ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုဗ္ဗ-မုဉ္စ-အပရစေတနာ

ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
ဆဋ္ဌအခန်း ပုဗ္ဗ-မုဉ္စ-အပရစေတနာ
649ကိုယ်ကျင့်အဘိဓမ္မာ — ဆဋ္ဌအခန်း ပုဗ္ဗ-မုဉ္စ-အပရစေတနာအရှင်ဇနကာဘိဝံသ

ပုဗ္ဗ-မုဉ္စ-အပရစေတနာ

ပုဗ္ဗစေတနာ

အလှူတမျိုးကို လှူဒါန်းရာ၌ ပုဗ္ဗစေတနာ၊ မုဉ္စစေတနာ၊ အပရစေတနာဟု ၃-မျိုး ရနိုင်၏။ ထိုတွင် အလှူပေးမည်ဟု ကြံစည်ကာ ထိုအလှူနှင့်ဆိုင်သော ပစ္စည်းများကို ရှာဖွေစုဆောင်းနေသောအခါမှစ၍ မလှူမီ ရှေ့အဖို့၌ ဖြစ်သမျှ ကုသိုလ်စေတနာတွေသည် “ပုဗ္ဗစေတနာ” မည်၏။ ထိုသို့ ပုဗ္ဗစေတနာနယ်အတွင်း၌ ဤအလှူဒါနကို အကြောင်းပြု၍ အလှူဒကာ အလှူ့အမ၊ ကျောင်းဒကာ ကျောင်းအမ စသည်ဖြင့် ထင်ရှား ကျော်စော လိုသောစိတ်၊ မိမိလှူနိုင်ကြောင်း ကြားလိုသောစိတ်များ မဖြစ်စေရ။ လှူဖို့ရာ ပစ္စည်းစုခိုက် အိမ်သား အချင်းချင်း အလှူနှင့်စပ်၍ မကျေမနပ် ဒေါသ-မာန စသော အကုသိုလ်များ၊ အလှူကို လှူမည်ဟု ကြံခဲ့ပြီးမှ တစုံတခုအတွက် စိတ်ပျက်ပြီး တွန့်ဆုတ်သော မလှူလိုသောစိတ်များ မဖြစ်စေရ။ ထိုသို့ မဖြစ်စေပဲ ပျော်ရွှင် ဝမ်းမြောက်စွာ အရာရာ ကျေနပ်လျက် လှူဖွယ်အရပ်ရပ်တို့ကို စီမံနိုင်လျှင် “ပုဗ္ဗစေတနာတွေ အလွန် စင်ကြယ်စွာ ဖြစ်နေပြီ”ဟု မှတ်ပါ။

"

မုဉ္စစေတနာ

မုဉ္စသဒ္ဒါသည် “စွန့်လွှတ်ခြင်း” ဟူသော အနက်ကို ဟော၏။ ထို့ကြောင့် စွန့်လွှတ် လှူဒါန်းနေတုန်း အခိုက်၌ ဖြစ်သော စေတနာသည် (ဆွမ်းလှူရာ၌ ဆွမ်းကို အလှူခံပုဂ္ဂိုလ်အား ကပ်လှူနေတုန်းမှာ ဖြစ်သော စေတနာနှင့် ကိုယ်ထိလက်ရောက်မကပ်ပဲ နှုတ်ဖြင့်လျှောက်ထား၍ လှူရာ၌ “လှူပါ၏”ဟု ဆိုခိုက်မှာ ဖြစ်သော စေတနာသည်) “မုဉ္စစေတနာ” မည်၏။ ဤ မုဉ္စစေတနာ အခိုက်လည်း ပြခဲ့သော အကုသိုလ်စိတ်များ မဖြစ်စေပဲ အလှူခံမည့် ပုဂ္ဂိုလ်ကိုလည်း ကပ်ငြိ တွယ်တာသော တဏှာလောဘစိတ် မဖြစ်စေပဲ ယခု လှူဒါန်းလိုက်သည့်အတွက်ကြောင့် ငါ၏ ကိစ္စကို ကူညီ ဆောင်ရွက်လိမ့်မည်ဟု တစုံတခုသော လောကီ အကျိုးကို မမျှော်ပဲ ရက်ရက်ရောရော လှူဒါန်းနိုင်ပါလျှင် “မုဉ္စစေတနာတွေ စင်ကြယ်စွာ ဖြစ်ပြီ”ဟု မှတ်ပါ။

