ကာလိင်္ဂဗောဓိဇာတ်
တေရသကနိပါတ်
၆။ ကလိင်္ဂဗောဓိဇာတ်
ပရိဘောဂစေတီထိုက်သော မဟာဗောဓိပင်ကို ပူဇော်ခြင်းအကြောင်း
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ရာဇာကာလိင်္ဂေါစက္ကဝတ္တီ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကာလိင်္ဂဗောဓိဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်အာနန္ဒာမထေရ်သည် စိုက်အပ်သော မဟာဗောဓိပင်အား ပူဇော်ခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ ဝေနေယျတို့ကို သင်္ဂြိုဟ်ထောက်ပံ့တော်မူခြင်းငှါ သဗ္ဗညူ မြတ်စွာဘုရားသည် ဇနပုဒ်သို့ ဒေသစာရီ ကြွတော်မူသည်ရှိသော် သာဝတ္ထိပြည်၌ နေကုန်သောသူတို့သည် ပန်းနံ့သာအစရှိသည် လက်စွဲကုန်လျက် ဇေတဝန်ကျောင်းတော်သို့ သွားကုန်သည်ရှိသော် တပါးသော ပူဇော်ရာကိုမရ၍ ဂန္ဓကုဋိတော်တံခါး၌ ချ၍ သွားကုန်၏။ ထိုသူတို့သည် မြတ်သော ဝမ်းမြောက်ခြင်းရှိသည် မဖြစ်ကုန်။
ထိုအကြောင်းကိုသိ၍ အနာထပိဏ်သူဌေးသည် ဇေတဝန်ကျောင်းတော်သို့ လာသောအခါ အရှင်အာနန္ဒာမထေရ်၏ အထံသို့သွား၍ အရှင်အာနန္ဒာ ဤကျောင်းတော်သည် ဘုရားသခင် ဒေသစာရီ ကြွတော်မူသည်ရှိသော် အထောက်အပံ့မှ ကင်းသည်ဖြစ်၏။ လူတို့အား ပန်းနံ့သာ အစရှိသည်တို့ဖြင့် ပူဇော်အပ်သောအရာသည် မရှိပါခဲ့၊ အရှင်ဘုရား တောင်းပန်ပါ၏။ ဘုရား သခင်အား ဤအကြောင်းကို ကြားလျှောက်၍ တခုသော ပူဇော်အပ်သောအရာ ရိုသေရာ ရှိသည်၏အဖြစ်ကို သိတော်မူကုန်လော့ဟု လျှောက်၏။ အရှင်အာနန္ဒာမထေရ်သည် ကောင်းပြီဟု ဝန်ခံ၍ မြတ်စွာဘုရားကို လျှောက်၏။
ဘုန်းတော်ကြီးသော အရှင်ဘုရား စေတီသည် အဘယ်မျှရှိကုန်သနည်းဟု မေးလျောက်၏။ အာနန္ဒာ စေတီသည် သုံးပါးတို့တည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား အဘယ် သုံးပါးတို့နည်းဟု မေးလျှောက်၏။ အာနန္ဒာ စေတီတို့သည် သာရီရိကစေတီ, ပရိဘောဂစေတီ, ဥဒ္ဒိဿကစေတီဟူ၍ သုံးပါးတည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား - အရှင်ဘုရားတို့သည် ထင်ရှားရှိတော်မူစဉ် ထိုစေတီသုံးပါးတို့ကို ပြုခြင်းငှါ တတ်ကောင်းပါအံ့လောဟု နားတော်လျှောက်သည်ရှိသော် အာနန္ဒာ သာရီရိက စေတီကို ပြုခြင်းငှါ မတတ်ကောင်း၊ ထိုစကားသည် မှန်၏။ ထိုသာရီရိကစေတီကို ဘုရားတို့ ပရိနိဗ္ဗာန်ပြုပြီးသော ကာလ၌သာ ပြုခြင်းငှါ တတ်ကောင်း၏။ ပရိဘောဂစေတီ, ဥဒ္ဒိဿကစေတီတို့ကိုကား ဘုရားတို့ ထင်ရှားရှိစဉ်ပင်လျှင် ပြုခြင်းငှါ တတ်ကောင်း၏။ ဘုရားတို့ အသုံးအဆောင်တော်ဖြစ်သော မဟာဗောဓိပင်သည် ဘုရားတို့ ထင်ရှားရှိကုန်သော်လည်း စေတီသာလျှင်တည်းဟု မိန့်တော်မူ၍ အရှင်ဘုရား အရှင်ဘုရားတို့သည် ဒေသစာရီ ကြွတော်မူသည်ရှိသော် ဇေတဝန် ကျောင်းတော်သည် ကိုးကွယ်ရာမရှိသည်ဖြစ်၍ လူများသည် ပူဇော်အပ်သောအရာကို မရပါ။ မဟာဗောဓိပင်မှ မျိုးစေ့ကိုယူ၍ ဇေတဝန် ကျောင်းတော်တံခါး၌ စိုက်ပါအံ့ဟု လျှောက်သည်ရှိသော် အာနန္ဒာ ကောင်းပြီ စိုက်လော့၊ ဤသို့ စိုက်သည်ရှိသော် ဇေတဝန် ကျောင်းတော်၌ ငါဘုရားအမြဲနေသကဲ့သို့ ဖြစ်လတ္တံ့ဟု မိန့်တော်မူ၏။
