သိမ်မျိုးစုံမဟာဋီကာ/ရာဇာအရပါဝင်-မပါဝင်မင်းတို့ကိုသိနိုင်ရန် အစိုးရပြန်တမ်းပြခန်း
သိမ်မျိုးစုံဋီကာ ရေးသားရာ၌ အမြစ်အခြေနှင့်တကွ ဘုရင်ခံမင်းကြီး၊ ဝန်ရှင်တော်မင်းကြီး၊ အရေးပိုင်မင်းတို့မှ တပါး ဝန်ထောက်မင်း၊ မြို့အုပ်မင်းစသော အစိုးရမင်းတို့ပင် နယ်သီးနယ်ခြား မြို့သီးမြို့ခြား၊ လုပ်နိုင်စီမံနိုင်သော ဩဇာအာဏာဌာနန္တရ မရသည်အဖြစ်ကို ဤဆိုလတ္တံ့သော (ဆာကြူလာ) အမိန့်တော်များဖြင့် သိသာထင်ရှားလှ၏။ သိသာထင်ရှားအောင် (ဆာကြူလာ) အမိန့်တော်ပြန်တမ်းကို ထည့်သွင်း ဖော်ပြလိုက်ဦးအံ့။
မြန်မာနိုင်ငံတွင် ဘုရင်ခံမင်း၊ အခွန်ဌာနချုပ်ဝန်ကြီး၊ အရေးပိုင်မင်းတို့ ဝိသုံဂါမမြေစား ပေးအပ်နိုင်သည့် အရာများကို ဆိုလတ္တံ့သော ဥပဒေများကို ထောက်ထား၍ သိလေ။
၁၈၇၆ -ခုနှစ်ထုတ် မြန်မာနိုင်ငံတော် အောက်ပိုင်းဆိုင်ရာ မြေယာနှင့် အခွန်တော် အက်ဥပဒေအရ ပြဋ္ဌာန်းပိုင်းခြားသည့် နည်းဥပဒေ၊ အခန်း (၆ )၊ ပုဒ်မ (၃၂) တွင် သာသနာရေး သာသနာမှုနှင့် ဆိုင်သည့် အဆောက်အအုံအတွက် မြေယာများကို (မြေခွန်တော် တစ်စုံတရာရှိလျှင်) မြေခွန်တော်လွတ် အရေးပိုင်က ပေးအပ်ချထားခွင့်ရသည်။
(က)၄င်းမြေတန်ဖိုးမှာ ငွေ(၁၀၀)ထက်မပိုလျှင်
မိမိအမိန့်နှင့် ပေးအပ်ချထားခွင့်ရသည်။
(ခ) ၎င်း တန်ဖိုးမှာ ငွေ (၁ဝဝိ) ထက် ပိုမို၍ (၂ဝဝိ) ထက်မပိုလျှင် အခွန်ဌာနချုပ် ဝန်ကြီး အမိန့်တင်ရင် ခံယူ၍ ပေးအပ်ချထားခွင့်ရသည်။
ယခု နည်းဥပဒေအလို့ငှာ မြေယာတန်ဖိုးကို တွက်စစ်ရာ တွင် ၎င်းမြေတွင် စိုက်ပျိုး လုပ်ကိုင်လျက်ရှိလျှင် စည်းကြပ်သည့်( သို့မဟုတ်) စည်းကြပ်မည့် မြေခွန်တော်ကို တစ်နှစ်တွက် စည်းကြပ်ရ အခွန်တော် (၂၅)ဆ နှုန်းရင်းပြုလုပ်တွက်စစ်ရမည်။ သို့မဟုတ် ၎င်းမြေမှာ အခွန်တော်စည်းကြပ်ရာ မထိုက်သက်လျှင် မြေတန်ဖိုး ပေါက်ရာဈေးနှုန်းအတိုင်း ဖြစ်စေရမည်။
