ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၃၂၉။ ကာဠဗာဟုဇာတ် (၄-၃-၉)
607ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၃၂၉။ ကာဠဗာဟုဇာတ် (၄-၃-၉)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

စတုက္ကနိပါတ် - ကုဋိဒူသကဝဂ်

၉။ ကာဠဗာဟုဇာတ်

တောတွင်း မောင်ညို

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယံ အန္နပါနဿ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကာဠဗာဟုဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ပျောက်သော လာဘသက္ကာရ ရှိသော ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏ ဒေဝဒတ်သည် ဘုရားအား အရာမဟုတ်သည်၌ ရန်ငြိုးဖွဲ့၍ လေးသ္မားတို့ကို စေလွှတ်ခြင်း, နာဠာဂိရိဆင်ကို လွှတ်ခြင်းဖြင့် ဒေဝဒတ်၏ အပြစ်သည် ထင်ရှားဖြစ်၏။ ထိုအခါ လူတို့သည် ဒေဝဒတ်အား အမြဲတည်အပ်သော ဆွမ်းဝတ်တို့ကို မတည်ကုန်၊ မင်းသည်လည်း ထိုဒေဝဒတ်ကို မကြည်ညို၊ ဒေဝဒတ်သည် ပျောက်သော လာဘသက္ကာရရှိသည်ဖြစ်၍ ဒါယကာတို့၌ တောင်း၍ စားလျက် လှည့်လည်၏။ ရဟန်းတို့သည် တရား သဘင်၌ ငါ့သျှင်တို့ ဒေဝဒတ်သည် လာဘသက္ကာရကို ဖြစ်စေ၍ ဖြစ်ပြီးသော လာဘသက္ကာရကို အမြဲတည်စိမ့်သောငှာ မတတ်နိုင်ကုန်ဟု စကားကိုဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့်စည်းဝေးကြပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ပျောက်သော လာဘသက္ကာရရှိသည် မဟုတ်သေး၊ ရှေး၌လည်း ပျောက်သော လာဘသက္ကာရရှိသည်သာလျှင် ဖြစ်ဘူးပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဓနဉ္စယမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ရာဓမည်သော ကျေးဖြစ်၏။ ကြီးသော ပြည့်ဖြိုးသော ကိုယ်ရှိ၏။ ညီတော်သည်ကား ပေါဋ္ဌပါဒ မည်၏။ တယောက်သော မုဆိုးသည် ကျေးညီနောင်တို့ကို ဖမ်းယူ၍ တန်ဆာဆင်၍ ဗာရာဏသီမင်းအား ဆက်၏။ မင်းသည် ကျေးညီနောင်တို့ကို ရွှေချိုင့်၌ထား၍ ရွှေခွက်ဖြင့် ပျားရည်, ပေါက်ပေါက်တို့ကို စားစေလျက် သကြားရည်တို့ကို သောက်စေလျက် မွေး၏။ များမြတ်သော ပူဇော်သက္ကာရသည် ဖြစ်၏။ ထိုအခါ တယောက်သော မုဆိုးသည် ကာဠဗာဟုမည်သော တခုသော မျောက်ညိုကြီးကို ဆောင်၍ ဗာရာဏသီမင်းအား ဆက်၏။ ထိုကာဠဗာဟုမျောက်ညိုကြီးအား နောက်မှလာသည်၏ အဖြစ်ကြောင့် အလွန်များသော လာဘသက္ကာရသည် ဖြစ်၏။ ကျေးသားတို့အား လာဘသက္ကာရသည် ပြတ်၏။ ဘုရားလောင်းသည် သည်းခံခြင်းလက္ခဏာနှင့် ယှဉ်သည်၏ အဖြစ်ကြောင့် တစုံတခုကို မဆို၊ ဘုရားလောင်း၏ ညီသည်ကား သည်းခံခြင်း လက္ခဏာမရှိသည်၏အဖြစ်ကြောင့် မျောက်အားဖြစ်သော လာဘသက္ကာရကို သည်းမခံနိုင်သည်ဖြစ်၍ အစ်ကိုကြီး ဤမင်းအိမ်၌ ကောင်းသော အရသာရှိကုန်သော ခဲဘွယ် အစရှိသည်တို့ကို ရှေး၌ ကျွန်ုပ်တို့အားသာလျှင် ပေးကုန်၏။ ယခု အကျွန်ုပ်တို့သည် မရကုန်၊ ကာဠဗာဟု မျောက်အားသာလျှင် ပေးကုန်၏။ ဓနဉ္စယမင်း၏ အထံမှ လာဘသက္ကာရကို မရကုန်၊ ဤအရပ်၌ ငါတို့သည် အဘယ်သို့ ပြုကုန်အံ့နည်း၊ လာလော့ တောသို့သာလျှင် သွား၍နေကုန်အံ့ဟု ရာဓကျေးနှင့်တကွ စကား ပြောလိုရကား-

