ကာဠယက္ခိနီဝတ္ထု
ယမကဝဂ်
၄။ ကာဠီ ဘီလူးမဝတ္ထု
န ဟိ ဝေရေန အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် မထင်ရှားသော မိန်းမမြုံကို အကြောင်းပြု၍ ဟောတော်မူ၏။
ရန်ဘက်သံသရာလည်ခြင်း၏ အစ
တစ်ယောက်သော သူကြွယ်သားသည် အဘသေသည်ရှိသော် လယ်၌လည်းကောင်း၊ အိမ်၌လည်းကောင်း အလုံးစုံသော ကိစ္စတို့ကို မိမိတစ်ယောက်တည်းသာလျှင် ပြုလျက် မိခင်ကို လုပ်ကျွေးလေ၏။ ထိုအခါ ထိုသူကြွယ်သား၏ မိခင်သည် “ချစ်သား- သင့်အတွက် သတို့သမီးတစ်ယောက် ဆောင်နှင်းပေအံ့”ဟု ဆိုလေ၏။ “မိခင်- ဤသို့ မဆိုပါလင့်၊ အကျွန်ုပ်သည် အသက်ထက်ဆုံး မိခင်တို့ကို လုပ်ကျွေးပါအံ့”ဟု ဆိုလတ်သော် မိခင်သည် “ချစ်သား- လယ်၌လည်းကောင်း၊ အိမ်၌လည်းကောင်း ပြုဖွယ်ကိစ္စတို့ကို သင်သာလျှင် ပြုရ၏။ ထို့ကြောင့် ငါ့အား စိတ်ချမ်းသာခြင်းမည်သည် မဖြစ်၊ ဆောင်နှင်းပေအံ့”ဟု ဆိုလေ၏။ ထိုသူကြွယ်သားသည် အဖန်တလဲလဲ ပယ်ပြီးလျှင် ဆိတ်ဆိတ်နေလေ၏။ ထိုမိခင်သည် တစ်ယောက်သော အမျိုးသမီးကို အိမ်သို့ ဆောင်ခြင်းငှာ အိမ်မှ ထွက်သွားလေ၏။ ထိုအခါ မိခင်ကို သားသည် “အဘယ်အမျိုးအိမ်သို့ သွားအံ့နည်း”ဟု မေး၍ “ဤမည်သော အမျိုးအိမ်သို့ သွားအံ့”ဟု ဆိုသည်ရှိသော် ထိုအမျိုးအိမ်သို့ သွားခြင်းကို တားမြစ်၍ မိမိ ကြိုက်နှစ်သက်သော အမျိုးကို ညွှန်ကြားလေ၏။
မိခင်သည်လည်း ညွှန်ကြားသော အမျိုးသမီးအိမ်သို့ သွား၍ သတို့သမီးငယ်ကို ဖိတ်မန်တောင်းဆို နေ့ရက်ကို မှတ်သားပြီးလျှင် ထိုသတို့သား၏အိမ်သို့ ဆောင်ခဲ့၍ နေစေလေ၏။ ထိုသတို့သမီးငယ်သည်ကား မြုံခဲ့လေ၏။ ထိုအခါ သူကြွယ်သားကို မိခင်သည် “ချစ်သား- သင်သည် မိမိအလိုအားဖြင့် သတို့သမီးငယ်ကို ဆောင်စေ၏။ ထိုသတို့သမီးငယ်သည် ယခုအခါ အမြုံဖြစ်ခဲ့၏။ သားသမီးမရှိသော အမျိုးမည်သည်လည်း ပျက်စီးတတ်၏၊ အမျိုးမဆက်နိုင်၊ သင့်အား တစ်ပါးသော သတို့သမီးငယ်ကို ဆောင်ဦးအံ့”ဟု ဆိုလေ၏။ ထိုသူကြွယ်သားသည် “မိခင်- မသင့်လျော်ပါ”ဟု မြစ်ပယ်သော်လည်း အဖန်တလဲလဲ ပြောဆိုလေ၏။ မိန်းမမြုံသည် ထိုမိခင်ဆိုသောစကားကို ကြားရ၍ “သားတို့မည်သည် မိဘတို့စကားကို လွန်ခြင်းငှာ မတတ်နိုင်ကြကုန်။ ယခုအခါ ငါမှတစ်ပါး သားဖွားနိုင်သော မိန်းမကို ဆောင်ယူ၍ ငါ့ကို