ကန်ကစက်လျှင်-ချီ ရတု
ကန်ကစက်လျှင် ရာဇူခွင်သို့ ပြောင်းဝင်ထစ်ထစ် နင်းလာရစ်၍ ခုနစ်နာရီ နှစ်ပတ်စီတည်း ရှစ်လီနေ့ည မောင်းချက်ချက စကြာ့သခင် ရေသဘင်ဝယ် စံရွှင်ပျော်ရာ နောက်တော်ပါသား ပွင့်လျာနန်းရန် သတိုးကျွန်ကို ဟေမန်မလည် ရွှေနေပြည်ကို ပြန်မည်ဆက်ဆက် မိန့်ခွန်းမြွက်၍ ပန်လျက်ကိုမျှ မပိုင်ရသည် ကျွန်မဝမ်းနည်း ဖွယ်ရာချည်း ။
ပြန်ရရက်လျှင် မင်းရေးအင်ကို မမြင်နိုင်ရာ သစ္စာဖြောင့်စင်း နောင်ဘို့ကြွင်းနှင့် မိမင်းရှင့်တူ မိန့်ခဲ့မူကား ကောက်ယူရံခါ စိတ်ပြေပါ၏ ဖီလာဆက်ဆက် မှာခဲ့ချက်နှင့် ပြန်ရက်မညီ ရာသီပြောင်းကြွ မြောက်လေစခဲ့ မြို့မရန်ကုန် မစုံမီခင် ယွန်းဘုရင်နှင့် မော်တင်ကရစ် ကျွန်ချည်းဖြစ်ဟု ခုစစ်စကား ကျွန်မကြားရှင့် လေးပါးငုံရှင့် နတ်မင့်ပုံနှုန်း တို့သည့်ဘုန်းနှင့် ပျက်ပြုန်းကျေညာ တိုက်လံရာသည် မိစ္ဆာရန်စည်း ဘယ်မှာလည်း ။
ကျွန်မသက်ထင် ဆယ်ပြန်ကြင်၍ မိန့်ချင်သမျှ မုချယူမိ ခုမှသိရှင့် မယ်ကြီ့ငြမ်းဆင့် မယ့်မုန်းခွင့်ကို မကျင့်နေမည် ဆံခြည်မထင် ခုကစင်မျှ အောက်ခွင်ရန်ကုန် သို့မစုန်သော် ကိုးဂုဏ်တည်ရာ ရွှေပြည်သာသို့ ပြန်ကာနေ့ည မှာရင်းကလည်း ဆယ်ဆအချိ လွမ်းဘွယ်ရှိခဲ့ မျက်စိဝေမှိုင်း သို့တွက်တိုင်းလျှင် ဝဲလှိုင်းတူရည် စိတ်ဆူးသည်ကို ဖြေဆည်တတ်အောင် မိုးနတ်မောင်လည်း ကုန်းဘောင်မြို့လုံး တိမ်ညိုဖုံးသည် ပတ်ကုံးရှက်စည် ဗယ်ညာမည်း ။