ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး တဏှာဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၁။ ကပိလမစ္ဆဝတ္ထု
517ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး တဏှာဝဂ် — ၁။ ကပိလမစ္ဆဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၁။ ကပိလငါး ဝတ္ထု

မနုဇဿအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကပိလမည်သောငါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကပိလ ရဟန်း

လွန်လေပြီးသောအခါ ကဿပမြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုပြီးသောကာလ၌ အမျိုးသားညီနောင် နှစ်ယောက်တို့သည် လူ့ဘောင်မှထွက်၍ ဘုရားတပည့်သာဝကတို့၏ အထံတော်၌ ရဟန်းပြုကြကုန်သတတ်။ ထိုရဟန်းနှစ်ပါးတို့တွင် အစ်ကိုကြီးဖြစ်သော ရဟန်းသည် သာဂတ အမည်ရှိ၏။ ညီငယ်ဖြစ်သော ရဟန်းသည် ကပိလ အမည်ရှိ၏။ ထိုရဟန်းနှစ်ဦးတို့၏ မယ်တော်သည် သာဓိနီအမည်ရှိ၏။ နှမငယ်သည် တာပနာ အမည်ရှိ၏။ ထိုမယ်တော်နှင့် နှမငယ်တို့သည်လည်း ရဟန်းမိန်းမတို့၏ အထံ၌ ရဟန်းပြုကြကုန်သတတ်။ ဤသို့လျှင် ထိုမိသားစုလေးယောက်တို့သည် ရဟန်းပြုကြကုန်ပြီးသည်ရှိသော် ညီနောင် နှစ်ပါးတို့သည် ဆရာဥပဇ္ဈာယ်တို့အား ဝတ်ကြီးဝတ်ငယ်ကိုပြု၍ နေကုန်လျက် တစ်နေ့သ၌ “အရှင်ဘုရား- ဤသာသနာတော်၌ ဓုရတို့သည် အဘယ်မျှတို့ပါနည်းဘုရား”ဟု မေးလျှောက်ပြီးလျှင် “ဂန္ထဓုရလည်းကောင်း၊ ဝိပဿနာဓုရလည်းကောင်း ဤသို့လျှင် ဓုရတို့သည် နှစ်ပါးတို့ ဖြစ်ကုန်၏”ဟု မိန့်မြွက်သော စကားကို ကြားရ၍ အစ်ကိုကြီး ရဟန်းသည် ဝိပဿနာဓုရကို ဖြည့်ကျင့်အံ့ဟူ၍ ငါးဝါတို့ပတ်လုံး ဆရာဥပဇ္ဈာယ်တို့၏ အထံ၌နေလျက် အရဟတ္တဖိုလ်တိုင်အောင်သော ကမ္မဋ္ဌာန်းကိုယူ၍ တောသို့ဝင်ပြီးလျှင် လုံ့လပြုသည်ရှိသော် အရဟတ္တဖိုလ်သို့ ရောက်တော်မူလေ၏။

ညီရဟန်းသည်ကား “ငါသည် ပျိုနုသေး၏။ အိုမင်းသော ကာလ၌ ဝိပဿနာဓုရကို ဖြည့်ကျင့်အံ့”ဟူ၍ ဝိပဿနာဓုရကို ဖယ်ထားသဖြင့် ပိဋကတ်သုံးပုံတို့ကို သင်ယူလေ၏။ ထိုကပိလရဟန်းအား ပရိယတ်ကိုမှီ၍ များစွာသော အခြံအရံရှိ၏။ အခြံအရံကိုမှီ၍ လာဘ်များခြင်းသည် ထင်ရှားဖြစ်၏။ ထိုကပိလရဟန်းသည် များသော အကြားအမြင်ဟူသော မာန်ယစ်ခြင်းဖြင့် မာန်ယစ်၏။ လာဘ်လာဘကိုမှီသော တဏှာဖြင့် နှိပ်စက်ခြင်းရှိ၏။ အလွန်ပညာကြီးသည်ဟု မိမိကိုယ်ကို မှတ်ထင်သဖြင့် သူတစ်ပါးတို့ ပြောဆိုအပ်သော အပ်သောအမှုကိုလည်း “မအပ်”ဟူ၍ ဆို၏။ မအပ်သောအမှုကိုလည်း “အပ်၏”ဟု ဆိုလေ့ရှိ၏။ အပြစ်ရှိသည်ကိုလည်း “အပြစ်မရှိ”ဟု အပြစ်မရှိသည်ကိုလည်း “အပြစ်ရှိ၏”ဟု ဆိုလေ့ရှိ၏။ ထိုကပိလရဟန်းသည် သီလကိုချစ်မြတ်နိုးကုန်သော ရဟန်းတို့က “ငါ့ရှင်ကပိလ- ဤသို့ မဆိုပါလင့်”ဟု ဆို၍ သုတ်, အဘိဓမ္မာကိုလည်းကောင်း၊ ဝိနည်းကိုလည်းကောင်း ပြသဖြင့် ဆိုဆုံးမပါသော်လည်း “အရှင်တို့သည် အဘယ်ကို သိကုန်သနည်း။ အချည်းနှီးသော လက်ဆုပ်နှင့် တူကုန်၏။” ဤသို့ အစရှိသော စကားကိုဆို၍ ငြင်းခုံလျက် ရှုတ်ချလျက် လှည့်လည်၏။