အရှင်အာနန္ဒာမထေရ်သည် အနာထပိဏ်သူဌေး, ဝိသာခါ ဒါယိကာမ, ကောသလမင်းကြီးတို့အား ကြား၏။ ဇေတဝန်ကျောင်းတံခါး၌ ဗောဓိပင်စိုက်အံ့သောအရပ်၌ တွင်းကိုတူးစေ၍ အရှင်မဟာမောဂ္ဂလာန်မထေရ်ကို ဆို၏။ အရှင်ဘုရား အကျွန်ုပ်သည် ဇေတဝန် ကျောင်းတော် တံခါး၌ ဗောဓိပင်ကို စိုက်ပါစေအံ့၊ မဟာဗောဓိပင်မှ ဗောဓိသီးမှည့်ကိုဆောင်၍ အကျွန်ုပ်အား ပေးတော်မူပါလော့ဟု ဆို၏။ အရှင်မဟာမောဂ္ဂလာန်မထေရ်သည် ကောင်းပြီဟု ဝန်ခံ၍ ကောင်းကင်ခရီးဖြင့် မဟာဗောဓိသို့ ကြွတော်မူပြီးလျှင် အညှာမှကြွေသော ဗောဓိသီးမှည့်ကို မြေသို့မကျမီ သင်္ကန်းတော်ဖြင့် ခံယူပြီးလျှင် အာနန္ဒာမထေရ်အား ပေးတော်မူ၏။
အရှင်အာနန္ဒာမထေရ်သည် ယနေ့ ဗောဓိပင်ကို စိုက်အံ့ဟု ကောသလမင်းကြီး အစရှိသောသူတို့အား ကြားတော်မူ၏။ ကောသလမင်းကြီးသည် ညချမ်းအခါ များသောအခြံအရံဖြင့် အလုံးစုံသော အဆောက်အဦတို့ကို ယူ၍ လာ၏။ ထိုကောသလမင်းကြီးနှင့် အနာထပိဏ်သူဌေး, ဝိသာခါ ဒါယိကာမတို့သည်၎င်း အလုံးစုံသော လူများတို့သည်၎င်း လာ၏။ အရှင်အာနန္ဒာမထေရ်သည် မဟာဗောဓိပင်စိုက်ရာအရပ်၌ ကြီးစွာသော ရွှေခွက်ကိုထား၍ အောက်၌ ဖောက်စေပြီးလျှင် နံ့သာညွန်ဖြင့် ပြည့်စေ၍ မြတ်သောမင်းကြီး ဤဗောဓိသီးမှည့်ကို စိုက်လော့ဟု ကောသလမင်းကြီးအား ပေးတော်မူ၏။
ထိုကောသလ မင်းကြီးသည် ကြံ၏။ မင်းအဖြစ်မည်သည်ကား အခါခပ်သိမ်း ငါတို့အား မတည်၊ ဤဗောဓိပင်ကို အနာထပိဏ်သူဌေးကို စိုက်စေခြင်းငှါ သင့်၏ဟု ကြံ၏။ ကြံပြီးလျှင် ထိုဗောဓိသီးမှည့်ကို မဟာအနာထိဏ်သူဌေးလက်၌ထား၏။ အနာထပိဏ် သူဌေးသည် နံ့သာညွန်ကိုယက်၍ နံ့သာညွန်၌ ချ၏။ ထိုဗောဓိသီးမှည့်သည် လက်မှလွတ်ကာမျှ၌ အလုံးစုံသောလူတို့သည် မြင်ကုန်စဉ်လျင် ထွန်တုံးပမာဏရှိသော ဗောဓိပင်စည်သည် အတောင်ငါးဆယ် ရှိသည်ဖြစ်၍ ပေါက်၏။ လေးမျက်နှာတို့၌၎င်း, အထက်၌၎င်း ခက်မငါးဖြာတို့သည် အတောင်ငါးဆယ်စီ ရှိသည်ဖြစ်၍ ထွက်ကုန်၏။ ဤသို့လျှင် ထိုဗောဓိပင်သည် ထိုခဏ၌ သစ်ပင်မင်းကဲ့သို့ ဖြစ်၍တည်၏။ ကောသလမင်းကြီးသည် တဆယ့်ရှစ်လုံးကုန်သော ကြာညိုလက်တို့ဖြင့် တန်ဆာဆင်အပ်ကုန်သော ရွှေအိုး ငွေအိုးတို့ကို နံ့သာရေဖြင့် ပြည့်စေပြီးလျှင် မဟာဗောဓိကို ခြံရံ၍ ရေပြည့်အိုးတို့ကို အစဉ်အတိုင်းထား၏။ ရတနာခုနစ်ပါးဖြင့်ပြီးသော ပွတ်တိုင်တို့ကို ပြုစေ၏။ ရွှေနှင့်ရောသော သဲကို ကြဲ၏။ တံတိုင်းအရံကို ပြုစေ၏။ ရတနာခုနစ်ပါးဖြင့် ပြီးသော တံခါးမုတ်ကို ပြုစေ၏။ များစွာသော ပူဇော် သက္ကာရသည် ဖြစ်၏။
အရှင်အာနန္ဒာ မထေရ်သည် မြတ်စွာဘုရားသို့ ကပ်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား အရှင်ဘုရားတို့သည် မဟာဗောဓိပင်ရင်း၌ ဝင်စားတော်မူသော သမာပတ်ကို အကျွန်ုပ်စိုကျသော ဗောဓိပင်ရင်း၌ နေတော်မူ၍ လူများ၏ အစီးအပွားအကျိုးငှါ ဝင်စားတော် မူပါကုန်လော့ဟု လျှောက်၏။ အာနန္ဒာ အသို့ဆိုသနည်း၊ ငါသည် မဟာဗောဓိပင်ရင်း၌ ဝင်စားတော်မူသော သမာပတ်ကို ဝင်စား၍ နေတော်မူသည်ရှိသော် တပါးသောအရပ်သည် ဆောင်ခြင်းငှါ မတတ်နိုင်ရာဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား လူများ၏ စီးပွားချမ်းသာအကျိုးငှါ ဤမြေအရပ်၏ မြဲသော အမှတ်ရှိသော သမာပတ်ချမ်းသာဖြင့် ထိုဗောဓိပင်ရင်းကို သုံးဆောင်တော် မူပါကုန်ဟု လျှောက်၏။ မြတ်စွာဘုရားသည် တညဉ့်ပတ်လုံး သမာပတ်ချမ်းသာကို သုံးဆောင်တော်မူ၏။ အရှင်အာနန္ဒာမထေရ်သည် ကောသလမင်းကြီး အစရှိသောသူတို့ကို ကြား၍ ဗောဓိပူဇော်ပွဲ မည်သည်ကို ပြု၏။ ထိုဗောဓိပင်သည်လည်း အရှင်အာနန္ဒာမထေရ်သည် စိုက်အပ်သည်၏ အဖြစ်ကြောင့် အာနန္ဒာဗောဓိဟူ၍သာလျင် ထင်ရှား၏။