ကျွန်မအရာ၌ ထားလတ္တံ့၊ ငါကိုယ်တိုင် သတို့သမီးတစ်ယောက်ကို ဆောင်ရမူကား ကောင်းလေစွ”ဟု ကြံပြီးလျှင် တစ်ယောက်သော အမျိုးအိမ်သို့သွား၍ ထိုခင်ပွန်းယောက်ျား အလို့ငှာ သတို့သမီးငယ်ကို ဖိတ်မန်တောင်းဆိုလေ၏။ ထိုအခါ “ချစ်သမီး- အဘယ်စကားကို ပြောဆိုဘိသနည်း”ဟု ထိုသတို့သမီးငယ်၏ မိဘတို့သည် ပယ်လတ်သည်ရှိသော် “အကျွန်ုပ်သည် မြုံ၏၊ သားသမီးမရှိသော အမျိုးမည်သည် ပျက်စီးတတ်၏၊ သင်တို့၏သမီးသည် သားယောက်ျားကိုလည်းကောင်း၊ သမီးမိန်းမကိုလည်းကောင်း ရသည်ရှိသော် သူကြွယ်၏ အိမ်ရှင်မ ဖြစ်လတ္တံ့၊ အကျွန်ုပ်၏ ခင်ပွန်းအလို့ငှာ ထိုသတို့သမီးငယ်ကို ပေးကြပါကုန်လော့”ဟု တောင်းပန်သဖြင့် ဝန်ခံစေ၍ ဆောင်ယူခဲ့ပြီးလျှင် လင်ယောက်ျား၏ အိမ်၌ နေစေ၏။
ထိုနောက်မှ ထိုမိန်းမမြုံအား ဤသို့သော အကြံသည် ဖြစ်၏။ “ဤသတို့သမီးငယ်သည် သားယောက်ျားကိုလည်းကောင်း၊ သမီးမိန်းကလေးကိုလည်းကောင်း အကယ်၍ ရသည်ဖြစ်အံ့၊ ဤသတို့သမီးငယ်သည်သာလျှင် ပစ္စည်းဥစ္စာတို့၏ အရှင်ဖြစ်လတ္တံ့၊ အကြင်သို့သော အခြင်းအရာဖြင့် ပြုသည်ရှိသော် သားသမီးမရ။ ထိုသို့သော အခြင်းအရာဖြင့်သာလျှင် ထိုသတို့သမီးငယ်ကို ပြုခြင်းငှာ သင့်၏”ဟု အကြံဖြစ်လေ၏။ ထိုအခါ သတို့သမီးငယ်ကို ထိုမိန်းမမြုံသည် “ချစ်သမီး- သင့်ဝမ်း၌ ကိုယ်ဝန်တည်သောအခါ ငါ့အား အကြောင်ကြားပါလော့”ဟုဆို၏။ သတို့သမီးငယ်သည် “ကောင်းပါပြီ”ဟု ဝန်ခံ၍ ကိုယ်ဝန်တည်သည်ရှိသော် မိန်းမမြုံအား အကြောင်းကြားလေ၏။ သတို့သမီးငယ်အား မိန်းမမြုံသည် မိမိကိုယ်တိုင်သာလျှင် အမြဲမပြတ် ယာဂု,ထမင်းကို ပေး၏။ ထိုအခါ သတို့သမီးငယ်အား အာဟာရနှင့် အတူတကွရော၍ ကိုယ်ဝန်ကို ပျက်ကျစေတတ်သော ဆေးကို ပေး၏။ ကိုယ်ဝန်သည် လျောကျ ပျက်စီးလေ၏။ နှစ်ကြိမ်မြောက်၌လည်း ကိုယ်ဝန်တည်သည်ရှိသော် အကြောင်းကြားပြန်လေ၏။ မိန်းမမြုံသည် နှစ်ကြိမ်မြောက်၌လည်း ထို့အတူ ကိုယ်ဝန်ကို ပျက်ကျစေပြန်၏။ ထိုအခါ သတို့သမီးငယ်ကို အိမ်နီးချင်းမိန်းမတို့သည် “အသို့နည်း၊ သင့်လင်တူဖြစ်သော အစ်မသည် အန္တရာယ်ကို ပြုလေသလော”ဟု မေးကုန်၏။ သတို့သမီးငယ်သည် ထိုအကြောင်းကို ပြောကြားသည်ရှိသော် “မိုက်လှစွာသော မိန်းမငယ်- သင် အဘယ့်ကြောင့် ဤသို့ပြုသနည်း၊ ဤမိန်းမမြုံသည် သင်၏ အစိုးတရဖြစ်ခြင်းမှ ကြောက်သောကြောင့် ကိုယ်ဝန်ပျက်ကျစေတတ်သော ဆေးကို ဖျော်၍ပေး၏။ ထို့ကြောင့် သင့်ကိုယ်ဝန်သည် ပျက်ကျလေ၏။ တစ်ဖန် ဤသို့ ပြောဆိုခြင်းအမှုကို မပြုလင့်”ဟု ဆိုအပ်သည်ဖြစ်၍ သတို့သမီးငယ်သည် သုံးကြိမ်မြောက် ကိုယ်ဝန်တည်သောအခါ မပြောမဆိုဘဲ နေလေ၏။ ထိုအခါ သတို့သမီးငယ်၏ ဝမ်းကို မိန်းမမြုံသည်မြင်၍ “အဘယ့်ကြောင့် ငါ့အား ကိုယ်ဝန်တည်သည့် အဖြစ်ကို မပြောဆိုသနည်း”ဟု မေးမြန်းသဖြင့် သင်သည် “ငါ့ကို ဆောင်ယူလာပြီးလျှင် နှစ်ကြိမ်တိုင်တိုင် ကိုယ်ဝန်ကို ပျက်ကျစေ၏၊ အဘယ်အကျိုးငှာ သင့်အား ပြောဆိုရအံ့နည်း”ဟု ဆိုလတ်သော် “ယခုအခါ ငါသည် ပျက်စီးလေပြီ”ဟု ကြံ၍ ထိုသတို့သမီးငယ်၏ မေ့လျော့ခြင်းကို ကြည့်လျက်နေစဉ် ကိုယ်ဝန်ရင့်သောအခါ အခွင့်ကိုရ၍ ဆေးကို ဖော်စပ်လျက် ပေးလေ၏။ သူငယ်ကိုယ်ဝန်သည် ရင့်သည်အဖြစ်ကြောင့် လျှောကျခြင်းငှာ မတတ်နိုင်ရကား ဖီလာကန့်လန့်အိပ်လျက် ပြင်းစွာသော ဝေဒနာဖြစ်၍ အသက်ကုန်ခြင်းသို့ ရောက်လေ၏။
ကြောင်မနှင့် ကြက်မတို့ဘဝ
ထိုသတို့သမီးငယ်သည် သေခါနီးကာလ၌ “ငါကား ပျက်စီးရတော့မည် ဖြစ်ချေ၏။ သင်သည်ပင်လျှင် ငါ့ကိုခေါ်ဆောင်၍ သင်သည်ပင်လျှင် သုံးကြိမ်စလုံး သူငယ်တို့ကို ဖျက်ဆီး၏။ ယခုအခါ ငါသည်လည်း ပျက်စီးတော့အံ့။ ယခု ဤကိုယ်အဖြစ်မှ စုတေသည်ရှိသော် ဘီလူးမဖြစ်၍ သင်၏ သားငယ်တို့ကို စားခြင်းငှာ စွမ်းနိုင်သောသူ ဖြစ်စေသော”ဟု ဆုတောင်းခြင်းကိုပြု၍ သေသည်ရှိသော် ထိုအိမ်၌ပင် ကြောင်မ ဖြစ်လေ၏။ မိန်းမမြုံကိုလည်း လင်သူကြွယ်သည် ကိုင်ဖမ်းလျက် “သင်ကား ငါ့အမျိုးအနွယ် ဖြတ်ခြင်းကို ပြု၏”ဟု တံတောင်ဆစ်, ဒူးခေါင်း စသည်တို့ဖြင့် ပြင်းစွာ ထောင်းသတ် ပုတ်ခတ်ခြင်းကို ပြုလေ၏။ မိန်းမမြုံသည် ထိုပြင်းစွာ ထောင်းသတ် ပုတ်ခတ်သော အနာဖြင့်သာလျှင် သေ၍ ထိုအိမ်၌ပင် ကြက်မ ဖြစ်လေ၏။ ထိုကြက်မသည် မကြာမြင့်မီ အဥတို့ကို ဥသည်ရှိသော် ကြောင်မသည်လာ၍ အဥတို့ကို စား၏။ နှစ်ကြိမ်မြောက်လည်းကောင်း၊ သုံးကြိမ်မြောက်လည်းကောင်း စားသည်သာလျှင်တည်း။
သစ်မနှင့် သမင်မ