အပရစေတနာ

အလှူ အထမြောက်ပြီးနောက် ထိုကုသိုလ်နှင့်စပ်၍ ဖြစ်သမျှ စေတနာကို “အပရစေတနာ”ဟု ခေါ်၏။ ထို့ကြောင့် ဒါနပြုပြီးနောက် ထိုဒါနကို သတိရတိုင်း “အလှူအထမြောက်ပေပြီ၊ ဝမ်းမြောက်ဖွယ်ကောင်းပေသည်။ နောက်ထပ်လှူချင်သေးသည်”ဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်နေလျှင် အပရစေတနာ နယ်၌လည်း ကုသိုလ်စေတနာတွေ ထပ်မံ တိုးပွားပြန်၏။ အလှူပေးပြီးနောက် ပစ္စည်းပျက်ပြား၍ ဖြစ်စေ၊ ကျောင်းဆောက် ကိုးကွယ်ပြီးနောက် ကျောင်းထိုင်ဘုန်းကြီး၏ အပေါ်၌ မကျေနပ်၍ ဖြစ်စေ “ငါလှူမိတာ မှာလေစွ”ဟု အပရစေတနာပျက်လျှင် အလှူနှင့်စပ်၍ မကျေနပ်ခြင်း ဟူသော ဒေါသ အကုသိုလ်ပင် ဖြစ်ပါသေးသည်။

သတိထားဖွယ်

ဒါနပြုရာ၌ ကျောင်းဆောက်မှု၊ ဘုရားတည်မှု၊ အလှူကြီးပေးမှုစသည်တို့ဖြင့် ကြီးကျယ်သော ဒါနလည်း ရှိ၏။ ဆွမ်း၊ သင်္ကန်း၊ ဆေး အစရှိသည်တို့ဖြင့်လည်းကောင်း၊ မရှိဆင်းရဲသားတို့အား စွန့်ကြဲပေးကမ်းမှု စသည်တို့ဖြင့် လည်းကောင်း အနည်းအပါး ဒါနလည်း ရှိ၏။ ထိုတွင် ကြီးကျယ်သော ဒါနတို့၌ အလှူခံပုဂ္ဂိုလ်အတွက် ဖြစ်စေ၊ သူတပါးတို့လာ၍ နှောင့်ယှက်သောကြောင့်ဖြစ်စေ စေတနာပျက်ဖွယ်တွေ (စိတ်ထားမတတ်သူ၊ ဉာဏ်မရှိသူမှာ) များလှ၏။ ထို့ကြောင့် ထိုသို့ ဒါန အကြီးအကျယ် လှူရာ၌ မိမိကိုယ်တိုင် စွမ်းနိုင်သမျှ စဉ်းစားရုံသာမကပဲ မိတ်ဆွေကောင်း ဆရာကောင်းတို့နှင့် တိုင်ပင်ကာ ပုဂ္ဂိုလ်ကောင်းများကို ရွေးချယ်၍ ပြုလုပ်ထိုက်ကြပေသည်။ အနည်းငယ် ပြုကြသော ဒါနတို့ကား ခွေးတိရစ္ဆာန်များကို ကျွေးမွေးရခြင်းသည်ပင် အကျိုးများလှပြီ ဖြစ်သောကြောင့် အလှူခံ ပုဂ္ဂိုလ်ကို မရွေးချယ်သော်လည်း အရေးမကြီးလှ။ အချို့ အရာ၌ သံဃိကဒါနမြောက်အောင် စိတ်ထား၍ အချို့ အရာဝယ် လှူဖွယ်ဝတ္ထုများ၌ မတွယ်တာပဲ မုတ္တစာဂီဖြစ်အောင် စွန့်လွှတ်ပေးကမ်း လှူဒါန်းကြရမည်။ မုတ္တ=မတွယ်တာပဲ လွတ်လွတ်ကျွတ်ကျွတ်+စာဂီ=စွန့်ကြဲ ပေးကမ်းလေ့ရှိသူ။] “အလှူခံပုဂ္ဂိုလ်၌လည်း မတွယ်တာ၊ လှူဖွယ်ပစ္စည်း၌လည်း မတွယ်တာ၊ နောက်ဘဝ၌ လူ နတ် စည်းစိမ်ကိုလည်း မတွယ်တာ မတောင့်တပဲ နိဗ္ဗာန်ကို ရည်မှန်းလျက် လွတ်လွတ်ကျွတ်ကျွတ် လှူဒါန်းသူ”ဟု ဆိုလိုသည်။