ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဓမ္မဿဝန အကြောင်း
ဓမ္မဿဝန အကြောင်း
တရားနာခြင်းကို “ဓမ္မဿဝန”ဟု ခေါ်၏။ တရားနာရာ၌...
၁-မကြားဖူးသော အကြောင်းအရာများကို ကြားရခြင်း၊
၂-ကြားဖူးသော အကြောင်း အရာများကို ထပ်၍ ရှင်းလင်းစွာ နားလည်ရခြင်း၊
၃-ယုံမှား သံသယ ဖြစ်နေသော အချက်များ၌ ယုံမှား ကင်းရခြင်း၊
၄-အယူမှန် သမ္မာဒိဋ္ဌိကို ရခြင်း၊
၅-သဒ္ဓါ ပညာ တိုး၍ စိတ်ကြည်လင်ခြင်း ဟူသော အကျိုး ၅-ပါးကို ရနိုင်သည်။
[ဆောင်] သူတော်တရား၊ နာယူငြားက၊ မကြားစဖူး၊ ကြားရဖူး၏။ ကြားဖူးပြီးပြန်၊ ထပ်မံ၍ရှင်း၊ လွတ်ကင်းယုံမှား၊ ဖြောင့်သားအယူ၊ စိတ်ကြည်ဖြူသည်၊ ငါးဆူရမြဲ အကျိုးတည်း။
တရားနာအတု
ဤ အကျိုးများကို ရဖို့ရန် ရည်သန်၍ တရားနာရာ၌သာ ဓမ္မဿဝန ကုသိုလ်အစစ် ဖြစ်နိုင်၏။ ဓမ္မကထိကကို ခင်မင်၍ ဖြစ်စေ၊ ရယ်စရာ မောစရာ အသောပါသဖြင့် ပျော်ရွှင်၍ ဖြစ်စေ၊ “တရားမှ နာဘော်မရဘူး၊ အပျင်းထူလိုက်တာ”ဟု ကဲ့ရဲမည်စိုး၍ ဖြစ်စေ၊ သူများ အထင်ကြီးအောင် ဖြစ်စေ၊ ဓမ္မကထိက၏ အရည်အချင်းကို အကဲခတ်ကာ ကဲ့ရဲတန်လျှင် ကဲ့ရဲလို၍ ဖြစ်စေ နာကြရာ၌ကား ပေါက်ဖော်ကြီး စကားလို “ဝမ်မှာ”စိုးရသည်။
ရှေးတုန်းက ပေါက်ဖော်တယောက် လှေစီးသွားရာ လှေသမားက “ပေါက်ဖော်လှေ ကယိုလို့ သတိထားထိုင်ပါ”ဟု သတိပေး၏။ ပေါက်ဖော်က “လှေထဲ၌ရှိသော ရေယိုတာ ဘာအရေးစိုက်စရာ ရှိသလဲ”ဟု ယူဆ၍ အားရပါးရ ထိုင်၏။ အတော်ကြာလျှင် တင်ပါးက အေးစက်စက် ရှိ၍ “ကြည့်သောအခါ ရေတွေကို မြင်သဖြင့် “ဟင်...မယိုတဲ့အပြင် ဝမ်တောင် ဝမ်သေးကိုး”ဟု ပြောသတဲ့။ ထို့အတူ မကောင်းစိတ် ယိုထွက်ဖို့ တရားနာရာ၌ မယိုပဲ ဝမ်မှာ စိုးရသည်။
စာဖတ်ခြင်း အကျိုး
ယခုခေတ်၌ကား အလိမ္မာကို ကောင်းစွာ ပေးနိုင်သော ကျမ်းစာတွေ ပေါများလှ၏။ ထိုကဲ့သို့သော ကျမ်းစာများကို ကြည့်ရှု ကျက်မှတ် ရွတ်ဖတ်၍နေလျှင်လည်း တရားနာခြင်း၏ အကျိုးကို ရနိုင်၏။ ထို့ကြောင့် အချို့သော ခေတ်ဆန်ဆန် တရားကို နာမည့်အစား ကျမ်းစာကိုကြည့်ရှုနေခြင်း၊ နှုတ်ရှင်းသူကို ဖတ်ဖို့ရန်တောင်းပန်၍ ကြားနာခြင်းတို့က သာ၍ အကျိုးများဖွယ် ရှိပါသေးသည်။
[မည်သည့်ကျမ်းစာသည် မိမိတို့နှင့် သင့်လျော်သည်ဟု မရွေးချယ်တတ်လျှင် ဇိနတ္ထပကာသနီ၊ ဗုဒ္ဓဝင်၊ သံဝေဂဝတ္ထု ဒီပနီ၊ ငါးရာ့ငါးဆယ် ဇာတ်တော်ကြီး များနှင့် ရှေးဆရာတော်ကြီးများ စီစဉ်တော်မူအပ်သော ကျမ်းစာတို့သည် အမှန် အကျိုးများသော ကျမ်းစာများ ဖြစ်ပါသည်။]