ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၄၄။ ကဏှဒီပါယနဇာတ် (၆)
505ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၄၄၄။ ကဏှဒီပါယနဇာတ် (၆)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

ဒသကနိပါတ်

၆။ ကဏှဒီပါယနဇာတ်

လောက၌ မှန်သောစကားသည် သစ္စာမည်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သတ္တဟမေဝါဟံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကဏှဒီပါယနဇာတ်ကို ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် သာသာနာတော်၌ ငြီးငွေ့သော ရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ဝတ္ထုသည် ကုသဇာတ်၌ ထင်စွာဖြစ်လတ္တံ့။

မြတ်စွာဘုရားသည် ထိုရဟန်းကို "ရဟန်း... သင်သည် သာသနာတော်၌ ငြီးငွေ့သတတ်ဟူသည် မှန်သလောဟု မေးတော်မူ၍ "အရှင်ဘုရား မှန်ပေ၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း ရှေးပညာရှိတို့သည် သဗ္ဗညူ မြတ်ဘုရားရှင်တို့သည် မပွင့်ကုန်မီ သာသနာတော်မှ အပဖြစ်သော ရဟန်းတို့၏ အကျင့်ကို ကျင့်၍ ငါးဆယ့်ငါးနှစ်တို့ပတ်လုံး ရဟန်းအဖြစ်၌ မမွေ့လျော်ဘဲ မြတ်သော အကျင့်ကို ကျင့်ကုန်သည်ရှိသော် ဟိရိဩတ္တပပျက်အံ့သည်မှ ကြေက်သောကြောင့် မိမိ၏ ရသေ့ရဟန်း၏အဖြစ်၌ မမွေ့လျော်သော အဖြစ်ကို တစ်စုံတစ်ယောက်သောသူအား မပြောဆိုကုန်၊ သင်သည် အဘယ့်ကြောင့် ဤသို့ သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော ငါဘုရား သာသနာတော်၌ ရဟန်းပြု၍ ငါကဲ့သို့သော လူနတ်တို့၏ ဆရာဖြစ်တော်မူသော ငါဘုရားမျက်မှောက်တော်၌ တည်၍ ပရိသတ်လေးပါးအလယ်၌ မမွေ့လျော်သောအဖြစ်ကို ထင်စွာပြုဘိသနည်း၊ အဘယ်အကျိုးရှိသည်ဖြစ်၍ ဟိရိဩတ္တပ္ပကို မစောင့်သနည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့... လွန်လေပြီးသောအခါ ဝံသတိုင်း ကောသမ္ဗီပြည်၌ ကောသမ္ဘကအမည်ရှိသော မင်းသည် မင်းပြု၏။ ထိုအခါ အမှတ်မရှိသော နိဂုံးရွာ၌ ကုဋေရှစ်ဆယ်ဥစ္စာရှိကုန်သော အချင်းချင်း ချစ်မြတ်နိုးကြကုန်သော အဆွေခင်ပွန်းဖြစ်ကုန်သော ပုဏ္ဏားနှစ်ယောက်တို့သည် ရှိကုန်၏။ တစ်ယောက်ကား မဏ္ဍဗျ အမည်ရှိ၏။

ပုဏ္ဏား ၂-ယောက် ရသေ့ဝတ်

ထိုသူနှစ်ယောက်တို့သည် ကာမတို့၌ များသောအပြစ်တို့ကို မြင်ကုန်၍လျှင် ကြီးစွာသောအလှူကို ဖြစ်စေ၍ နှစ်ယောက်ကုန်သော သူတို့သည်လည်း ကာမတို့ကိုပယ်၍ လူအပေါင်းတို့ ငိုကြွေးမြည်တမ်းစဉ် အိမ်မှထွက်ကုန်၍ ဟိမဝန္တာ တောအရပ်၌ သင်္ခမ်းဆောက်ပြီးလျှင် ရသေ့ရဟန်းပြုကုန်၍ သစ်သီးဆွမ်း ရှာမှီးခြင်းတို့ဖြင့် ရအပ်သော တောသစ်မြစ် သစ်သီးကြီးငယ်ဖြင့် မျှကုန်လျက် အနှစ်ငါးဆယ်တို့ပတ်လုံး နေကုန်၏။ ဈာန်ကို ဖြစ်စေခြင်းငှာ မတတ်နိုင်ကုန်။ ထိုနှစ်ယောက်ကုန်သော ရသေ့တို့သည် အနှစ်ငါးဆယ်လွန်သောအခါ၌ ချဉ်ဆား မှီဝဲအံ့သောငှာ ဇနပုဒ်သို့ လှည့်လည်ကုန်လျက် ကာသိတိုင်းသို့ ရောက်လာကုန်၏။

ထိုဇနပုဒ်နိဂုံးရွာ၌ ဒီပါယန ရသေ့၏ လူ့လက်ထက်၌ အဆွေခင်ပွန်းဖြစ်ဖူးသော မဏ္ဍဗျမည်သော သူကြွယ်သည်ရှိ၏။ ထိုနှစ်ယောက်သော ရသေ့တို့သည်လည်း ထိုသူကြွယ်၏ အထံသို့ သွားကြကုန်၏။ ထိုသူကြွယ်သည် ထိုနှစ်ယောက်သော ရသေ့တို့ကိုမြင်၍လျှင် ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ကျောင်းဆောက်၍ ထိုနှစ်ယောက်သော ရသေ့တို့ကိုလည်း ပစ္စည်းလေးပါးတို့ဖြင့် လုပ်ကျွေး၏။ ထိုနှစ်ယောက်သော ရသေ့တို့သည် ထိုကျောင်း၌ သုံးလေးနှစ်တို့ပတ်လုံး နေကုန်ပြီးလျှင် သူကြွယ်ကိုပန်ကြား၍ ဒေသစာရီ သွားကြကုန်သည်ရှိသော် ဗာရာဏသီပြည်သို့ ရောက်၍ အဓိမုတို့ကအမည်ရှိသော သုသာန်၌ နေကြကုန်၏။ ထိုသုသာန်၌ ဒီပါယန ရသေ့သည် မွေ့လျော်သရွေ့ နေပြီး၍ တစ်ဖန် ထိုအဆွေခင်ပွန်း ဖြစ်ဖူးသော သူကြွယ်၏ အထံသို့သာလျှင် သွား၏။

