အတ္တဝဂ်

၈။ ကာလမထေရ်ဝတ္ထု

ယော သာသနံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကာလမည်သော မထေရ်ကို အကြောင်းပြု၍ ဟောကြားတော်မူလေ၏။

ဘုရားရှင်ထံမှ တရားနာခွင့်မပေးလိုသူ

သာဝတ္ထိပြည်၌ တစ်ယောက်သောမိန်းမသည် မိခင်အရာ၌တည်၍ ထိုကာလမထေရ်ကို လုပ်ကျွေးသတတ်။ ထိုမိန်းမ၏ အိမ်နီးချင်းနေသူ လူတို့သည် ဘုရားရှင်၏ အထံတော်၌ တရားနာပြီးလျှင် ပြန်လာ၍ “ဘုရားရှင်တို့မည်သည်ကား အလွန်အံ့ဖွယ်ရှိပေကုန်စွ၊ တရားဟောခြင်းသည် အလွန်သာယာနာပျော်ဖွယ် ရှိပေစွ”ဟု ချီးမွမ်းကြကုန်၏။ ထိုမိန်းမသည် အိမ်နီးချင်းနေသူတို့၏ စကားကို ကြားရလျှင် “အရှင်ဘုရား- တပည့်တော်မသည်လည်း ဘုရားရှင်၏ တရားဒေသနာတော်ကို နာလိုပါသည်ဘုရား”ဟု ထိုကာလမထေရ်အား လျှောက်ထားလေ၏။ ထိုကာလမထေရ်သည် “ထိုဘုရားအထံသို့ မသွားလင့်”ဟု ဒါယိကာမကို တားမြစ်လေ၏။ ထိုဒါယိကာမသည် တစ်ဖန် မိုးသောက်သောနေ့၌လည်း တောင်းပန်လေ၏။ သုံးကြိမ်တိုင်အောင် ထိုကာလမထေရ် တားမြစ်သော်လည်း တရားတော်ကို နာလိုသည်သာလျှင် ဖြစ်ခဲ့လေ၏။

(အဘယ်ကြောင့် ထိုကာလမထေရ်သည် ထိုဒါယိကာမကို တားမြစ်ဘိသနည်း ဟူမူကား “ဘုရာရှင်၏အထံတော်၌ တရားနာရသည်ရှိသော် ငါ့အပေါ်၌ သဒ္ဓါပျက်ချေအံ့”ဟု ထိုကာလမထေရ်အား ဤသို့ အကြံဖြစ်သတတ်။)

ထိုအလုပ်အကျွေး ဒါယိကာမသည် တစ်နေ့သ၌ နံနက်စောစော၌သာလျှင် နံနက်စာထမင်း စားပြီးသည်ရှိသော် ဥပုသ်ဆောက်တည်၍ “ချစ်သမီး- အရှင်ကောင်းကို ကောင်းမွန်စွာ ဆွမ်းလုပ်ကျွေးရစ်လော့”ဟု ဆို၍ သမီးကို စေခိုင်းပြီးလျှင် ကျောင်းတော်သို့ သွားလေ၏။ ထိုဒါယိကာမ၏ သမီးသည်လည်း ထိုရဟန်းကို ကြွလာသောအခါ ဆွမ်းလုပ်ကျွေး၏။ “ဒါယိကာမကြီးကား အဘယ်သို့ သွားသနည်း”ဟု မေးသည်ရှိသော် “တရားနာခြင်းငှာ ကျောင်းတော်သို့ သွားပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ ထိုကာလမထေရ်သည် ထိုစကားကို ကြားလျှင်ကြားချင်း ဝမ်း၌ဖြစ်သော ဒေါသဖြင့် ပူလောင်လတ်သည် ဖြစ်ရကား “ယခုအခါ ဒါယိကာမကြီးသည် ငါ့အပေါ်၌ သဒ္ဓါပျက်ချေပြီ”ဟု လျင်စွာသွားတဲ့၍ ဘုရားရှင်အထံတော်၌ တရားနာနေသော ဒါယိကာမကိုမြင်လျှင် ဘုရားရှင်ကို “မြတ်စွာဘုရား- ဤမိန်းမသည် နုံ့နှေးထိုင်းမှိုင်းလှပါသည်။ သိမ်မွေ့သော တရားစကားကို မသိနိုင်ပါ။ ဤမိန်းမအား ခန္ဓာစသည်နှင့်စပ်သော သိမ်မွေ့သော တရားစကားကို မဟောမူ၍ ဒါနကထာကိုလည်းကောင်း၊ သီလကထာကိုလည်းကောင်း ဟောခြင်းငှာ သင့်ပါသည်ဘုရား”ဟု လျှောက်လေ၏။ မြတ်စွာဘုရားသည် ထိုကာလမထေရ်၏ ယုတ်မာသော အလိုအဇ္ဈာသယကို သိတော်မူသဖြင့် “သင်သည် ပညာမရှိသည်ဖြစ်၍ ယုတ်မာသောအယူကိုမှီလျက် ဘုရားရှင်တို့၏ အဆုံးအမကို တားမြစ်ကန့်ကွက်ဘိ၏။ မိမိကိုယ်ကို သတ်ခြင်းငှာသာလျှင် လုံ့လပြုဘိ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၁၆၄] ယော သာသနံ အရဟတံ၊ အရိယာနံ ဓမ္မဇီဝိနံ။
ပဋိက္ကောသတိ ဒုမ္မေဓော၊ ဒိဋ္ဌိံ နိဿာယ ပါပိကံ။
ဖလာနိ ကဋ္ဌကဿေဝ၊ အတ္တဃာတာယ ဖလ္လတိ။