ကပိလရဟန်း၏ နောင်တော် မယ်တော် နှမများ

ထိုအခါ ထိုကပိလရဟန်း၏ အစ်ကိုဖြစ်သော သာဂတမထေရ်အလည်း ရဟန်းတို့သည် ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏။ ထိုအစ်ကိုမထေရ်ကြီးသည်လည်း ကပိလရဟန်းသို့ ချဉ်းကပ်၍ “ငါ့ရှင် ကပိလရဟန်း- သင်တို့ကဲ့သို့ သဘောရှိကုန်သော သူတို့၏ ကောင်းသောအကျင့် ပဋိပတ်သည် သာသနာတော်၏ အသက်မည်၏။ အဘယ့်ကြောင့် ကောင်းသောအကျင့်ကိုပယ်၍ အပ်ခြင်း စသည်တို့ကို တားမြစ်ဘိသနည်း၊ ဤသို့ မဆိုပါလင့်”ဟု ပြောဆိုဆုံးမလေ၏။ ကပိလရဟန်းသည် နောင်တော်မထေရ်၏ စကားကိုလည်း မနာယူ၊ ဤသို့ မနာယူသည်ပင် ဖြစ်သော်လည်း နောင်တော်မထေရ်ကြီးသည် နှစ်ကြိမ်,သုံးကြိမ် ဆုံးမ၍ အဆုံးအမကို မယူလတ်သည်ရှိသော် “ဤကပိလရဟန်းကား ငါ့စကားကို မနာယူချေ”ဟု သိသည်ဖြစ်၍ “ငါ့ရှင်- ထိုမိမိအမှုဖြင့် ထင်ရှားပေလတ္တံ့”ဟု ဆို၍ ဖဲသွားရလေ၏။

ထိုနေ့မှစ၍ ကပိလရဟန်းကို သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့သည် စွန့်ပစ်ကြလေကုန်၏။ ထိုကပိလရဟန်းသည် မကောင်းသော အကျင့်ရှိသည်ဖြစ်၍ မကောင်းသော အကျင့်ရှိသော ရဟန်းတို့ဖြင့် ခြံရံလျက်နေစဉ် တစ်နေ့သ၌ ဥပုသ်အိမ်၌ ပါတိမောက်ကို ပြအံ့ဟု ယပ်ကိုယူ၍ တရားဟောပလ္လင်၌ နေပြီးလျှင် ဥပုသ်အိမ်၌ စည်းဝေးကြကုန်သော ရဟန်းတို့အား “ပါတိမောက်ရသည် ဖြစ်သလော”ဟု မေးသည်ရှိသော် “ဤရဟန်းအား စကားတုံ့ပေးသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ဆိတ်ဆိတ်နေကြကုန်သော ရဟန်းတို့ကို မြင်ရလျှင် “ငါ့ရှင်တို့- သုတ်, အဘိဓမ္မာသည်လည်းကောင်း၊ ဝိနည်းသည်လည်းကောင်း မရှိ၊ ပါတိမောက်ကို နာကြားရသဖြင့်လည်းကောင်း၊ မနာကြားရသဖြင့်လည်းကောင်း အဘယ်အကျိုးရှိအံ့နည်း”ဟု ဆို၍ နေရာမှ ထလေ၏။ ဤသို့လျှင် ထိုကပိလရဟန်းသည် ကဿပမြတ်စွာဘုရား၏ ပရိယတ္တိ သာသနာတော်ကို ယုတ်စေဘိ၏။ နောင်တော် သာဂတမထေရ်သည်လည်း ထိုနေ့၌သာလျှင် ပရိနိဗ္ဗာန် စံယူတော်မူလေ၏။ ကပိလရဟန်းသည် အသက်ကုန်ဆုံးသော နေ့၌ အဝီစိငရဲကြီး၌ ဖြစ်ရှာလေ၏။ ထိုကပိလရဟန်း၏ အမိသည်လည်းကောင်း၊ နှမသည်လည်းကောင်း ထိုကပိလ ရဟန်း၏ အယူကို အတုလိုက်ခြင်းသို့ ရောက်သည်ဖြစ်၍ သီလကို ချစ်မြတ်နိုးသော ရဟန်းတို့ကို ဆဲရေး၍ ရေရွတ်၍ ထိုအဝီစိငရဲ၌သာလျှင် ဖြစ်ရှာကြလေကုန်၏။

