ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား
သုံးသွယ်သိန်းနေ၊ ငါးထွေသောင်းလီ[၁]၊
ပထဝီဟု၊ ရာသီဒွေဒေဟ[၂]၊
မိုဃ်းကခြိမ့်ခြိမ့် စေ့လိမ့်လေ။ ။
မြစ်ရေယဉ်မြူး၊ သာဆန်းထူးသည်၊
သင်ဖြူးခင်းစံ၊ ထက်မိုးယံက၊
ခြွေရံအများ၊ လနတ်သားနှင့်၊
ယှဉ်သွားညီမျှ၊ ဟဒြဟု[၃]၊
ထွန်းပအရောင်[၄]၊ မြူမှောင်ကင်းစွာ၊
တာရာရွှေဗျိုင်း၊ ဆီးတံ့ဆိုင်းသား၊
မရိုင်းနောက်က[၅]၊ အလျှံပြ၍၊
ထွန်းပရောင်လူ၊ ရွှေဇမ္ဗူရာဇ်၊
မှန်ပုံစစ်လျက်၊ တက်သစ်စံရွှင်၊
ပဘင်္ကရ၊ တောက်ပ၀င်းဝါ၊
နေစကြာနှင့်၊ ဥတ္တရာမှီ၊
ဘရဂုဏ္ဏီဟု[၆]၊ ပြည့်ညီနက္ခတ်[၇]၊
လှည့်ပတ်အတူ၊ ဇမ္ဗူမဇ္ဈေ၊
လယ်ဗွေရောက်ငြား၊ ဘဝါးဗီသ၊
တွက်ရမှန်ညီ၊ နာရီနေ့တွင်၊
သုံးဆယ်မြင်၍၊ နှစ်လျှင် စွန်းပါ၊
ညဉ့်ခါအဋ္ဌ၊ စမ္မသို့နေ[၈]၊
ပန်ရွှေယင်းမာ၊ လှိုင်စွာပျံ့သင်း၊
တော်သလင်းဟု၊ မြစ်တွင်းသဘင်၊
လှေပွဲဆင်၍၊ လက်သင်လှော်ကား၊
ရွှေလှေများတို့၊ ကစားလူးလာ၊
စုံကာဆန်တက်[၉]၊ ဝိုင်း၍သက်က[၁၀]၊ '
ရွှေတက်ပြိုးပြောင်၊ ပုံတောင်စည်မောင်း၊
ရေကြောင်းမြစ်လယ်၊ ပျော်ဘွယ်အံ့ခြီး၊
မှုတ်တီးကျော်ညာ၊ သည်ပွဲသာတွင်၊
မြညှာရွှေရုပ်[၁၁]၊ ပုံသွင်းလုပ်သို့၊
ရေမြှုပ်လိုရွ[၁၂]၊ ပျောင်းတိုင်းလှနှင့်၊
တူကွရုပ်စုံ၊ ကမ်းမော်ခုံက၊
မြော်တုံရှုစဲ[၁၃]၊ ရွှေလက်ဆွဲ၍၊
ဖန်လဲပြန်ဆို[၁၄]၊ တူနှစ်ကိုယ်သည်၊
လွမ်းပိုအပုံကြီးလို့လေ။ ။
ရေယဉ်တည့်မြစ်တွင်း သင်ဖြူးခင်း၊
တော်သလင်းလအမှန်[၁၅]။ ။
ဝဿန်တည့်စိုရွှဲ ရွာမစဲ။ ။
ခေါ်မြဲကန်ရာသီ။ ။
ပွင့်စီတည့်ဝေလန်း ယင်းမာပန်း[၁၆]။
မှတ်ချက်
ပြင်ဆင်ရန်- ↑ ငါးထွေသောလီ (မ) (ဟ)
- ↑ ရာသီဒေသ (မ) (ဘ)
- ↑ ယှဉ်သွားညီစွာ၊ ပြုဗ္ဗာဘဒြပိုဒ် (မ) (ဟ)
- ↑ ညဉ့်၌အရောင် (မ) (ဟ)
- ↑ တာရာရွှေဗျိုင်း၊ (ဆီးတံ့ဆိုင်းသား၊) မရိုင်းနောက်က။ (မ) နှင့် (ဟ) မူတွင် ကွင်းစကားမပါ။
- ↑ ဖဂ္ဂုဏီတို့ (မ) (ဟ)
- ↑ ယှဉ်မှီနက္ခတ် (မ)
- ↑ နှစ်လျှင်စွန်းပါ၊ သည်အခါတွင်၊ ဖူးညှာဝေဝေ (မ) (ဟ)
- ↑ စုံကာဆန်လျက်၊ (ဝိုင်း၍သက်က၊) ရွှေတက်ပြိုးပြောင်။ (မ) (ဟ) တွင် ကွင်းပိုဒ်စကား မပါ။
- ↑ ဝိုက်၍သက်က (ဘ)
- ↑ ဆင်းသာရွှေရုပ် (မ)
- ↑ ရေးရုပ်လိုပ (မ) (ဟ)
- ↑ ပျော်တုံယှဉ်တွဲ (မ)
- ↑ ဖန်လွှဲပြောဆို (ဘ)။ ပုလဲရောင်စို (မ) (ဟ)။
- ↑ တော်သလင်းဟု၊ ခေါ်ရင်းလအမှန် (မ) (ဟ)
- ↑ ဖူးစီတည့်လေဖျန်း ရင့်မာပန်း (မ) (ဟ)
- မူရင်း - ရေနံချောင်း တွင်းစားကြီးဦးဘိုးဂုဏ် လက်ရေးမူ
- [ဟ] - ဟံသာဝတီပုံနှိပ်တိုက်၊ ရန်ကုန်မြို့၊ ၁၉၀၇-ခုနှစ်ထုတ် စာအုပ်မူ
- [မ] - မြန်မာစာညွန့်ပေါင်းကျမ်း၊ တတိယတွဲမူ
- [ဘ] - ဘားနတ်ပိဋကတ်တိုက်ပေမူ၊ ရန်ကုန်မြို့
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |