ကဏှဇာတ် -၂
ဒသကနိပါတ်
၂။ ကဏှဇာတ်
အကျင့်ကောင်းခြင်းသည် အဆင်းလှပခြင်းပင်မည်ခြင်း
ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကဏှော ဝတာယံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကဏှဇာတ်ကို ကပ္ပိလဝတ်ပြည်ကို အမှီပြု၍ နိဂြောဓာရုံ ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပြုံးတော်မူခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။
ပစ္စုပ္ပန်ဝတ္ထု... ထိုအခါ သဗ္ဗညူ မြတ်စွာဘုရားသည် ညချမ်းအချိန်ဝယ် နိဂြောဓာရုံကျောင်းတော်၌ ရဟန်းသံဃာ ခြံရံလျက် စင်္ကြံသွားတော်မူလတ်သည် ရှိသော် မထင်ရှားသော အရပ်၌ ပြုံးခြင်းကို ပြုံးတော်မူသတတ်။ အရှင်အာနန္ဒာမထေရ်သည် သဗ္ဗညူမြတ်စွာဘုရား ပြုံးတော်မူခြင်း၏ အကြောင်းကား အဘယ်သို့နည်း၊ သဗ္ဗညူမြတ်စွာဘုရားရှင်ကို မေးလျှောက်အံ့ဟု လက်အုပ်ချီ၍ ပြုံးတော်မူခြင်း၏ အကြောင်းကို မေးလျှောက်၏။
ထိုအခါ အရှင်အာနန္ဒာမထေရ်အား သဗ္ဗညူမြတ်စွာဘုရားသည် ဖြစ်ဖူးသောဇာတ်ကို ဟောတော်မူ၏။ အာနန္ဒာ ကဏှမည်သော ရသေ့သည် ဖြစ်ဖူး၏။ ထိုရသေ့သည် ဤအရပ်၌ ဈာန်ဖြင့် မွေ့လျော်သည်ဖြစ်၍ နေ၏။ ထိုရသေ့၏ သီလတန်ခိုးကြောင့် သိကြားမင်း၏နေရာသည် တုန်လှုပ်၏ဟု ပြုံးခြင်း၏အကြောင်းကို မိန့်တော်မူ၍ ထိုဝတ္ထုသည် မထင်ရှားသည်၏အဖြစ်ကြောင့် ထင်ရှားဖြစ်စိမ့်သောငှာ အရှင်အာနန္ဒာမထေရ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဗာရာ ဏသီပြည်၌ ကုဋေရှစ်ဆယ် ကြွယ်ဝသော သားမရှိသော တစ်ယောက်သော ပုဏ္ဏားသည် သီလကို ဆောက်တည်၍ သားဆုတောင်းသည် ရှိသော် ဘုရားလောင်းသည် ထိုပုဏ္ဏား၏ ပုဏ္ဏေးမဝမ်း၌ ဖြစ်၏။
ကဏှ သတို့သား
မည်းသော အဆင်းရှိသည်၏ အဖြစ်ကြောင့် ဘုရားလောင်းအား အမည်မှည့်သောနေ့၌ ကဏှသတို့သား ဟူသော အမည်ကို မှည့်ကုန်၏။ ထိုကဏှသတို့သားသည် တစ်ဆယ့်ခြောက်နှစ်ရှိသော ကာလ မြဆင်းတုကဲ့သို့ တင့်တယ်ခြင်း ရှိ၏။ အဖသည် အတတ်ကို သင်စိမ့်သောငှာ စေလွှတ်အပ်သည်ဖြစ်၍ တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကို သင်ပြီး၍ ပြန်လည်၏။
အလှူကြီးပေး၍
ထိုအခါ ကဏှသတို့သားကို အဖသည် လျောက်ပတ်သော မယားနှင့်ယှဉ်စေ၏။ ထိုကဏှသတို့သားသည် မိဘတို့၏ လွန်သောကာလ၌ ခပ်သိမ်းသော ဥစ္စာစည်းစိမ်ကို စီရင်၏။ တစ်နေ့သ၌ ရတနာကျီကျတို့ကို ကြည့်၍ ပလ္လင်၏ အလယ်၌ နေ၍ ရွှေပေကို ဆောင်ခဲ့စေ၏။ ဤမျှသောဥစ္စာတို့ကို ဤအမည်ရှိသောသူသည် ဖြစ်စေအပ်၏။ ဤသို့ ရှေး၌ဖြစ်ကုန်သော အမျိုးတို့သည် ရွှေပေ၌ ရေးအပ်ကုန်သော အက္ခရာတို့ကို ကြည့်၍ အကြင်သူတို့သည် ဤဥစ္စာကို ဖြစ်စေအပ်၏။ ထိုသူတို့သည် မထင်ကုန်၊ ဥစ္စာသည်သာလျှင် ထင်၏။ ဤဥစ္စာကို ယူ၍ သွားသော တစ်ယောက်သောသူ မည်သည်လည်း မရှိ။ ဥစ္စာထုပ်ကို