ထိုအခါ ကြက်မသည် “ငါ၏ အဥတို့ကို သုံးကြိမ်တိုင် စားပြီး၍ ငါ့ကိုလည်း စားလိုသည်ဖြစ်၏”ဟု ကြံလျက် “ဤကိုယ်အဖြစ်မှ စုတေမနေ သေလွန်သောအခါ သားသမီးနှင့်တကွ ထိုကြောင်မကို စားရပါလို၏”ဟု ဆုတောင်းခြင်းကို ပြု၍ စုတေသည်ရှိသော် တော၌ သစ်မ (သစ်-ဟူသည် ကြမ်းကြုတ်သော ကျားတစ်မျိုးပင်တည်း။) ဖြစ်လေ၏။ ကြောင်မသည်ကား သမင်မ ဖြစ်လေ၏။ ထိုသမင်မ ဖွားသောကာလ၌ သစ်မသည်လာ၍ သုံးကြိမ် သားငယ်တို့ကို စားလေ၏။
နောက်ဆုံးဘဝ ဘီလူးမနှင့် လူမ
သမင်မသည် သေခါနီးကာလ “ဤသစ်မသည် ငါ၏ သားငယ်တို့ကို သုံးကြိမ်စားပြီး၍ ယခု ငါ့ကိုလည်း စားလတ္တံ့၊ ဤကိုယ်အဖြစ်မှ စုတေ သေလွန်သည်ရှိသော် သားသမီးနှင့်တကွသော ဤသစ်မကို စားရပါလို၏”ဟု ဆုတောင်းခြင်းကိုပြု၍ ထိုကိုယ်အဖြစ်မှ စုတေသည်ရှိသော် ဘီလူးမ ဖြစ်လေ၏။ သစ်မသည်လည်း ထိုတော၌ပင် ထိုကိုယ်အဖြစ်မှ စုတေသည်ရှိသော် သာဝတ္ထိပြည်၌ အမျိုးသမီး ဖြစ်လေ၏။ ထိုအမျိုးသမီးသည် အရွယ်သို့ ရောက်လတ်သော် သာဝတ္ထိပြည် တံခါးနှင့်နီးသော ရွာဝယ် လင့်အိမ်သို့ လိုက်သွားလေ၏။ နောက်အဖို့၌ သားကို ဖွားမြင်လေ၏။ ဘီလူးမသည်လည်း ထိုအမျိုးသမီး၏ ချစ်လှစွာသော အဆွေခင်ပွန်းအသွင်ဖြင့်လာ၍ “ငါ့အဆွေခင်ပွန်းမသည် အဘယ်မှာနည်း”ဟု မေးသည်ဖြစ်၍ “အိမ်တိုက်ခန်းတွင်း၌ သားဖွားလျက်ရှိ၏”ဟု ပြောဆိုလတ်သည်ရှိသော် “သားယောက်ျားပင် ဖွားမြင်လေသလော၊ သို့တည်းမဟုတ် သမီးမိန်းမပင် ဖွားမြင်သလော”ဟု ဆိုလျက် “ထိုသားငယ်ကို ကြည့်ရှုဦးအံ့”ဟု တိုက်ခန်းတွင်းသို့ ဝင်ပြီးလျှင် ကြည့်လေဟန်ကဲ့သို့ သူငယ်ကိုယူငင်၍ စားဝါးပြီး သွားလေ၏။ တစ်ဖန် နှစ်ကြိမ်မြောက် ဖွားမြင်သောအခါလည်း ထိုရှေးအတူသာလျှင် စားပြန်၏။ သုံးကြိမ်မြောက်သောအခါ အမျိုးသမီးသည် ရင့်သော ကိုယ်ဝန်ရှိသည်ဖြစ်၍ ခင်ပွန်းသည်ယောက်ျားကို ခေါ်၍ “အရှင်- ဤအရပ် ဤအိမ်၌ ဘီလူးမတစ်ယောက်သည် အကျွန်ုပ်၏ သားနှစ်ယောက်တို့ကို စားသွားလေပြီ၊ ယခုအခါ အကျွန်ုပ်၏ မိဘအိမ်သို့သွား၍ သားကို ဖွားမြင်ပါအံ့”ဟု တိုင်ပင်ပြီးလျှင် မိဘအိမ်သို့သွား၍ သားကို ဖွားမြင်လေ၏။
ရန်ဘက်သံသရာမှ လွတ်ရန် အကြောင်းဖန်လာပုံ
