ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း

ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
စတုတ္ထအခန်း ဝိရိယ အကြောင်း
635ကိုယ်ကျင့်အဘိဓမ္မာ — စတုတ္ထအခန်း ဝိရိယ အကြောင်းအရှင်ဇနကာဘိဝံသ


ဝီရိယ အကြောင်း

အားထုတ်ခြင်း သဘောကို “ဝီရိယ”ဟု အများ နားလည်ကြပြီ။ ထိုအားထုတ်ခြင်း သဘောကို စဉ်းစားလျှင် ဆိုင်ရာကိစ္စကို ပြုလုပ်ဆောင်ရွက်ဖို့ရာ မကြောက်မရွံ့ ရဲဝံ့ခြင်းသာတည်း။ ထို့ကြောင့် “ရဲစွမ်းရောက်က၊ ဝီရိယ”ဟု ဆိုခဲ့ပေသည်။ ထိုစကားမှန်၏။ ဝီရိယလုံ့လ ကင်းမဲ့သူကို “အပျင်းထူသူ”ဟု ခေါ်ကြသည်။ထိုငပျင်းကား အလုပ်တခုရှိလျှင်“ဝေးပါသေးတယ်၊မိုးချုပ်လှပြီ။ ချမ်းလှသေးတယ်၊ နေပူလှန်းပါသေးတယ်၊ ယနေ့ ထမင်းစားလိုမကောင်းဘူး၊ (မနေ့ ထမင်းအများကြီး စားမိလို့ နဲနဲနေမကောင်းဘူး၊ နေကောင်းပြီးစမို့၊ ခရီးသွားစရာရှိသေးလို့၊ ခုမှ ခရီးပြန်ရောက်စမို့ စသည်ဖြင့် ဆင်ခြေပေးလျက် အလုပ် လုပ်ရမည့်အရေးကို တွေး၍ ကြောက်နေတတ်၏။ ထိုသို့ ပျင်းနေသော စိတ်သည် ကုသိုလ်စိတ် မဟုတ်၊ ထိန မိဒ္ဓ လွန်ကဲသော အကုသိုလ်စိတ်ပင် ဖြစ်သည်။

ဝီရိယ လုံ့လရှိသူကား အအေး အပူ စသည်လောက်ကို မဆိုထားဘိ၊ တကယ် ကိစ္စ ကြုံလာလျှင် အသက်ကိုပင် ထီမထင်ပဲ ရင်ဆိုင် တွေ့နေသော ကိစ္စကိုပင် အားပါးတရ ပြုလုပ်ခဲ့လေသည်။ မဟာဇနကဇာတ်၌ ရွက်သင်္ဘောကြီး ပျက်ခါနီးမှာ ကုန်သည် ၇၀၀-တို့သည် ဝီရိယကို လျှော့၍ မိရိုးဖလာ နတ်များကို တိုင်ကြ ပသကြသော်လည်း ကယ်ဆယ်သူ ပေါ်မလာ၊ ငါးလိပ်တို့၏ အစာသာ ဖြစ်ကြရသည်။ အလောင်းတော်ကား မည်သည့်နတ်ကို အားကိုးမနေပဲ ရဲစိတ် ရဲသွေး ဝီရိယဓာတ်ကို အထပ်ထပ်မွေးပြီးလျှင် ပင်လယ်ရေပြင်ကို လက်ပစ် ကူးကာ ဥပုသ်ကိုပင် စောင့်သုံးတော်မူခဲ့ပေသေးသည်။ ဤသို့လျှင် ဝီရိယဟူသည် တွေ့ကြုံလာသော ကိစ္စ၌ မကြောက်မရွံ့ ရဲဝံ့သော သဘောတည်း။