တမလွန်သို့ ယူအံ့သောငှာ တစ်စုံတစ်ယောက်သောသူသည် မစွမ်းနိုင်၊ မင်း ခိုးသူ, မီး, ရေ မချစ်သောသူ ရန်သူမျိုး ငါးပါးတို့၏ ဆက်ဆံသည်၏အဖြစ်ကြောင့် အနှစ်မရှိသောဥစ္စာ၏ အနှစ်ကား အလှူပေးခြင်းလျှင်တည်း။ များစွာသော ရောဂါတို့နှင့် ဆက်ဆံသည်၏အဖြစ်ကြောင့် အနှစ်မရှိသော ကိုယ်၏ အနှစ်သည်ကား သီလရှိကုန်သောသူတို့၌ ရှိခိုးခြင်းအစရှိသော အဖြစ်လျှင်တည်း၊ အနိစ္စတာသည် နှိပ်စက်အပ်သည်၏ အဖြစ်ကြောင့် အနှစ်မရှိသော အသက်၏ အနှစ်သည်ကား အနိစ္စ အစရှိသည်တို့၏ အစွမ်းအားဖြင့် ဝိပဿနာ စီးဖြန်းခြင်းလျှင်တည်း၊ ထို့ကြောင့် ငါသည် အနှစ်မရှိကုန်သော ဥစ္စာတို့မှ အနှစ်ကို ယူအံ့သောငှာ အလှူကို ပေးအံ့ ဟု ကြံ၏။ ကြံပြီးလျှင် ထိုကဏှမည်သော ဘုရားလောင်းသည် နေရာမှထ၍ မင်း၏ အထံသို့သွား၍ မင်းကိုပန်၍ အလှူကြီးပေးခြင်းကို ဖြစ်စေ၏။
ရသေ့ဝတ်ပြီ
ခုနစ်ရက်တိုင်အောင် ဥစ္စာတို့၏ မကုန်ခြင်းတို့ကို မြင်၍ ဥစ္စာဖြင့် ငါ့အား အဘယ်အကျိုးရှိအံ့နည်း၊ အိုခြင်းတရားသည် ငါ့ကို မနှိပ်စက်မီ ရဟန်းပြု၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဗြဟ္မာပြည်သို့ လားအံ့ ဟုကြံ၍ အိမ်၌ ခပ်သိမ်းသော တံခါးတို့ကိုဖွင့်စေ၍ ငါ လှူအပ်သည်သာလျှင်ဖြစ်၏။ ဆောင်ယူစေကုန်သတည်း ဟု ဆို၍ မစင်ကိုစက်ဆုပ်သကဲ့သို့ ဝတ္ထုကာမတို့ကိုပယ်၍ လူများငိုကြွေးစဉ် မြို့မှထွက်၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြုပြီးလျှင် မိမိနေရာ အကျိုးငှာ နှလုံးမွေ့လျင်ဖွယ်ရှိသော မြေအဖို့ကိုကြည့်လျက် ဤအရပ်သို့ရောက်၍ ဤအရပ်၌ နေ့အံ့ဟု တစ်ခုသော ဣန္ဒဝါရုဏီမည်သော သစ်ပင်ကို ဆွမ်းခံပြု၍ အဓိဋ္ဌာန်၍ ထိုသစ်ပင်ရင်း၌လျှင် နေ၏။ ရွာနီးကျောင်းကိုပယ်၍ အာရညကင် ဆောက်တည်၏။ သစ်ရွက်မိုးသောကျောင်းကို မပြုမူ၍ ရုက္ခမူ ဆောက်တည်၏။ အဗ္ဘောကာသိကကို ဆောက် တည်၏။ နိုသဇ်ဓုတင်ကို ဆောက်တည်၏။ အကယ်၍ အိပ်ငြားအံ့၊ မြေ၌သာလျှင်အိပ်၏။ သွားဟူသော ကျည်ပွေ့ရှိသည်ဖြစ်၍ မီးဖြင့်မချက်သော အာဟာရတို့ကိုလျှင် စား၏။ သလေး မုယော အစရှိသော တစ်စုံတစ်ခုသော အာဟာရကိုမစား။ တစ်နေ့၌ တစ်ကြိမ်သာလျှင်စား၏။ ဧကာသနိက် ဆောက်တည်၏။ မြေဝယ်ပြန့်သောအရောင်၌ အရိပ်ကဲ့သို့ အသက်အပိုင်းအခြား ရှိသည်ဖြစ်၍ ထိုမျှလောက်ကုန်သော ထိုဓုတင်တို့ကို ဆောက်တည်၍နေ၏။
အကျင့်ပြင်းထန်
ဤကဏှဇာတ်၌ ဘုရားလောင်းသည် အလွန် အလိုနည်း သတတ်။ ထိုဘုရားလောင်းသည် မကြာမြင့်မီလျှင်အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဈာန်ကစားခြင်းကို ကစားလျက် ထိုအရပ်၌လျှင်နေ၏။ သစ်သီးကြီးငယ်ငှာလည်း တစ်ပါးအရပ်သို့ မသွား။ သစ်ပင်၏ အသီးသီးသောကာလ၌ သစ်သီးကိုစား၏။ ပွင့်သောကာလ၌ အပွင့်ကိုစား၏။ အရွက်ဖြစ်သော ကာလ၌ အရွက်ကိုစား၏။ အရွက်မရှိသော ကာလ၌ အပွေးကိုစား၏။ ဤသို့ မြတ်သော ရောင့်ရဲခြင်းရှိသည်ဖြစ်၍ ဤအရပ်၌ ကြာမြင့်စွာ နေ၏။ ထိုဘုရားလောင်းသည် တစ်နေ့သ၌ နံနက်အခါ သစ်ပင်၏ မှည့်သောအသီးတို့ကို ယူ၏။ ယူသော်လည်း လောဘ၏ အစွမ်းအားဖြင့် ကျက်စားခြင်းမရှိသဖြင့် ထ၍ တစ်ပါးသောအရပ်၌မယူ၊ ထိုင်မြဲတိုင်းလျှင် လက်ကိုဖြန့်၍ လက်ဖြန့်ရာအရပ်၌ တည်ကုန်သော အသီးတို့ကို ယူ၏။ ထိုလက်လှမ်းမီသော အသီးတို့တွင်လည်း နှစ်သက်ဖွယ်ရှိသော အသီးတို့ကို မရွေးမူ၍ ရတိုင်းရတိုင်းသော အသီးကိုသာလျှင် ယူ၏။
သိကြားမင်းလာပြီး
ဤသို့ အလွန်မြတ်သော ရောင့်ရဲခြင်းရှိသော ထိုဘုရားလောင်း၏ သီလတန်ခိုးအားဖြင့် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ကျောက်နေရာသည် ပူသောအခြင်းအရာကိုပြ၏။ ပဏ္ဍု ကမ္ဗလာသည် သိကြားမင်း၏ အသက်ကုန်သဖြင့်လည်း ပူသည်ဖြစ်သတတ်။ ကောင်းမှုကုန်သဖြင့်လည်းပူသည် ဖြစ်သတတ်။ တစ်ပါးသော အာနုဘော်ကြီးသောသူသည် ထိုသိကြားအရာကို တောင့်တသဖြင့်လည်း ပူသည်ဖြစ်သတတ်။ တရားစောင့်ကုန်သော ကြီးသောတန်ခိုးရှိသော ရဟန်းပုဏ္ဏားတို့၏ သီလတန်ခိုးအားဖြင့်လည်းကောင်း၊ ဒါနတန်ခိုးအားဖြင့် လည်းကောင်း ပူသည် ဖြစ်သတတ်။ သိကြားမင်းသည် ငါ့ကို အဘယ်သူသည်လျှင် နေရာမှ ရွေ့စေလိုသနည်း ဟု ဆင်ခြင်၍ ဤအရပ်၌ သစ်သီးတို့ကို ဆွတ်ယူလျက်နေသော ကဏှရသေ့ကို မြင်၍ ဤရသေ့သည် ပြင်းထန်သော အကျင့်ရှိ၏။ ကောင်းစွာ ထားအပ်သော ဣန္ဒြေရှိ၏။ ဤရသေ့ကို တရားဟောစေသဖြင့် မြတ်သော အသံကိုဖြစ်စေ၍ ချမ်းသာခြင်း၏ အကြောင်းကို ကြားစေ၍ ဆုပေးသဖြင့် နှစ်သက်စေ၍ ဤသစ်ပင်ကို အမြဲသီးသော အသီးရှိသည်ကိုပြု၍ လာအံ့ ဟု ကြံ၏။
အမည်းအနက်ကို မကြည်ညို
ကြံပြီး၍ ထိုသိကြားမင်းသည် ကြီးစွာသော အာနုဘော်ဖြင့် လျင်မြန်စွာ ဆင်းသက်၍ ထိုသစ် ပင်ရင်းဝယ် ကဏှရသေ့၏ နောက်အဖို့၌ ရပ်၍ မိမိကျေးဇူးမဲ့ကို ဆိုသည်ရှိသော် အမျက်ထွက်လတ္တံ့လော၊ မထွက်လတ္တံ့လော ဟု စုံစမ်းလိုရကား-
ကဏှေ ဘူမိပဒေသသ္မိံ၊ န မယှံ မနသော ပိယော။
ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။
၁၁။ ဝတ၊ စင်စစ်။ ကဏှော၊ မည်းသော အဆင်းရှိသော။ အယံ ပုရိသော၊ ဤယောက်ျားသည်။ ကဏှေ၊ မည်းနက်သော။ ဘူမိပဒေသသ္မိံ၊ မြေအရပ် ၌။ ကဏှံ၊ မည်းနက်သော အဆင်းရှိသော။ ဘောဇနံ၊ သစ်သီးအစာကို။ ဘုဉ္ဇတိ၊ စား၏။ မယှံ၊ ငါ၏။ မနသော၊ စိတ်သည်။ န ပိယော၊ မချစ်။
တရားဟောပြီ
ကဏှရသေ့သည် သိကြားမင်း၏ စကားကိုကြား၍ အဘယ်သူသည်လျှင် ငါနှင့်တကွ ပြောဆိုသနည်းဟု ဒိဗ္ဗစက္ခုဖြင့် ကြည့်လတ်သော် သိကြားဟုသိ၍ ပြန်၍ မကြည့်မူ၍လျှင်-
ယသ္မိံ ပါပါနိ ကမ္မာနိ၊ သဝေ ကဏှော သုဇမ္ပတိ။
ဟူသော နှစ်ခုမြောက်သော ဤဂါထာကိုဆို၏။