ထိုအခါ၌ကား ဘီလူးမသည် ရေခပ်ရန် အလှည့်ကျရာသို့ သွားရလေ၏။ ဝေဿဝဏ်နတ်မင်းအား ဘီလူးမတို့သည် အလှည့်ကျအားဖြင့် အန၀တတ်အိုင်မှ ဦးခေါင်းအဆင့်ဆင့်ဖြင့် ရေကို ဆောင်ယူပို့ဆက်ကြရကုန်၏။ ထိုဘီလူးမတို့သည် လေးလလွန်မှလည်းကောင်း၊ ငါးလလွန်မှလည်းကောင်း လွတ်ကြကုန်၏။ (ဤကား ရေခပ်လှည့်ကျပုံတည်း) တစ်ပါးသော ဘီလူးမတို့သည် ပင်ပန်းသော ကိုယ်ရှိကြကုန်သည်ဖြစ်၍ အသက်ကုန်ခြင်းသို့ ရောက်ကြကုန်၏။
ထိုဘီလူးမသည်ကား ရေခပ်ရန်အလှည့်မှ လွတ်လျှင်လွတ်ချင်း လျင်မြန်စွာ ထိုအိမ်သို့သွား၍ “ငါ၏ အဆွေခင်ပွန်းမသည် အဘယ်မှာနည်း”ဟု မေးလေ၏။ “ထိုသတို့သမီးကို သင်ဘယ်မှာ တွေ့နိုင်အံ့နည်း၊ ထိုသတို့သမီးသည်ကား ဤအိမ်၌ ဖွားတိုင်း ဖွားတိုင်းသော သူငယ်တို့ကို ဘီလူးမသည် လာ၍ စား၏။ ထို့ကြောင့် မိဘအိမ်သို့ သွားလေပြီ”ဟု ဆိုလတ်သည်ရှိသော် ထိုဘီလူးမသည် “အမှတ်မရှိ သွားလိုရာ သွားသည်ဖြစ်စေ၊ ငါ၏လက်မှ မလွတ်နိုင်လတ္တံ့”ဟု လျင်စွာသောအဟုန်ဖြင့် ကောင်းစွာအားထုတ်အပ်သော စိတ်ရှိသည်ဖြစ်၍ မြို့တွင်းသို့ ရှေးရှု ပြေးလိုက်သွားလေ၏။ အမျိုးသမီးသည်လည်း အမည်မှည့်အံ့သောနေ့၌ သူငယ်ကို ရေချိုးစေ၍ အမည်ကိုမှည့်ပြီးမှ “အရှင်- ယခုအခါ မိမိအိမ်သို့ ပြန်ကြကုန်အံ့”ဟု သားကိုပွေ့ချီလျက် လင်နှင့်အတူတကွ ဇေတဝန်ကျောင်းတော် အလယ်၌ သွားသောခရီးဖြင့် သွားစဉ် သားကို လင့်အားပေး၍ ကျောင်းတော်ရေကန်၌ ရေချိုးပြီးနောက် လင်ရေချိုးသည်ရှိသော် တက်၍ သားငယ်အား နို့တိုက်လျက်နေစဉ် အဝေးမှလာသော ဘီလူးမကိုမြင်သဖြင့် မှတ်မိသည်ဖြစ်၍ “အရှင်- လျင်မြန်စွာ လာပါလော့၊ ဤလာသောသူသည်ကား ထိုဘီလူးမပင်တည်း၊ လျင်မြန်စွာ လာပါလော့၊ ဤလာသောသူသည်ကား ထိုဘီလူးမပင်တည်း”ဟု သည်းစွာသောအသံပြု၍ လင်ယောက်ျား လာသည့်တိုင်အောင် ကောင်းစွာ တည်တံ့ခြင်းငှာ မတတ်နိုင်ရကား ပြန်နစ်၍ ကျောင်းတော်တွင်းသို့ ရှေးရှူပြေးလေ၏။
ဘုရားရှင်ထံမှောက် နှစ်ဦးစလုံးရောက်လာ
ထိုအခါ မြတ်စွာဘုရားသည် ပရိသတ်အလယ်၌ တရားဟော၍ နေတော်မူ၏။ ထိုအမျိုးသမီးသည် သားကို မြတ်စွာဘုရား၏ ခြေဖမိုးတော်ပေါ်၌ အိပ်စေ၍ “တပည့်တော်မသည် အရှင်ဘုရားတို့အား ဤသူငယ်ကို လှူဒါန်းပါ၏။ တပည့်တော်မ၏ သားငယ်အား အသက်ရှင်ခြင်းကို ပေးသနားတော်မူကြပါဘုရား”ဟု လျှောက်လေ၏။ ကျောင်းတော်တံခါးမုခ်၌ စောင့်နေသော သုမနအမည်ရှိသော နတ်သည် ဘီလူးမအား အတွင်းသို့ ဝင်စေခြင်းငှာ အခွင့်မပေး။ မြတ်စွာဘုရားသည် ရှင်အာနန္ဒာမထေရ်ကို