ကျန်းမာရေး ဝီရိယ အကျိုးသည် လောကတွင် များထင်ရှား၏။ ကျန်းမာရေး လိုက်စားရာ၌ လမ်းမှန်မှန်လျှောက်ခြင်း (အဝေး မလျှောက်သာလျှင် မိမိနေအိမ် အနီးအပါးမှာပင် လျှောက်ခြင်း)၊ အစာကို အချိန်မှန်မှန် စားသောက်ခြင်း၊ အလေးအပေါ့ကို ပျင်းသည့်အတွက် (ဆောင်းအခါ အိပ်ရာမှာ ဖြစ်စေ) ချုပ်တည်း မထားခြင်း၊ သင့်တော်သော အချိန်ဝယ် ရေချိုးခြင်း၊ သင့်တော်သော ဆေး-ဓာတ်စာများကို အချိန်မှန်မှန် စားခြင်း စသည်တို့ကို ပြုကြရသည်။ ထိုအားလုံးကို ဝီရိယကင်း၍ အပျင်းထူနေက မဖြစ်နိုင်။ ထို့ကြောင့် ဝီရိယရှိသူမှ ကျန်းမာရေး လိုက်စားနိုင်သည်။

စီးပွားရေး

စီးပွားရှာရေးတွင်လည်း အပူ အအေး စသည်တို့ကို ကြောက်၍ နေလျှင် ဝီရိယရှိသူများက ထိုသူ့ အရင် ရောင်းဝယ်နှင့်ကြသဖြင့် ဝီရိယကင်းသူမှာ အရာရာပင် နောက်ကျ၍ နောက်ချေးနှင့် သလဲသာ ရတော့ လတ္တံ့။ မြန်မာအမျိုးသားတို့ ဝီရိယနည်းပါးပုံမှာ စံနမူနာတင်လောက်ပါပေ၏။ လူမျိုးခြားတို့က နံနက် စောစော ထပြီးလျှင် ကျက်သရေရှိအောင် ရောင်းရေး၊ ဝယ်မှုတို့ကို ပြင်ဆင်သူကပြင်၊ နေရာထိုင်ခင်း လှဲကျင်းသူကလှဲနှင့် ရေမိုးချိုးကာ အဝတ်အစားလဲ၍ လက်ဖက်ရည်ကလေးများ သောက်ပြီးမှ အလုပ်ခွင်၌ ဝင်နေ ချိန်ဝယ်၊ များစွာသော မြန်မာလူမျိုးတို့က အိပ်ရာမှ မထကြသေး။ အိပ်ရာမှ ထခါနီးလည်း လွန့်ကာလိမ်ကာ သန်းကာ ဝေကာနှင့် မိမိ၏ အပျင်းတွေကို အတော်ကြာကြာ မှုတ်ထုတ်ပြီးမှ အနိုင်နိုင် ထပြီးနောက် အတော်ကြာကြာပင် ကျက်သရေ မရှိသော ပုပ်သိုးသိုး မျက်နှာဖြင့် မှိုင်နေလိုက်ကြသေး၏။ ထိုမျှလောက် အပျင်းထူနေသူတွေ အဘယ်မှာ စီးပွားရေးဘက်က တန်းတက်နိုင် တော့အံ့နည်း။

အမျိုးသမီးများများ ကျေးဇူး

မြန်မာအမျိုးသမီးတို့ကား ကူးသန်းရောင်းဝယ်ရေး၌ ကိုယ်တိုင် ပါဝင်နေကြရှာ၏။ များစွာသော ဈေးသည်တို့မှာ အမျိုးသမီး များသာ ဖြစ်ကြ၏။ ထိုဈေးသည် အမျိုးသမီးများ အရွယ်လောက် ရောက်ရှိနေသော အမျိုးသားတို့ကား ကျောင်းနေသူနေ၊ အလုပ်လက်မဲ့ ဖြစ်သူဖြစ်နှင့် မိမိတို့ မိဘနှင့် အစ်မ၊ နှမများကို မှီခို အားကိုး၍ နေကြရ၏။ မြန်မာအမျိုးသမီးတွေသာ အိမ်တွင်းပုန်း လုပ်နေကြပါမူ ဤ မြန်မာနိုင်ငံသည် ယခုထက်ပင် အောက်ကျနောက်ကျ ဖြစ်ဖွယ် ရှိ၏။ အမျိုးသမီးများ၏ ကျေးဇူးကြောင့် ယခုလောက် အခြေအနေမှာ တည်နေနိုင်ကြသည်။

