ကာလသူဌေးသား
သင်ခန်းစာ (၁၅) ကာလသူဌေးသား
ပြင်ဆင်ရန်မြတ်စွာဘုရားလက်ထက်တော်အခါက အနာထပိဏ်သူဌေးကြီးသည် မြတ်စွာဘုရား၏ တရား တော်ကို အမြဲမပြတ် နာယူလေ့ရှိ၏။ ရဟန်းသံဃာတော်များအားလည်း နေ့စဉ်နေ့တိုင်း ဆွမ်းကပ် လှူဒါန်း၏။ အနာထပိဏ်သူဌေးကြီးတွင် ကာလအမည်ရှိသော သားတစ်ယောက် ရှိသည်။ မောင်ကာလသည် ဖခင် အနာထပိဏ်သူဌေးကြီးကဲ့သို့ ဘာသာတရားကို ရိုသေကိုင်းရှိုင်းခြင်း မရှိပေ။ မြတ်စွာဘုရားရှင်၏ တရားတော်ကိုလည်း နာကြားရကောင်းမှန်း မသိပေ။ မြတ်စွာဘုရား အိမ်သို့ ကြွလာလျှင်လည်း ရှိခိုးဦးချလေ့မရှိ၊ အရိုအသေပေးလေ့ မရှိပေ။ ဖခင်၏ ဆုံးမစကားကိုလည်း နားမထောင်ဘဲ ပျော်ပါး သောက်စား၍သာ နေလေရာ ဖခင်အနာထပိဏ်သူဌေးကြီးလည်း သားကို ဆုံးမရန် နည်းလမ်းအမျိုးမျိုး ရှာကြံလျက် ရှိ၏။ တစ်နေ့တွင် အကြံတစ်ခု ရလာ၏။ ထို့ကြောင့် သားကိုခေါ်၍ “သား ... ဘုရားရှင် ရဲ့ကျောင်းတော်ကို သွားပြီး ဥပုသ်စောင့်မယ်ဆိုရင် မင်းကို တစ်နေ့အတွက် မုန့်ဖိုး အသပြာတစ်ရာ ပေးမယ်”ဟု ပြောလိုက်သည်။
မောင်ကာလလည်း မုန့်ဖိုးတစ်ရာ လိုချင်သည့်အတွက် ကျောင်းတော်သို့ သွား၍ ဥပုသ်စောင့် လေ၏။ ကျောင်းတော်တွင် အိပ်၍ အိမ်သို့ ပြန်လာကာ ဖခင်ထံမှ မုန့်ဖိုးတစ်ရာကို တောင်းယူသုံး ဖြုန်းပစ်၏။ ဤနည်းအတိုင်း ဆက်လက်ဖြစ်နေခဲ့ရာ ဖခင်အနာထပိဏ်သူဌေးကြီးအတွက်လည်း ငွေကုန်ရကျိုး မနပ်ခဲ့ပေ။ ထို့ကြောင့် ဖခင်ကြီးသည် နောက်တစ်မျိုး စဉ်းစားပြန်၏။
တစ်နေ့တွင် ဖခင်အနာထပိဏ်သူဌေးကြီးက “သား ... ဒီနေ့ မြတ်စွာဘုရား ကျောင်းတော်ကို သွားပြီး တရားတစ်ပုဒ် နာယူခဲ့ပါ၊ အဲဒီတရားကို ပြန်ပြောပြနိုင်ရင် မုန့်ဖိုး အသပြာတစ်ထောင် ပေးမယ်” ဟု ပြောလိုက်၏။
မောင်ကာလလည်း ဘုရားရှင်ထံ သွားရောက်ပြီး တရားတော်ကို မှတ်မိအောင် ဂရုတစိုက် နာယူ၏။ သို့သော် ရှေ့ကမှတ် နောက်ကမေ့ ဖြစ်နေ၏။ မောင်ကာလ၏ စိတ်အကြံကို သိတော်မူသော မြတ်စွာဘုရားရှင်ကလည်း ထိုကဲ့သို့ဖြစ်အောင် တန်ခိုးတော်ဖြင့် ပြုလုပ်ထား၏။ မောင်ကာလလည်း တရားတစ်ပုဒ်ကို မှတ်မိအောင် ကြိုးစား၍ နာယူစဉ်မှာပင် သောတာပန်အဖြစ်သို့ ရောက်ရှိသွား၏။ ထို့ကြောင့် အသပြာတစ်ထောင် လိုချင်စိတ် လုံးဝ မရှိတော့ပေ။
နောက်တစ်နေ့ နံနက်တွင် မောင်ကာလသည် မြတ်စွာဘုရားရှင်နှင့်အတူ အိမ်သို့ ပြန်လာခဲ့ ၏။ “ဖခင်သူဌေးကြီးက ဘုရားရှင်ရဲ့ရှေ့မှာ အသပြာတစ်ထောင်ကို သူ့အား မပေးပါစေနဲ့”ဟုလည်း လမ်းတစ်လျှောက်လုံး ဆုတောင်းလာခဲ့၏။
အနာထပိဏ်သူဌေးကြီးသည် မြတ်စွာဘုရားရှင်နှင့် သံဃာတော်တို့အား ဆွမ်းကပ်လှူဒါန်း၏။ မောင်ကာလကိုလည်း အာဟာရ ကျွေးမွေး၏။ ထို့နောက် သူဌေးကြီးက ဘုရားရှင်ရှေ့၌ပင် အသပြာ တစ်ထောင်ကို မောင်ကာလအား ပေးရာ မောင်ကာလလည်း အလွန်ရှက်သွား၏။ “အသပြာ မလိုချင် တော့ပါ”ဟုလည်း ငြင်းပယ်၏။ ဖခင်သူဌေးကြီးကလည်း အတင်းပေးနေပြန်၏။ မောင်ကာလလည်း ထပ်ကာထပ်ကာ ငြင်းပယ်၏။
ထိုအခါ အနာထပိဏ်သူဌေးကြီးသည် ယခင်နေ့များနှင့်မတူ တမူထူးခြားနေသော သူ့သား၏ အဖြစ်ကို မြတ်စွာဘုရားရှင်အား လျှောက်ထားလိုက်၏။ မြတ်စွာဘုရားရှင်က “သူဌေးကြီး ... ဒီနေ့ သင့်သားဟာ စကြဝတေးမင်းရဲ့ စည်းစိမ်ချမ်းသာ၊ နတ်မင်း၊ ဗြဟ္မာမင်းတို့ရဲ့ စည်းစိမ်ချမ်းသာထက် သာလွန်ထူးကဲတဲ့ သောတာပတ္တိဖိုလ်ချမ်းသာကို ရရှိခံစားနေရပြီ၊ ဒါ့ကြောင့် အသပြာတစ်ထောင်ကို မလိုချင်တော့တာ ဖြစ်တယ်”ဟု မိန့်တော်မူလိုက်လေသည်။
ထိုအချိန်မှစ၍ မောင်ကာလလည်း မြတ်စွာဘုရားကို အမြဲမပြတ် ကိုးကွယ်ဆည်းကပ်ပြီး မိဘ စကား နားထောင်ကာ လိမ်လိမ်မာမာ နေတော့မည်ဖြစ်ကြောင်း ဖခင်ကြီးအား ကတိပေးလေသည်။ ဖခင်အနာထပိဏ်သူဌေးကြီးလည်း လိမ္မာယဉ်ကျေးလာသော သားတော်မောင်ကာလအတွက် ပြောမ ပြနိုင်လောက်အောင် ပီတိဖြစ်နေပါတော့သည်။