ဒုမ္မေဓော၊ ပညာမရှိသော။ ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ပါပိကံ၊ ယုတ်မာသော။ ဒိဋ္ဌိံ၊ အယူကို။ နိဿာယ၊ မှီ၍။ ဓမ္မဇီဝိနံ၊ တရားနှင့်အညီ အသက်မွေးခြင်းရှိကုန်ထသော။ အရဟတံ၊ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော။ အရိယာနံ၊ အရိယာပုဂ္ဂိုလ်တို့၏။ သာသနံ၊ အဆုံးအမတော်ကို။ ပဋိက္ကောသတိ၊ တားမြစ်၏။ တဿပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်၏။ သာ ဒိဋ္ဌိ၊ ထိုယုတ်မာသောအယူသည်။ ကဋ္ဌကဿ၊ ဝါးဟုဆိုအပ်သော သစ်ပင်၏။ ဖလာနိ ဣဝ၊ အသီးတို့ကဲ့သို့။ အတ္တဃာတာယ၊ မိမိကိုယ်ကို သတ်ခြင်းအလို့ငှာ။ ဖလ္လတိ၊ သီး၏။ ဝါ၊ ဖြစ်၏။

ဒေသနာတော်၌ မှတ်ဖွယ်

(ပညာမရှိသောပုဂ္ဂိုလ်သည် မိမိ ပူဇော်သက္ကာရ ဆုတ်ယုတ်အံ့သည်မှ ကြောက်လန့်သဖြင့် ယုတ်မာသောအယူကိုမှီ၍ “တရားနာအံ, အလှူလှူအံ့”ဟု ပြောဆိုသောသူတို့ကို တားမြစ်ပိတ်ပင်လျက် ဘုရားရှင်တို့၏ သာသနာ အဆုံးအမတော်ကို တားမြစ်ပိတ်ပင်လေ့ရှိ၏။ ထိုပုဂ္ဂိုလ်၏ တားမြစ်ပိတ်ပင်ခြင်းသည်လည်းကောင်း၊ ယုတ်မာသော အယူသည်လည်းကောင်း ဝါးသီးနှင့်တူလေ၏။ ဝါးပင်သည် အသီးသီးသည်ရှိသော် မိမိကိုယ်ကို သတ်ခြင်းငှာ သီးသကဲ့သို့ ထို့အတူ ထိုပုဂ္ဂိုလ်သည်လည်း မိမိကိုယ်ကို သတ်ခြင်းငှာသာလျှင် ယုတ်မာသောအယူ ဖြစ်လေ၏။ ထို့ကြောင့် ဤဂါထာကို မိန့်ဆိုအပ်သည်သာလျှင်တည်း။)
ဖလံ ဝေ ကဒလိံ ဟန္တိ၊ ဖလံ ဝေဠုံ ဖလံ နဠံ။
သက္ကာရော ကာပုရိသံ ဟန္တိ၊ ဂဗ္ဘော အဿတရိံ ယထာ။

ဖလံ၊ ငှက်ပျောသီးသည်။ ဝေ၊ စင်စစ်။ ကဒလိံ၊ ငှက်ပျောပင်ကို။ ဟန္တိ ယထာ၊ သတ်သကဲ့သို့လည်းကောင်း။ ဖလံ၊ ဝါးသီးသည်။ ဝေဠုံ၊ ဝါးပင်ကို။ ဟန္တိ ယထာ၊ သတ်သကဲ့သို့လည်းကောင်း။ ဖလံ၊ ကျူသီးသည်။ နဠံ၊ ကျူပင်ကို။ ဟန္တိ ယထာ၊ သတ်သကဲ့သို့လည်းကောင်း။ ဂဗ္ဘော၊ အဿတိုရ်မြင်းငယ် ကိုယ်ဝန်သည်။ အဿတရိံ၊ အမိအဿတိုရ် မြင်းမကို။ ဟန္တိ ယထာ၊ သတ်သကဲ့သို့လည်းကောင်း။ တထာ၊ ထို့အတူ။ သက္ကာရော၊ မိမိကိုမှီ၍ဖြစ်သော လာဘ်ပူဇော် သက္ကာရသည်ကား။ ကာပုရိသံ၊ ပညာမရှိသော ပုဂ္ဂိုလ်ကို။ ဟန္တိ၊ သတ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ဒါယိကာမသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ကာလမထေရ်ဝတ္ထုပြီး၏။