ကိုယ်ကျင့်အဘိဓမ္မာ/ဆရာတော်အရှင်ဇနကာဘိဝံသ၏ သာသနာတော် အဆုံးအမများ
ဆ ရာ တော် အ ရှင် ဇ န ကာ ဘိ ဝံ သ၏ သာ သ နာ တော် အ ဆုံး အ မ များ
တောင်မြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသသည် ဗုဒ္ဓသာသနာတော် အရှည်တည်တံ့ပြန့်ပွားစေလိုသူတိုင်းနှင့် တိုင်းပြည်ကို ချစ်မြတ်နိုးသူတိုင်း ကျေးဇူးအမြဲ သိနေရမည့် ပုဂ္ဂိုလ်ထူးတပါးဖြစ်ပါသည်။ ဆရာတော်သည် သာသနာတော် အကျိုးကို အစွမ်းထက်သလောက် ဆောင်ရွက်နိုင်သော ရဟန်း ဘဝကို အလွန်မြတ်နိုးတော်မူပါသည်။ အကျော်အမော ဘုန်းကံကြီးမားမှုနှင့် စပ်လျဉ်းသော ကိစ္စများကို ဦးစားပေးလေ့မရှိဘဲ သာသနာတော်၏ဆုပ် တောက်ပြောင်စေမည့် ကိစ္စများ အပြုအမူများကိုသာ ရှေ့ဆောင်လမ်းပြညွှန်ပြ တော်မူပါသည်။
နှောင်းခေတ် သာသနာတော်နှင့် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ကြမည့် ပုဂ္ဂိုလ်များအတွက် မပင်မပန်းချမ်းလွယ်ကူစွာ ပိဋကတ်တော် ပေါက်မြောက် ကျွမ်းကျင်ကြစေရန်အတွက် သဒ္ဒါ ဝိနည်း အဘိဓမ္မာ သုတ္တန်ကျမ်းများကို သင်ရိုးကုန်အောင် ပြုစုတော်မူခဲ့ပါသည်။ လူရောရှင်ပါ တိုင်းပြည်နှင့် သာသနာကို စည်ပင်ပြန့်ပွါးအောင် တာဝန်ထမ်းဆောင်နိုင်ရေး၊ အသိဉာဏ် ကိုယ်ကျင့်တရား ပြည့်စုံဖွံ့ဖြိုးရေးအတွက်လည်း ရတနာ့ဂုဏ်ရည် ကိုယ်ကျင့်အဘိဓမ္မာ, အနာဂတ်သာသနာ ဗုဒ္ဓဘာသာသင်ခန်းစာ, ဘာသာသွေး ဗုဒ္ဓါနုဿတိ ဘာဝနာ အစရှိသော ကျမ်းစာများကိုရေးသား၍ နည်းလမ်းညွှန်ပြထားတော် မူခဲ့ပါသည်၊ တပည့် ရဟန်း ဒကာ ဒကာမများအား ဗုဒ္ဓမြတ်စွာ၏ ဂုဏ်ကျေးဇူးတော်တို့ကို အမြဲညွှန်ပြဟောကြား၍ ပရိယတ်နှင့်ပဋိပတ်သာသနာတော်ကို ကြိုးစားကျင့်ဆောင်ရေး၊ ကိုယ်ကျင့်သီလတရားကို မထိန်းသိမ်းဘဲ သာသနာတော်တွင် ပေါ့ပေါ့ဆဆနေထိုင်လျှင် ပစ္စုပ္ပန်သံသရာ ဆင်းရဲဒုက္ခတွေ့ရမည့် အရေးကို အမြဲသတိပေးတော်မူလေ့ရှိပါသည်၊ ဒါနသည် ပြုလုပ်သင့်သော ကိစ္စဖြစ်သော်လည်း ကိုယ်ကျင့်သီလ ဝိနည်းသည်သာ သုဂတိဘဝအတွက် စိတ်ချရသောအလုပ်ဖြစ်ကြောင်း၊ ဝိပဿနာ ဘာဝနာများလည်း တတ်စွမ်း သမျှ ကြိုးစားရန်လိုကြောင်း အမြဲညွှန်ပြဆုံးမတော်မူပါသည်။ အောက်ပါ ကောက်နုတ်ချက်များကို လေ့လာခြင်းဖြင့် ဆရာတော်၏ စိတ်သဘောထားကို နားလည်နိုင်ပါလိမ့်မည်။