၂-ဘက်လုံး ကြိုးစားလျှင်

စီးပွားရေး၌ အမျိုးသမီးများ ကြိုးစားကြသလို အမျိုးသားအားလုံး ကြိုးစားကြမည် ဆိုပါလျှင် (မြို့များ၌ အမျိုးသားတို့က တဘက်တလမ်း စီးပွားရှာနိုင်ကြလျင်) ဤမြန်မာနိုင်ငံသည် ထွန်းသစ်စ လဝန်းကဲ့သို့ လန်းဆန်းရွှန်းဝေ ကျက်သရေ အမျိုးမျိုး ထွက်၍ တိုးတက်သော နိုင်ငံကလေး ဖြစ်လောက်ပေသည်။

ပညာရေး

အမျိုးသားတို့သည် စီးပွားရေးဘက်တွင်သာ အချက်မကျသည် မဟုတ်သေး၊ ပညာရေးဘက်မှာလည်း ဂေဇက်ကို ကြည့်လျှင် ဂုဏ်ထူးဆောင်နှင့် အောင်မြင်သူ နည်းပါးလှသည့်ပြင် အထက်တန်း ပညာရပ်များ၌လည်း အခြား လူမျိုးများထက် ရာခိုင်နှုန်း နည်းပါးသည်ဟု ကြားရ၏။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ အမေက အမွေးညံ့၍ချည်း မဟုတ်တန်ရာ။ ကျောင်းတော်ကြီးများဝယ် ငွေကုန်ကြေးကျ များစွာခံပြီး နေကြပါလျက် ငွေထောက်ပံ့ ကြရသော မိဘ အစ်ကို အစ်မတို့ကို မငဲ့ညှာပဲ လုံ့လ ဝီရိယကင်း၍ အပျင်းပေါပြီး ကမြင်းကြောထနေမှုတို့ကြောင့်သာ အများအပြား ဖြစ်တန်ရာ၏။

ကျောင်းတော်သို့ ရောက်ကြသည့် အချိန်မှာ အသက် ၂၀-နီးပါး ရှိကြပေလိမ့်မည်။ ထိုမျှလောက် အသက် မကြီးကြသော တပင်ရွှေထီး၊ ဘုရင့်နောင်၊ မင်းရဲကျော်စွာ စသော လူမျိုး၏ ကျက်သရေဆောင် လူငယ်တွေ ထွန်းကား ခဲ့သော အမျိုးသား ဖြစ်ပါလျက် ငါတို့လက်ထက်ကျမှ အဘယ့်ကြောင့် အပျင်း ဘဝ၌ အဖျင်း အ အ လုပ်နေကြသနည်း။ ရဲမာန် ရဲသွေး ရဲစိတ်မွေးကာ ရဲဇာ နည် စိတ်ထားဖြင့် ရဲရဲတောက်ကလေးများ ဖြစ်သကြသည် မဟုတ်ပါလော။

လူတို့ဘက်၌သာ ပညာစံချိန် ညံ့သည် မဟုတ်သေး။ သာသနာ ပညာလည်း အခါအလျှောက် အောက်ကျလျက်ပင်။ မှန်၏။ ရှေးက ဘုန်းတော်ကြီးများသည် ရပ်သူနယ်သား လူအများ၏ ဆရာ ဖြစ်ရုံမက မြို့ပြတို့၌လည်း မင်းညီ မင်းသား မှူးမတ်သားတို့၏ ဆရာတော်များ ဖြစ်ကြသည်။ မိမိတို့သည် အခါနှင့် လိုက်အောင် ပညာရေးကို ပြုပြင်နိုင်ခဲ့ကြလျှင် ယခု အချိန်မှာလည်း တိုင်းသူ ပြည်သားတို့၏ ဆရာအဖြစ်၌ တည်နိုင်ဖွယ် ရှိ၏။ ယခုသော်ကား ထိုကဲ့သို့ မပြု မပြင် နိုင်ကြမှုကြောင့် ဆရာ အဖြစ်မှပင် လျှောကျရုံမက၊ တချို့ ကျေးရွာကျောင်းများ၌ ဆွမ်းခံပေးမည့် ကလေးပင် မရှိတော့ချေ။ ဤအချက်ကား မြန်မာနိုင်ငံအတွက် သာသနာရေးအသက်ငင်နေခြင်းပင် ဖြစ်တော့သည်။ ဤသို့ ဖြစ်ခြင်း၏ အကြောင်းရင်းကိုရှင်းရလျှင် ကိုယ့်အထုပ် ကိုယ်ဖြည်ပြရာ ရောက်မည်ဖြစ်၍ မရှင်းလိုတော့ပါ။ ဤသို့ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး စသည်တို့ဖြင့် အဘက်ဘက်က အောက်ကျနောက်ကျ ဖြစ်ကြရခြင်းမှာ လုံ့လ ဝီရိယ ကင်း၍ အပျင်းများမှုကြောင့် ဖြစ်သည်။ ဝီရိယကြောင့်