အဓိပ္ပါယ်ဖော်ပြချက်။ ။ယခု နည်းဥပဒေတွင် ရည်ညွှန်းသည့် နှုန်းရင်းပြုလုပ် တွက်စစ်ရမြေခွန်တော်မှာ အပိုင်ပတ္တာရသူ ထမ်းဆောင်စေရန် ရည်ရွယ်သည်မဟုတ်။ မြေခွန်တော်ကို နှုန်းရင်းပြုလုပ် တွက်စစ်ခြင်းသည် ၎င်းမြေယာ တန်ဖိုး စုစုပေါင်းကို ထောက်၍ ယခုဥပဒေအရ ချထားပိုင်ခွင့် ရသည့် အရာရှိတို့ ၎င်းအပိုင်ပတ္တာ ပေးအပ်ပိုင်ခွင့် ရှိမရှိကိုသာ ရှင်းလင်းသိသာရန် တွက်စစ်ခြင်းမျှသာ ဖြစ်သည်။ ။
(၃၃) မြေယာတန်ဖိုးမှာ ငွေ (၂ဝဝိ ) ထက် ပိုသည့်အချက် များတွင် အိန္ဒိယအစိုးရမင်းတို့ အမိန့်ကို နာခံရန်တင်ပို့ရမည်။
(၃၄) အပိုင်ပတ္တာ ပေးအပ်ချထားရင်း အကြောင်းအရာ
များနှင့် သက်ဆိုင်သည့် သာသနာမှု အယူဝါဒမှာ မည်သို့ပင် ဖြစ်သော်လည်း နည်းဥပဒေ (၃၂) (၃၄) များနှင့် သက်ဆိုင်သည်။
ဤပုဒ်မ စကားချက်အရ အဓိပ္ပာယ်မှာ လျှောက်ထားသူက ဘုရားကျွန်တော်မျိုး ကျောင်းဆောက်ရန် စာသင်ကျောင်း ဆောက်ရန် စသည်ဖြင့် လျှောက်စာတွင် ထည့်သွင်းလျှောက် ထားလျှင် ပေးအပ်သောမြေသည် လျှောက်စာပါစကား အတိုင်း ဘုရားမြေ၊ ကျောင်းမြေ စသည်သာ ဖြစ်သည်။ ထိုမြေ၌ သိမ်သမုတ်လျှင်အစိုးရမင်းက တားမြစ်ခြင်း မရှိသော်လည်း ဝိသုံဂါမသဘော သက်ဝင်အောင် ပေးအပ်မည်ဟူ၍ အစိုးရမင်းတို့ သဘောအလို ရည်ရွယ်ရင်းမရှိသောကြောင့် ဝိသုံဂါမမြေ မဖြစ်။ လျှောက်စာတွင် ဝိသုံဂါမ မြေစားရလိုကြောင်း ထည့်သွင်း လျှောက်ထားသော်သာလျှင် မြန်မာမင်းတို့လက်ထက် ဝိနည်းဒေသနာနှင့် အညီ ဖြစ်စေရမည်ဟူ၍ အစိုးရမင်းတို့ ရည်ရွယ်ရင်းရှိသောကြောင့် ဝိသုံဂါမ မြောက်သည်ဟူ၍မှတ်။
ဤဆိုအပ်သော ဥပဒေများကို ထောက်ထား၍ အခွန်ဌာနချုပ်ဝန်ကြီး၊ အရေးပိုင်မင်းတို့သည် ပုဒ်မ (၃၄) အရ ဗုဒ္ဓဘာသာ သာသနာတော် ကျမ်းဂန်တို့၌
ဆိုသော ဝိသုံဂါမလက္ခဏာနှင့်အညီ ဝိသုံဂါမမြေစား
ပေးပိုင်ခွင့်ရသည်ကို သိအပ်သည်။
၁၈၉၀-ပြည့်နှစ်အောက်တိုဘာလ သုံးရက်နေ့ လွှတ်တော်က အရပ်ရပ်ခရိုင် ဝန့်ရှင်တော်မင်းကြီးတို့ထံ ပေးမှာသည့် အခွန်တော်ဘက် (ဆာကြူလာ)မှာ စာနံပါတ်(၁၂၂-၇၂)တွင် ဝိသုံဂါမမြေစား ရလိုသူတို့က အရေးပိုင် ဝန့်ရှင်တော်မင်းကြီး အမိန့်တော်ကို ရလိုကြောင်းနှင့် လျှောက်ထားလျှင် လွှတ်တော်သို့ တင်ပို့ရမည့်အကြောင်းနှင့် ပေးမှာတော်မူသည်။ ၎င်း (ဆာကြူလာ)ခေါ် ပေးမှာစာသည် မြန်မာဘာသာပြန်ဆိုပြီးမရှိ။