ခေါ်တော်မူ၍ “ချစ်သား အာနန္ဒာ- သွားချေ၊ ထိုဘီလူးမကို ခေါ်ချေလော့”ဟု စေတော်မူလိုက်၏။ ရှင်အာနန္ဒာမထေရ်သည် ထိုဘီလူးမကို ခေါ်လေ၏။ အမျိုးသမီးသည်လည်း “မြတ်စွာဘုရား- ဤဘီလူးမသည် လာပါပြီဘုရား”ဟု လျှောက်လျှင် ဘုရားရှင်သည် “လာပစေ၊ အသံကို မပြုလင့်”ဟု မိန့်တော်မူပြီးနောက် လာ၍ရပ်နေသော ဘီလူးမကို “အဘယ့်ကြောင့် ဤသို့ပြုသနည်း၊ ငါကဲ့သို့သော ဘုရား၏ မျက်မှောက်တော်သို့ သင်တို့နှစ်ဦးစလုံး အကယ်၍ မရောက်လာကုန်သည်ဖြစ်အံ့၊ မြွေနှင့် မြွေပါတို့ကဲ့သို့လည်းကောင်း၊ ဝံနှင့် ကြို့ပင်စောင့်နတ်တို့ကဲ့သို့လည်းကောင်း၊ ကျီးနှင့် ခင်ပုပ်တို့ကဲ့သို့လည်းကောင်း သင်တို့အား တစ်ကမ္ဘာပတ်လုံးတည်သော ရန်သည် ဖြစ်လတ္တံ့၊ အဘယ့်ကြောင့် ရန်ကို ရန်တုံ့မူသနည်း၊ ရန်မည်သည် ရန်တုံ့မမူသဖြင့် ငြိမ်း၏၊ ရန်တုံ့မူသဖြင့် မငြိမ်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူ၏။
တရားရေအေး တိုက်ကျွေးတော်မူ
အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။
ဣဓ၊ ဤလောက၌။ ဝေရေန၊ ရန်တုံ့မူသဖြင့်။ ဝေရာနိ၊ ရန်တို့သည်။ ကုဒါစနံ၊ တစ်ရံတစ်ဆစ်မျှ။ န ဟိ သမ္မန္တိ၊ မငြိမ်းကုန်။ အဝေရေန စ၊ ရန်တုံ့မမူသဖြင့်သာလျှင်။ ဝေရာနိ၊ ရန်တို့သည်။ သမ္မန္တိ၊ ငြိမ်းကုန်၏။ ဧသ-ဧသော ဓမ္မော၊ ဤသို့ ရန်တုံ့မမူသဖြင့် ရန်၏ ငြိမ်ခြင်းသည်။ သနန္တနော၊ ရှေး၌ဖြစ်၏။ တစ်နည်းကား၊ ဧသ-ဧသော၊ ဤသို့ ရန်တုံ့မမူသဖြင့် ရန်၏ငြိမ်းခြင်းတည်းဟူသော။ ဓမ္မော၊ ရှေးရိုးတရားသည်။ သနန္တနော၊ ခပ်သိမ်းသော ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာအစရှိကုန်သော သူတော်ကောင်းတို့၏ သွားရာ လမ်းခရီးပေတည်း။
ဒေသနာတော်၏ အကျိုး
ဂါထာ၏အဆုံး၌ ဘီလူးမသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာတော်သည် ဖြစ်လေ၏။
ကောင်းကျိုးညွှန်လတ် လယ်စောင့်နတ်