၁၂။ သုဇမ္ပတိ၊ သုဇာနတ်သမီး၏လင်။ တစသာ၊ အဆင်းအရေဖြင့်။ ကဏှော၊ မည်းနက်ခြင်းသည်။ န ကဏှော၊ မည်းနက်ခြင်း မမည်။ ဟိ သစ္စံ၊ မှန်၏။ အန္တော သာရော၊ အတွင်း၌ သီလ သမာဓိ အစရှိသော အနှစ်တို့နှင့် ပြည့်စုံ သော သူသည်။ ဗြာဟ္မဏော၊ ဗြာဟ္မဏမည်သည်။ ဟောတိ၊ ဖြစ်၏။ ယသ္မိံ၊ အကြင်သူ၌။ ပါပါနိ ကမ္မာနိ၊ မကောင်းမှုကံတို့သည်။ သန္တိ၊ ရှိကုန်၏။ သော၊ ထိုသူသည်။ ဝေ၊ စင်စစ်။ ကဏှော၊ မည်းနက်၏။
ဤသို့ဆိုပြီး၍ သတ္တဝါတို့၏ မည်းသောအဖြစ်ကို ပြုတတ်ကုန်သော ကံတို့ကို ဧကဝိဓ အစရှိကုန်သော ကံအပြားတို့ဖြင့် အကျယ်ချဲ့၍ သီလအစရှိကုန်သော ကျေးဇူးတို့ကို ချီးမွမ်း၍ ကောင်းကင်၌ လကိုထင်စေသကဲ့သို့ သိကြားအား တရားတော၏။
သိကြားမင်းဆုပေး
သိကြားမင်းသည် ဘုရားလောင်း၏ တရားစကားကို နာာရ၍ နှစ်သက်ဝမ်းမြောက်သည်ဖြစ်၍ ဘုရားလောင်းကို ဆုဖြင့် ဖိတ်လိုရကား-
ဝရံ ဗြဟ္မဏ တေ ဒမ္မိ၊ ယံကိဉ္စိ မနသိစ္ဆသိ။
ဟူသော သုံးခုမြောက်သော ဤဂါထာကိုဆို၏။
၁၃။ ဗြာဟ္မဏ၊ မကောင်းမှုကို အပပြုသော ရှင်ရသေ့။ တေ၊ ရှင်ရသေ့သည်။ ဧတသ္မိံ၊ ထိုစကားကို။ သုလပိတေ၊ ကောင်းစွာ မိန့်ဆိုအပ်သည်ရှိသော်။ ပတိရူပေ၊ လျောက်ပတ်သော စကားကို။ သုဘာသိတေ၊ ကောင်းဆိုအပ်သည်ရှိသော်။ ယံကိဉ္စိ၊ အမှတ်မရှိသော ဆုကို။ တွံ၊ သင်သည်။ မနသာ၊ စိတ်ဖြင့်။ ဣစ္ဆသိ၊ အလိုရှိ၏။ တံဝရံ၊ ထိုဆုကို။ တေ၊ သင့်အား။ ဒမ္မိ၊ ပေးအံ့။
ယူလိုသောဆု ၄-ပါး
ဘုရားလောင်းသည် ထိုစကားကိုကြား၍ သိကြားမင်းသည် မိမိကျေးဇူးမဲ့ကို ဆိုသည်ရှိသော် အမျက်ထွက်လတ္တံ့လော၊ မထွက်လတ္တံ့လောဟု စုံစမ်းလျက် ငါ၏ အရေအဆင်းကို လည်းကောင်း, အစာကိုလည်းကောင်း, နေရာကိုလည်းကောင်း ကဲ့ရဲ၍ ယခု ငါ၏ အမျက်မထွက်သော အဖြစ်ကိုသိ၍ ကြည်ညိုစိတ် ရှိသည်ဖြစ်၍ ဆုကိုပေး၏။ ဤသိကြားမင်းသည်ကို သိကြားစည်းစိမ် ဗြဟ္မာ့စည်းစိမ်တို့၏ အကျိုးငှာ မြတ်သော အကျင့်ကို ကျင့်၏ဟူ၍လည်း ထင်မှတ်ရာ၏။ ထိုသို့ ထင်မှတ်ရာ၌ သိကြားမင်းအား ယုံမှားကင်းစေခြင်းငှာ အမျက်ထွက်ခြင်း ပြစ်မှားခြင်းတို့သည် ငါ့အား မဖြစ်စေကုန်သတည်း၊ သူ့စည်းစိမ်၌ တပ်စွန်းခြင်းသည်လည်း ငါ့အား မဖြစ်စေသတည်း၊ သူတစ်ပါးတို့၌ ချစ်ခြင်းသည်လည်း ငါ့အား မဖြစ်စေသတည်း၊ လျစ်လျူ ရှု၍သာလျှင် ငါသည် နေနိုင်လို၏ဟု ဤလေးပါးကုန်သော ဆုတို့ကို ငါသည် ယူခြင်းငှာ သင့်၏ ဟု ကြံပြီး၍ ထိုဘုရားလောင်းသည် သိကြားမင်းအား ယုံမှားကင်းစေခြင်း အကျိုးငှာ လေးပါးကုန် ဆုတို့ကို ယူလို၍-
သုနိက္ကောဓံ သုနိဒ္ဒေါသံ၊ နိလ္လောဘံ ဝုတ္တိမတ္တနော။
နိသ္နေဟမဘိကင်္ခါမိ၊ ဧတေ မေ စတုရော ရေ။
ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။