ထိုအခါ တရားသဘင်၌ စကားကို ဖြစ်စေကုန်၏။ ငါ့သျှင်တို့ အရှင်အာနန္ဒာမထေရ်သည် ဘုရားသခင်ကိုယ်တော်ထင်ရှားရှိတော်မူစဉ်လျှင် ဗောဓိပင်ကိုစိုက်စေ၍ များစွာသော ပူဇော်ခြင်းကို ပြုစေ၏။ အရှင်အာနန္ဒာ မထေရ်သည် ကျေးဇူးကြီးပေစွဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ သာလျှင် အာနန္ဒာသည် ဗောဓိပင်အား ပူဇော်ခြင်းကို ပြုစေသည်မဟုတ်သေး၊ ရှေး၌လည်း အာနန္ဒာသည် ကျွန်းငယ်အရံနှင့်တကွ ကျွန်းကြီးလေးကျွန်းတို့၌ လူတို့ကိုယူ၍ များစွာသော ပန်းနံ့သာစသည်တို့ကို ဆောင်၍ မဟာဗောဓိမဏ္ဍိုင်၌ ဗောဓိအား ပူဇော်ခြင်းကို ပြုစေဘူးသည်သာတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ကလိင်္ဂတိုင်း ဒန္တပူရမြို့၌ ကာလိင်္ဂမည်သောမင်းသည် မင်းပြု၏။ ထိုကာလိင်္ဂမင်းအား မဟာကာလိင်္ဂ, စူဠကာလိင်္ဂဟူ၍ သားနှစ်ယောက်တို့သည် ရှိကုန်၏။ နိမိတ်ဘတ်တတ်ကုန်သော သူတို့သည် သားတော်အကြီး မဟာကာလိင်္ဂမင်းသည် ခမည်းတော်လွန်သဖြင့် မင်းဖြစ်လတ္တံ့၊ သားတော်အငယ် စူဠကာလိင်္ဂ မင်းသားသည် ရသေ့ရဟန်းပြု၍ ဆွမ်းခံ၍ ကျင့်လတ္တံ့၊ ထိုစူဠကာလိင်္ဂ မင်းသား၏ သားတော်သည်ကား စကြဝတေးမင်း ဖြစ်လတ္တံ့ဟု ဘတ်ကုန်၏။ နောက်အဘို့၌ သားတော်အကြီး မဟာကာလိင်္ဂမင်းသည် ခမည်းတော်လွန်လျှင် မင်းဖြစ်တော်မူ၏။ ညီတော် စူဠကာလိင်္ဂ မင်းသားကို အိမ်ရှေ့နှင်းတော်မူ၏။ ထိုအိမ်ရှေ့မင်းသည် အကြင် ငါ့သားသည်ရှိ၏။ ထိုငါ့သားသည် စကြဝတေးမင်းဖြစ်လတ္တံ့သတတ်ဟု သားကိုမှီ၍ ခိုက်ရန်ကိုပြု၍ နောင်တော် မဟာကာလိင်္ဂ မင်းကြီးသည် မကြည်ညိုသည်ဖြစ်၍ ညီတော် စူဠကာလိင်္ဂမင်းသားကို ဘမ်းလေဟု တယောက်သော သူလျှိုကို စေတော်မူ၏။
ထိုသူလျှိုသည်သွား၍ အရှင်မင်းသား အရှင့်နောင်တော် မင်းကြီးသည် အရှင်မင်းသားကို ဘမ်းလို၏။ အရှင်မင်းသား၏ အသက်ကို စောင့်ရှောက်တော်မူလော့ဟု လျှောက်၏။ ထိုညီတော် အိမ်ရှေ့မင်းသည် မိမိတံဆိပ်ခတ်သော လက်စွပ်တော်ကို၎င်း, သိမ်မွေ့နူးညံ့သော ကမ္ဗလာကို၎င်း, သန်လျက်ကို၎င်း ဤသုံးပါးသော ဥစ္စာလက်နက်တို့ကို မိမိအကျိုးစီးပွားကို ကြဉ်းဆောင်သော အမတ်အား ပြ၍ ဤအမှတ်ဖြင့် ငါ့သားတော်အား မင်းအဖြစ်ကို ပေးကြလေကုန်ဟု မှာထားခဲ့ပြီးလျှင် တောသို့ဝင်၍ မွေ့လျော်ဘွယ်ရှိသော မြေအဘို့၌ ကျောင်းဆောက်၍ ရသေ့ရဟန်းပြုသဖြင့် မြစ်နား၌ နေ၏။
မဒ္ဒရာဇ်တိုင်း သာဂလမြို့၌ မဒ္ဒရာဇ်မင်း၏ မိဖုယားကြီးသည် သမီးတော်ကို ဖွား၏။ ထိုမင်းသမီးကို နိမိတ်ဘတ်တတ်ကုန်သော လူတို့သည် ဤမင်းသမီးသည် ဆွမ်းခံ၍ အသက်မွေးလတ္တံ့၊ ထိုမင်းသမီး၏ သားသည်ကား စကြဝတေးမင်း ဖြစ်လတ္တံ့ဟု ဘတ်ကုန်၏။ ဇမ္ဗူဒိပ်ကျွန်းအလုံး၌ မင်းတို့သည် ထိုအကြောင်းကို ကြားကုန်လျှင် တပြိုင်နက် လာကုန်၍ သာဂလမြိုကို ဝန်းရံကုန်၏။ မဒ္ဒရာဇ်မင်းသည် ကြံ၏။ အကယ်၍ ငါသည် တယောက်သောမင်းအား ပေးအံ့၊ ကြွင်းကုန်သော မင်းတို့သည် အမျက်ထွက်ကုန်လတ္တံ့၊ ထို့ကြောင့် ငါ့သမီးကို စောင့်ရှောက်အံ့ဟု ကြံ၏။ ကြံပြီးလျှင် သမီးတော်ကို၎င်း, မိဖုယားကြီးကို၎င်း၊ ယူ၍ မထင်ရှားသော အသွင်ဖြင့်ပြေး၍ တောသို့ဝင်ပြီးလျှင် စူဠကာလိင်္ဂ မင်းသား၏ကျောင်းမှ အထက်အဘို့၌ ကျောင်းဆောက်၍ ရသေ့ရဟန်း ပြုပြီးလျှင် ဆွမ်းခံသဖြင့် အသက်မွေးခြင်းကို ပြုလျက် ထိုကျောင်း၌ နေ၏။