မဏ္ဍဗျရသေ့ အဖမ်းခံရ

မဏ္ဍဗျရသေ့သည် ထိုသုသာန်၌သာလျှင် နေရစ်၏။ ထိုအခါ တစ်နေ့သ၌ ခိုးသူတစ်ယောက်သည် မြို့တွင်း၌ ခိုးမှုကိုပြုပြီးလျှင် မြတ်သောဥစ္စာကိုယူ၍ အိမ်မှထွက်သည်ရှိသော် ခိုးသူဟု သိ၍ အိပ်ပျော်ခြင်းမှ နိုးကုန်သော အိမ်ရှင်တို့သည်လည်းကောင်း စောင့်ရှောက်သော သူတို့သည်လည်းကောင်း အစဉ်အတိုင်း လိုက်ကုန်သည်ရှိသော် ပြွန်ပေါက်မှထွက်၍ လျင်မြန်သော အဟုန်ဖြင့် သုသာန်သို့ဝင်၍ ရှင်ရသေ့၏ ကျောင်းတံခါး၌ ဥစ္စာထုပ်ကိုစွန့်၍ ပြေးလေ၏။ လူတို့သည် ဥစ္စာထုပ်ကိုမြင်၍ ဟယ် မကောင်းသော ရသေ့... သင်သည် ညဉ့်အခါ၌ ခိုးသူပြု၍ နေ့အခါ ရသေ့အသွင်ဖြင့် သွားဘိ၏ ဟု ခြိမ်းခြောက် ပုတ်ခတ်ပြီးလျှင် ထိုမဏ္ဍဗျရသေ့ကိုယူ၍ မင်းအား ပြကုန်၏။ မင်းသည် မစူးစမ်း မဆင်ခြင်မူ၍ သွားကြကုန်၊ တံကျင်၌ လျှိုလေကုန်လော့ ဟု ဆို၏။

တံကျင်လျှိုခံရ

ထိုမဏ္ဍဗျ ရသေ့ကို သုသာန်သို့ဆောင်၍ ရှားတံကျင်သို့ တင်ကုန်၏။ ရသေ့၏ကိုယ်၌ တံကျင်သည်မဝင်။ ထို့နောင်မှ တမာသားတံကျင်ကို ဆောင်ကုန်၏။ ထိုတမာသားတံကျင်သည်လည်း မဝင်နိုင်၊ သံတံကျင်ကို ဆောင်ကုန်၏။ ထိုသံတံကျင်သည်လည်း မဝင်နိုင်၊ ရသေ့သည် ငါ၏ မကောင်းမှုကံသည် အဘယ်ကောင်းမှုကံနည်း ဟု ကြံဆင်ခြင်၏။ ထိုသို့ ဆင်ခြင်သောအခါ၌ ထိုရသေ့အား ဇာတိဿရဉာဏ်သည် ဖြစ်၏။ ထိုဇာတိဿရဉာဏ်ဖြင့် ရှေး၌ပြုခဲ့ဖူးသော မကောင်းမှုကံကို ကြည့်၍ မြင်၏။ ထိုမဏ္ဍဗျ ရသေ့၏ ရှေးမကောင်းမှုကံသည် အဘယ်နည်း ဟူမူကား- ပင်လယ်ကသစ် တံကျင်ဖြင့် ယင်ငယ်ကို ထိုးဖူးသေကံတည်း။ ထိုမဏ္ဍဗျ ရသေ့သည် ရှေးဘဝ၌ လက်သမားဖြစ်၍ အဖ၏ သစ်ရွေရာ အရပ်သို့သွား၍ တစ်ကောင်သော ယင်ငယ်ကို ဖမ်းပြီးလျှင် ပင်လယ်ကသစ်မြစ်ဖြင့် ထိုး၏။ ထိုမကောင်းမှု ကံသည်ပင်လျှင် ဤအရပ်သို့ရောက်၍ မြဲစွာကိုင်၏။ ထိုရသေ့သည် ဤယင်ငယ်ကို ပင်လယ်ကသစ်မြစ်ဖြင့် တံကျင်လျှိုသောသဏ္ဌာန် ထိုးဖူးသော မကောင်းမှုကံမှ ငါသည် လွတ်ခြင်းငှာ မတတ်ကောင်းပြီဟု သိ၍ မင်းချင်းတို့ကိုဆို၏။ ငါ့ကို တံကျင်လျှိုလိုကုန်သည် အကယ်၍ဖြစ်ကုန်အံ့၊ ပင်လယ် ကသစ် တံကျင်ကို ဆောင်ကုန်လော့ ဟု ဆို၏။ ထိုမင်းချင်းတို့သည် ရသေ့ဆိုတိုင်းပြုကုန်၏။ ထိုရသေ့ကို ပင်လယ်ကသစ်သား တံကျင်သို့တင်၍ အစောင့်အရှောက်ကိုပေးပြီး သွားကြကုန်၏။

စောင့်ရှောက်သောသူတို့သည် ဖုံးလွှမ်းအပ်ကုန်သည်ဖြစ်၍ ထိုရသေ့၏အထံသို့ လာကုန်သော သူတို့ကို ကြည့်ကုန်၏။ ထိုအခါ ဒီပါယန ရသေ့သည် ငါ၏ အဆွေဖြစ်သော မဏ္ဍဗျရသေ့ကို မမြင်ရသည် ကြာမြင့်ပြီ ဟု မဏ္ဍဗျရသေ့၏ အထံသို့ လာလတ်သည်ရှိသော် တံကျင်လျှိုပြီ ဟု ထိုနေ့၌ပင်လျှင် ခရီးအကြား၌ ကြား၍ ထိုမဏ္ဍဗျရသေ့ကို တံကျင်လျှို၍ ထားရာအရပ်သို့ သွားပြီးလျှင် လျောက်ပတ်စွာ ရပ်လျက် အဆွေ မဏ္ဍဗျ အပြစ်ရှိသည်ဖြစ်သလော၊ အဘယ်အပြစ်ရှိသည် ဖြစ်သနည်းဟု မေး၍ အပြစ်မရှိ ဟု ဆိုလေသည်ရှိသော် မိမိ၏နှလုံးဖြင့် ပြစ်မှားခြင်းကို အောင်ခြင်းငှာ တတ်နိုင်၏လော၊ မတတ်နိုင်လောဟု မေး၏။ အဆွေ... အကြင်သူတို့သည် ဖမ်းအပ်၏။ ထိုသူတို့အပေါ်၌ ငါ့အား နှလုံးဖြင့် ပြစ်မှားခြင်းသည် မရှိသလျှင်ကတည်း။ မင်း၏ အပေါ်၌လည်း ငါ့အား ပြစ်မှားခြင်းသည် မရှိသလျှင်ကတည်း ဟု ဆိုလေ၏။ ဤသို့ အမျက်မထွက်ခြင်းသည် ဖြစ်ပေသော အဆွေကဲ့သို့သော သီလရှိသောသူ၏ အရိပ်သည် ငါ့အား ချမ်းသာခြင်း၏ အကြောင်း ဖြစ်၏ ဟု ဆို၍ ဒီပါယန ရသေ့သည် လျှိုပြီး၍စိုက်သော တံကျင်ကို မှီ၍ နေ၏။