စိတ်ကောင်းရှိဘို့ပဌမ
ဤကျောင်းတိုက်မှာ နေလိုယင် အကြီးက အငယ်ကိုနှိမ်၊ အငယ်က အကြီးကိုမရိုသေတဲ့စိတ်မျိုး၊ ကိုယ့်ထက်သာသူကို မနာလိုတဲ့ ဣဿာစိတ်၊ ဉာဏ်ဝီရိယကောင်းတဲ့သူကို တိုးတက်မှာစိုးတဲ့ မစ္ဆရိယစိတ်၊ အလွန် ထင်ရှားသိသာတဲ့ တဏှာရာဂစိတ်၊ ဂုဏ်နဲ့လာဘ်ကို အလွန်လိုလားတဲ့ လောဘစိတ် ပြင်းထန်တဲ့ ဒေါသစိတ်၊ မာန်မာနစိတ် စတဲ့ စိတ်မျိုးတွေ မဖြစ်စေဘဲ ဆရာပီပီ တပည့်ပီပီ ရိုသေလေးစားတဲ့ မေတ္တာစိတ်၊ မကျန်းမာသူကိုသနားတဲ့ ကရုဏာစိတ်၊ သူတပါးပညာတတ်သည်ကို လာဘ် ပေါသည်ကို ဝမ်းမြောက်တဲ့မုဒိတာစိတ်၊ ဘုရားဝေယျာဝစ္စကို စိတ်ပါ လက်ပါ ပြုလိုတဲ့စိတ်၊ သဒ္ဓါတရား ကောင်းတဲ့စိတ်၊ ပျော့ပျောင်းနူးညံ့ တဲ့စိတ်၊ အပါယ်လေးပါးကြောက်တဲ့စိတ်၊ မဂ်ဖိုလ်နိဗ္ဗာန်လိုလားတဲ့စိတ် စတဲ့ စိတ်မျိုးတွေ့ရှိရမည်။ (တဘဝသံသရာ စာမျက်နှာ-၃၆၅)
သီလဝိနည်းလုံခြုံစေ
ဘဝကောင်းဘို့အတွက် လူဝတ်ကြောင်များက ငါးပါးသီလ အာဇီဝဋ္ဌမက သီလမပါဘဲ ဒါနချည်းစိတ်မချရပုံ ရဟန်းသံဃာများအတွက် ဝိနည်းကို ဂရုမစိုက်ယင် စာပေပရိယတ်ကို မိုးထိအောင် တတ်သော်လဲ နောင်ဘဝကောင်းဘို့ စိတ်မချရပုံ မိမိတို့က သီလ မစင်ကြယ်ယင် ဒကာ-ဒကာမတို့ရဲ့ အလှူဒါနလဲ လယ်ယာမြေကောင်းမှာ မစိုက်ရသလို ဖြစ်သောကြောင့် အကျိုးမများပုံ အတော် စုံစုံလင်လင် တွေးနေမိတယ်။ (တဘဝသံသရာ စာမျက်နှာ-၃၆၅၊ ၄၅၈၊ ၄၆၄၊ ၄၆၉)
ဝိပဿနာပွားကြလေ
ပဋိပတ်ဘက်က အလုပ်လုပ်တဲ့အချိန်များမှ တော်မည်၊ ပရိယတ်ချည်း ကြိုးစားလာကြတာ စိတ်အနေ ဘာမှ ထူးထူးခြားခြား ကောင်းမလာဘူး၊ သီလအကျင့်မပါတဲ့ ပရိယတ်စာသင်နည်းကိုတော့ ဒီကျောင်းတိုက်မှာ ဘယ်နည်းနဲ့မှ လက်မခံထိုက်ဘူးလို့ မကြာမကြာ သတိပေး ထားပါတယ်။ (စာမျက်နှာ-၄၅၇)