ခိုးသားငါးရာ၏ သီလအကျိုး

ထိုအခါ ငါးရာသော ယောက်ျားတို့သည် ရွာကိုဖျက်ဆီးခြင်း စသည်တို့ကိုပြု၍ ခိုးမှုအားဖြင့် အသက်မွေးကြကုန်သဖြင့် ဇနပုဒ်၌နေကုန်သော လူတို့သည် အစဉ်အလိုက်ကုန်သောကြောင့် ထွက်ပြေးကုန်လျက် တောသို့ဝင်ပြီးလျှင် ထိုတော၌ တစ်စုံတစ်ခုသော ကိုးကွယ်ရာကို မမြင်ရသောကြောင့် တော၌နေသော အမှတ်မရှိ တစ်ပါးသော ရဟန်းကို မြင်ရလျှင် ရှိခိုး၍ “အရှင်ဘုရား- တပည့်တော်တို့၏ ကိုးကွယ်ရာ ဖြစ်တော်မူကြပါဘုရား”ဟု ဆိုကြလေကုန်၏။ မထေရ်သည် “သင်တို့အား သီလနှင့်တူသော ကိုးကွယ်ရာမည်သည် မရှိ၊ အလုံးစုံသော သင်တို့သည်လည်း ငါးပါးသောသီလတို့ကို တည်ဆောက်ကြကုန်လော့”ဟု မိန့်ဆိုတော်မူလေ၏။ ထိုငါးရာသော ခိုးသူတို့သည် “ကောင်းပါပြီဘုရား”ဟု ဝန်ခံ၍ သီလတို့ကို ဆောက်တည်ကြလေကုန်၏။ ထိုအခါ ငါးရာသော ခိုးသူတို့ကို မထေရ်သည် “ယခုအခါ သင်တို့ကား သီလရှိကြကုန်ပြီ၊ အသက်ဟူသောအကြောင်းကြောင့်လည်း သင်တို့သည် သီလကို မလွန်ကျူးအပ်၊ နှလုံး၏ ပြစ်မှားခြင်း ဒေါသကို မပြုအပ်”ဟု ဆုံးမတော်မူလေ၏။ ခိုးသူတို့သည် “ကောင်းပါပြီဘုရား”ဟု ဝန်ခံကြလေကုန်၏။ ထို့နောင်မှ ခိုးသူတို့ကို ဇနပုဒ်သားလူတို့သည် ထိုအရပ်သို့ရောက်၍ ထိုမှဤမှ ရှာဖွေကြကုန်သည်ရှိသော် ထိုခိုးသူတို့ကို မြင်ရလျှင် အလုံးစုံသော ထိုခိုးသူတို့ကို အသက်မှ ချကြလေကုန်၏။