ကဏှဒီပါယနရသေ့ တရားဟော

ထိုသို့မှီသောအခါ၌ ထိုဒီပါယန ရသေ့၏ ကိုယ်၌ မဏ္ဍဗျ ရသေ့၏ကိုယ်မှ သွေးပေါက်တို့သည် စီးကျကုန်၏။ ရွှေအဆင်းနှင့်တူသော အဆင်းရှိသောကိုယ်၌ ကျတိုင်းကျတိုင်းကုန်သော သွေးပေါက်တို့သည် ခြောက်ကုန်၍ အကွက်အကွက် မည်းသောအဆင်းတို့ဖြင့် ဖြစ်ကုန်၏။ ထိုကိုယ်၌ မည်းသော အဆင်းရှိသော အပေါက်အပေါက်ဖြစ်သောအခါမှစ၍သာလျှင် ထိုဒီပါယန ရသေ့သည် ကဏှဒီပါယန အမည်သည်ဖြစ်၏။ ထိုကဏှဒီပါယန ရသေ့သည် ညဉ့်သုံးယံပတ်လုံး ထိုတံကျင်၌သာလျှင် နေ၏။ မိုးသောက်သောအခါ၌ စောင့်ရှောက်သော လူတို့သည် လာလတ်ကုန့၍ ထိုနှစ်လောက်ကုန်သော ရသေ့တို့သည် ဟောပြောကြသော အကြောင်းကို မင်းအား ကြားလျှောက်ကုန်၏။ မင်းသည် ငါသည် မစူးမစမ်း ပြုမိချေ၏ ဟု လျင်မြန်စွာ ထိုရသေ့အထံသွား၍ အိုရသေ့ အဘယ့်ကြောင့် တံကျင်ကို မှီ၍နေသနည်း ဟု ဒီပါယနရသေ့ကို မေး၏။ မြတ်သော မင်းကြီး ဤရသေ့ကို စောင့်ရှောက်နေ၏ ဟု ဆို၏။

ရှင်ရသေ့သည် ဤရသေ့၏ အပြစ်ရှိသည်၏ အဖြစ်ကိုလည်းကောင်း၊ အပြစ်မရှိသည်၏ အဖြစ်ကိုလည်းကောင်း၊ သိ၍ ဤသို့ စောင့်ရှောက်ခြင်းကို ပြုသလောဟု မေး၏။ ထိုဒီပါယန ရသေ့သည် အမှုကို သုတ်သင်ဆင်ခြင်စူးစမ်း၍ အပြစ်မရှိသော အဖြစ်ကိုကြာ၍ ထို့နောင်မှ ထိုမင်းအား မြတ်သော မင်းကြီး... ပြည်ထဲသခင် မင်းမည်သည်အား စူးစမ်းဆင်ခြင်၍သာ ပြုလေ့ရှိသည် ဖြစ်ရာ၏။ ကာမဂုဏ်ချမ်းသာကို ခံစားသူမည်သည် ပျင်းသည်ဖြစ်အံ့၊ မကောင်း ဤသို့ အစရှိသော စကားတို့ကိုဆို၍ မင်းကျင့်တရား ဆယ်ပါးကို ဟော၏။

တံကျင်ကိုဖြတ်ထား

မင်းသည် မဏ္ဍဗျရသေ့၏ အပြစ်မရှိသော အဖြစ်ကို သိ၍ တံကျင်ကို နုတ်ကုန်လော့ ဟု စေ၏။ တံကျင်ကိုနုတ်ကုန်သည်ရှိသော် နှုတ်ခြင်းငှာ မတတ်နိုင်ကုန်ဟု မဏ္ဍဗျ ရသေ့သည်ဆို၏။ အဘယ်သို့ ဆိုသနည်းဟူမူကား မြတ်သော မင်းကြီးသည် ရှေး၌ပြုအပ်ပြီးသော မကောင်းမှုကံဟူသော အပြစ်ကြောင့် ဤသို့ သဘောရှိသော ဘေးသို့ ရောက်ချေပြီ၊ ငါ၏ ကိုယ်၌ တံကျင်ကို နုတ်ခြင်းငှာ မတတ်နိုင်ရာ၊ ငါ့အား အသက်ကိုပေးလိုသည် အကယ်၍ ဖြစ်ငြားအံ့၊ လွှကိုဆောင်စေ၍ တံကျင်ကို အရေးနှင့်အမျှ ဖြတ်စေလော့ ဟု ဆို၏။ မင်းသည် ထိုရသေ့ဆိုတိုင်း ပြုစေ၏။ ကိုယ်တွင်း၌တံကျင်သည် ကိုယ်တွင်း၌ သာလျှင်ဖြစ်၏။

ရှေးဝိပါက်

(ထိုလက်သမားသား ဖြစ်သောအခါ၌ ထိုသူငယ်သည် သိမ်မွေ့သော ပင်လယ်ကသစ်မြစ်ကိုယူ၍ ယင်၏ ဝစ္စမဂ်သို့ ထိုးလိုက်၏။ ထို ပင်လယ် ကသစ်မြစ်သည် ထိုယင်၏ ကိုယ်တွင်း၌ သာလျှင် ဖြစ်၏။ ထိုယင်ငယ်သည် ထိုပင်လယ် ကသစ်မြစ်ဖြင့် လျှိုခြင်းဟူသော အကြောင်းကြောင့် မသေမူ၍ မိမိ၏ အသက်အပိုင်းအခြား ကုန်သဖြင့်သာလျှင် သေ၏။ ထို့ကြောင့် ဤမဏ္ဍဗျ ရသေ့သည်လည်း မသေ၊ ဤသည်လျှင် ရှေးမကောင်းမှုကံတည်း။ )

ဗာရာဏသီမင်းသည် ရသေ့တို့ကို ရှိခိုး၍ ကန်တော့ပြီးလျှင် နှစ်ယောက်ကုန်သော ရသေ့တို့ကိုလည်း ဥယျာဉ်တော်၌ နေစေလျက် လုပ်ကျွေး၏။ ထိုလျှိုပြီးသော တံကျင်ကို အသားနှင့်အညီ ဖြတ်၍ထားသောအခါမှစ၍ မဏ္ဍဗျ ရသေ့သည် အာဏိမဏ္ဍဗျ ရသေ့ မည်တွင်၏။ ထိုအာဏိမဏ္ဍဗျ ရသေ့သည် ဗာရာဏသီမင်းကို အမှီပြု၍ ထိုဥယျာဉ်တော်၌သာလျှင် နေ၏။

အာဏိမဏ္ဍဗျ အကြောင်း

ကဏှဒီပါယန ရသေ့သည်ကား ထိုအာဏိမဏ္ဍဗျ ရသေ့ တံကျင်လျှိုခြင်းကြောင့် ဖြစ်သောအနာကို ချမ်းသာအောင် ပြု၍ မိမိ၏ လူ့လက်ထက်၌ အဆွေခင်ပွန်းဖြစ်သော မဏ္ဍဗျ သူကြွယ်၏ အထံသို့သာလျှင် သွားလေ၏။ ထိုကဏှဒီယန ရသေ့သည် ကျောင်းသို့ ဝင်သည်ကို မြင်၍ တစ်ယောက်သော ယောက်ျားသည် အဆွေဖြစ်သော မဏ္ဍဗျ သူကြွယ်အား ကြား၏။ ထိုမဏ္ဍဗျ သူကြွယ်သည် ကြားတည့်၍သာလျှင် နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ သားမယားနှင့်တကွ များသော နံ့သာ ပန်း ဆီ တင်လဲ အစရှိသည်တို့ကိုယူ၍ ကျောင်းသို့သွားပြီးလျှင် ကဏှဒီပါယန ရသေ့ကို ရှိခိုး၍ ခြေတို့ကို ဆေးပြီးလျှင် ဆီဖြင့်သုတ်၍ အဖျော်ကို သောက်စေ၍ အာဏိမဏ္ဍဗျရသေ့၏ ဖြစ်ကြေဝင်းကို နာလျက်နေ၏။