၁၈၇၆-ခုနှစ်ထုတ် မြန်မာနိုင်ငံတော် အောက်ပိုင်းဆိုင်ရာ မြေ ယာနှင့် အခွန်တော် အက်ဥပဒေအရ ၁၈၉၇-ခု ဇူလိုင်လ (၂၂)ရက် နေ့စွဲနှင့် မြန်မာနိုင်ငံတော် အခွန်ဌာနချုပ် ဝန်ကြီးထုတ်ဆင့်သည့် အမိန့်ကြော်ငြာစာ နံပါတ်(၃၆)ပါ အခွန်တော် အရာရှိတို့ လိုက်နာရန် အမိန့်ဆင့်ဆိုချက် အခန်း(၁) ပုဒ်မ(၄) တွင် -
၁၈၇၆-ခုနှစ်ထုတ် မြေယာနှင့် အခွန်တော်အက်ဥပဒေနှင့် အညီ ပြဋ္ဌာန်းပိုင်းခြားသည့် နည်းဥပဒေအခန်း (၆ )သာသနာရေး သာသနာမှု အတွက်ဖြစ်စေ၊ အများပြည်သူတို့ ကိစ္စအတွက်ဖြစ်စေ၊ မြေကို အခွန်တော်လွတ် အပိုင်ပတ္တာ ပေးအပ်ချထား ခြင်းများမှာ ပူးတွဲပါ ပုံစံနံပါတ် (၂ ) အတိုင်း ဖြစ်စေရမည်။ မကြာ မကြာ ဖြစ်ပွားတတ်သည့် သာသနာမှု ပညာမှု နှစ်မျိုးလုံးနှင့် စပ်လျဉ်း၍ မြေကိုအလိုရှိသည့်အခါ ၎င်းအပိုင်ပတ္တာစာချုပ်တွင် ထည့်သွင်းရမည်။ သိမ်သမုတ်ရန် ဝိသုံဂါမမြေစား အသနားတော်ခံလိုကြောင်းနှင့် လျှောက်ထားသည့်အရာတွင် လျှောက်ထားသူက ဘုရင်ခံမင်း အမိန့်တော်ကို ရလိုလျှင်သာ ဘုရင်ခံမင်းက အထူးပုံထိုး၍ ထုတ်ပေးတော်မူမည်။ သည်ကဲ့သို့ ဝိသုံဂါမမြေ ရလိုကြောင်းကိုလည်း ရဟန်းသံဃာ မဟုတ်သူများတို့သာ ၎င်းလျှောက်လွှာ အသီးအသီးတွင် (ဂဲ )တန် ရုံးခွန်တော်တံဆိပ်ခေါင်းကပ်၍ တင်သွင်း လျှောက်ထားစေရမည်။ ၎င်း လျှောက်လွှာမျိုးကို တင်သွင်းသည့်အခါ ...
(က) လျှောက်ထားသူအမည်နှင့် နေရပ်။
(ခ) လျှောက်တောင်းသည့် မြေချိန်ဧရိယာနှင့် အက်ဥပဒေ အရ ပြဋ္ဌာန်းပိုင်းခြားသည့် နည်းဥပဒေ (၂၅)နှင့်အညီ တွက်စစ်၍ရသည့် ၄င်းမြေတန်ဖိုး။
(ဂ) မြေတည်ရာ ရွာနှင့် ကွင်း။
(ဃ) ဝိသုံဂါမမြေ ပေးမည့်အရာကို သဘောမတူကြောင်းနှင့် လျှောက်ထားလိုသူတို့ လျှောက်ထားနိုင်ရန် ကြော်ငြာပြီးကြောင်း မပြီးကြောင်း။
(င) လျှောက်ထားတောင်းသည့် မြေမှာ ကျောင်းပရိဝုဏ် အတွင်းဖြစ်လျှင် ၎င်းကျောင်းအာရာမ်ပိုင် ဘုန်းတော်ကြီး ဘွဲ့အမည်နှင့်တကွ ၎င်းဘုန်းတော်ကြီးက သိမ်သမုတ်ရန် သဘောတူကြောင်း မတူကြောင်းများကို ဖော်ပြရမည် -
ဟူ၍ ပါရှိသည်များကြောင့် မြန်မာနိုင်ငံတော် ဘုရင်ခံမင်းက ဝိသုံဂါမမြေစား အမိန့်တော်ကို ပေးအပ်နိုင်ကြောင်းကို သိလေ။ အခွန်ဌာနချုပ်ဝန်ကြီး ၊ အရေးပိုင်မင်းတို့ ဥပဒေအရ ပေးအပ်ပိုင်ခွင့်ရသည်ကို နှုတ်သိမ်းတားမြစ်ခြင်းမရှိ။ ဘုရင်ခံမင်းအမိန့်တော်ကို အလိုရှိသူတို့က တင်လျှောက်သည့်အခါတွင်သာ ဘုရင်ခံမင်းက အမိန့်တော်ထုတ်ပေးမည်ဟူ၍ ဆင့်ဆိုခြင်းမျှသာ ဟူ၍လည်းသိလေ။
ဤသို့ခင်းပြအပ်ပြီးသော ပါဠိ အဋ္ဌကထာ ဋီကာ ဂန္ထန္တရတည်း ဟူသော အာဂုမ်တို့ဖြင့်လည်းကောင်း၊ ရှေ့နောက် အကျိုး အကြောင်း သဒ္ဒယုတ္တိ အတ္ထယုတ္တိ အမျိုးမျိုး ထောက်စာသဖြင့်လည်းကောင်း ဆိုအပ်ပြီသော (ဆာကြူ)အမိန့်တော် ပြန်တမ်းကြီးများကို ထောက်စာသဖြင့်လည်းကောင်း၊ သုတ်သီလက္ခန်
အမ္မဋ္ဌသုတ် ပါဠိ,အဋ္ဌကထာ စသည်တို့၌ ပေါက္ခရသာတိပုဏ္ဏား၊ သောဏဒဏ္ဍပုဏ္ဏား၊ ရာဇညမင်းတို့အား ဗိမ္ဗိသာရမင်း၊ ပသေနဒီမင်း စသည်တို့က ဥက္ကဋ္ဌမြို့ စသည်ကိုလွှဲအပ်ပုံ၊ သုတ်ပါထေယျ စက္ကဝတ္တိသုတ်ပါဠိ အဋ္ဌကထာ စသည်တို့၌ လေးကျွန်းရှိ တိုင်းပြည်အသီးသီး မင်းအသီးသီးတို့က စကြာမင်းအား လွှဲအပ်ပုံ၊ ပကိဏ္ဏကနိပါတ်၌ တာဝတိံသာနတ်ပြည်မှ အနှစ်ခုနစ်ရာကျော်မှ လူ့ပြည်မိမိတိုင်းနိုင်ငံပြန်လာသော သာဓိနမင်းကြီးအား မိမိမြေးတော်ရှင်ဘုရင်က လွှဲအပ်ပုံများကို ထောက်စာသဖြင့် လည်းကောင်း၊ ပကတိဂါမသိမ် ဝိသုံဂါမသိမ် နှစ်ရပ်လုံးတို့၌ ရေမြေကိုအစိုးရသော မင်းက ပိုင်းခြားသည်ဖြစ်စေ၊ ထိုမင်းထံမှ ရွာသီး နယ်သီး မြို့သီး ပြသီး ပြုနိုင်လောက်သော သြဇာအာဏာ ရာထူးဌာနန္တရ ရသော မှူးမတ်စသည်တို့ကဖြစ်စေ ပိုင်းခြားမှသာ ပကတိဂါမ ဝိသုံဂါမဖြစ်သည်ကို သိအပ်၏။ ထိုနယ်သီးစသည် ပြုလုပ်နိုင်အောင် အာဏာမရသော နယ်ပိုင်ဝန်ထောက် မြို့အုပ်အစရှိသော တရားမဘက် ရာဇဝတ်ဘက် တရားသူကြီး၊ မြေတိုင်းအင်စပိတ်၊ ကွင်းစာရေး စသောသူတို့က ပိုင်းခြားသော်လည်း ပကတိဂါမ ဝိသုံဂါမ မဖြစ်။ ဆိုအပ်ပြီးသောမင်းနှင့် ဆိုအပ်ပြီးသော မှူးမတ်တို့သာ ရာဇအရ ယူရသတည်း။ ။
ရာဇမဟာဋီကာ သမတ္တာ။