နေ့ပိုင်းမှာ စာသင်စာချတဲ့ ဂန္တဓုတာဝန်ကို ဆောင်ကြဘို့နဲ့ ညဉ့်ဘုရား ဝတ်တက်ပြီးချိန်ကစ၍ အိပ်ဘို့တုံးခေါက်ချိန်အထိ ဝိပဿနာ ဓုရတာဝန်ကို ဆောင်ကြဘို့ရန် စီစဉ်ရပါတယ်။ (စာမျက်နှာ-၄၅၈နှင့် ၄၆၀၊ ၄၆၄)
စာချဘုန်းကြီးများကခေါင်းဆောင်ပြီးဝိပဿနာဘာဝနာအလုပ်ကို အများအားထုတ်အောင် ကြိုးစားကြပါ။ (စာမျက်နှာ-၃၃၄)
ကျောင်းတိုက်တွင် လိုက်နာရမည့် လမ်းညွှန်ဩဝါဒ ဆယ်ချက်တွင် စိတ်ကောင်းထားရှိရမည့်အရေးကို အထူးအလိုအပ်ဆုံးဟု ပညတ်တော်မူခဲ့သည် ဆရာတော်ကြီး၏ဆုံးမဩဝါဒကို အဆီအနှစ်ထုတ်၍ တိုတို ကျဉ်းကျဉ်း ဖော်ပြပါဆိုလျှင်
စိတ်ကောင်းရှိဘို့ ပဌမ (စာမျက်နှာ-၃၆၅)
သီလဝိနည်း လုံခြုံစေ (စာမျက်နှာ-၄၅ဂ၊ ၄၆၄၊ ၃၆၅၊ ၄၆၉)
ဝိပဿနာပွားကြလေ (စာမျက်နှာ-၃၃၄၊ ၄၅၆၊ ၄၆၀၊ ၄၆၄) ဟူ၍ တွေ့ကြရမည်၊ ဆရာတော် ကိုယ်တိုင်ရေး ထေရုပ္ပတ္တိတွင် ဤချက်များကို အကြိမ်ကြိမ် အလေးပေးဖော်ပြ သတိပေးထားသည်ကို တွေ့ရပါမည်။ တပည့် ဒကာ-ဒကာမများကို တွေ့တိုင်းလည်း မိမိရရှိထားသော ဘဝကောင်းကို တဆင့်ထက်တဆင့် မြင့်ထက်မြင့်စေရန် မမေ့ဘို့ ကြိုးစားအားထုတ်ကြဘို့ ဤသုံးချက်ကို ဟောပြောတိုက်တွန်းတော်မူလေ့ ရှိပါသည်။
ပြောသလိုလုပ်၍ လုပ်သလိုပြောလေ့ရှိခြင်း
ဆရာတော်ကြီးသည် ပဌမကျော် သကျသီဟ ဓမ္မာစရိယ စားမေးပွဲများကို အောင်မြင်ခဲ့သော်လည်း ကျမ်းစာများတွင် ထည့်သွင်းဖော်ပြလေ့ မရှိပါ။ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကို လွတ်လပ်ရေးရလျှင်ရချင်း ဆက်ကပ်ခံခဲ့ရသော်လည်း ထိုဘွဲ့ကို အသုံးပြုလေ့မရှိပါ။
စာမေးပွဲအောင်မြင်မှု ဂုဏ်ထူးများသည် သာသနာရေး ဆောင်ရွက်ရာတွင် တစိတ်တဒေသ အထောက်ပံ့ဖြစ်စေသည်၊ အလုပ်လွယ်ကူအောင်မြင်စေမည် (တဘဝ သံသရာ စာမျက်နှာ-၃၁၇)ဟု သဘောပေါက် ယုံကြည်သော်လည်း သီလစင်ကြယ်၍ သာသနာတော်၏အကျိုးကို တကယ်လိုလားစွာ ဆောင်ရွက်မှသာ သာသနာတော် တိုးတက်မည်ဟု ဩဝါဒပေးတိုင်း ပြောဆုံးမလေ့ ရှိပါသည်။