မဏ္ဍဗျသား မြွေကိုက်

ထိုအခါ မဏ္ဍဗျ သူကြွယ့်သားဖြစ်သော ယညဒတ်မည်သော သူငယ်သည် စင်္ကြံဦး၌ အိမ်ကျင်ဖြင့် ကစား၏။ ထိုသို့ ကစားသည်ရှိသော် တစ်ခုသော တောင်ပို့၌ မြွေဟောက်သည် နေ၏။ ယညဒတ်၏ မြေ၌ ခတ်အပ်သော အိမ်ကျင် (ဘောလုံး)သည် လိမ့်လျက် သွားလေ၏။ ထိုတောင်ပို့တွင်း၌ မြွေဟောက်၏ ဦးခေါင်းပေါ်၌ ကျလေ၏။ ထိုသူငယ်သည် မြွေဟောက်ရှိမှန်း မသိခြင်းကြောင့် တောင်ပို့တွင်းသို့ လက်ကိုသွင်း၏။ ထိုအခါ ထိုသူငယ်ကို အမျက်ထွက်၍ မြွေဟောက်သည် လက်၌ ကိုက်၏။ ထိုသူငယ်သည်လည်း မြွေဆိပ်၏ အဟုန်ဖြင့် မိန်းမောသည် ဖြစ်၍ ထိုအရပ်၌သာလျှင် လဲ၏။ ထိုအခါ ထိုသူငယ်၏ မိဘတို့သည် မြွေကိုက်သော အဖြစ်ကိုသိလျှင် သူငယ်ကိုချီ၍ ရှင်ရသေ့၏ အထံသို့ ဆောင်ခဲ့ပြီးလျှင် ခြေရင်း၌ အိပ်စေ၍ အရှင်ဘုရား၊ ရဟန်းတို့မည်သည်ကား ဆေးကိုလည်းကောင်း၊ အရံအတားကိုလည်းကောင်း တတ်ကုန်၏။ သူငယ်ကို အနာမရှိသည်ကို ပြုတော်မူလော့ ဟု ဆိုကုန်၏။

ရသေ့ သစ္စာဆိုပုံ

ထိုစကားကိုကြား၍ ကဏှဒီပါယန ရသေ့သည် ဆို၏။ ဒါယကာတို့ ငါသည် ဆေးကိုမတတ်၊ ဆေးကုသော အမှုကို မပြု ဟု ဆို၏။ အရှင်ဘုရားထိုသို့ ဆေးမကုစားမူ၍ သူငယ်၌ မေတ္တာကိုပြု၍ သစ္စာပြုခြင်းကို ပြုတော်မူပါလော့ ဟု ဆိုကုန်သည်ရှိသော် ရသေ့သည် ကောင်းပြီ၊ သစ္စာပြုခြင်းကို ပြုအံ့ဟု ဆို၍ ယညဒတ်၏ ဦးခေါင်း၌ လက်ကိုထား၍-

၆၂။ သတ္တာဟမေဝါဟံ ပသန္နစိတ္တော၊
ပုညတ္ထိကော အစရိံ ဗြဟ္မစရိယံ။
အထာပရံ ယံ စရိတံ မမေဒံ၊
ဝဿာနိ ပညာသ သမာဓိကာနိ။
အကာမကောဝါပိ အဟံ စရာမိ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
ဟတံ ဝိသံ ဇီဝတု ယညဒတ္တော။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၆၂။ ဘောန္တော၊ ဒါယကာတို့။ အဟံ၊ ငါသည်။ သတ္တဟမေဝ၊ ရဟန်းပြုသည်မှ ခုနှစ်ရက်သာလျှင်။ ပသန္နစိတ္တော၊ ကြည်ညိုသော စိတ် ရှိသည်ဖြစ်၍။ ပုညတ္ထိကော၊ ကောင်းမှုကို အလိုရှိသည်ဖြစ်၍။ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။ အစရိံ၊ ကျင့်၏။ အထ၊ ထိုခုနစ်ရက်။ အပရံ၊ နောက်၌။ မမ၊ ငါ၏။ စရိတံ၊ ကျင့်အပ်သော။ ယံ စရိတံ၊ အကြင်အကျင့်သည်။ အတ္ထိ၊ ရှိ၏။ ဣဒံပိ၊ ဤအကျင့်ကိုလည်း။ ပညာသ သမာဓိကာနိ၊ ငါးဆယ် အလွန်ရှိကုန်သော။ ဝဿာနိ၊ နှစ်တို့ပတ်လုံး။ အကာမကောဝ၊ အလိုမရှိဘဲလျှင်။ အဟံ၊ ငါသည်။ စရာမိ၊ ကျင့်၏။ ဧတေန သစ္စေန၊ ဤသို့မှန်သော သစ္စာစကားကြောင့်။ ယညဒတ္တော၊ ယညဒတ်သည်။ သုဝတ္ထိ၊ ချမ်းသာသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဝိသံ၊ အဆိပ်သည်။ ဟတံ-ဟညတု၊ ပျောက် စေသတည်း။ ယညဒတ္တော၊ ယညဒတ်သည်။ ဇီဝတု၊ အသက်ရှင်စေသတည်း။

ဤသို့ သစ္စာပြုသောအခါ၌ ထိုကဏှဒီပါယန ရသေ့၏ သစ္စာပြုသည်နှင့်တကွ ယညဒတ်အား သားမြတ်တည်ရာ အရပ်မှ အထက်၌ နှံ့လေသော အဆိပ်သည် လျှောကျ၍ မြေသို့ ဝင်လေ၏။ သူငယ်သည်လည်း မျက်စိတို့ကို ဖွင့်ပြီးလျှင် မိဘတို့ကိုကြည့်၍ မိခင် ဖခင်တို့ဟူ၍ ဆို၍သာလျှင် ပြန်၍အိပ်၏။ ထိုအခါ သူငယ်၏ အဖကို ကဏှဒီပါယန ရသေ့သည် ငါသည် ရှေးဦးစွာ ငါ၏ အစွမ်းကို ပြုအပ်ပြီ၊ သင်သည်လည်း မိမိ၏ အစွမ်းကို ပြုလော့ ဟု ဆို၏။

အဖ သစ္စာဆိုပုံ

ထိုအဖသည်လည်း ငါသည် ပြုအပ်သော သစ္စာကို ပြုအံ့ဟု သား၏ရင်၌ လက်ကိုထား၍-

၆၃။ ယသ္မာ ဒါနံ နာညိနန္ဒိံ ကဒါစိ၊
ဒိသွာနဟံ အတိထိံ ဝါသကာလေ။
န စာပိ မေ အပ္ပိယတံ အဝေဒုံ၊
ဗဟုဿုတာ သမဏဗြာဟ္မဏာ စ၊
အကာမကောဝါပိ ဟိ အဟံ ဝဒါမိ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
ဟတံ ဝိသံ ဇီဝတု ယညဒ-

