော သောဓနာလွှာ၌ပင် ထိုကဲ့သို့သော စကားရပ်များ ပါဝင်နေသောကြောင့် လည်းကောင်း ဦးဥက္ကဋ္ဌနှင့် သမ္မာဒိဋ္ဌိ သုတေသနဝါဒီစသော နောက်လိုက် နောက်ပါများသည် ဗုဒ္ဓဘာသိတ သမထဝိပဿနာများကို သာသနပ ဟိန္ဒူဗြဟ္မဏတို့၏ ဝါဒဟု စွပ်စွဲပုတ်ခတ်လျက် ဖျက်ဆီးနေကြသူများ ဖြစ်သည်မှာ သိသာထင်ရှားလှပေသည်။

(ခ) “တပည့်တော်များ လက်ခံကျင့်သုံးနေသော သမထဝိပဿနာသည် ဓမ္မစက္ကပဝတ္တန, အနတ္တလက္ခဏသုတ်တော်များနှင့် ညီညွတ်နေပါသောကြောင့် ဓမ္မဝါဒဝိပဿနာဖြစ်ပါသည်” ဟု ဆိုသော်လည်း ဤဝိနိစ္ဆယစာတမ်း သုံးသပ်ချက်၌ ထုတ်ပြခဲ့ပြီးသော ဓမ္မစက္ကပဝတ္တနသုတ်, အနတ္တလက္ခဏသုတ်တော်များနှင့် ဆန့်ကျင်ရေးသားချက်များကို တွေ့မြင်ရသောကြောင့်လည်းကောင်း အခြေခံ သုံးသပ် ပွားများပုံမှစ၍ လွဲမှားနေရကား သောဓနာလွှာပါ အချက်များသည် စကားဖြစ်ရုံမျှ တင်ပြခြင်းဖြစ်သော်ကြောင့်လည်းကောင်း စုဒိတကတို့ တင်ပြချက်သည် ဓမ္မစက္ကပဝတ္တန, အနတ္တလက္ခဏ သုတ်တော်များနှင့် ညီညွတ်သည်ဟု မဆိုနိုင်ပေ။

“ဒိဋ္ဌိဂတိကဿ ဒဿနံ နာမ န နိဗဒ္ဓံ၊ ထုသရာသိမှိ နိခါတခါဏုဝိယ စဉ္စလံ၊ ဥမ္မတ္တကပစ္ဆိယံ ပူဝခဏ္ဍဂူ- ထဂေါမယာဒီနိ ဝိယ စေတ္ထ သုန္ဒရမ္ပိ အသုန္ဒရမ္ပိ ဟောတိယေဝ” -

ဟူသော သီလက္ခန်အဋ္ဌကထာ၌ လာသောစကားရပ်နှင့်အညီ မိစ္ဆာအယူ ရှိသောသူ၏ အမြင်မည်သည် ခိုင်မြဲမှုမရှိ၊ ဖွဲပုံပေါ်၌ စိုက်ထားသော သစ်ငုတ်ကဲ့သို့ လှုပ်ရှား၏၊ အရူး၏ တောင်းထဲ၌ မုန့်ပဲ သွားရေစာ, မစင်, နွားချေး ရောထွေးစုပေါင်း ကောင်းမကောင်း အစုံပါသကဲ့သို့ ဤမိစ္ဆာအယူ၌လည်း တခါတရံ ကောင်းသောအရာများလည်း အနည်းငယ်ပါရှိ၍ မကောင်းသောအရာတို့သာ များစွာပါရှိလေသည်။

ထို့ကြောင့်-

“ဧတဿ ဝါဒေ ကိဉ္စ သာသနာနုလောမမ္ပိ အတ္ထိ၊ အသုဒ္ဓလဒ္ဓိတာယ ပန သဗ္ဗာပိ ဒိဋ္ဌိယေဝ ဇာတာ”