မြတ်စွာဘုရားသည် ထိုအမျိုးသမီးကို “သင်၏သားငယ်ကို ဘီလူးမအား ပေးလိုက်လေလော့”ဟု မိန့်တော်မူ၏။ “ကြောက်လှပါသည် မြတ်စွာဘုရား”ဟု လျှောက်ထားလေသော် “မကြောက်လင့်၊ သင့်အား ဤဘီလူးမကိုမှီ၍ ဘေးရန်မရှိပြီ”ဟု မိန့်တော်မူလေ၏။ ထိုအမျိုးသမီးသည် သားငယ်ကို ဘီလူးမအား ပေးလေ၏။ ဘီလူးမသည် ထိုသားငယ်ကို နမ်းရှုံ့ လည်ဖက်ပြီးလျှင် တစ်ဖန် အမိအားသာလျှင် ပေး၍ ငိုခြင်းငှာ အားထုတ်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ဘီလူးမကို “ဤသို့ ငိုခြင်းငှာ အားထုတ်ခြင်းကား အကြောင်း အသို့နည်း”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား- တပည့်တော်မသည် ရှေးအခါ၌ ဟုတ်ဟုတ်ငြားငြား (အစားအစာကို မရွေးမချယ်၊ သက်ရှိသက်မဲ့ ရှာဖွေ၍) အသက်ကို မွေးရပါလျက်လည်း ဝမ်းပြည့်လောက်အောင်သော အစာကို ရဖူးသည်မရှိပါ၊ ယခုအခါ အဘယ်သို့ အသက်မွေးရပါအံ့နည်း”ဟု လျှောက်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် “မစိုးရိမ်လင့်”ဟု ဘီလူးမကို နှစ်သိမ့်စေပြီးလျှင် “ဤဘီလူးမကိုဆောင်၍ မိမိ၏အိမ်၌ နေစေပြီးလျှင် ယာဂုဦး, ထမင်းဦးတို့ဖြင့် လုပ်ကျွေးလေလော့”ဟု ထိုအမျိုးသမီးကို မိန့်တော်မူ၏။ အမျိုးသမီးသည် ထိုဘီလူးမကို ခေါ်ဆောင်ပြီးလျှင် ခေါင်လျောက်၌နေစေ၍ ယာဂုဦး ထမင်းဦးတို့ဖြင့် လုပ်ကျွေးသမှု ပြုလေ၏။ ထိုအခါ ဘီလူးမ၏စိတ်၌ စပါးထောင်းသောအခါ၌ ကျည်ပွေ့ဖျားဖြင့် ဦးထိပ်ကို ပုတ်ခတ်ဘိသကဲ့သို့ ထင်လေ၏။ ထိုဘီလူးမသည် အဆွေခင်ပွန်းဖြစ်သော အမျိုးသမီးကိုခေါ်၍ “ဤအရပ်၌ နေခြင်းငှာ မတတ်နိုင်၊ တစ်ပါးသောအရပ်၌ ငါ့ကို ထားပါလော့”ဟု ဆိုသဖြင့် မောင်းတင်းကုပ်၌လည်းကောင်း၊ ရေအိုးတုတ်ထားရာ အရပ်၌လည်းကောင်း၊ ခုံလောက်ရှိရာ စဖို၌လည်းကောင်း၊ တံစက်ကျရာ အရပ်၌လည်းကောင်း၊ တံမြက်ချေးစွန့်ရာ အရပ်၌လည်းကောင်း၊ ရွာတံခါး၌လည်းကောင်း ပြောင်း၍ ပြောင်း၍ ဤအရပ်တို့၌ နေစေ၏။ ထိုသို့ပင် နေစေသော်လည်း ဤမောင်းတင်းကုပ်အရပ်၌ ကျည်ပွေ့ဖြင့် ငါ၏ဦးခေါင်းကို ထုခွဲသကဲ့သို့ ထင်၏။ ဤရေအိုးတုတ်ထားရာ အရပ်၌ သူငယ်တို့သည် လုတ်ဆေးရေကို ထွေးစွန့်ကုန်၏။ ဤစဖိုအိမ်အရပ်၌ ခွေးတို့သည် အိပ်ကုန်၏။ ဤတံစက်မြိတ် အရပ်၌ သူငယ်တို့သည် အညစ်အကြေးကို စွန့်ပစ်ကြကုန်၏။ ဤတံမြက်ချေးစွန့်ရာ အရပ်၌ တံမြက်မှိုက်ကို စွန့်ပစ်ကြကုန်၏။ ဤရွာတံခါးအရပ်၌ ရွာသူသားငယ်တို့သည် အမှတ်သညာ လက္ခဏာနှင့်ယှဉ်သော ကစားခြင်းကို ပြုကြကုန်၏ဟု ဆို၍ အလုံးစုံသောအရပ်တို့ကို ပယ်လေ၏။ ထိုအခါ ဘီလူးမကို ရွာ၏အပ ဆိတ်ငြိမ်သော နေရာ၌ထား၍ ဘီလူးမအလို့ငှာ ယာဂုဦး ထမင်းဦး စသည်တို့ကို ထိုအရပ်သို့ ပို့ဆောင်ကြကုန်၏။