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၆၃။ ဘောန္တော၊ အရှင်တို့။ အဟံ၊ အကျွန်ုပ်သည်။ ယသ္မာ၊ အကြင့်ကြောင့်။ ဒါနံ၊ အလှူကို။ ကဒါစိ၊ တစ်ရံတစ်ဆစ်မျှ။ နာဘိနန္ဒိံ၊ မနှစ်သက်။ အဟံ၊ အကျွန်သည်။ အတိထိံ၊ အလှူခံဖြစ်သော ခရီးသွားဧည့်သည်ကို။ ဝါသကာလေ၊ ငါ၏အိမ်သို့ လာသောကာလ၌။ ဒိသွာ၊ မြင်၍။ နာဘိနန္ဒိံ၊ မနှစ်သက်။ မေ၊ ငါ၏။ အပ္ပိယတံ၊ အလှူဒါန အလှူခံတို့ကို မနှစ်သက်သော အဖြစ်ကို။ ဗဟုဿုတာ၊ များသော အကြားအမြင်ရှိကုန်သော။ သမဏဗြာဟ္မဏာ စ၊ ရဟန်းပုဏ္ဏားတို့သည်လည်း။ န စာပိ အဝေဒုံ၊ မသိကုန်။ အကာမကော ဝ၊ အလိုမရှိဘဲလျှင်။ အဟံ၊ ငါသည်။ ဒဒါမိ၊ လှူ၏။ ဧတေန သစ္စေန၊ ဤမှန်သော သစ္စာစကားကြောင့်။ ယညဒတ္တော၊ ယညဒတ်သည်။ သုဝတ္ထိ၊ ချမ်းသာသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဝိသံ၊ အဆိပ်သည်။ ဟတံ ဟညတု၊ ပျောက်စေသတည်း။ ယညဒတ္တော၊ ယညဒတ်သည်။ ဇီဝတု၊ အသက်ရှင်စေသတည်း။

ဤသို့ အဖထည် သစ္စာပြုပြီးသည်ရှိသော် ခါးမှ အထက်၌ အဆိပ်သည်ကျ၍ မြေသို့ဝင်လေ၏။ သူငယ်သည် ထ၍ ထိုင်၏။ ရပ်ခြင်းငှာကား မတတ်နိုင်သေး၊ ထိုအခါ သူငယ်၏ အဖသည် အမိကို ရှင်မ ငါသည် မိမိ၏ အစွမ်းကို ပြုအပ်ပြီ၊ သင်သည် ယခု သစ္စာပြု၍ သား၏ ထ၍ သွားနိုင်သော အဖြစ်ကို ပြုလော့ ဟု ဆို၏။ အရှင်... အကျွန်ုပ်အား တစ်ခုသော သစ္စာသည် ရှိ၏။ ထိုသို့ရှိသော်လည်း အရှင်၏ မျက်မှောက်၌ ဆိုခြင်းငှာ မတတ်ကောင်း ဟု ဆိုသည်ရှိသော် ဟုတ်မှန်သည့်အတိုင်း သားကို အနာမရှိသည်ကို ပြုလော့ ဟု ဆို၏။

မိခင် သစ္စာဆိုပုံ

ထိုအမိသည် ကောင်းပြီဟု ဝန်ခံ၍ သစ္စာကို ပြုလိုရကား-

၆၄။ အာသီဝိသော တာတ ပဟူတတေဇော၊
ယော တံ အဍံသိ သစရာ ဥဒိစ္စ။
တသ္မိံစ မေ အပ္ပိယတာယ အဇ္ဇ၊
ပိတရဉ္စ တေ နတ္ထိ ကောစိ ဝိသေသော။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
ဟတံ ဝိသံ ဇီဝတု ယညဒတ္တော။

ဟူသော သုံးခုမြောက်သောဤဂါထာကို ဆို၏။

၆၄။ တာတ၊ ချစ်သား။ ပဟူတတေဇော၊ များသော အဆိပ်ရှိသော။ အာသီဝိသော၊ အကြင်မြွေဟောက်သည်။ သစရာ၊ မိမိနေရာ တောင်ပို့တွင်းမှ။ ဥဒိစ္စ၊ ထ၍။ တံ၊ သင်ချစ်သားကို။ အဍံသိ၊ ကိုက်၏။ အဇ္ဇ၊ ယခု။ မေ၊ ငါ၏။ တသ္မိဉ္စ၊ ထိုမြွေဟောက်၌လည်းကောင်း။ တေ၊ သင်ချစ်သား၏။ ပိတရဉ္စ၊ အဖ၌လည်းကောင်း။ အပ္ပိယဘာယ၊ မချစ်သောအဖြစ်၏။ ကောစိ ဝိသေသော၊ တစ်စုံတစ်ခုသော အထူးသည်။ နတ္ထိ၊ မရှိ။ ဧတေန သစ္စေန၊ ဤမှန်သော သစ္စာစကားကြောင့်။ ယညဒတ္တော၊ ယညဒတ်သည်။ သုဝတ္ထိ၊ ချမ်းသာသည်။ ဟေတု၊ ဖြစ်စေသတည်း။ ဝိသံ၊ အဆိပ်သည်။ ဟတံ-ဟညတု၊ ပျောက်စေ သတည်း။ ယညဒတ္တော၊ ယညဒတ်သည်။ ဇီဝတု၊ အသက်ရှင်စေသတည်း။

သစ္စာပြုသည်နှင့်တကွ အလုံးစုံသော အဆိပ်သည် လျှောကျ၍ မြေသို့ဝင်လေ၏။ ယညဒတ်သည် အဆိပ်မရှိသော ကိုယ်ဖြင့် ကစားအံ့သောငှာ အားထုတ်၏။

အဘယ်ကြောင့် ရသေ့ဝတ်နေသနည်း

ဤသို့လျှင် သားသည် ထ၍ ကစားသည်ရှိသော် မဏ္ဍဗျ သူကြွယ်သည် ကဏှဒီပါယနရသေ့၏ အလိုကို မေးလိုသည်ဖြစ်၍-

၆၅။ သန္တာ ဒန္တာယေဝ ပရိဗ္ဗဇန္တိ၊
အညတြ ကဏှာ နတ္ထာကာမရူပါ။
ဒီပါယန ကိဿ ဇိဂုစ္ဆမာနော၊
အကာမကော စရသိ ဗြဟ္မစရိယံ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၆၅။ ဒီပါယန၊ ဒီပါယနမည်သော။ တာပသ၊ ရှင်ရသေ့။ ယေ ခတ္တိယာဒယော၊ အကြင် မင်းအစရှိကုန်သော သူတို့သည်။ ပရိဗ္ဗဇန္တိ၊ ရသေ့ရဟန်းပြုကြကုန်၏။ ကဏှာ၊ အရှင်ကဏှဒီပါယနရသေ့ကို။ အညတြ၊ ထား၍။ တေ ခတ္တိယာဒယော၊ ထိုရဟန်းပြုပြီးသော မင်းအစရှိကုန်သော သူတို့သည်။ နတ္ထိ၊ မရှိကုန်။ သန္တာ၊ ကိလေသာငြိမ်းကုန်သည်။ ဒန္တာ၊ ဒွါရသုံးပါးတို့ကို ဆုံးမအပ်ကုန်သည်။ ဟုတွာ၊ ဖြစ်ကုန်၍။ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။ စရန္တိ၊ ကျင့်ကုန်၏။ တွံ ပန၊ ရှင်ရသေ့သည်ကား။ ကိဿ၊ အဘယ့်ကြောင့်။ ဇိဂုစ္ဆမာနော၊ ရသေ့ရဟန်းအဖြစ်ကို စက်ဆုပ်ငြီးငွေ့သည်ဖြစ်၍။ အကာမကော၊ အလိုမရှိဘဲလျက်။ ဗြဟ္မစရိယံ၊ မြတ်သော ရသေ့ရဟန်းအကျင့်ကို။ စရသိ၊ ကျင့်ဘိသနည်း။