ထိုခိုးသူတို့သည် သေ၍ နတ်ပြည်၌ ဖြစ်ကြလေကုန်၏။ ခိုးသူကြီးသည် နတ်သားအကြီး ဖြစ်လေ၏။ ထိုခိုးသူတို့သည် နတ်ပြည်,လူ့ပြည် အစုန်အဆန် ကျင်လည်သည်၏ အစွမ်းအားဖြင့် နှစ်ဆူသော ဘုရားရှင်တို့၏ တစ်ခုသော အကြားကာလပတ်လုံး နတ်ပြည်၌ ကျင်လည်ပြီးလျှင် ဤငါတို့ဘုရား ထင်ရှားပွင့်လင်းတော်မူသောအခါ သာဝတ္တိပြည် တံခါးနှင့် နီးသောရွာ၌ အမျိုးငါးရာရှိသော တံငါရွာကြီးတွင် ဖြစ်ကြလေကုန်၏။ နတ်သားအကြီးသည် တံငါအကြီးအိမ်၌ ပဋိသန္ဓေ ယူလေ၏။ ဤမှတစ်ပါးကုန်သော ခိုးသူနတ်သားတို့သည် တစ်ပါးသော အိမ်တို့၌ ပဋိသန္ဓေယူကြလေကုန်၏။ ဤသို့လျှင် ထိုငါးရာသော နတ်သားတို့၏ တစ်နေ့ချင်း တစ်ပြိုင်နက် ပဋိသန္ဓေယူခြင်းသည်လည်းကောင်း၊ အမိဝမ်းမှ ဖွားမြင်ခြင်းသည်လည်းကောင်း ဖြစ်ကြလေ၏။ တံငါအကြီးသည် “ဤရွာ၌ ယနေ့ ဖွားမြင်ကုန်သော တစ်ပါးသော သူငယ်တို့သည်လည်း ရှိကုန်သလော”ဟု ရှာဖွေစေသည်ရှိသော် ထိုသူငယ်တို့၏ ဖွားမြင်သည့်အဖြစ်ကို သိရလျှင် “ဤသူငယ်တို့ကား ငါ့သား၏ သူငယ်ဖော်တို့ ဖြစ်ကြကုန်လတ္တံ့”ဟု အလုံးစုံသော သူငယ်တို့အား ကျွေးမွေးရန် မျိုးရိက္ခာကို ပေးစေလေ၏။

ထိုအလုံးစုံသော သူငယ်တို့သည်လည်း အတူတကွ မြေမှုန့်ကစားဖော် သူငယ်တို့ဖြစ်၍ အစဉ်သဖြင့် အရွယ်သို့ ရောက်ကြလေကုန်၏။ ထိုသူငယ်တို့တွင် တံငါအကြီး၏ သားသည် ကျော်စောခြင်းလည်းရှိသော ဘုန်းတန်ခိုးနှင့်လည်း ပြည့်စုံသော မြတ်သောယောက်ျား ဖြစ်လေ၏။ ကပိလရဟန်းသည်လည်း နှစ်ဆူသော ဘုရားရှင်တို့၏ တစ်ခုသော အကြားကာလပတ်လုံး ငရဲ၌ကျက်ပြီးလျှင် အကျိုးကြွင်းအားဖြင့် ထိုအခါ အစိရဝတီမြစ်၌ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော မကောင်းသော ခံတွင်းအနံ့ရှိသော ငါးကြီး ဖြစ်ရှာလေ၏။

ကပိလငါး ဇေတဝန်ကျောင်းတော်သို့ ရောက်ခြင်း

ထိုအခါ တစ်နေ့သ၌ ထိုတံငါသား အဆွေခင်ပွန်းတို့သည် “ငါးတို့ကို ဖမ်းကြကုန်အံ့”ဟု ပိုက်ကွန်စသည်တို့ကို ယူ၍ မြစ်၌ချလေကုန်၏။ ထိုအခါ ထိုတံငါတို့၏ ကွန်ရက်အတွင်း၌ ထိုကပိလမည်သော ငါးသည် ဝင်မိလေ၏။ ထိုငါးကိုရလျှင် အလုံးစုံ တံငါရွာ၌နေသော သူတို့သည် ကျယ်စွာသော ကြွေးကြော်သံကို ပြုကြလေကုန်၏။ “တံငါတို့၏သားတို့သည် ရှေးဦးစွာ ငါးတို့ကို ဖမ်းကြကုန်သည်ရှိသော် ရွှေအဆင်းရှိသော် ငါးကို ဖမ်းမိကြလေကုန်၏။ ယခုအခါ ငါတို့အား မင်းကြီးသည် များစွာသောဥစ္စာကို ပေးလတ္တံ့”ဟု ကြွေးကြော်ကြလေကုန်၏။ ထိုအဆွေခင်ပွန်းတို့သည်လည်း ငါးကို လှေ၌တင်၍ လှေကိုထမ်းယူပြီးလျှင် မင်းကြီး၏အထံသို့ သွားကြလေကုန်၏။ ပသေနဒီ ကောသလမင်းကြီးသည်လည်း ထိုငါးလှေ ထမ်းလာသည်ကို မြင်တဲ့လျှင် “ဤအရာကား အဘယ်နည်း”ဟု မိန့်ဆိုသည်ရှိသော် အရှင်မင်းကြီး- ငါးဖြစ်သည်ကို လျှောက်တင်ကြလေကုန်၏။ မင်းကြီးသည် ရွှေအဆင်းရှိသော ငါးကိုမြင်လျှင် “ဘုရားရှင်သည် ထိုငါး၏ ရွှေအဆင်းရှိခြင်း၏ အကြောင်းကို သိရှိတော်မူပေလတ္တံ့”ဟု ငါးကို ယူစေပြီးလျှင် မြတ်စွာဘုရား၏ အထံတော်သို့ သွားလေ၏။ ငါးသည် ခံတွင်းကို ဖွင့်ကာမျှ ဖြစ်လတ်သော်သာလျှင် အလုံးစုံသော ဇေတဝန်ကျောင်းတော်သည် အလွန်လျှင် မကောင်းသောအနံ့ရှိသည် ဖြစ်လေ၏။