မယ်တော် ခမည်းတော်တို့သည် သမီးတော်ကို စောင့်ရှောက်ကုန်အံ့ဟု ထိုသမီးတော်ကို ကျောင်း၌ထား၍ သစ်သီးကြီးငယ်အလို့ငှါ သွားကုန်၏။ ထိုသမီးတော်သည် မယ်တော် ခမည်းတော်တို့ တောသို့သွားသောအခါ အထူးထူးသော ပန်းတို့ကိုယူ၍ ပန်းကုံးပြီးလျှင် ဂင်္ဂါမြစ်နား၌ စောင်းတန်းအစဉ်ကဲ့သို့ထား၏။ စောင်းတန်း အစဉ်ကဲ့သို့ ကောင်းစွာပွင့်သော သရက်တပင်သည် ရှိ၏။ ထိုသရက်ပင်သို့တက်၍ ကစားပြီးလျှင် ပန်းကုံးကို ရေ၌ချ၏။ ထိုပန်းကုံးသည် တနေ့သောအခါ မျော၍ ဂင်္ဂါ၌ရေချိုးသော စူဠကာလိင်္ဂမင်းသား၏ ဦးခေါင်း၌ငြိ၏။ ထိုစူဠကာလိင်္ဂမင်းသားသည် ထိုပန်းကုံးကိုကြည့်၍ ဤပန်းကုံးသည် ပျိုမျစ်နုနယ်သော သတို့သမီးဖြစ်သော တယောက်သော မိန်းမသည် သီကုံးသော ပန်းကုံးတည်း၊ မိန်းမအို သီကုံးသော ပန်းကုံးမဟုတ်၊ ပျိုမျစ်နုနယ်သော မိန်းမငယ်ကို စုံစမ်းအံ့ဟု ကိလေသာ၏အစွမ်းဖြင့် ဂင်္ဂါမြစ်ညာသို့သွား၍ သရက်ပင်၌နေလျက် သာယာစွာသောအသံဖြင့် သီချင်းသီသော မင်းသမီးအသံကိုကြား၍ သရက်ပင်ရင်းသို့ သွားသဖြင့် မင်းသမီးကိုမြင်၍ အမိ သင်သည် အဘယ်အမည်ရှိသနည်းဟု မေး၏။ အရှင်အကျွန်ုပ်သည် လူမိန်းမတည်းဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား ဆင်းလော့ဟုဆို၏။ အရှင်မဆင်းနိုင်ပါ၊ အကျွန်ုပ်သည် မင်းသမီးတည်းဟု ဆိုသည်ရှိသော် အမိ ငါသည်လည်း မင်းသားပင်တည်း၊ ဆင်းလော့ဟု ဆိုသည်ရှိသော် အရှင့်သား စကားဖြင့် မင်း မဖြစ်ရာ၊ အကယ်၍ မင်းဖြစ်အံ့၊ မင်း၏မာယာကို ဆိုကုန်အံ့ဟု နှစ်ယောက်ကုန်သော သူတို့သည် အချင်းချင်း မင်း၏ မာယာကို ဆိုကုန်၏။ မင်းသမီးသည် သရက်ပင်မှ ဆင်း၏။ ဆင်းပြီး၍ ထိုနှစ်ယောက်သော သူတို့သည် အချင်းချင်း လွန်ကျူးသောအကျင့်ကို ကျင့်ကုန်၏။
ထိုမင်းသမီးသည် မယ်တော် ခမည်းတော်တို့ တောမှ လာကုန်လတ်သော် ထိုမင်းသား၏ ကာလိင်္ဂမင်း၏ သားတော်အဖြစ်ကို၎င်း, တောသို့ဝင်လာသော အကြောင်းကို၎င်း အကျယ်အားဖြင့် မယ်တော် ခမည်းတော်တို့အား ကြားလျှောက်လေ၏။ မယ်တော် ခမည်းတော်တို့သည် ကောင်းပြီဟု ဝန်ခံ၍ ထိုသမီးတော်ကို ကာလိင်္ဂမင်းသားအား ပေးကုန်၏။ ထိုနှစ်ယောက်ကုန်သော သူတို့သည် ချစ်သောနေခြင်းဖြင့် နေကုန်စဉ် မင်းသမီးသည် ကိုယ်ဝန်ရ၍ ဆယ်လလွန်သဖြင့် ဘုန်းပညာ လက္ခဏာနှင့် ပြည့်စုံသော သားတော်ကို ဖွား၏။ ထိုသားတော်ကို ကာလိင်္ဂမင်းသားဟူသော အမည်ကို မှည့်ကုန်၏။ ထိုမင်းသားသည် အရွယ်သို့ရောက်လျှင် ခမည်းတော် ဘိုးတော်တို့၏အထံ၌ အလုံးစုံသော အတတ်တို့ကိုသင်၍ အပြီးသို့ ရောက်၏။
ထိုအခါ ခမည်းတော် စူဠကာလိင်္ဂမင်းသည် နက္ခတ်အယှဉ်၏ အစွမ်းဖြင့် နောင်တော် မဟာကာလိင်္ဂမင်းကြီး နတ်ရွာစံသော အဖြစ်ကိုသိ၍ ချစ်သား သင်ချစ်သားသည် တော၌မနေလင့်၊ မောင့်ဘကြီးတော် မဟာကာလိင်္ဂမင်းကြီးသည် နတ်ရွာလားပြီ၊ သင်ချစ်သားသည် ဒန္တပူရပြည်သို့သွား၍ အဖအမွေဖြစ်သော မိမိပြည်ကို ယူချေလော့ဟုဆို၍ မိမိသည်ဆောင်ခဲ့သော လက်စွပ်ကို၎င်း, ကမ္ဗလာကို၎င်း, သန်လျက်ကို၎င်း ပေး၍ ချစ်သား ဒန္တပူရပြည်ဝယ် ဤမည်သောလမ်းခရီး၌ ငါတို့၏ အကျိုးစီးပွားကိုကျင့်သော အမတ်သည် ရှိ၏။ ထိုအမတ်၏အိမ်ဝယ် အိပ်ရာလယ်၌သက်၍ ဤသုံးပါးသော ရတနာတို့ကို ထို အမတ်အားပြ၍ ငါ့သားအဖြစ်ကို ကြားပါလေလော့၊ ထိုအမတ်သည် သင်ချစ်သားကို မင်းအဖြစ်၌ တည်စေလတ္တံ့ဟု မှာ၍ လွှတ်လိုက်၏။