၁၁၃။ ယံ အန္နပါနဿ ပုရေ လဘာမ၊
တံ ဒါနိ သာခမိဂမေဝ ဂစ္ဆတိ။
ဂစ္ဆာမ ဒါနိ ဝနမဝေ ရာဓ၊
အသက္ကတာ စသ္မ ဓနဉ္စယာယ။

ဟူသော ရှေးဦးစွာ ဤဂါထာကို ဆို၏။

၁၁၃။ ဘာတိက၊ အစ်ကို။ မယံ၊ ငါတို့သည်။ အဿ၊ ထိုဓနဉ္စယမင်း၏။ သန္တိကာ၊ အထံမှ။ ယံ အန္နပါနံ၊ အကြင် ထမင်းအဖျော်ကို။ ပုရေ၊ ရှေး၌။ လဘာမ၊ ရကုန်၏။ တံ အန္နပါနံ၊ ထိုထမင်း အဖျော်သည်။ ဣဒါနိ၊ ယခုအခါ၌။ သာခါမိဂမေဝ၊ မျောက်သို့သာလျှင်။ ဂစ္ဆတိ၊ ရောက်၏။ ရာဓ၊ အစ်ကိုရာဓ။ မယံ၊ ငါတို့သည်။ ဓနဉ္စယာယ၊ ဓနဉ္စယမင်းမှ။ အသက္ကတာ၊ ပူဇော်သက္ကာရကို မရကုန်သည်။ အသ္မ၊ ဖြစ်ကုန်၏။ ဣဒါနိ၊ ယခုအခါ ၌။ ဝနမဝေ၊ တောသို့သာလျှင်။ ဂစ္ဆာမ၊ သွားကြ ကုန်အံ့။

ထိုစကားကိုကြား၍ ရာဓကျေးသည်-

၁၁၄။ လာဘော အလာဘော ယသော အယသော စ၊
နိန္ဒာ ပသံသာ စ သုခဉ္စ ဒုက္ခံ။
ဧတေ အနိစ္စာ မနုဇေသု ဓမ္မာ၊
မာ သောစိ ကိံ သောစသိ ပေါဋ္ဌပါဒ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၁၄။ ပေါဋ္ဌပါဒ၊ ညီထွေး ပေါဋ္ဌပါဒ။ မနုဇေသု၊ လူတို့၌။ လာဘော၊ လာဘ်ရခြင်း။ အလာဘော၊ လာဘ်မရခြင်း။ ယသော၊ စည်းစိမ် အခြံအရံများခြင်း။ အယသော၊ စည်းစိမ်အခြံအရံမရှိခြင်း။ နိန္ဒာ၊ ကဲ့ရဲ့ခြင်း။ ပသံသာ စ၊ ချီးမွမ်းခြင်း။ သုခဉ္စ၊ ချမ်းသာခြင်း။ ဒုက္ခံ၊ ဆင်းရဲခြင်း။ ဧတေ ဓမ္မာ၊ ဤလောကဓံတရား ရှစ်ပါးတို့သည်။ အနိစ္စာ၊ အမြဲမရှိကုန်။ မာ သောစိ၊ မစိုးရိမ်လင့်။ ကိံ သောစသိ၊ အဘယ့်ကြောင့် စိုးရိမ်သနည်း။

ထိုစကားကိုကြား၍ ညီငယ်ပေါဋ္ဌပါဒသည် မျောက်၌ ငြူစူခြင်းကို ပယ်ခြင်းငှါ မတတ်နိုင်ရကား-