ထိုဘီလူးမသည် “ဤနှစ်၌ မိုးကောင်းလတ္တံ့၊ ကြည်းကုန်းအရပ်၌ စပါး စိုက်ပျိုးလော့၊ ဤနှစ်၌ မိုးခေါင်လတ္တံ့၊ ချိုင့်ဝှမ်းရာအရပ်၌ စပါး စိုက်ပျိုးလော့”ဟု အဆွေခင်ပွန်းမ ဖြစ်သော အမျိုးသမီးအား ပြောကြား၏။ ထိုအခါ အမျိုးသမီးမှကြွင်းသော ပြည်သူပြည်သားတို့ စိုက်ပျိုးအပ်သော ကောက်သည် အလွန်ရေများသဖြင့်လည်းကောင်း၊ ရေမရှိသဖြင့်လည်းကောင်း ပျက်စီး၏။ ထိုအမျိုးသမီးအားကား အလွန်လျှင် ပြည့်စုံ၏။ ထိုအခါ ထိုအမျိုးသမီးကို သာဝတ္ထိပြည်၌နေကုန်သော သူတို့သည် “ချစ်သမီး- သင်စိုက်ပျိုးအပ်သော ကောက်သည် အလွန် ရေများသဖြင့်လည်း မပျက်စီး၊ ရေမရှိသဖြင့်လည်း မပျက်စီး၊ မိုးကောင်းအံ့သည့် အဖြစ်၊ မိုးခေါင်အံ့သည့် အဖြစ်ကိုသိ၍ လယ်လုပ်ခြင်းအမှုကို ပြုသလော၊ ဤအကြောင်းကား အဘယ်နည်း”ဟု မေးမြန်းကြကုန်၏။ ထိုအခါ အမျိုးသမီးသည် “ငါတို့၏ အဆွေခင်ပွန်းမဖြစ်သော ဘီလူးမသည် မိုးကောင်းအံ့သည့်အဖြစ်၊ မိုးခေါင်အံ့သည့်အဖြစ်ကို ပြောကြား၍ ငါတို့သည် ထိုဘီလူးမစကားဖြင့် မြင့်ရာအရပ်၊ နိမ့်ရာအရပ်တို့၌ ကောက်တို့ကို စိုက်ပျိုးကြကုန်၏။ ထို့ကြောင့်သာလျှင် ငါတို့အား စပါးပြည့်စုံကုန်၏။ အမြဲမပြတ် ငါတို့အိမ်မှ ယာဂုထမင်း စသည် ဆောင်ပို့သည်တို့ကို သင်တို့ မမြင်ကြကုန်သလော၊ ယာဂုထမင်း စသည်တို့ကို ထိုဘီလူးမအား ပို့ဆောင်အပ်ကုန်၏၊ သင်တို့သည်လည်း ထိုဘီလူးမအား ယာဂုဦး ထမင်းဦး စသည်တို့ကို ပို့ဆောင် ပ,သကြကုန်လော့၊ သင်တို့၏ အမှုတို့ကိုလည်း ထိုဘီလူးမသည် ကြည့်ရှု မ,စလတ္တံ့”ဟု ဆိုလေ၏။ ထိုအခါ ဘီလူးမအား ပြည်အလုံး၌ နေကုန်သော သူတို့သည် ပူဇော်သက္ကာရကို ပြုကြကုန်၏။ ဘီလူးမသည်လည်း ထိုအခါမှစ၍ အလုံးစုံသောသူတို့၏ အမှုတို့ကို ကြည့်ရှုမ,စသည်ရှိသော် အခြံအရံများ၍ လာဘ်ကောင်းလာဘ်မြတ်ရသဖြင့် ပြန့်ပြောသည့်အဖြစ်သို့ ရောက်လေ၏။ ထိုဘီလူးမသည် နောက်အဖို့၌ ရှစ်ခုသော စာရေးတံ ဆွမ်းတို့ကို (ဆွမ်းရှစ်အုပ် အမြဲလှူ၏၊ ဆွမ်းဝတ်တည်ထား၏ ဟူလို။) ဖြစ်စေ၏။ ထိုစာရေးတံ ဆွမ်းတို့ကို ယခုကာလ ယခုနေ့တိုင်အောင် ပေးလှူပူဇော်လျက် ရှိကုန်သည်သာလျှင်တည်း။