ထိုမင်းသားသည် မယ်တော် ခမည်းတော် ဘိုးတော် ဘွားတော်တို့ကို ရှိခိုး၍ ကောင်းမှုကြောင့်ဖြစ်သော ကြီးစွာသောတန်ခိုးဖြင့် ကောင်းကင်ခရီးဖြင့် သွား၍ ထိုအမတ်၏ အိပ်ရာအပြင်၌လျှင် ဆင်းသက်၍ သင်သည် အဘယ်သူနည်းဟု မေးသည်ရှိသော် စူဠကာလိင်္ဂမင်းသား၏ သားတော်တည်းဟု ကြား၍ ထိုသုံးပါးသော ရတနာတို့ကိုပြ၏။ အမတ်သည် မင်းပရိသတ်အား ကြား၏။ မှူးမတ်တို့သည် မြို့ကို တန်ဆာဆင်စေပြီးလျှင် ထိုကာလိင်္ဂ မင်းသားအား ထီးဖြူကို ဆောင်နှင်းကြကုန်၏။ ထိုအခါ ထိုမင်းသားအား ကာလိင်္ဂဘာရဒွါဇ အမည်ရှိသော ပုဏ္ဏားသည် ထိုကာလိင်္ဂ မင်းအား စကြာမင်းတို့၏ ကျင့်ဝတ်ကိုကြား၏။ ထိုမင်းသည် ထိုစကြာမင်းတို့၏ ကျင့်ဝတ်ကို ပြည့်စုံစေ၏။ ထိုအခါ မင်းအား တဆယ့်ငါးရက်မြောက်သော ဥပုသ်နေ့၌ စကြာအိုင်မှ စကြာရတနာသည် ရောက်လာ၏။ ဥပေါသထ ဆင်မျိုးမှ ဆင်ဖြူရတနာသည် ရောက်လာ၏။ ဝလာဟကမှ မြင်းရတနာသည် ရောက်၏။ ဝေပုလ္လတောင်မှ ပတ္တမြား ရတနာသည် ရောက်၏။ မြောက်ကျွန်းမှ မိဖုယားရတနာသည် ရောက်၏။ သူဌေးကြီးရတနာ, သားကြီးရတနာတို့သည် ထင်ရှားဖြစ်ကုန်၏။
ထိုမင်းသည် အလုံးစုံသော စကြဝဠာတိုက်၌ မင်းအဖြစ်ကို ယူပြီးလျှင် တနေ့သ၌ သုံးဆယ့်ခြောက်ယူဇနာရှိသော ပရိသတ်ဖြင့် ခြံရံလျက် ကိုယ်လုံးဖြူသော ကေလာသတောင်ထွဋ်နှင့် တူသော ရတနာဆင်ဖြူတော်ကို စီးတော်မူပြီး၍ ကြီးစွာသော ကြက်သရေ၏ တင့်တယ်စံပယ်ခြင်းဖြင့် မယ်တော် ခမည်းတော်တို့၏ အထံသို့ သွားတော်မူ၏။ ထိုသို့ သွားသောအခါ ခပ်သိမ်းကုန်သော ဘုရားရှင်တို့၏ မာရ်ငါးပါးကို အောင်တော်မူရာ ရတနာပလ္လင်တော်ဖြစ်သော မြေ၏ ချက်မအချာ မဟာဗောဓိမဏ္ဍိုင်၏ အထက်အဘို့၌ ထိုမင်း၏ ရတနာဆင်ဖြူတော်သည် သွားခြင်းငှာ မဝံ့၊ မင်းသည် အဖန်တလဲလဲ နှင်တော်မူ၏။ ရတနာ ဆင်ဖြူသည်လည်း မသွားဝံ့သည်သာတည်း။
ထိုအကြောင်းကို ထင်စွာပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-
အဂမာသိ ဗောဓိသမီပံ၊ နာဂေန မဟာနုဘာဝေန။
ဟူသော ရှေးဦးစွာသော ဤဂါထာကို ဟောတော်မူ၏။
၆၇။ ဘိက္ခဝေ၊ ရဟန်းတို့။ ကာလိင်္ဂေါ၊ ကာလိင်္ဂအမည်ရှိသော။ စက္ကဝတ္တီ ရာဇာ၊ စကြာမင်းသည်။ ဓမ္မေန၊ တရားနှင့်အညီ။ ပထဝိံ၊ မြေကို။ အနုသာသိ၊ ဆုံးမ၏။ မဟာနုဘာဝေန၊ တန်ခိုးကြီးသော။ နာဂေန၊ ရတနာဆင်ဖြူဖြင့်။ ဗောဓိသမီပံ၊ ဗောဓိမဏ္ဍိုင်အနီးသို့။ အာဂမာသိ၊ ရောက်လေ၏။
ထိုအခါ ကာလိင်္ဂစကြာမင်း၏ ပုရောဟိတ်သည် မင်းနှင့်တကွ သွားသည်ဖြစ်၍ ကောင်းကင်၌ ပိတ်ပင်ခြင်းမည်သည် မရှိ၊ အဘယ့်ကြောင့် အရှင်မင်းကြီးသည် ရတနာဆင်ဖြူတော်ကို နှင်ခြင်းငှာ မတတ်နိုင်လေသနည်း၊ စုံစမ်းအံ့ဟု ကောင်းကင်မှသက်လျှင် ခပ်သိမ်းကုန်သော ဘုရားရှင်တို့၏ မာရ်ငါးပါးကို အောင်မြင်တော်မူရာ ရတနာပလ္လင်ဖြစ်သော မြေတို့၏ အချက်အချာဖြစ်သော မြေအဘို့ကို မြင်၏။ ထိုဗောဓိမဏ္ဍိုင်ရာဝယ် ရှစ်မင်းပယ်စားရှိသောအရပ်၌ မုတ်ဆိတ်ဆံမျှသော မြက်သည်လည်း မရှိသတတ်၊ ငွေအဆင်းနှင့်တူသော သဲတို့ဖြင့် ကြဲအပ်ကုန်၏။ ထက်ဝန်းကျင်မှ မြက်နွယ် တောစိုးသစ်ပင်ကြီးတို့သည် ဗောဓိမဏ္ဍိုင်သို့ လကျ်ာရစ်လှည့်သဖြင့် လည်၍ ဗောဓိမဏ္ဍိုင်သို့ ရှေးရှူလျက် တည်ကုန်၏။ ပုရောဟိတ်ပုဏ္ဏားသည် ထိုအရပ်ကို ကြည့်ရှုပြီး၍ ဤမြေအရပ်သည် ခပ်သိမ်းကုန်သော ဘုရားရှင်တို့၏ အလုံးစုံသော ကိလေသာတို့ကို ပယ်ဖျက်တော်မူရာတည်း၊ ဤမြေအရပ်၏ အထက်အဘို့၌ သိကြားအစရှိကုန်သော သူတို့သည်လည်း သွားခြင်းငှါ မတတ်ကောင်းဟု ကြံ၍ မင်း၏အထံသို့ သွားပြီးလျှင် ဗောဓိမဏ္ဍိုင်၏ ကျေးဇူးကိုကြား၍ မင်းကို ရတနာဆင်တော်မှ သက်တော်မူလော့ဟု ကြားလျှောက်၏။
ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော မြတ်စွာဘုရားသည်-
ရာဇာနံ ကာလိင်္ဂံ သမဏကောလညံ။
စက္ကံ ဝတ္တယတော ပရိဂ္ဂဟေတွာ၊
အဉ္စလီ ဣဒမဝေါစ။
ဣဓ အနဓိဝရာ ဗုဒ္ဓါ၊ အဘိသမ္ဗုဒ္ဓါ ဝိရောစန္တိ။
တိဏလတာ အသ္မိံ ဘူမိဘာဂသ္မိံ။
ပထဝိယာ နာဘိယံ မဏ္ဍောဖ
ဣတိ နော သုတံ မန္တေ မဟာရာဇ။
ပထဝိယာယံ မဏ္ဍော စ၊ ဩရောဟိတွာ နမော ကရောဟိ။
ဧတ္တာဝတာ ပဒေသန္တေ၊ နာဂါ နေဝ မုပယန္တိ။
ဧတ္တာဝတာ ပဒေသော စ၊ န သက္ကာ နာဂေန မုပဂန္တုံ။
ဝေယျဉ္ဇနိကဝစော နိသာမေတွာ။
သံပေသေသိ နာဂံ ဉဿာမ၊
မယံ ယထိမဿိဒံ ဝစနံ။
ကောဉ္ဇောဝ အဘိနဒိတွာန။
ပဋိဩသက္ကိတွာ နိသီဒိ၊
ဂရုံ ဘာရံဝ အသဟမာနော။
ဟူသော ဤရှစ်ဂါထာတို့ကို ဟောတော်မူ၏။
၆၈။ ဘိက္ခဝေ၊ ရဟန်းတို့။ ဘာရဒွါဇော၊ ဘာရဒွါဇ အနွယ်ဖြစ်သော။ ကလိင်္ဂေါ၊ ကာလိင်္ဂမင်း ပုရောဟိတ်သည်။ သမဏကောလညံ၊ ရသေ့ရဟန်း၏ သားဖြစ်သော။ စက္ကံဝတ္တယတော၊ စကြာရတနာကို လည်စေတတ်သော။ ကာလိင်္ဂံ ရာဇာနံ၊ ကာလိင်္ဂမင်းကို။ ပရိဂ္ဂဟေတွာ၊ စုံစမ်းပြီး၍။ အဉ္စလီ၊ လက်အုပ်ချီလျက်။ ဣဒံ၊ ဤစကားကို။ အဝေါစ၊ လျှောက်၏။
၆၉။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ပစ္စာရောဟ၊ သက်တော်မူလော့။ ယထာ၊ အကြင်အခြင်းဖြင့်။ ဘူမိဘာဂေါ၊ မြေအဘို့ကို။ သမဏုဂ္ဂတော၊ ခပ်သိမ်းကုန်သော ဘုရားရှင်တို့သည် ချီးမွမ်းအပ်၏။ ဣဓ၊ ဤမြေအရပ်၌။ အနဓိဝရာ၊ အတုမရှိကုန်သော။ အဘိသမ္ဗုဒ္ဓါ၊ သစ္စာလေးပါး တရားကို သိတော်မူကုန်သော။ ဗုဒ္ဓါ၊ ဘုရားရှင်တို့သည်။ ဝိရောစန္တိ၊ တင့်တယ်ကုန်၏။
၇၀။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တိဏလတာ၊ မြက်နွယ်တို့သည်။ အသ္မိံ ဘူမိဘာဂသ္မိံ၊ ဤမြအရပ်၌။ ပဒက္ခိဏတော၊ လက်ျာရစ်အားဖြင့်။ အာဝဋ္ဋာ၊ လည်ကုန်၏။ အယံ၊ ဤအရပ်သည်။ ပထဝိယာ၊ မြေ၏။ နာဘိ၊ ချက်မတည်း။ မဏ္ဍော၊ သဗ္ဗညုတဉာဏ်တော်၏ ကြည်လင်ရာတည်း။ ဣတိ၊ ဤသို့။ နော၊ အကျွန်ုပ်တို့သည်။ မန္တေ၊ ဗေဒင်ကျမ်း၌။ သုတံ၊ ကြားအပ်၏။
၇၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သာဂရပရိယန္တာယ၊ သမုဒြာအဆုံးရှိသော။ မေဒနိယာ၊ မြေဆီမြေလွှာ မြေဩဇာတို့၏ တည်ရာဖြစ်သော။ သဗ္ဗဘူတဓရဏိယာ၊ အလုံးစုံသော သတ္တဝါတို့ကို ဆောင်နိုင်သော။ ပထဝိယာ၊ မြေ၌။ အယံ၊ ဤအရပ်သည်။ မဏ္ဍော၊ သဗ္ဗညုတ ဉာဏ်တော်၏ ကြည်လင်ရာတည်း။ ဩရောဟိတွာ၊ သက်တော်မူ၍။ နမော၊ ရှိခိုးခြင်းကို။ ကရောဟိ၊ ပြုတော်မူလော့။
၇၂။ ကုဉ္ဇရာ၊ ဆင်မျိုးရှစ်ပါးတို့ကို။ အဘိဇာတာ၊ လွန်၍ ဥပေါသထဆင်မျိုး၌ ဖြစ်ကုန်သော။ ယေတေ နာဂါ၊ အကြင်ဆင်တို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဧတ္တာဝတာ ပဒေသံ၊ ဤမျှသော အရပ်ကို။ တေ နာဂါ၊ ထိုဆင်တို့သည်။ နေဝ ဥပယန္တိ၊ မကပ်နိုင်ကုန်။
၇၃။ အဘိဇာတော၊ ဆင်မျိုးရှစ်ပါးကို လွန်၍ ဖြစ်သော။ နာဂေါ၊ ဆင်တော်သည်။ အတ္ထိ၊ ရှိ၏။ ကာမံ၊ စင်စစ်။ ဒန္တိံ၊ အစွယ်ရှိသော။ ကုဉ္ဇရံ၊ ရတနာ ဆင်မြတ်ကို။ ပေသေသိ၊ နှင်အံ့။ ဧတ္တာဝတာ ပဒေသော စ၊ ဤမျှသော အရပ်ကိုလည်း။ နာဂေန၊ ရတနာ ဆင်ဖြူတော်သည်။ ဥပဂန္တုံ၊ ကပ်ခြင်းငှာ။ န သက္ကာ၊ မတတ်နိုင်ရာ။
၇၄။ ဘိက္ခဝေ၊ ရဟန်းတို့။ တံ၊ ထိုစကားကို။ သုတွာ၊ ကြား၍။ ကာလိင်္ဂေါ ရာဇာ၊ ကာလိင်္ဂမင်းသည်။ ဝေယျဉ္ဇနိကဝစော၊ သဒ္ဒါတတ်သောသူ၏ စကားကို။ နိသာမေတွာ၊ စုံစမ်းစေ၍။ ယထာ၊ အကြင်အခြင်းဖြင့်။ ဣဒံ ဝစနံ၊ ဤစကားကို။ မယံ၊ ငါတို့သည်။ ဉဿာမ၊ သိကုန်အံ့။ တထာ၊ ထိုအခြင်းဖြင့်။ နာဂံ၊ ဆင်တော်ကို။ သံပေသေသိ၊ ပြင်းစွာနှင်၏။