မင်းကြီးသည် ဘုရားရှင်ကို “မြတ်စွာဘုရာ. - အဘယ့်ကြောင့် ငါသည် ရွှေအဆင်းနှင့်တူသော အဆင်းရှိသည် ဖြစ်ပါသနည်း၊ အဘယ့်ကြောင့် ထိုငါး၏ခံတွင်းမှ မကောင်းသောအနံ့ လှိုင်ပါသနည်းဘုရား”ဟု မေးလျှောက်လေ၏။ “မြတ်သောမင်းကြီး- ဤငါးသည် ကဿပဘုရားရှင်၏ သာသနာတော်၏ ကပိလအမည်ရှိသော ရဟန်းဖြစ်ဖူး၏။ များသော အကြားအမြင်ရှိ၏၊ များသော အခြံအရံ ရှိ၏၊ လာဘ်လာဘ၌ ကပ်ငြိသော လောဘတဏှာဖြင့် နှိပ်စက်ခြင်းရှိ၏။ မိမိ၏စကားကို မယူကုန်သောသူတို့အား ဆဲရေးတတ်၏၊ ရေရွတ်တတ်၏၊ ကဿပ မြတ်စွာဘုရား၏ သာသနာကို ဆုတ်ယုတ်စေ၏။ ထိုကပိလရဟန်းသည် ထိုမကောင်းမှုကံကြောင့် အဝီစိငရဲ၌ ဖြစ်ပြီးလျှင် အကျိုးကြွင်းအားဖြင့် ယခုအခါ ငါးအဖြစ်ဖြင့် ဖြစ်ရှာလေ၏၊ ထိုကပိလရဟန်းသည် ရှည်ကြာစွာသော ကာလပတ်လုံး မြတ်စွာဘုရား၏ စကားတော်ကို ချပို့၏။ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကိုလည်း ပြောဟော၏၊ ထိုကောင်းမှု၏ အကျိုးဆက်အားဖြင့် ရွှေအဆင်းနှင့်တူသော အဆင်းကို ရလေဘိ၏၊ ရဟန်းတို့အား ဆဲရေးရေရွတ်ခြင်းကို ပြုသောသူဖြစ်၏။ ထိုမကောင်းမှုကံကြောင့် ဤငါး၏ခံတွင်းမှ မကောင်းသော အနံ့သည် လှိုင်ရလေ၏။”