၁၄။ သဗ္ဗဘူတာနံ၊ ခပ်သိမ်းကုန်သော သတ္တဝါတို့ကို။ ဣဿရ၊ အစိုးရသော။ သက္က၊ သိကြားမင်း။ မေ၊ ငါ့အား။ ဝရံ၊ ဆုကို။ တွံ၊ သင်သည်။ စေ အဒေါ၊ အကယ်၍ ပေးအံ့။ အဟံ၊ ငါသည်။ သုနိက္ကောဓဉ္စ၊ အလွန် အမျက်ထွက်ခြင်း မရှိသော အဖြစ်ကိုလည်းကောင်း။ သုနိဒ္ဒေါသဉ္စ၊ အလွန်ပြစ်မှားခြင်း မရှိသောအဖြစ်ကိုလည်းကောင်း။ နိလ္လောဘဉ္စ၊ လောဘမရှိသော အဖြစ်ကိုလည်းကောင်း။ နိသ္နေဟဉ္စ၊ ချစ်ခြင်းမရှိသော အဖြစ်ကိုလည်းကောင်း။ အတ္တနော၊ မိမိ၏။ ဧဝရူပံ၊ ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသော သဘောရှိသော။ ဝုတ္တိံ၊ ဖြစ်ခြင်းကို။ အဘိကင်္ခါမိ၊ အလိုရှိ၏။ မေ၊ ငါ့အား။ စတုရော၊ လေးပါးကုန်သော။ ဧတေ ဝရေ၊ ထိုဆုတို့ကို။ ဒေဟိ၊ ပေးလော့။
လောဘ, ဒေါသတိုအပြစ် ဘာလဲ
ဤသို့ ဘုရားလောင်းသည် အကြင် အခြင်းဖြင့် သိကြားမင်း၏ အထံ၌ဆုကိုယူ၍ ပေးသဖြင့် အမျက်ထွက်ခြင်း အစရှိသည်တို့ကို ပယ်ခြင်းငှာ မတတ်ကောင်းဟူ၍ မသိလောဟူမူကား မသိသည်မဟုတ်၊ သိသည်သာလျှင် ဖြစ်၏။ သိငြားသော်လည်း သိကြားမင်းသည် ဆုပေးသည်ရှိသော် ဆုကိုမယူဟု ဆိုခြင်းသည် မလျောက် ပတ်၊ ထို့ကြောင့် သိကြားမင်းသည် ယုံမှားကင်းစေခြင်း အကျိုးငှာ ထိုအခြင်းဖြင့် ဆုကိုယူ၏။ ထို့နောင်မှ သိကြားမင်းသည်လည်း ကဏှာပညာရှိသည် ဆုကိုယူသည်ရှိသော် အလွန်လျှင် အပြစ်ကင်းကုန်သော ဆုကိုယူ၏။ ထိုဆုတို့၌ ကျေးဇူးအပြစ်ကို ကဏှပညာရှိကိုလျှင် မေးအံ့ ဟု ကြံ၏။ ကြံပြီး၍ ထိုအခါ ကဏှပညာရှိကို မေးလိုသော သိကြားမင်းသည် -
လောဘေ သ္နေဟေ စ ဗြဟ္မဏ။
အာဒီနဝံ တွံ ပဿသိ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။
ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။
၁၅။ ဗြာဟ္မဏ၊ မကောင်းမှုတို့ကို အပပြုပြီးသော ရှင်ရသေ့။ တွံ၊ သင်သည်။ ကောဓေ ဝါ၊ အမျက် ထွက်ခြင်း၌ လည်းကောင်း။ ဒေါသေ ဝါ၊ ပြစ်မှားခြင်း၌ လည်းကောင်း။ လောဘေ စ၊ တပ်စွန်းခြင်း၌လည်းကောင်း။ သ္နေဟေ စ၊ ချစ်ခြင်း၌ လည်းကောင်း။ ကိံ နု အာဒီနဝံ၊ အဘယ်အပြစ်ကို။ ပသသိ၊ မြင်သနည်း။ ပုစ္ဆိတော၊ မေးအပ်သော။ တိံ၊ သင်သည်။ မေ၊ ငါ့အား။ တံ၊ ထိုအပြစ်ကို။ အက္ခာဟိ၊ ဆိုလော့။
လောဘတို့၏ အပြစ်များ
ထိုအခါ သိကြားမင်းကို ဘုရားလောင်းသည် သိကြား ထိုသို့တပြီကား နာလော့ဟု ဆို၍-
ဝဍ္ဎတေ သော အခန္တိဇော။
အာသင်္ဂီ ဗဟုပါယာသော၊
တသ္မာ ကောဓံ န ရောစယော။
တတော ပါဏိ တတော ဒဏ္ဍာ၊
သတ္ထဿ ပရာမသတိ။
ဒေါသော ကောဓသမုဋ္ဌာနော၊
တသ္မာ ဒေါသံ န ရောစယေ။
ဒိဿန္တိ လောဘဓမ္မေသု၊
တသ္မာ လောဘံ န ရောစယေ။
တေ ဘုသံ ဥပတာပေန္တိ၊
တသ္မာ သ္နေဟံ န ရောစယေ။
ဟူသော ဤလေးဂါထာတို့ကို ဆို၏။
ကောဓအပြစ်
၁၆။ ဝါသဝ၊ သိကြားမင်း။ အခန္တိဇော၊ သည်းခံခြင်းကြောင့်ဖြစ်သော။ သော ကောဓော၊ ထိုအမျက် ထွက်ခြင်းသည်ကား။ အပ္ပေါ ဟုတွာ၊ ရှေးဦးစွာ အနည်းငယ်သာဖြစ်၍။ ဗဟု ဟောတိ၊ နောက်ပြီးတစ်ခါ များစွာဖြစ်တတ်၏။ ဝဍ္ဎတေ၊ အဆင့်ဆင့် ပွားတတ်၏။ အာသင်္ဂီ၊ ကပ်ငြိခြင်းကို ပြုတတ်၏။ ဗဟုပါယာသော၊ များသော ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်းကို ဖြစ်စေတတ်၏။ တသ္မာ၊ ထိုသို့ များစွာသော အပြစ်ရှိသောကြောင့်။ ကောဓံ၊ အမျက်ထွက်ခြင်းကို။ အဟံ၊ သည်။ န ရောစယေ၊ မနှစ်သက်။