ကဲ့ရဲ့မှာစိုးလို့

ထို့နောင်မှ ထိုမဏ္ဍဗျ သူကြွယ်အား ကဏှဒီပါယန ရသေ့သည် အကြောင်းကို ဆိုလိုရကား-

၆၆။ သဒ္ဓါယ နိက္ခမ္မ ပုန နိဝတ္တော၊
သော ဧဠမူဂေါဝ စပလော ဝတာယံ။
ဧတဿ ဝါဒဿ ဇိဂုစ္ဆမာနော၊
အကာမကော စရာမိ ဗြဟ္မစရိယံ။
ဝိညုပ္ပသတ္ထံ စ သတံ စ ဌာနံ။
ဧဝမ္ပဟံ ပုညကရော ဘဝါမိ။

ဟူသော ငါးခုမြောက်သော ဤဂါထာကိုဆို၏။

၆၆။ ဘောန္တော၊ ဒါယကာတို့။ ယော ကဏှော၊ အကြင် ကဏှဒီပါယန ရသေ့သည်။ သဒ္ဓါယ၊ ကံ ကံ၏အကျိုးကို ယုံကြည်သည်ဖြစ်၍။ နိက္ခမ္မ၊ ရသေ့ရဟန်းပြုပြီး၍။ ပုန၊ တစ်ဖန်။ နိဝတ္တော၊ လူ၏ဘောင်သို့ ပြန်ပြန်၏။ အယံ ကဏှော၊ ဤကဏှသည်။ ဧဠမူဂေါ ဝတ၊ ဆွံ့အသော သူကဲ့သို့တကား။ ဗာလော ဝတ၊ လူငယ်ကဲ့သို့ မိုက်စွတကား။ ဣတိ၊ ဤသို့။ ဧတဿ ဝါဒဿ၊ ထိုသို့သော ကဲ့ရဲ့ခြင်းကို။ ဇိဂုစ္ဆမာနော၊ စက်ဆုပ် သည်ဖြစ်၍။ သော အဟံ၊ ထိုငါသည်။ အကာမကော၊ အလိုမရှိသည်ဖြစ်၍။ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။ စရာမိ၊ ကျင့်၏။ တံ၊ ထိုရသေ့ရဟန်းအဖြစ်ကို။ ဝိညုပ္ပသတ္ထံ စ၊ ဘုရားအစရှိကုန်သော သူတော်ကောင်းတို့သည်လည်း ချီးမွမ်းအပ်၏။ သတံ၊ ဘုရားအစရှိကုန်သော ပညာရှိသူတော်ကောင်းတို့၏။ ဌာနံ စ၊ ဓနရာအရပ်လည်း ဟုတ်၏။ ဧဝံ ဣမိနာကာရဏေနပိ၊ ဤသို့သော အကြောင်းဖြင့်လည်း။ အဟံ၊ သည်။ ပုညကရော၊ ကောင်းမှုကိုပြုသည်။ ဘဝါမိ၊ ဖြစ်၏။

အဘယ်ကြောင့် လှူနေသနည်း

ဤသို့ ကဏှဒီပါယန ရသေ့သည် မိမိ၏အလိုကို ဆိုပြီး၍ တစ်ဖန် မဏ္ဍဗျသူကြွယ်ကို မေးလိုရကား-

၆၇။ သမဏေ တုဝံ ဗြာဟ္မဏေ အဒ္ဓိကေ စ၊
သန္တပ္ပယာသိ အန္နပါနေဟိ ဘိက္ခံ။
ဩပါနဘူတံဝ ဃရံ တဝ ယိဒံ၊
အန္နေန ပါနေန ဥပေတရူပံ။
အထ ကိဿ ဝါဒဿ ဇိဂုစ္ဆမာနော၊
အကာမကော ဒါနမိမံ ဒဒါသိ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကိုဆို၏။

၆၇။ ဥပါသက၊ ဒါယကာ။ တုဝံ၊ သင်သည်။ သမဏေ စ၊ ကိလေသာငြိမ်းပြီးသော အရှင်ပစ္စေကဗုဒ္ဓါတို့ကိုလည်းကောင်း။ ဗြာဟ္မဏေ စ၊ မကောင်းမှုကို အပပြုပြီးသော အရိယာတို့ကိုလည်းကောင်း။ အဒ္ဓိကေ စ၊ ခရီးသွားဧည့်သည်တို့ကို လည်းကောင်း။ အန္နပါနေဟိ၊ ထမင်း အဖျော်တို့ဖြင့်။ သန္တပ္ပယာသိ၊ ရောင့်ရဲစေ၏။ ဘိက္ခံ၊ ဆွမ်းကို။ ဒဒါသိ၊ လှူ၏။ တဝ၊ သင်၏။ ဣဒံ ဃရံ၊ ဤအိမ်သည်။ ဩပါနဘူတံဝ၊ ခရီးလေးဆုံ၌ တူးအပ်သော ရေကန်နှင့် တူ၏။ အဿ တေ၊ ထိုသင်၏။ ဣဒံ ဃရံ၊ ဤအိမ်သည်။ အန္နေန၊ လှူဖွယ်ထမင်းနှင့် လည်းကောင်း။ ပါနေန၊ လှူဖွယ်အဖျော်နှင့် လည်းကောင်း။ ဥပေတရူပံ၊ ပြည့်စုံသော သဘောရှိ၏။ အထ၊ ထိုနေ့တိုင်းမပြတ် လာတိုင်းကုန်သော သူတို့အား လှူအပ်လျက်။ ကိဿ ဝါဒဿ၊ အဘယ်မည်သော ကဲ့ရဲခြင်းကို။ ဇိဂုစ္ဆမာနော၊ စက်ဆုပ်သည်ဖြစ်၍။ အကာမကော၊ အလိုမရှိဘဲ။ ဣမံ ဒါနံ။ ဤအလှူကို၊ ဒဒါသိ၊ လှူဘိသနည်း။

ဆွေမျိုး စဉ်ဆက်အရ

ထို့နောင်မှ မဏ္ဍသူကြွယ်သည် မိမိ၏အလိုကို ဆိုလိုရကား-

၆၈။ ပိတရော စ မေ အာသုံ ပိတာမဟာ စ၊
သဒ္ဓါ အဟုံ ဒါနပတီ ဝဒညူ။
တံ ကုလဝတ္တံ အနုဝတ္တမာနော၊
မာဟံ ကုလေ အန္တိမဂန္ဓနော အဟုံ။
ဧတဿ ဝါဒူ ဇိဂုစ္ဆမာနော၊
အကာမကော ဒါနမိမံ ဒဒါမိ။