ကပိလငါး လူစကား ပြောခြင်း

“မြတ်သောမင်းကြီး- ထိုငါးကို စကားပြောခိုင်းဦးမည်”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- ပြောခိုင်းတော်မူကြပါဘုရား”ဟု လျှောက်ကြား တောင်းပန်လေ၏။ ထို့နောင်မှ မြတ်စွာဘုရားသည် ငါးကို “သင်ကား ကပိလရဟန်း ဖြစ်ဖူးသူ ဟုတ်၏လော”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား- တပည့်တော်သည် ကပိလရဟန်းဖြစ်ဖူးသူ မှန်ပါသည်ဘုရား”ဟု လျှောက်လတ်သော် “အဘယ်မှ လာခဲ့သနည်း”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား- အဝီစိငရဲကြီးမှ လာခဲ့ရပါသည်ဘုရား”ဟု လျှောက်လတ်သော် “သင်၏ နောင်တော်ကြီးဖြစ်သော သာဂတအမည်ရှိသော မထေရ်သည် အဘယ်အရပ်သို့ သွားသနည်း”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား- ပရိနိဗ္ဗာန်ပြုပါပြီဘုရား”ဟု လျှောက်လတ်သော် “သင်၏ သာဓိနီ အမည်ရှိသော မယ်တော်သည် အဘယ်မှာနည်း”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား- ငရဲကြီး၌ ဖြစ်နေပါသည်ဘုရား”ဟု လျှောက်လတ်သော် “သင်၏ တာပနာ အမည်ရှိသော နှမငယ်သည် အဘယ်မှာနည်း”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား- ငရဲကြီး၌ ဖြစ်နေပါသည်ဘုရား”ဟု လျှောက်လတ်သော် “ယခုအခါ သင်သည် အဘယ်သို့ သွားရအံ့နည်း”ဟု မေးတော်မူပြန်လေ၏။ “မြတ်စွာဘုရား- အဝီစိငရဲကြီးသို့သာလျှင် သွားရပါဦးမည်ဘုရား”ဟု ဆို၍ နှလုံးမသာယာခြင်းဖြင့် နှိပ်စက်ခြင်းရှိသောကြောင့် လှေကို ဦးခေါင်းဖြင့် ပုတ်ခတ်ပြီးလျှင် ထိုခဏ၌သေ၍ ငရဲ၌ဖြစ်ပြန်ရှာလေ၏။ များစွာသော လူအပေါင်းသည် ထိတ်လန့်ခြင်းရှိသဖြင့် ကြက်သီးမွေးညှင်း ထခြင်းရှိသည် ဖြစ်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုခဏ၌ စည်းဝေးသော ပရိသတ်၏ စိတ်အကြံကို ကြည့်ရှုတော်မူလျက် ထိုခဏနှင့်လျော်သော တရားကို ဟောခြင်းငှာ “တရားကို ကျင့်ခြင်းသည်လည်းကောင်း၊ မြတ်သော သီတင်းသုံး၍ နေခြင်းသည်လည်းကောင်း တစ်ပေါင်းတည်းဖြစ်၍ အလွန်မြတ်၏”ဟု သုတ္တနိပါတ်ပါဠိတော် ကပိလသုတ်ကို ဟောတော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၃၃၄] မနုဇဿ ပမတ္တစာရိနော၊ တဏှာ ဝဍ္ဎတိ မာလုဝါ ဝိယ။
သော ပ္လဝတီ ဟုရာဟုရံ၊ ဖလမိစ္ဆံဝ ဝနသ္မိ ဝါနရော။

[၃၃၅] ယံ ဧသာ သဟတေ ဇမ္မီ၊ တဏှာ လောကေ ဝိသတ္တိကာ။
သောကာ တဿ ပဝဍ္ဎန္တိ ၊ အဘိဝဋ္ဌံဝ ဗီရဏံ။

[၃၃၆] ယော စေတံ သဟတေ ဇမ္မိံ၊ တဏှံ လောကေ ဒုရစ္စယံ။
သောကာ တမှာ ပပတန္တိ ၊ ဥဒဗိန္ဒုဝ ပေါက္ခရာ။

[၃၃၇] တံ ဝေါ ဝဒါမိ ဘဒ္ဒံ ဝေါ၊ ယာဝန္တေတ္ထ သမာဂတာ။
တဏှာယ မူလံ ခဏထ၊ ဥသီရတ္ထောဝ ဗီရဏံ။
မာ ဝေါ နဠံဝ သောတောဝ၊ မာရော ဘဉ္ဇိ ပုနပ္ပုနံ။

ပမတ္တစာရိနော၊ မေ့လျော့သော အကျင့်ရှိသော။ မနုဇဿ၊ သတ္တဝါအား။ တဏှာ၊ အာရုံတို့၌ ကပ်ငြိခြင်းတဏှာသည်။ မာလုဝါ ဝိယ၊ မာလောနွယ်ကဲ့သို့။ ဝဍ္ဎတိ၊ တိုးပွား၏။

