ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/အပစာယန အကြောင်း
အပစာယန အကြောင်း
အရိုအသေ ပေးမှုကို “အပစာယန”ဟု ခေါ်၏။ ထို့ကြောင့် မိမိထက် အသက်ကြီးသူ၊ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် သိက္ခာတမျိုးမျိုး ကြီးသူကို ဖြစ်စေ၊ အမိ အဖ၊ မိကြီး မိထွေး (ဒေါ်ကြီး ဒေါ်လေး၊ အရီးကြီး အရီးလေး) ဘကြီး ဘထွေး၊ ဦးကြီး ဦးလေး စသူကို ဖြစ်စေ ရိုသေခြင်းသည် “အပစာယန” ဖြစ်၏။ “ရိုသေ” ဟူသည်ကား ရိုသေထိုက်သူ လာလျှင် နေရာမှ ထပေးခြင်း၊ လမ်းဆုံနေပြန်လျှင် လမ်းဖယ်ပေးခြင်း၊ ထိုသူ၏ရှေ့၌မားမားမတ်မတ် မသွားပဲ ရိုသေသော အမူအရာဖြင့် ဦးခေါင်းကို ညွှတ်၍ ဖြစ်စေ၊ ကိုယ်ကို ညွတ်ကိုင်း ကုန်းကွ၍ ဖြစ်စေ သွားခြင်း၊ ရဟန်း သံဃာ ရှေ့မှာ ဖြစ်လျှင် လက်အုပ်ချီခြင်း စသည်တည်း။ မိမိတို့ ထုံးစံအတိုင်း ဦးထုပ် ချွတ်ခြင်း၊ ဆလံ ပေးခြင်း စသည်များလည်း ရိုသေခြင်းပင် ဖြစ်၏။ ထိုသို့ အရိုအသေ ပေးရာ၌ စိတ်စေတနာ ရိုးရိုးဖြင့် ရိုသေမှသာ အပစာယန ကုသိုလ် ဖြစ်သည်။ စိတ်မပါပဲ ကိုယ်ထက် အရာကြီးသူကို ကြောက်၍ လည်းကောင်း၊ တစုံတရာ လာဘ်ကို မျှော်၍ လည်းကောင်း ရိုသေဟန်ဆောင်ခြင်းမှာ ကုသိုလ်မဟုတ်သည့်ပြင် လှည့်စားသော မာယာတမျိုးပင် ဖြစ်သေး၏။
စဉ်းစားဖွယ်
ဦးခေါင်းညွတ်မှု၊ ကိုယ်ကို ကိုင်းညတ်မှု၊ လက်အုပ်ချီမှုများကို အရိုအသေ ပေးခြင်းဟု အများ ယူဆကြပြီ။ တချို့ ဗုဒ္ဓ ဘာသာဝင်တို့သည် ဦးခေါင်းပေါ်၌ လေးလံသော ဝန်ထုပ်ကို ရွက်ထားယင်း ရဟန်း သံဃာကို တွေ့မြင်သောအခါ ထိုဝန်ထုပ်ကို ပင်ပန်းချ၍ ရှိခိုး ဦးချကြ၏။ တချို့လည်း သစ်သစ်လွင်လွင်အဝတ်ကို ဝတ်ဆင်ပြီးလျှင် မြေကြီးပေါ် ထိုင်လျက် ရှိခိုး ဦးချကြ၏။ အချို့လည်း သင်္ဘောရထား လူအများ ရှုပ်ထွေးသော အရပ်၌ ဖိနပ်ချွတ်၍ ရှိခိုး ဦးချကြ၏။ ထိုကဲ့သို့ ရိုသေမှုကို အပြစ်ရှိသည်ဟု မဆိုလိုပါ။ စိတ်စေတနာ အမှန်အတိုင်း ရိုသေခြင်း ဖြစ်လျှင် အမှန် အကျိုးရှိပါ၏။ သို့သော် ခေတ်ကာလအလိုက် ပြောရလျှင် ထိုကဲ့သို့ နေရာမျိုး၌ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ လက်အုပ်ချီ ဦးခေါင်းညွှတ်ရုံ တခုခုဖြင့် လည်းကောင်း၊ “သွားပါဦးမည်၊ ဦးတင်ပါသေး” စသော စကားဖြင့် လည်းကောင်း ရိုသေသော အမူအရာကို ပြလျှင် တော်သင့်ပေပြီဟု ထင်မိပါသည်။ တရံတခါ လူအလွန်ရှုပ်သော ရထား သင်္ဘောဝယ် ဆရာတော်လုပ်သူကလည်း စိတ်မအား ကိုယ်မအား၊ လာရောက်သူတို့ကလည်း အရိုအသေ များများနှင့် လူမျိုးခြားတို့က အထက်အမြင့်မှာ ထိုင်နေစဉ် ရှိခိုးဦးချကြသည်ကို တွေ့ရသည်မှာ အဆင်မပြေသလို ရှိပါသည်။