ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဖဿ အကြောင်း
ဖဿ အကြောင်း
အာရုံကို တွေ့ထိခြင်း သဘောသည် ဖဿတည်း။ ထို့ကြောင့် “တွေ့ထိ တရား၊ ဖဿ ထားလော”ဟု ဆိုခဲ့ပေသည်။ “တွေ့ထိ” ဟူရာ၌ ကိုယ်ထိ လက်ထိမျိုး၊ ပစ္စည်း တခုနှင့်တခု တိုက်မိသော အထိမျိုး မဟုတ်။ စိတ်နှင့်အာရုံ တွေ့ကြုံသောအခါ ဓာတ်သဘောအလိုက် ထိခိုက်သလို ဖြစ်လောက်အောင် ဓာတ်ခိုက်ခြင်းသာတည်း။ ထိုဓာတ်ခိုက် ဓာတ်ထိ ဓာတ်တွေမျိုးသည် တချို့ အရာ၌ ကိုယ်ထိလက်ရောက် တွေ့ရ ထိရသလောက်ပင် ထင်ရှား၏။
ချဲ့ဦးအံ့-နာလန်ထစ လူတယောက်သည် သူတပါးတို့ သံပရာသီးစားသည်ကို မြင်ရလျှင် သွားရည်ကျတတ်၏။ ကြောက်တတ်သူသည် သူတပါးတို့ သတ်ပုတ် နေကြသည်ကိုမြင်လျှင် ကြောက်ဒူးတုန်နေတတ်၏။ အရွယ်ရောက် မိန်းကလေးများသည် မိမိနှင့်ရွယ်တူ ဂုဏ်တူ ယောက်ျားကလေး၏ အဆင်း အသံကို ကြား ရသောအခါ ရင်တွင်း၌ တမျိုးတမည် ဖြစ်တတ်၏။ ယောက်ျားကလေးများလည်း ဤနည်းဖြစ်တတ်ကြ၏။ ဤသို့ဖြစ်ရာ၌ စိတ်သည် သံပရာသီး စသည်တို့နှင့် ဓာတ်တွေ့ ဓာတ်ထိ ဓာတ်ခိုက်မိသောကြောင့် ခန္ဓာကိုယ်တိုင်အောင် သွားရည်ကျခြင်း၊ တုန်လှုပ်ခြင်း စသည်တို့ ဖြစ်ကြရပေသည်။ ဤ ဓာတ်တွေ့ ဓာတ်ထိ ဓာတ်ခိုက်မိခြင်း သဘောသည် ဖဿသဘောတည်း။
ဤဖဿသည် ကုသိုလ်ဆိုင်ရာ အာရုံကိုလည်း ထိရ၊ အကုသိုလ်ဆိုင်ရာ အာရုံကိုလည်း ထိရသဖြင့် စိတ်ကောင်း စိတ်ဆိုး ၂-မျိုးတွင် အမြဲ ပါဝင်ရသော တရားတည်း။ ဥပမာ-ဆားသည် ကောင်းသောဟင်း၌ခတ်လည်းငန်၊ မကောင်းသော ဟင်း၌ ခတ်လည်းငန်သကဲ့သို့တည်း။ နောက်၌ပြမည့် ဝေဒနာ စသော စေတသိက်များလည်း ဤကဲ့သို့ စိတ်ကောင်း စိတ်ဆိုး ၂-မျိုးလုံးတွင် ပါဝင်ရကြောင်းကို သတိပြုပါ။ [ကုသိုလ်လည်း မဟုတ်၊ အကုသိုလ်လည်း မဟုတ်သော ဝိပါက်ကြိယာစိတ် ဖြစ်ဖို့လည်း အာရုံ၌ ဖဿက ထိရသည်သာ။]