ဟူသော ခုနစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၆၈။ ဘန္တေ၊ ရှင်ရသေ့။ မေ၊ အကျွန်ုပ်၏။ ပိတရော စ၊ မိဘတို့သည်လည်းကောင်း။ ပိတမဟာ စ၊ အဘိုးအဘွားတို့သည်လည်းကောင်း။ သဒ္ဓါ၊ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်းရှိကုန်သည်။ အာသုံ၊ ဖြစ်ကုန်၏။ ဒါနပတီ၊ အလှူရှင်တို့သည်။ အာသုံ၊ ဖြစ်ကုန်၏။ ဝဒညူ၊ အလှူခံတို့၏ အလိုကို သိကုန်သည်။ အဟုံ၊ ဖြစ်ကုန်၏။ တံ ကုလဝတ္တံ၊ ထို မိဘဘိုးဘေးစသော ဆွေခုနစ်ဆက်တို့၏ အလှူ ပေးခြင်းတည်းဟူသော ကျင့်ဝတ်သို့။ အနုဝတ္တမာနော၊ အစဉ်လိုက်သော။ အဟံ၊ အကျွန်ုပ်သည်။ ကုလေ၊ အမျိုးစဉ်ဆက်၌။ အန္တိမဂန္ဓနော၊ အမျိုးတကာတို့အောက် အယုတ်ဆုံး, အမျိုးတကာတို့အောက် အဖျင်းဆုံးသည်။ မာ အဟုံ၊ မဖြစ်စေလင့်။ ဣတိ၊ ဤသို့။ ဧတဿ ဝါဒဿ၊ ထိုအမျိုးတို့အောက် အယုတ်ဆုံး, အမျိုးတကာတို့အောက် အဖျင်းဆုံးဟူသော ကဲ့ရဲ့ခြင်းကို။ ဇိဂုစ္ဆမာနော၊ စက်ဆုပ်ရွံရှာသည်ဖြစ်၍။ အကာမကေ၊ အလိုမရှိဘဲ။ ဣမံ ဒါနံ၊ ဤအလှူကို။ အဟံ၊ အကျွန်ုပ်သည်။ ဒဒါမိ၊ လှူ၏။

အဘယ့်ကြောင့် ပေါင်းနေသနည်း

ဤသို့သောစကားကို ဆိုပြီး၍ မဏ္ဍဗျ သူကြွယ်သည် မိမိ၏ မယားကို မေးလိုရကား-

၆၉။ ဒဟရိံ ကုမာရိံ အသမတ္ထပညံ၊
ယံ တာ နယိံ ဉာတိကုလာ သုဂတ္တေ။
န စာပိ မေ အပ္ပိယတံ အဝေဒိ၊
အညတြ ကာမာ ပရိစာရယန္တာ၊
အထ ကေန ဝဏ္ဏေန မယာ တေ ဘောတိ၊
သံဝါသ ဓမ္မော အဟု ဧဝရူပေါ။

ဟူသော ရှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၆၉။ သုဂတ္တေ၊ တင့်တယ်သော ကိုယ်ရှိသော။ ဘောတိ၊ အို အိမ်ရှင်မ။ ဒဟရိံ၊ ပျိုရွယ်လှသော။ ကုမာရိံ၊ သတို့သမီးငယ်သာ ဖြစ်သေးသော။ ယံ တံ၊ အကြင်သင့်ကို။ အသမတ္ထပညံ၊ စည်းစိမ်ဥစ္စာကို စီရင်ခြင်းငှာ စွမ်းနိုင်သော ပညာမရှိသောသူ ဖြစ်လျက်မူလည်း။ ဉာတိကုလာ၊ မိဘအိမ်မှ။ အာနယိံ၊ ဆောင်၏။ ကာမာ၊ အလိုရှိအပ် မြတ်နိုးအပ်ခြင်းကို။ အညတြ၊ ကြဉ်၍။ ပရ်စရန္တာအပိ၊ လုပ်ကျွေးငြားသော်လည်း။ မေ၊ ငါ့အား။ အပ္ပိယတံ၊ မချစ်မနှစ်သက်လိုသည်၏ အဖြစ်ကို။ မံ၊ ငါ့ကို။ န စာပိ အဝေဒိ၊ မသိစေ။ အထ၊ ထိုသို့ မချစ်မနှစ်သက်လိုဘဲလျက်။ ကေန ဝဏျဏနေ၊ အဘယ်အကြောင်းဖြင့်။ မယာ၊ ငါနှင့်။ ဧဝရူပေါ၊ ဤသို့သဘောရှိသော။ သံဝါသဓမ္မော၊ ချစ်မြတ်နိုးသကဲ့သို့ ပေါင်းဖော်ခြင်းသည်။ အဟု၊ ဖြစ်နိုင်ဘိသနည်း။

ဆွေမျိုးတို့ အကျင့်အရ

ထိုအခါ သူကြွယ်အား မယားသည် ဆိုလိုရကား-

၇၀။ အာရာ ဒူရေ နယိဓ ကဒါစိ အတ္ထိ၊
ပရမ္ပရာ နာမ ကုလေ ဣမသ္မိံ။
တံ ကုလဝတ္တံ့ အနုဝတ္တမာနော၊
မာဟံ ကုလေ အန္တိမဂန္ဓိနီ အဟုံ။
ဧတဿ ဝါဒဿ ဇိဂုစ္ဆမာနာ၊
အကာမိကာ ပါဒစရာမိ တုယှံ။

ဟူသော ကိုးခုမြောက်သော ဤဂါထာကို ဆို၏။

၇၀။ သာမိ၊ အရှင်။ ဣမသ္မိံ ကုလေ၊ ဤအမျိုး၌။ အာရာ ဒူရေ၊ အလွန်ဝေးလွန်းသော။ ကုလေ၊ အဆွေခုနစ်ဆက် အထက်မှ။ ပဋ္ဌာယ၊ စ၍။ ကဒါစိ၊ တစ်ရံတစ်ဆစ်မျှ။ ပရမ္ပရာနာမ၊ မိမိယောကျ်ားကိုစွန့်၍ တစ်ပါးသောယောကျ်ားကို ယူဖူးသော မိန်းမမည်သည်။ န အတ္ထိ၊ မရှိစဖူး။ တံ ကုလဝတ္တံ၊ ထိုဆွေခုနစ်ဆက် မပျက်သော အမျိုးတို့၏အကျင့်ကို။ အနုဝတ္တမာနာ၊ အတုလိုက်၍ ကျင့်သော။ အဟံ၊ ငါသည်။ ကုလေ၊ အမျိုးခုနစ် ဆက်၌။ အန္တိမဂန္ဓိနီ၊ အယုတ်ဆုံးဖြစ်သော မိန်းမအဖျင်း အသောင်ဖြစ်သော မိန်းမသည်။ မာ အဟုံ၊ မဖြစ်စေလင့်။ ဣတိ၊ ဤသို့။ ဧတဿ ဝါဒဿ၊ ထိုကုလအန္တိမ ကုလဂန္ဓိနီဟူသော ကဲ့ရဲခြင်းကို။ ဇိဂုစ္ဆမာနာ၊ စက်ဆုပ်ရွံရှာနိုးသည်ဖြစ်၍။ အကာမကာ၊ အလိုမရှိဘဲ။ တုယှံ၊ သင်၏။ ပါဒစရာမိ၊ ခြေရင်း၌ အလုပ်အကျွေးသည် ဖြစ်၏။