ကျောင်းတိုက်အတွင်း စာမေးပွဲအောင်မြင်မှု ပူဇော်ပွဲ မွေးနေ့ပူဇော်ပွဲ ပြုလုပ်ခြင်းကို အားပေးခြင်းမပြု၊ ခွင့်ပြုတော်မမူပါ၊ ဆူညံသော လူစုလူဝေး အလှူပွဲခင်းကျင်းခြင်း တီးမှုတ်ဧည့်ခံခြင်းများကိုလည်း လုံးဝခွင့်ပြုတော်မမူပါ။
မည်သူမဆို မိမိ၏ကိုယ်မှု နှုတ်မှု စိတ်မှုတို့ကိုကောင်းသထက်ကောင်းအောင် အစဉ်ပြုပြင်နေသင့်သည်၊ သေသည့်အထိ အမြဲပြုပြင်နေရမည်ဟု ဆရာတော် ဆုံးမတော်မူလေ့ရှိပါသည်။
ဆရာတော်သည် အနာဂတ်သာသနာရေးကျမ်းတွင် မိမိရေးသားညွှန်ပြခဲ့သည့်အတိုင်း တကယ်လုပ်လျှင် တကယ်ဖြစ်နိုင်ပုံကို တောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက်တွင် ပရိယတ္တိရော ပဋိပတ္တိဘက်ကပါ သာသနာ့ ကျက်သရေဆောင် အဖြစ် လက်တွေ့စံနမူနာ ပြခဲ့ပါသည် မျက်မှောက် သာသနာခေတ် တွင် သံဃာတော် ခုနစ်ရာခြောက်ဆယ်ကျော်သည် တိုင်းပြည်၏ ကောင်းမှုဖြင့် မငြိုမငြင် မပင်ပန်းဆင်းရဲရဘဲ အတူနေ အတူစား အတူပညာသင်လျက် စည်းလုံးညီညွတ်စွာ ရှိနေကြသည်မှာ မြန်မာပြည်တွင်သာမက ကမ္ဘာတွင် ဤတနေရာသာ ရှိပါသည်ဟုဆိုလျှင် စကားမလွန်ကန်ဟု ထင်ပါသည်။ ဤပြယုဂ်တခုနှင့်ပင် သာသနာ့ကျက်သရေသာမက မြန်မာ့ဂုဏ်ကျက်သရေ ထင်ရှားပေါ်လွင်လှပါသည်။
ထေရဝါဒ ဗုဒ္ဓသာသနာတော်ကို လေ့လာလိုသူ မြန်မာပြည်သူပြည်သားနှင့် နိုင်ငံခြားသား သုတေသီတို့သည် တောင်မြို့ မဟာဂန္ဓာရုံ ကျောင်းတိုက်ကို အရောက်လာလေ့ရှိကြပါသည်။ ရောက်လာသူတိုင်းပင် နှစ်သက်ကြည်နူး သဒ္ဓါ တရားပွားများကြပါသည် သန့်ရှင်းမှု ငြိမ်သက်မှု စည်းကမ်းကျနမှု အဆောက်အဦများ စည်ပင်မှုတို့ကိုမြင်ပြီး ကျေနပ်နှစ်သိမ့်မှုရကြလေသည်။ ဤအခြေအနေသို့ ရောက်အောင် ဆရာတော်လုံ့လဝီရိယဖြင့် မနားမနေ ကြိုးပမ်းသည်ကို ချီးကျူးအံ့ဩကြပါသည်၊ ကျောင်းတိုက်ပြုပြင်မှု-သံဃာပရိသတ် ထိန်းသိမ်းမှု-စာပို့ချမှု စသည့် များပြားလှသေ မပြတ်မလပ် တာဝန်များ ကြားမှပင်ဘာသာဋီကာအမျိုးမျိုးစသော ကျမ်းကြီးကျမ်းငယ် အသွယ်သွယ်ကို တကျမ်းပြီးတကျမ်း ပြုစုတော်မူခဲ့သည်။ ဆရာတော်၏ အာသီသကို အောက်ပါ ကြိုးစားချက်က ဖေါ်ပြနေပေသည်။