၇၅။ ရညာ၊ မင်းသည်။ သံပေသိတော၊ ပြင်းစွာ နှင်အပ်သော။ နာဂေါ၊ ဆင်တတ်သည်။ ကောဉ္ဇော ဣဝ၊ ကြိုးကြာသံကဲ့ဘို။ အဘိနဒိတွာ၊ ပြင်းစွာမြည်၍။ ဂရုံ ဘာရံ၊ လေးစွာသောဝန်ကို။ အသဟမာနောဝ၊ သည်းမခံနိုင်သကဲ့သို့။ ပဋိဩသက္ကိတွာ၊ ဆုတ်နစ်၍။ နိသီဒိ၊ နေ၏။
ထိုမင်းသည် အဖန်တလဲလဲ ဝဇီရစိန်ချွန်းဖြင့် ပေါက်သည်ရှိသော် ဝေဒနာကို သည်းမခံနိုင်သည်ဖြစ်၍ ရတနာဆင်ဖြူတော်သည် သေ၏။ မင်းသည်ကား ဆင်တော် သေသောအဖြစ်ကို မသိသည်ဖြစ်၍ ကျောက်ကုန်း၌ စီးလျက်သာလျှင် ဖြစ်၏။ ကာလိင်္ဂဘာရဒွါဇ ပုရောဟိတ်သည် မြတ်သောမင်းကြီး အရှင်မင်းကြီး၏ ရတနာဆင်ဖြူတော်သည် ဇီဝိတိန္ဒြေချုပ်ပြီ၊ တပါးသောဆင်သို့ ပြောင်းတော်မူပါလော့ဟု ဆို၏။
ထိုအကြောင်းကို ထင်စွာပြတော်မူလိုသော မြတ်စွာဘုရားသည်-
ရာဇာနံ ကာလိင်္ဂံ တရမာနော၊
အဇ္ဈဘာသိတ္ထ အညံပိ သင်္ကမ္မ နာဂံ၊
နာဂေါ ခီဏာယုကော မဟာရာဇ။
ဟူသော ဆယ်ခုမြောက်သော ဤဂါထာကို ဟောတော်မူ၏။
၇၆။ ဘိက္ခဝေ၊ ရဟန်းတို့။ ကာလိင်္ဂဘာရဒွါဇော၊ ကာလိင်္ဂဘာရဒွါဇသည်။ ခီဏာယုကံ၊ အသက်ကုန်သော။ နာဂံ၊ ဆင်တော်ကို။ ဝိဒိတွာန၊ သိ၍။ ရာဇာနံ ကာလိင်္ဂံ၊ ကာလိင်္ဂမင်းကို။ တရမာနော၊ အဆောတလျင်။ အဇ္ဈဘာသိတ္ထ၊ တင်လျှောက်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ နာဂေါ၊ ဆင်တော်သည်။ ခီဏာယုကော၊ အသက်ကုန်ပြီ။ အညံပိ နာဂံ၊ တပါးသော ဆင်သို့လည်း။ သင်္ကမ္မ၊ ပြောင်းတော်မူလော့။
မင်း၏ တန်ခိုးအစွမ်းကြောင့် ဆင်တစီးသည် ဥပေါသထအမျိုးမှ လာလတ်၍ ကျောက်ကုန်းကို ညွတ်၏။ မင်းသည် ထိုဆင်၏ကျောက်ကုန်း၌ စီး၏။ ထိုခဏ၌ သေသောဆင်တော်သည် မြေသို့ကျ၏။ ထိုအကြောင်းကို ထင်စွာ ပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-
သင်္ကမိ နာဂံ သင်္ကန္တေန ရညာ။
နာဂေါ တတ္ထေဝ ပတိတော ဘုမျာ၊
ဝေယျဉ္ဇနိကဝစော ယထာ တထာ အဟု နာဂေါ။
ဟူသော ဤဂါထာကို ဟောတော်မူ၏။
၇၇။ ဘိက္ခဝေ၊ ရဟန်းတို့။ တံ၊ ထိုစကားကို။ သုတွာ၊ ကြား၍။ ကာလိင်္ဂေါ၊ ကာလိင်္ဂမင်းသည်။ တရမာနော၊ အဆောတလျင်။ နာဂံ၊ ဆင်တစီးသို့။ သင်္ကမိ၊ ပြောင်း၏။ ရညာ၊ မင်းသည်။ သင်္ကန္တေန၊ ပြောင်းလတ်သော်။ နာဂေါ၊ သေသောဆင်သည်။ တတ္ထေဝ၊ ထိုအရပ်၌လျှင်။ ဘူမျာ၊ မြေ၌။ ပတိတော၊ ကျ၏။ ယထာ၊ အကြင်အခြင်းဖြင့်။ ဝေယျဉ္ဇနိကဝစော၊ သဒ္ဒါတတ်သော ပုဏ္ဏားဆို၏။ တထာ၊ ထိုပုဏ္ဏားဆိုတိုင်း။ နာဂေါ၊ ဆင်တော်သည်။ အဟု၊ ဖြစ်၏။
ထိုအခါ ကာလိင်္ဂမင်းသည် ကောင်းကင်မှ ဆင်းသက်ပြီးလျှင် ဗောဓိမဏ္ဍိုင်ကိုကြည့်၍ တန်ခိုးပြာဋိဟာကို မြင်ရလျှင် ဘာရဒွါဇပုဏ္ဏားအား ချီးမွမ်းခြင်းကို ပြုလိုရကား-
တွမေဝ အဘိသမ္ဗုဒ္ဓေါ၊ သဗ္ဗညူ သဗ္ဗဒဿာဝီ။
ဟူသော ဤဂါထာကို ဆို၏။
၇၈။ ကာလိင်္ဂေါ၊ ကာလိင်္ဂမည်သော။ ရာဇာ၊ မင်းသည်။ ကာလိင်္ဂံ၊ ကာလိင်္ဂဘာရဒွါဇမည်သော။ ဗြာဟ္မဏံ၊ ပုဏ္ဏားကို။ ဣဒံ၊ ဤစကားကို။ အဝေါစ၊ ဆို၏။ တွံ၊ သင်သည်ပင်လျှင်။ သဗ္ဗညူ၊ ခပ်သိမ်းသော တရားကိုသိသော။ သဗ္ဗဒဿာဝီ၊ ခပ်သိမ်းသော တရားကိုမြင်သော။ အဘိသမ္ဗုဒ္ဓေါ၊ ဘုရားသည်။ အသိ၊ ဖြစ်သလော။
ဘာရဒွါဇပုဏ္ဏားသည် ထိုစကားကို ဝန်မခံနိုင်၍ မိမိကိုယ်ကို နိမ့်သောအရာ၌ထားသဖြင့် ဘုရားတို့ကိုသာလျှင် ချီးမွမ်း၏။ ထိုအကြောင်းကို ထင်ပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-