၁၀၅။ အဒ္ဓါ တုဝံ ပဏ္ဍိတကောသိ ရာဓ၊
ဇာနာသိ အတ္ထာနိ အနာဂတာနိ။
ကထံနု သာခမိဂံ ဒက္ခိဿာမ၊
နိဒ္ဓါဝိတံ ရာဇကုလတောဝ ဇမ္မံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၁၁၅။ ရာဓ၊ အစ်ကို ရာဓ။ တုဝံ၊ သင်သည်။ အဒ္ဓါ၊ စင်စစ်။ ပဏ္ဍိတကော၊ ပညာရှိသည်။ အသိ၊ ဖြစ်၏။ အနာဂတာနိ၊ မရောက်လာကုန်သေးသော။ အတ္ထာနိ၊ အကျိုးတို့ကို။ ဇာနာသိ၊ သိ၏။ ကထံနု၊ အဘယ်အကြောင်းဖြင့်။ ဇမ္မံ၊ ယုတ်မာသော။ သာခမိဂံ၊ မျောက်ကို။ ရာဇကုလတောဝ၊ မင်းအိမ်မှလျှင်။ နိဒ္ဓါဝိတံ၊ နှင်ထုတ်စေအပ်သည်ကို။ မယံ၊ ငါတို့သည်။ ဒက္ခိဿာမ၊ မြင်ရကုန်အံ့နည်း။

ထိုစကားကို ကြား၍ နောင်တော်ရာဓသည်-

၁၁၆။ စာလေတိ ကဏ္ဏံ ဘကုဋိံ ကရောတိ၊
မုဟုံ မုဟုံ ဘာယယတေ ကုမာရေ။
သယမေဝ တံ ကာဟတိ ကာဠဗာဟု
ယေနာရကာ ဌဿတိ အန္နပါနာ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၁၁၆။ ပေါဋ္ဌပါဒ၊ ပေါဋ္ဌပါဒ။ ကာဠဗာဟု၊ ကာဠဗာဟု မျောက်သည်။ ကဏ္ဏံ၊ နားကို။ စာလေတိ၊ လှုပ် လှက်၏။ ဘကုဋိံ၊ မျက်မှောင် ကြုတ်ခြင်းကို။ ကရောတိ၊ ပြု၏။ မုဟုံ မုဟုံ၊ ရုတ်ချည်း ရုတ်ချည်း။ ကုမာရေ၊ မင်းသားငယ်တို့ကို။ ဘာယယတေ၊ လန့်စေ၏။ ယေန၊ အကြင်အကြောင်းဖြင့်။ အန္နပါနာ၊ ထမင်းအဖျော်မှ။ အာရကာ၊ ဝေးစွာ။ ဌဿတိ၊ တည်လတ္တံ့။ ဧတံ၊ ထိုအကြောင်းကို။ သယံ၊ မိမိသည်။ ကာဟတိ၊ ပြုလတ္တံ့။

ကာဠဗာဟု မျောက်သည်လည်း နှစ်ရက် သုံးရက်လွန်သဖြင့် မင်းသားငယ်တို့၏ ရှေ့မှ နား, နှာခေါင်း လှုပ်ခြင်းအစရှိသည်တို့ကို ပြုလျက် မင်းသားငယ်တို့ကို ချောက်၏။ မင်းသားငယ်တို့သည်လည်း ထိတ်လန့်ကုန်၍ ဟစ်ကြွေးကုန်၏။ မင်းသည် အဘယ် အကြောင်းနည်းဟု မေး၏။ ထိုအကြောင်းကိုကြား၍ ကာဠဗာဟုမျောက်ကို ထုတ်ကြကုန်ဟု နှင်ထုတ်စေ၏။ ကျေးသားတို့အား တဖန် ပကတိ လာဘသက္ကာရသည် ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ကာဠဗာဟုမျောက် ဖြစ်ဘူးပြီး၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ပေါဋ္ဌပါဒ ကျေးသား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရာဓကျေးသား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကိုယ်၏လာဘ်သပ်၊ ဒေဝဒတ်၊ ကိုယ်ဖြတ် လေတော့သည်

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ကာဠဗာဟုဇာတ်သည် ပြီး၏။

*****