လင်အား ကန်တော့ခြင်း

ဤသို့သော စကားကို ဆိုပြီး၍ ငါသည် လင်၏ မျက်မှောက်၌ မလိုအပ်သောစကားကို လင်အား ဆိုအပ်ပြီ၊ ငါအား စက်ဆုပ်ရွံရှာရာ၏။ ဆရာရှင်ရသေ့၏ မျက်မှောက်၌လျှင် ကန်တော့အံ့ ဟု ကြံ၍ ကန်တော့လိုရကား-

၇၁။ မဏ္ဍဗျ ဘာသိံ ယမဘာသနေယျံ၊
တံ ခမျတံ ပုတ္တိကဟေတု မဇ္ဇ။
ပုတ္တပေမာ န ဣဓ ပရတ္ထိ ကိဉ္စိ၊
သော နာ အယံ ဇီဝတိ ယညဒတ္တော။

ဟူသော ဆယ်ခုမြောက်သော ဤဂါထာကိုဆို၏။

၇၁။ မဏ္ဍဗျ၊ အရှင်မဏ္ဍဗျ။ အဘာသနေယျံ၊ မဆိုအပ်သော။ ယံ ဝစနံ၊ အကြင်စကားကို။ ပုတ္တကဟေတု၊ သား၏ အကြောင်းကြောင့်။ မယာ၊ ငါသည်။ ဘာသိံ၊ ဆိုအပ်ပြီ။ အဇ္ဇ၊ ယခု။ မမ၊ ငါ့အား။ တံ၊ ထိုစကားကို။ ခမျတံ-ခမတု၊ သည်းခံပါလော့။ ဣဓ၊ ဤအရပ်၌။ ပုတ္တပေမာ၊ သား၌ ချစ်ခြင်းသည်သာလျှင်။ အတ္ထိ၊ ရှိ၏။ ပရံ၊ သား၌ ချစ်ခြင်းမှ တစ်ပါးသော။ ကိဉ္စိ၊ တစ်စုံတစ်ခုသည်။ မေ၊ ငါအား။ န အတ္ထ၊ မရှိ။ ယဿ၊ အကြင်သား၏။ ဟေတု၊ အကြောင်းဖြင့်။ ဘာသိတံ၊ ဆိုအပ်၏။ နော၊ ငါတို့၏။ ပုတ္တော၊ သားဖြစ်သော။ အယံ ယညဒတ္တော၊ ထိုပညတ်သည်။ ဇီဝတိ၊ အသက်ကိုရပြီ။

ထိုအခါ မယားကို မဏ္ဍဗျ သူကြွယ်သည် အိမ်ရှင်မ ထလော့၊ သင့်အား ငါသည် သည်းခံ၏။ ဤနေ့မှစ၍ ကြမ်းတမ်းသောစိတ်သည် မဖြစ်လင့်၊ ငါသည်လည်း ရှင်မအား မချစ်မနှစ်လိုသော အမူအရာကို မပြုအံ့ ဟု ဆို၏။

ဘုရားလောင်း ကဏှဒီပါယန ရသေ့သည်လည်း မဏ္ဍဗျ သူကြွယ်ကို "ဒါယကာ... သင်သည် မကောင်းသဖြင့် ဆည်းပူးအပ်သော ဥစ္စာကို ဆည်းပူး၍ ကံကိုလည်းကောင်း ကံ၏ အကျိုးကိုလည်းကောင်း မယုံကြည်မူ၍ အလှူ ပေးခြင်းသည် မသင့်သောအရာကို ပြုဘိ၏။ ဤနေ့မှစ၍ ကံ ကံ၏အကျိုးကို ယုံကြည်သဖြင့် အလှူကို လှူလော့ ဟု ဆို၏။ ထိုမဏ္ဍဗျ သူကြွယ်သည် ကောင်းပြီ ဟု ဝန်ခံ၍ မဏ္ဍဗျသူကြွယ်သည် ဘုရားလောင်းကို အရှင်ဘုရား... အရှင်ဘုရားသည် အကျွန်ုပ်တို့၏ မြတ်သော အလှူခံပုဂ္ဂိုလ်၏အဖြစ်၌ တည်၍ ရသေ့ရဟန်းအဖြစ်၌ မွေ့လျော်ခြင်း မရှိသည်ဖြစ်၍ မမြတ်သောအကျင့်ကို ကျင့်ခြင်းသည် မသင့်သောအရာကို ပြုဘိ၏။ ဤနေ့မှစ၍ အကြင်မွေ့လျော်သော အခြင်းအရာဖြင့် မြတ်သောအကျင့်ကို ကျင့်သည်ရှိသော် အရှင်ဘုရား၌ ပြုအပ်သော အကျွန်ုပ်တို့၏ အလှူသည် အကျိုးကြီးသည်ဖြစ်၏။ ထိုသို့သော အခြင်းအရာဖြင့် အကျွန်ုပ်တို့၏စိတ်ကို ကြည်ညိုစေ၍ စင်ကြယ်သောစိတ် ရှိလျက် ဈာန်ဟူသော ရသေ့ရဟန်း သာသနာတော်၌ မွေ့လျဂ်သည်ဖြစ်၍ မြတ်သောအကျင့်ကို ကျင့်လော့ ဟု ဆိုပြီး၍ ထိုသမီးခင်ပွန်းနှစ်ယောက်တို့သည် ဘုရားလောင်းကို ရှိခိုးပြီးလျှင် ထ၍သွားကြကုန်၏။

အားလုံးကောင်းကြပြီ

ထိုနေ့မှစ၍ မယားသည် လင်၌ ချစ်ခင်လေးမြတ်ခြင်း ရှိသည်ဖြစ်၏။ မဏ္ဍဗျ သူကြွယ်သည်လည်း ကြည်ညိုစိတ် ရှိသည်ဖြစ်၍ ကံ ကံ၏အကျိုးကို ယုံကြည်သည်ဖြစ်၍ အလှူကိုလှူလျှက် ဘုရားလောင်းသည်လည်း မမွေ့လျော်သောစိတ်ကို ဖျောက်ပြီးလျှင် ဈာန် အဘိညဉ်တို့ကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ ငြီးငွေ့သောရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကိုပေါင်းတော်မူသနည်း ဟူမူကား၊ ရဟန်းတို့ ယခုအခါ အာနန္ဒာသည် ထိုအခါ မဏ္ဍဗျသူကြွယ်ဖြစ်ဖူးပြီ၊ ယခုအခါ ရာဟုလာသည် ထိုအခါ သူကြွယ်သားဖြစ်ဖူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ အာဏိမဏ္ဍဗျ ရသေ့ ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကဏှဒီပါယနသေ့ ဖြစ်ဖူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အမှန်သစ္စာ၊ ဆိုသောခါ၊ လိုရာပြီးနိုင်၏

ခြောက်ခုမြောက်သော ကဏှဒီပါယနဇာတ်သည် ပြီး၏။

*****