(သတိလွတ်ခြင်း လက္ခဏာရှိသော မေ့လျော့ခြင်းဖြင့် မေ့မေ့လျော့လျော့ ကျင့်သောပုဂ္ဂိုလ်အား ဈာန်,ဝိပဿနာ,မဂ်တို့သည် မတိုးပွားနိုင်၊ သစ်ပင်ကို ရစ်ပတ်ဖွဲ့ယှက်လျက် ထိုသစ်ပင် ပျက်စီးစိမ့်သောငှာ မာလောနွယ် ကြီးပွားသကဲ့သို့ ထို့အတူ ထိုပုဂ္ဂိုလ်အား ခြောက်ဒွါရတို့ကိုမှီ၍ အဖန်ဖန် ဖြစ်တတ်သောကြောင့် တဏှာသာ တိုးပွားရပေ၏ဟူလို။)

ဖလံ၊ သစ်သီးကို။ ဣစ္ဆံ-ဣစ္ဆန္တော၊ အလိုရှိသော။ ဝါနရော၊ မျောက်သည်။ ဝနသ္မိံ၊ တော၌။ ဓာဝတိဣဝ၊ တစ်ပင်မှ တစ်ပင်သို့ ပြေးသွားသကဲ့သို့။ သော၊ ထိုသတ္တဝါသည်။ ဟုရာဟုရံ၊ ထိုထိုသောဘဝ၌။ ဝါ၊ တစ်ဘဝမှ တစ်ဘဝသို့။ ပ္လဝတိ၊ ပြေးသွား၏။

(တဏှာအလိုလိုက်သော ထိုပုဂ္ဂိုလ်သည် ထိုထိုဘဝသို့ ပြေးသွားရ၏။ ဥပမာကား သစ်သီးအလိုရှိသော မျောက်သည် တော၌ ပြေးသွားရ၏။ ထိုထိုသစ်ပင်၏ သစ်ခက်ကို လှမ်းယူ၏။ ထိုသစ်ခက်ကိုလွှတ်၍ အခြားသစ်ခက်ကို လှမ်းယူ၏၊ သစ်ခက်ကို မရသည်ရှိသော် ငြိမ်သက်စွာ နေ၏ဟု ဆိုအပ်သည့်အဖြစ်သို့ မရောက်နိုင်သကဲ့သို့ ထို့အတူ တဏှာအလိုလိုက်သော ပုဂ္ဂိုလ်သည် ဘဝထိုထိုသို့ ပြေးသွားလျက် အာရုံကို မရသည်ရှိသော် တဏှာ၏ မဖြစ်နိုင်ခြင်းသို့ ရောက်ပြီဟု ဆိုအပ်သော အဖြစ်သို့ မရောက်ပေဟူလို။)

လောကေ၊ လောက၌။ ဇမ္မီ၊ ယုတ်မာထသော။ ဝိသတ္တိကာ၊ ဝိသတ္တိကာဟု ဆိုအပ်သော။ ဧသာ တဏှာ၊ ဤဆဒွါရိက တဏှာသည်။ ယံ၊ အကြင်ပုဂ္ဂိုလ်ကို။ သဟတေ၊ ညှဉ်းဆဲ၏။

(အကြင်ပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်တိုးပွား၏ ဟူလို။)

တဿ၊ ထိုပုဂ္ဂိုလ်အား။ အဘိဝဋ္ဌံ၊ မိုးရေကြောင့် ပေါက်ရောက်သော။ ဗီရဏံဝ၊ ပြိန်းမြက်ကဲ့သို့။ သောကာ၊ စိုးရိမ်ခြင်းတို့သည်။ ပဝဍ္ဎန္တိ၊ တိုးပွားကြကုန်၏။

(မိုးဥတုအခါ အဖန်ဖန်ရွာသော မိုးကြောင့် ပေါက်ရောက်သော ပြိန်းမြက်သည် သန်စွမ်းတိုးပွားသကဲ့သို့ ထိုပုဂ္ဂိုလ်၏ ကိုယ်တွင်း၌ ဝဋ်ဆင်းရဲလျှင် အကြောင်းရှိသော တဏှာ လွန်စွာတိုးပွားကုန်၏ဟူလို။)