ကိုယ်တည်းတယောက် ချမ်းသာရောက်ဘို့ ခုလောက်ကြိုးကုတ် အားမထုတ်ဘူး၊ ဗုဒ္ဓမြတ်စွာ၊ သာသနာ၏ ရှေးခါဘိုးဘ လက်ထက်ကလျှင် ရသည်တန်ခိုး ထပ်မညှိုးဘို့ အားကြိုးမာန်တက် ငါဆောင်ရွက်သည် ဆက်လက်တည်တံ့ရုံသာတည်း။ (တဘဝ သံသရာ-၃၈၉)
ယခု (၁၃၄၁-ခုနှစ်)အခါ ဆရာတော် မရှိသည့်နောက် ဆရာတော် ဦးစန္ဒောဘာသ အမှူးပြုသော ဆရာတော် ဦးမဟိန္ဒ၊ ဆရာတော် ဦးဣန္ဒောဘာသာဘိဝံသ၊ ဆရာတော် ဦးအဂ္ဂဝံသ၊ ဆရာတော် ဦးကုဏ္ဍလာဘိဝံသ၊ နာယက ၅-ပါးအဖွဲ့က စီမံအုပ်ချုပ်လျက် သံဃာ ၇၆၀-ကျော်ကို လက်ခံကာ တာဝန်ယူ ကျွေးမွေးစောင့်ရှောက် သင်ကြားကျင့်ဆောင်နေကြရာ ဆရာတော်ကြီး၏ မွန်မြတ်သော သာသနာတော် တည်တံ့ရေး ပြန့်ပွါးရေး ရည်ရွယ်ချက်သည် ဝေဝေဆာဆာ သီးပွင့်နေလေပြီဟု ယူဆနိုင်ပါပြီ၊ လက်တွေ့ သင်ကြားပို့ချပေးခြင်း၊ ကျမ်းစာများဖြင့် တနိုင်ငံလုံး ဖြန့်ခြင်းတို့သည် အရှိန်အဟုန် မြင့်မားလာခဲ့ပေပြီ၊ ဤကိစ္စများကို ပြုစုပျိုးထောင်စဉ်က လောက သဘာဝအတိုင်း အပြစ်တင်ခံရမှု အထင်လွဲခံရမှုများ ရှိခဲ့ရာ ဆရာတော်သည် ထိုအဆိုအပြောများကို ဥပေက္ခာပြုကာမမှိတ်မသုံ ခဲယဉ်းစွာချီတက်ခဲ့ရပေသည်။ ကိုယ်တိုင်ရေး ထေရုပ္ပတ္တိဖြစ်သော “တဘဝသံသရာ” စာမျက်နှာ ၂၂၁-တွင် ပဌမကျမ်းစာဖြစ်သော ရတနာ့ဂုဏ်ရည်ကို ရိုက်နှိပ်စဉ် ချို့တဲ့စွာ စီမံခဲ့ရပုံကို အောက်ပါအတိုင်း တွေ့ရပေသည်။
“ရတနာ့ဂုဏ်ရည် ဆိုတဲ့ စာအုပ်ကလေး ရိုက်မယ်”လို့ စပ်မိစပ်ရာ ပြောတော့ ဟိုက ဒီက ၅-ကျပ်စီ ၁-စီ ထည့်ကြလို ၂၅၀ိ-လောက် ရပါတယ်။ စာအုပ်က တထောင်ရိုက်ပါတယ်။ အားလုံး ၃၅၀-ကျပါတယ်၊ တပည့်တော်မှာ ငွေမရှိပါဘူး၊ ညီထံက စာဘီဒိုကိုယူပြီးတော့ ငွေဖြစ်အောင် စီမံတော့ လိုတဲ့ ၃၅၀-ပြည့်ပါတယ်။ ငွေရေး ကြေးရေးနှင့် ပတ်သက်၍ မည်မျှသတိပြုပုံ ကျမ်းစာအုပ်များသည် စီးပွါးရေးအတွက်မဟုတ် သာသနာအကျိုးသာ အဓိကဖြစ်ပုံတို့ကို အောက်ပါ ဆရာတော်ကြီးကိုယ်တိုင် ဖော်ပြချက်က ထင်ရှားစေပါသည်။