ဧတဿ၊ ဤ နိဂဏ္ဌနာဋပုတ္တ၏၊ ဝါဒေ၊ အယူ၌။ ကိဉ္စ၊ အချို့သော။ သာသနာနု လောမမ္ပိ၊ သာသနာတော်အား လျော်သောအယူသည်လည်း။ အတ္ထိ၊ ရှိပါပေ၏၊ ပန၊ ထိုသို့ပင် သာသနာအားလျော်သော အယူ ရှိပါသော်လည်း။ အသုဒ္ဓလဒ္ဓိတာယ၊ မစင်ကြယ်သောအယူ၏ အဖြစ်ကြောင့်။ သဗ္ဗာ၊ အလုံးစုံသော အယူတို့သည်။ ဒိဋ္ဌိယေဝ၊ မိစ္ဆာအယူတို့ ချည်းသာလျှင်။ ဇာတာ၊ ဖြစ်ရကုန်ပြီး- ဟူသော သီလက္ခန်အဋ္ဌကထာ၌ လာသော စကားရပ်နှင့်အညီ သာသနာနုလောမစကား အနည်းငယ်မျှပါသော်လည်း မစင်ကြယ်သော အယူဖြစ်ရကား မိစ္ဆာအယူသာဖြစ်သည်။

အဘယ့်ကြောင့် မိစ္ဆဝါဒသာဖြစ်ရသနည်းဆိုသော် ဦးဥက္ကဋ္ဌနှင့် တပည့်ကြီး သခင်မြတ်ဆိုင် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ် နာယကအမှုဆောင် အဖွဲ့ဝင်တို့သည် စ.သ.ဃ.ဇ.က - ဟူသော ပသာဒရုပ်ငါးပါး ရုပ်တရားကိုသာ အမှန်တရားအဖြစ် ဆုပ်ကိုင်ထားကြသော ရုပ်ဝါဒီများဖြစ်ကြပါလျက် ဗုဒ္ဓဘာသာ အမည်ခံကာ ဗုဒ္ဓဘာသာထဲဝင်ပြီး ကမောက်ကမဖြစ်အောင် အတွင်းက ဝင်ဖျက်နေကြသူများ ဖြစ်သောကြောင့် သူတို့၏ ရုပ်ဝါဒအမြင်ဖြင့် ပြောဟောရေးသားချက်များသည် ဘယ်ပိဋက စာပေနှင့်မျှ မညီညွတ်ပဲ ဖြစ်နေပေသည်၊ စာနှင့်မညီရုံမျှမက ယုတ္တိလည်းမရှိ၊ ကလေးကလားလည်း နိုင်လှသည်၊ သူတို့ကလည်း ပိဋကစာပေနှင့် ပိဋကကျမ်းတတ်ပုဂ္ဂိုလ်တို့ကို အလွန်ကြောက်ကြလေသည်၊ ထို့ကြောင့် ဘုရားဟော ပိဋကတော်မူမှန်များကို ဗြာဟ္မဏဝါဒဟု ပြည်သူလူထု အထင်အမြင်မှားအောင် မဟုတ်မမှန် လုပ်ကြံရေးသားပြောဟောကြလေသည်။

၈၀။ ဤသို့ စိစစ်သုံးသပ် ပြဆိုအပ်ပြီးသော အကြောင်းတို့ကြောင့် ဦးဥက္ကဋ္ဌနှင့် သူ၏ နောက်လိုက်များသည် ဗုဒ္ဓဘာသိတ သမထဝိပဿနာများကို သာသနာပ ဟိန္ဒူဗြာဟ္မဏတို့၏ဝါဒဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲသူများဖြစ်သောကြောင့် ဗုဒ္ဓသာသနာတော်ကို အစီအစဉ်ကျကျ မူချ၍ ဖျက်ဆီးနေကြသော သာသနပစ္စတ္ထိက(သာသနာ့ရန်သူ)များသာ ဖြစ်ကြသည်၊ ထိုပုဂ္ဂိုလ်တို့၏ ဖော်ပြပါ ရေးသား ဟောပြောချက်များသည် အဓမ္မဝါဒသာဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့က တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။