ဒေါသအပြစ်
၁၇။ သဟဿက္ခိ၊ တစ်ထောင်သောသူတို့ ကြံအပ်သော အနက်ကို တစ်ခဏခြင်း သိမြင်စွမ်းနိုင်သော ပညာမျက်စိ ရှိသော။ ဒေဝိန္ဒ၊ သိကြားမင်း။ ယော ဒေါသော၊ အကြင်ဒေါသသည်။ ကောဓသမုဋ္ဌာနော၊ ကောဓကြောင့် ဖြစ်၏။ တေန ဒေါသေန၊ ထိုသို့ ပြစ်မှားခြင်း လက္ခဏာရှိသော ဒေါသဖြင့်။ ဒုဋ္ဌဿ၊ အမျက်ထွက်ပြီး၍ နောက်အဖို့၌ ပြစ်မှားသောသူအား။ ဖရုသာ ဝါစာ၊ ကြမ်းကြုတ်ရုန့်ရင်းသောစကားကို ဆိုတတ်သည်။ ဟောတိ၊ ဖြစ်၏။ အနန္တရာ၊ ကြမ်းကြုတ်သော စကားကို ဆိုပြီးသည်၏ အခြားမဲ့၌။ ပရာမာသော၊ ဆွဲငင်ခြင်း စသည်ဖြင့် ထိပါးတတ်သည်။ ဟောတိ၊ ဖြစ်၏။ အနန္တရာ၊ ထိပါးသည်၏ အခြားမဲ့၌။ ပါဏိ၊ လက်ဖြင့် ပုတ်ခတ်တတ်သည်။ ဟောတိ၊ ဖြစ်၏။ တတော၊ ထိုသို့ လက်ရောက်ပြီးသည်မှ။ ဒဏ္ဍော၊ တုတ် လှံတံဖြင့် ပုတ်ခတ်သည်။ ဟောတိ၊ ဖြစ်၏။ တတော၊ ထို တုတ် လှံတံဖြင့် ပုတ်ခတ်ပြီးသည်မှ။ သတ္ထဿ၊ ဓားလက်နက်ကို။ ပရာမသတိ၊ သုံးသပ်ကိုင်စွဲတတ်သည်။ ဟောတိ၊ ဖြစ်၏။ တသ္နာ၊ ထိုသို့ များစွာသော အပြစ်ရှိသောကြောင့်။ ဒေါသံ၊ ပြစ်မှားခြင်းဒေါသကို။ န ရောစယေ၊ ငါမနှစ်သက်။
လောဘအပြစ်
၁၈။ မဃဝ၊ သိကြားမင်း။ အာလောပသာဟသာကာရာ စ၊ ရွာကို လုယက်ခြင်း, ရင်၌ ဓား လှံ တင်ထား၍ အနိုင်အထက်ပြု၍ ယူခြင်းတို့သည်လည်းကောင်း။ နိကတိ ဝဉ္စနာနိစ၊ အတုကိုပြ၍ လှည့်စားခြင်းအကြောင်း၌ လိမ္မာသည်၏အဖြစ်ဖြင့် သူတစ်ပါးဥစ္စာကို လှည့်ပတ်၍ ယူခြင်းဟူသော လှည့်စားခြင်းတို့သည်လည်းကောင်း။ လောဘဓမ္မေသု၊ သူ့စည်းစိမ်ကိုတပ်သော လောဘရှိသော သူတို့၌။ ဒိဿန္တိ၊ ထင်ကုန်၏။ တသ္မာ၊ ထိုသို့ များသော အပြစ်ရှိသောကြောင့်။ လောဘံ၊ လောဘကို။ န ရောစယေ၊ ငါမနှစ်သက်။
တဏှာအပြစ်
၁၉။ သက္က၊ သိကြားမင်း။ သ္နေဟသင်္ဂထိတာ၊ သက်ရှိသက်မဲ့ဖြစ်သော သတ္တဝါသင်္ခါရတို့၌ စေးကပ်ငြိတွယ်ခြင်း လက္ခဏာရှိသော တဏှာဟူသောအစေးဖြင့် စေးကပ်ငြိတွယ်ကုန်သော။ မနောမယာ၊ စိတ်ကြောင့် ဖြစ်ကုန်သော။ ပုထူ၊ များကုန်သော။ ဂန္ထာ၊ အဘိဇ္ဈာကာယဂန္ထ အစရှိကုန်သော အကုသိုလ်တရားတို့သည်။ အာရမ္မဏေသု၊ သတ္တဝါသင်္ခါရဟု ဆိုအပ်သော အာရုံတို့၌။ သေန္တိ၊ အဖန်တလဲလဲ ဖြစ်ကုန်၏။ တေ ဂန္ထာ၊ ထိုသတ္တဝါ သင်္ခါရတို့၌ တပ်တတ်သော တဏှာနှင့်စပ်သော အဘိဇ္ဈာကာယဂန္ထ အစရှိသော အကုသိုလ်တရားတို့သည်။ ဘုသံ၊ ပြင်းစွာ။ သတ္တေ၊ သတ္တဝါတို့ကို။ ဥပတာပေန္တိ၊ ပူပန်စေတတ်ကုန်၏။ တသ္မာ၊ ထိုသို့ များစွာသော အပြစ်ရှိသောကြောင့်။ သ္နေဟံ၊ အဘိဇ္ဈာကာယဂန္ထ အစရှိသည်တို့၏ အကြောင်းဖြစ်သော တဏှာဟူသော သ္နေဟကို။ န ရောစယေ၊ ငါမနှစ်သက်။