တပည့်တော်က ကျမ်းစာအုပ်နဲ့စပ်ပြီး တပည့်တော်အတွက်သာ သတိထားတာ မဟုတ်ဘူး၊ တပည့်တော်နဲ့ စပ်ရာအတွက်လဲ သတိ ထားပါသည်၊ တပည့်တော်ရဲ့ ကျမ်းစာအုပ်တွေ ထွက်ခါစကစပြီး လူထွက်လိမ့်မယ်လို့ ထင်ကြတုန်းဘဲ၊ တပည့်တော် စဉ်းစားခဲ့ဘူးပါတယ်၊ သူတို့ပြောသလို ငါက လူထွက်ပါပြီ ဆိုကြပါစို့၊ လူထွက်ရင် ဒီစာအုပ်တွေ ရတဲ့ငွေဖြင့် ငါရယ် ငါနဲ့ ရေစက်ဆုံတဲ့သူရယ် သုံးစွဲ နေရင် ဘဝသံသရာမှာ နစ်နာလိမ့်မယ်ဆို ငါနဲ့ရေစက်ဆုံတဲ့သူရာ ထိုကဲ့သို့ အနစ်နာ မခံနိုင်ပါဘူးလို့ စဉ်းစားမိပါသေးတယ်။
ယခုလဲ ကျမ်းစာအုပ်တွေကို တာဝန်ယူပြီး စက်တင်ရိုက်နှိပ်ဖြန့်ဝေနေတဲ့ မောင်ကျော်နဲ့ တူဖြစ်သူ မောင်အောင်ခန့်တို့ကို အမြဲသတိပေး ထားပါတယ်။
ကျမ်းစာအုပ်မှထွက်တဲ့ငွေကို သာသနာအကျိုးများဘို့ သဘောထား ရမယ်၊ သင်တို့ရဲ့ စီးပွါးရေး မဖြစ်စေကြနဲ့၊ ငွေမလယ်လို ခေတ္တ သုံးလဲ ပြန်ပြီးရှင်းနိုင်မှ ကောင်းတယ်၊ ခေတ်အားလျော်စွာ သင်တို့ရဲ့ တာဝန်ဆောင်ခကိုတော့ တရားသဖြင့် သုံးကောင်းတာပေါ့။
စီးပွါးဖြစ်အောင်တော့ ဘယ်သူမှ မသုံးကောင်းပါဘူး၊ နောက်နောင် မတွင်ကျယ်နိုင်သော အထက်တန်း ဘာသာဋီကာတွေ ရိုက်နိုင်အောင်သာ ကြိုးစားကြပါ။
ငါဟာ သာသနာရေးအတွက် စာရေးတယ်၊ တိုက်က စာချဘုန်းကြီးများလဲ ကူညီကြတယ်၊ ဒီတော့ ဘယ်နည်းနဲ့မှ စီးပွါးရေး မဖြစ်ကောင်း ပါဘူး၊ စီးပွါးရေးသုံးရင် သားစဉ်မြေးဆက် အညွှန့်တုံးကြလိမ့်မယ်။
ငါမရှိတောင် ဂန္ဓာရုံ သာသနာအတွက် ဂန္ဓာရုံ ဆိတ်သုဉ်းသွားရင် အခြားဘာသာရေးအတွက်သာ ဖြစ်စေလိုတယ်လို့ ပြောထားပါတယ်။ (တဘဝသံသရာ စာမျက်နှာ-၃၁၆)
သာသနာတော် ကြီးပွါးမည် ဆိုလျှင် အများ ချမ်းသာမည်ဆိုလျှင် မိမိ တယောက် ဆင်းရဲခံရမည်ကို အနည်းငယ်မျှ မရွံ့ဘဲ ရဲစိတ် ရဲမာန် အပြည့်ဖြင့် ဆောင်ရွက်တော်မူလေ့ရှိပါသည်။-
ကိုယ်တည်းတယောက် ဆင်းရဲရောက် ကိုယ့်နောက်အများ ချမ်းသာပွါးမူ တပါးဖြစ်ထွေ ဆင်းရဲစေတော့ စိတ်နေခုလို ဝမ်းဝယ်သို့၍ ထိုထို အလုပ် လွန်ကြိုးကုတ်သော် မဟုတ်သတင်း လုပ်ဇာတ်ခင်းလျက် ချင်းချင်း ရွဲသံကဲ့ရဲ့သံကို နာခံမညီး ပြည်လုံးဟီမျှ ဝေးနီးအနှံ့ပျံအောင် ဖြန့်လည်း မခံ့တခံ့ ခံ့တခံ့နဲ့ ကြံ့ကြံ့ ပုံသေ ခံခဲ့ပေ၏။ (တဘဝသံသရာ-၃၉၄)