ဗြာဟ္မဏော ဣဒမဝေါစ။
ဝေယျဉ္ဇနိကာဟိ မယံ၊
ဗုဒ္ဓါ သဗ္ဗညူ နော မဟာရာဇ။
အာဂမဗလသာ ဟိ မယံ၊ ဗုဒ္ဓါ သဗ္ဗံ ပဇာနန္တိ။
ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။
၇၉။ ဘိက္ခဝေ၊ ရဟန်းတို့။ တံ၊ ထိုစကားကို။ အနဓိဝါသေန္တော၊ သည်းမခံဘဲ။ ဗြာဟ္မဏော၊ ဘာရဒွါဇပုဏ္ဏားသည်။ ကာလိင်္ဂံ၊ ကာလိင်္ဂမင်းကို။ ဣဒံ၊ ဤစကားကို။ အဝေါစ၊ လျှောက်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မယံ၊ အကျွန်ုပ်တို့သည်။ ဝေယျဉ္ဇနိကာဟိ၊ လောကီ သဒ္ဒါကျမ်းတို့ဖွင့်သာလျှင်။ ဇာနာမ၊ သိကုန်၏။ ဗုဒ္ဓါ၊ သုတဗုဒ္ဓမည်ကုန်၏။ နော သဗ္ဗညူ၊ သဗ္ဗညူဘုရားမဟုတ်ကုန်။
၈၀။ သဗ္ဗညူ၊ သဗ္ဗညူဘုရားရှင်တို့သည်။ သဗ္ဗဝိဒူ၊ အလုံးစုံသောတရားကို သိတော်မူကုန်၏။ ဗုဒ္ဓါ၊ သဗ္ဗညူဘုရားရှင်တို့သည်။ လက္ခဏေန၊ လက္ခဏာကျမ်းဖြင့်။ န ဇာနန္တိ၊ သိတော်မူသည် မဟုတ်ကုန်။ မယံ၊ အကျွန်ုပ်တို့သည်။ အာဂမဗလသာဟိ၊ အာဂုံအတတ်၏ အစွမ်းဖြင့်သာလျှင်။ ဇာနာမ၊ သိကုန်၏။ ဗုဒ္ဓါ၊ သဗ္ဗညူဘုရားရှင်တို့သည်။ သဗ္ဗံ၊ အလုံးစုံသော တရားကို။ ပဇာနန္တိ၊ အပြားအားဖြင့် သိတော်မူကုန်၏။
ကာလိင်္ဂမင်းသည် ဘုရားသခင်၏ ဂုဏ်ကျေးဇူးတို့ကို ကြားရလျှင် နှစ်သက်ဝမ်းမြောက်ခြင်းသို့ ရောက်သည်ဖြစ်၍ အလုံးစုံသော စကြဝဠာတိုက်၌ နေကုန်သောသူတို့ကို များစွာသော ပန်းနံ့သာကို ဆောင်စေ၍ မဟာဗောဓိမဏ္ဍိုင်၌ ခုနစ်ရက်ပတ်လုံး မဟာဗောဓိအား ပူဇော်ခြင်းကို ပြုစေ၏။ ထိုအကြောင်းကို ထင်စွာပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-
မာလာဝိလေပနံ အဘိဟရိတွာ၊ အထ ရာဇာ မနုပါယာသိ။
ပူဇေသိ ရာဇာ ကာလိင်္ဂေါ၊ ဗောဓိမဏ္ဍမနုတ္တရံ။
ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဟောတော်မူ၏။
၈၁။ ဘိက္ခဝေ၊ ရဟန်းတို့။ ရာဇာ၊ ကာလိင်္ဂမင်းသည်။ ဝဇ္ဇမာနေဟိ၊ တီးမှုတ်အပ်ကုန်သော။ နာနာတူရိယေဟိ၊ အထူးထူးအပြားပြားသော တီးမှုတ်မျိုးတို့ဖြင့်။ တံ ဗောဓိံ၊ ထိုမဟာဗေဓိကို။ မမာယိတွာန၊ မြတ်နိုးတနာပြု၍။ မာလာဝိလေပနံ၊ ပန်းနံ့သာပျောင်းကို။ အဘိဟရိတွာ၊ ဆောင်စေ၍။ ပစ္ဆာ၊ ထို့နောင်မှ။ ရာဇာ၊ ကာလိင်္ဂမင်းသည်။ အနုပါယာသိ၊ သွားလေ၏။
၈၂။ ကာလိင်္ဂရာဇာ၊ ကာလိင်္ဂမင်းသည်။ ပုပ္ဖာနံ၊ ပန်းတို့၏။ သဋ္ဌိဝါဟသဟဿာနိ၊ ဝါဟခြောက်သောင်းတို့ကို။ သန္နိပါတယိ၊ စုရုံးစေ၏။ ကာလိင်္ဂါရာဇာ၊ ကာလိင်္ဂမင်းသည်။ အနုတ္တရံ၊ အတုမရှိသော။ ဗောဓိမဏ္ဍံ၊ ဗောဓိမဏ္ဍိုင်ကို။ ပူဇေသိ၊ ပူဇော်စေ၏။
ဤသို့ မဟာဗောဓိအား ပူဇော်ခြင်းကိုပြု၍ မယ်တော် ခမည်းတော် ဘိုးတော်, ဘွားတော်တို့ကိုယူ၍ ဒန္တပူရ နေပြည်တော်သို့ ဆောင်ခဲ့ပြီးလျှင် ဒါနအစရှိသော ကေင်းမှုတို့ကို ပြု၍ တာဝတိံသာနတ်ပြည်၌ ဖြစ်လေ၏။
ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ၌ သာလျှင် အာနန္ဒာသည် ဗောဓိမဏ္ဍိုင်အား ပူဇော်ခြင်းကို ပြုစေသည်မဟုတ်သေး၊ ရှေး၌လည်း အာနန္ဒာသည် ဗောဓိပင်အား ပူဇော်ခြင်းကို ပြုစေဘူးသည်သာတည်းဟု မိန့်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ကာလိင်္ဂမင်းသားငယ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကာလိင်္ဂဘာရဒွါဇ ပုရောဟိတ် ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။
ပူဇော်ထိုက်က၊ ပူဇော်ရ၊ မုချမင်္ဂလာ
ခြောက်ခုမြောက်ဖြစ်သော ကာလိင်္ဂဗောဓိဇာတ်သည် ပြီး၏။
*****