ယောစ၊ အကြင်ပုဂ္ဂိုလ်သည်လည်း။ ဇမ္မိံ၊ ယုတ်မာလှစွာသော။ လောကေ၊ လောက၌။ ဒုရစ္စယံ၊ အလွန်စွန့်နိုင်ခဲလှသော။ ဧတံတဏှံ၊ ထိုတဏှာကို။ သဟတေ၊ နှိပ်စက်နိုင်၏။ ပေါက္ခရာ၊ ကြာရွက်မှ။ ဥဒဗိန္ဒုဝ၊ ရေပေါက်တို့ကဲ့သို့။ တမှာ၊ ထိုပုဂ္ဂိုလ်မှ။ သောကာ၊ စိုးရိမ်ခြင်းတို့သည်။ ပပတန္တိ ၊ လျှာကြကုန်၏။

ဘိက္ခဝေ၊ ရဟန်းတို့။ တံ-တေနကာရဏေန၊ ထိုအကြောင်းကြောင့်။ ဝေါ၊ သင်ချစ်သားတို့အား။ ဝဒါမိ၊ ဟောကြားမိန့်ဆိုပေအံ့။ ဧတ္ထ၊ ဤအရပ်၌။ ယာဝတာ၊ အကြင်မျှလောက်။ သမာဂတာ၊ အညီအညွတ် စည်းဝေးလာရောက်ကြကုန်၏။ တတ္တကာနံ၊ ထိုမျှလောက်ကုန်သော။ ဝေါ၊ သင်ချစ်သားတို့အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။

(ဤငရဲကျ ငါးဖြစ်သော ကပိလရဟန်းကဲ့သို့ ပျက်စီးခြင်းသို့ မရောက်ကြစေကုန်လင့် ဟူလို။)

ဥသီရတ္ထော၊ ပန်းရင်းမြက်ဖြင့် အလိုရှိသောသူသည်။ ဗီရဏံ၊ ပြိန်းမြက်ကို။ ခဏတိဣဝ၊ တူးသကဲ့သို့။ တဏှာယ၊ ဆဒွါရိကတဏှာ၏။ မူလံ၊ အမြစ်ကို။ ခဏထ၊ တူးကြကုန်လော့။

(ပေါက်တူးကြီးဖြင့် ပြိန်းမြက်ပင်ကို တူးသကဲ့သို့ အရဟတ္တမဂ်ဉာဏ်ဖြင့် တဏှာ၏အမြစ်အရင်းကို တူးပစ်ရမည်ဟူလို။)

သောတော၊ ပြင်းစွာသော အဟုန်ဖြင့်လာသော မြစ်ရေအလျဉ်သည်။ နဠံ၊ ကျူပင်ကို။ ဘဉ္ဇတိ ဣဝ၊ ဖျက်ဆီးသကဲ့သို့။ မာရေ၊ မာရ်မင်းသည်။ ဝေါ-တုမှေ၊ သင်တို့ကို။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ မာ ဘဉ္ဇိ၊ မဖျက်ဆီးစေလင့်။

(မြစ်ရေအလျဉ်၌ ပေါက်သော ကျူပင်ကို ကြီးသောအရှိန်ဖြင့်လာသော မြစ်ရေအလျဉ်သည် ဖျက်ဆီးသကဲ့သို့ ထိုကိလေသမာရ်, မရဏမာရ်, ဒေဝပုတ္တမာရ်သည် ချစ်သားတို့ကို ခဏခဏ မဖျက်ဆီးနိုင်အောင် ပြုကြရမည်ဟူလို။)

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ငါးရာလည်းဖြစ်ကုန်သော တံငါသားတို့သည် ထိတ်လန့်ခြင်းသို့ရောက်၍ ဆင်းရဲ၏အဆုံးကို ပြုခြင်းငှာ တောင့်တကုန်လျက် ဘုရားရှင်၏ အထံတော်၌ ရဟန်းပြုပြီးလျှင် မကြာမြင့်မီသာလျှင် ဆင်းရဲ၏ဆုံးရာ နိဗ္ဗာန်ကို မျက်မှောက်ပြု၍ မြတ်စွာဘုရားနှင့် အတူတကွ မတုန်မလှုပ်နေခြင်းရှိသော အာနေဉ္ဇဝိဟာရ သမာပတ်ဟူသော သုံးဆောင်ခြင်းအားဖြင့် တူသော သုံးဆောင်ခြင်း ရှိကြသည် ဖြစ်ကြလေကုန်၏။

ကပိလငါးဝတ္ထုပြီး၏။