တခြားဆုလည်း ယူပါဦး
သိကြားမင်းသည် ဖြေအပ်သော ပြဿနာကိုကြား၍ ကဏှပညာရှိသည် ဤပြဿနာတို့ကို ဘုရား၏တင့်တယ်စံပယ်ခြင်းဖြင့် ဖြေအပ်ကုန်ပြီ၊ ငါသည် အလွန်လျှင် ရှင်ရသေ့အား နှစ်သက် သည်ဖြစ်၍ တစ်ပါးသောဆုကိုလည်း ယူလော့ ဟု ဆိုလို၍-
ဝရံ ဗြာဟ္မဏ တေ ဒမ္မိ၊ ယံ ကိဉ္စိ မနသိစ္ဆသိ။
ဟူသော ဆယ်ခုမြောက်သော ဤဂါထာကို ဆို၏။
၂၀။ ဗြာဟ္မဏ၊ မကောင်းမှုကို အပပြုပြီးသော ရှင်ရသေ့။ သုဘာသိတေ၊ ကောင်းစွာ ဟောအပ်သော။ ပတိရူပေ၊ ရှင်ရသေ့တို့အား လျောက်ပတ်သော။ ဧတသ္မိံ ဓမ္မေ၊ ထိုကုသိုလ်ကံ အကုသိုလ်ကံတို့နှင့်စပ်သော တရားကို။ တေ၊ ရှင်ရသေ့သည်။ သုလပိတေ၊ ကောင်းစွာ ဟောအပ်သည် ရှိသော်။ အဟံ၊ ငါသည်။ ယသ္မာ၊ အကြင့်ကြောင့်။ ပသန္နော၊ ကြည်ညို၏။ တသ္မာ၊ ထိုသို့ကြည်ညိုသောကြောင့်။ ယံကိဉ္စိ၊ အမှတ်မရှိသော အကြင်အကြင်ဆုကို။ မနသာ၊ စိတ်ဖြင့်။ ဣစ္ဆသိ၊ အလို ရှိ၏။ တံဝရံ၊ ထိုဆုကို။ တေ၊ ရှင်ရသေ့အား။ အဟံ၊ ငါသည်။ ဒမ္မိ၊ ပေးအံ့။
ကျန်းမာရပါစေ
ထို့နောင်မှ ဘုရားလောင်းသည် သိကြားဆိုသော ဂါထာ၏ အခြားမဲ့ဖြစ်သော-
အရညေ မေ ဝိဟရတော၊ နိစ္စံ ဧကဝိဟာရိနော၊
အာဗာဓာ မာ ဥပ္ပဇ္ဇေယျုံ၊ အန္တရာယကရာ ဘုသာ။
ဟူသော ဤဂါထာကို ဆို၏။
၂၁။ သဗ္ဗဘူတာနံ၊ ခပ်သိမ်းသော စတုမဟာရာဇ်တာ ဝတိံသာနတ်တို့ကို။ ဣဿရ၊ အစိုးရသော။ သက္က၊ သိကြားမင်း။ တွံ၊ သင်သည်။ မေ၊ ငါ့အား။ ဝရံ၊ ဆုကို။ စေ အဒေါ၊ အကယ်၍ ပေးသည်ဖြစ်အံ့။ အရညေ၊ တော၌။ ဝိဟရတော၊ ဣရိယာပုထ်လေးပါးကိုဆောင်လျက်။ နိစ္စံ၊ အမြဲ။ ဧကဝိဟာရနော၊ တစ်ယောက်တည်းသာ နေလေ့ရှိသော။ မေ၊ ငါ့အား။ ဘုသာ၊ ပြင်းစွာကုန်သော။ အန္တရာယကရာ၊ မြတ်သောအကျင့်၏အန္တရာယ်ကိုပြု တတ်ကုန်သော။ အာဗာဓာ၊ အနာတို့သည်။ မာ ဥပ္ပဇ္ဇေယျုံ၊ မဖြစ်စေကုန်သတည်း။ ဣမံ၊ ဤအန္တရာယ်ကင်းသော ဆုကို။ ဒေဟိ၊ ပေးလော့၊
တခြားဆုကိုလည်း ယူပါဦး
ထိုရသေ့စကားကို ကြား၍ သိကြားမင်းသည် ကဏှပညာရှိကား ဆုကိုယူသည်ရှိသော် ပစ္စည်းလေးပါးနှင့်စပ်သော ဆုကို မယူပေ၊ ခြိုးခြံသော အကျင့်နှင့်စပ်သော ဆုကိုသာလျှင် ယူ၏ ဟု ကြံ၍ အတိုင်းထက်အလွန် ကြည်ညိုသည်ဖြစ်၍ တစ်ပါးသောဆုကိုလည်း ပေးလိုရကား-
ဝရံ ဗြာဟ္မဏ တေ ဒမ္မိ၊ ယံကိဉ္စိ မနသိစ္ဆသိ။
ဟူသော ဆိုခဲ့ပြီးသည်မှ တစ်ပါးသော ဤဂါထာကို ဆို၏။
၂၂။ ဗြာဟ္မဏ၊ မကောင်းမှုကို အပပြုပြီးသော ရှင်ရသေ့။ သုဘာသိတေ၊ ကောင်းစွာ ဟောအပ်သော။ ပတိရူပေ၊ ရှင်ရသေ့တို့အားလျောက်ပတ်သော။ ဧတသ္မိံ ဓမ္မေ၊ ထိုကုသိုလ်ကံ အကုသိုလ်ကံတို့နှင့်စပ်သော တရားကို။ တေ၊ ရှင်ရသေ့သည်။ သုလပိတေ၊ ကောင်းစွာ ဟောအပ်ပြီး
သည်ရှိသော်။ အဟံ၊ ငါသည်။ ယသ္မာ၊ အကြင့်ကြောင့်။ ပသန္နော၊ ကြည်ညို၏။ တသ္မာ၊ ထိုသို့ ကြည်ညိုသောကြောင့်။ ယံကိဉ္စိ၊ အမှတ်မရှိသော အကြင် အကြင်ဆုကို။ မနသာ၊ စိတ်ဖြင့်။ ဣစ္ဆသိ၊ အလိုရှိ၏။ တံဝရံ၊ ထိုဆုကို။ တေ၊ ရှင်ရသေ့အ။ အဟံ၊ ငါသည်။ ဒမ္မိ၊ ပေး၏။