ဝီရိယကြောင့် ဘုရားဖြစ်

ငါတို့ ကိုးကွယ်ရာ ဗုဒ္ဓ မြတ်စွာသည် ကိုယ်တော်တိုင် ဝီရိယပါရမီကို ကြိုးစား၍ ဘုရားဖြစ်တော်မူသည်။ ဘုရားဖြစ်တော်မူပြီးနောက်၌လည်း မနားမနေ တရားဟောတော်မူခဲ့ပေ၏။ ထိုဟောတော်မူသမျှ၊ တရားတိုင်းမှာ သိဖို့က ပထမ၊ သိသည့်အတိုင်း ကြိုးစားဖို့က ဒုတိယ ထား၍-

“ဝါယမေဝေဝ ပုရိသာ၊ န နိဗ္ဗိန္ဒေယျပဏ္ဍိတော”
“ယောက်ျားမှန်က ကြိုးစားသင့်စွာ၊ ပညာရှိ မပျင်းမရိရာ”ဟု ဟောတော်မူသည်။

ပြင်ကြဦးစို့

ဗုဒ္ဓကိုအားကိုးသူ၊ ဗုဒ္ဓတရားကိုလိုက်နာသူ ဗုဒ္ဓဘာသာဝင် ဟူ၍ အခေါ်ခံနေကြသော မွန် မြန်မာတို့မှာ ဗုဒ္ဓ၏ တရားတော်ကို သင့်တော်ရာ ချိတ်ထားလိုက်ကြသဖြင့် ဘာသာခြားတို့က ဗုဒ္ဓ၏ တရားတော်နှင့် အညီ လောကီရေးရာဝယ် လိုက်စားလျက် ဧရာမ ဓနရှင် ပညာရှင်ကြီးများ ဖြစ်နေကြလေပြီ။ ဗုဒ္ဓဘာသာဝင်တို့အား ရှင်ပြုတုန်းက ရွှေထီးဆောင်းရသည်ကို ဂုဏ်ယူကာ ဝတိံသာမြင့်အောင် စိတ်ထားသော်လည်း လူအနေမှာမူ ချုံကြား က မထွက်နိုင်သေးချေ။ ထို့ကြောင့် “တို့သားအဖတစု ပြင်ထိုင်ကြဦးစို့” ဟူသကဲ့သို့ ငါတို့တစုလည်း အပျင်းကို ပယ်ရှား၍ ဝီရိယသမား ဖြစ်အောင် ပြင်ကြဦးစို့။

“ဝီရိယဝတော ကိံနာမ န သိဇ္ဈတိ”
“လုံ့လ ဝီရိယ ရှိသူမှာ မပြီးနိုင်သော အရာ မရှိ”

[ဝီရိယ ကောင်းဖို့ရန် တိုက်တွန်းသော်လည်း ဆင်ကန်း တောတိုး သဘော မျိုးဖြင့် အကျိုးမများသော ဝီရိယကို မဆိုလို။ စဉ်းစားဉာဏ်ပါသော ဝီရိယ ကိုသာ ဖြစ်စေလိုသည်။]