ဒုစရိုက်ကိုမပြုရလို
ဘုရားလောင်းသည် ဆုကိုယူခြင်း၌ ဥပဒေသနည်းပေးသဖြင့် ယူသော, အရိပ်အမြွက်ဖြင့်လည်း ထိုသိကြားမင်းအား တရားဟောလိုရကား-
န မနော ဝါ သရီရံ ဝါ၊ မံ ကတေ သက္က ကဿစိ။
ကဒါစိ ဥပဟညေထ၊ ဧတံ သက္က ဝရံ ဝရေ။
ဟူသာ အဆုံးဂါထာကို ဆို၏။
၂၃။ သဗ္ဗဘူတနံ၊ ခပ်သိမ်းကုန်သော စတုမဟာရာဇ် တာဝတိံသာနတ်တို့ကို။ ဣဿ၊ အစိုးရသော။ သက္က၊ သိကြားမင်း။ တွံ၊ သင်သည်။ မေ၊ ငါအား။ ဝရံ၊ ဆုကို။ စေ အဒေါ၊ အကယ်၍ ပေးသည်ဖြစ်အံ့။ သက္က၊ သိကြားမင်း။ မံ ကတေ၊ ငါ့ အကြောင်းကြောင့်။ ကဿစိ၊ တစ်စုံ တစ်ယောက်သော သတ္တဝါအား။ မနော ဝါ၊ မနောဒွါရသည်လည်းကောင်း။ သရီရံ ဝါ၊ ကာယဒွါရ ဝစီဒွါရသည်လည်းကောင်း။ ကဒါစိ၊ တစ်ရံတစ်ခါမျှ။ န ဥပဟညေထ၊ ပါဏာတိပါတစသော ဆယ်ပါးသော ဒုစရိုက်တို့ဖြင့် မပျက်ပါစေလင့်။ သက္က၊ သိကြားမင်း။ ဧတံ ဝရံ၊ ထိုငါ့အကြောင်းကြောင့် တစ်ပါးသော သတ္တဝါတို့အား ဒုစရိုက်ဆယ်ပါး မပွားအံ့သောဆုကို။ ဝရေ၊ ယူ၏။
ဤသို့လျှင် ဘုရားလောင်းသည် ခြောက်ပါးသော အရာတို့၌လည်း ဆုကို ယူသည်ရှိသော် ဈာန်ကိုမှီသော ဆုကိုသာလျှင် ယူ၏။ ကိုယ်မည်သည်ကား အနာနှိပ်စက်ခြင်း သဘောရှိ၏။ ထိုနာခြင်းသဘောရှိသောကိုယ်ကို သိကြားမင်းသည် နာခြင်းသဘော မရှိသည်ကို ပြုခြင်းငှာ မတတ်ကောင်းဟု ဘုရားလောင်းသည် သိ၏။ သတ္တဝါတို့၏လည်း သုံးပါးသောဒွါရတို့၌ စင်ကြယ်သည်၏အဖြစ်ကို သိကြားမင်းသည် ပြုခြင်းငှာ မတတ်ကောင်း၊ စင်ကြယ်ခြင်းသည် မိမိကိုယ်နှင့် စပ်သလျှင်ကတည်း၊ ဤသို့ဖြစ်ငြားသော်လည်း ထိုသိကြားမင်းအား တရားဟောခြင်းငှာ ဤခြောက်ဆုတို့ကို ယူ၏။ သိကြားမင်းသည်လည်း ထိုသစ်ပင်ကို ချိုသောအသီးရှိသည်ကို ပြုပြီးလျှင် ဘုရားလောင်းကို ရှိခိုးလျက် ဦးခေါင်းထက်၌ လက်အုပ်ကို တည်လျက် ဤအရပ်၌သာလျှင် အနာမရှိ ကျန်းမာပကတိ ရှိတော်မူသည် ဖြစ်ရစ်စေသတည်းဟုဆို၍ မိမိနေရာ တာဝတိံသာနတ်ပြည်သို့သာလျှင် သွားလ၏။ ဘုရားလောင်းသည်လည်း မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့ လား၏။
ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အာနန္ဒာ-ဤအရပ်သည်ကား ငါဘုရားသည် ကဏှရသေ့ဖြစ်သောအခါ နေတော်မူသော အရပ်တည်းဟု မိန့်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ ဘယ်သို့ ဇာတ်ကိုပေါင်းတော်မူသနည်းဟူမူကား- အာနန္ဒာ... ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ သိကြားမင်းဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ကဏှပညာရှိရသေ့ ဖြစ်ဖူးပြီ၊ ဤသို့ ဇာတ်တော်ကို ပေါင်းတော်မူ၏။
ရောင့်ရဲခြိုးခြံ၊ အကျင့်မှန်၊ နိဗ္ဗာန်ရောက်ကြောင်းသာ
နှစ်ခုမြောက်သော ကဏှဇာတ်သည်ပြီး၏။
*****