သာသနာတော်ကို တည်တံ့ ပြန့်ပွါးစေလိုသော ကြီးမားသော သမ္မာဆန္ဒတော် ဇွဲဖြင့် ကျမ်းစာများကို အဆက်မပြတ် ထုတ်ဝေရာတွင် စာအုပ်ကုန်သည် ဟူ၍၎င်း၊ ငွေစုပြီး လူထွက်လိမ့်မည်ဟူ၎င်း ကဲ့ရဲ့ ပြောဆိုခြင်းများကိုလည်း ဆရာတော်သည် သည်းခံခဲ့ရပေသည်၊ ဤလောကဓံ တရားများနှင့်ပတ်သက်၍ ဆရာတော်၏ သံဝေဂယူပုံမှာ
လူ-ဟုဆိုလျှင်လူလိုပင်သာ လူတွင်တွေ့ရိုး ကြောင်းအကျိုးနှင့် ကောင်းဆိုးနှစ်တန် လောကဓမ်ကို အမှန်တွေ့မြဲ စိတ်ဝယ်ခွဲ၍ ဝမ်းနဲဝမ်းသာ မများပါ။ (တဘဝသံသရာ စာမျက်နှာ-၁၀၅)
လူ့ဘုံထုံးစံ ကဲ့ရဲဒဏ်ဖြင့် ရန်မာရ်ပိတ်သဲ ခရီးခဲ၌ စိတ်ဇွဲသန်သန် နောက်မပြန်ဘဲ ရဲမာန်ရဲဆေး ရဲစိတ်မွေးလျက် ရဲသွေးနီနီ စီရရီ (တဘဝသံသရာ စာမျက်နှာ-၂၈၉)
ဤသို့သော ရဲစိတ် ရဲမာန်စိတ်ထားဖြင့် ဆောင်ရွက်ခဲ့သည့်အတိုင်း အောင်မြင်မှုကို ယခုမျက်မြင် တွေ့ကြရပေပြီ၊ ဆရာတော်၏ ပင်ကိုယ်ဆန္ဒတော်ကို ကိုယ်တိုင်ရေး ထေရုပ္ပတ္တိတနေရာတွင် အောက်ပါအတိုင်း ဖော်ပြခဲ့ပေသည်။
တပည့်တော်ရဲ့ ကျောင်းတိုက်တတိုက်သာ ကောင်းဘို့လောက် ဆိုယင် ဒါလောက်မကြိုးစားပါဘူး၊ နောင်အနာဂတ်အတွက် နိုင်ငံရော သာသနာရော ကောင်းဘို့ကို ရည်ရွယ်တာ ဖြစ်ပါတယ်၊ တပည့်တော် စိတ်မှာ တိုက်တတိုက် ဂိုဏ်းတဂိုဏ်း သာသနာတရပ် ကောင်းစားရေး ဆိုတဲ့ စိတ်ထားမရှိပါဘူး။ အများကောင်းစားစေလိုတဲ့ စိတ်ချည်း ပါဘဲ။ (၃၅၆)
တပည့်တော်က သာသနာရေးစိတ်နဲ့ချည်း ကြိုးစားတာ မဟုတ်ပါဘူး၊ နိုင်ငံရေးစိတ်နဲ့လဲ ကြိုးစားတာပါ။ (၃၄၄)
ဗုဒ္ဓမြတ်စွာရဲ့အမွေအနှစ်ဖြစ်တဲ့ သာသနာတော်ကြီးကို၎င်း၊ သာသနာတော်ကို ကြည်ညိုထောက်ပံ့ကြတဲ့ ဒကာ-ဒကာမတို့နေရာ နိုင်ငံတော်ကို၎င်း အင်မတန် သာယာစေလိုတဲ့ ဆန္ဒ တပည့်တော်မှာ ပြင်းပြနေပါတယ်ဘုရား၊ ပြီးတော့လဲ သာသနာတော်ကို အကြောင်းပြပြီး နိုင်ငံပါ အေးချမ်းသာယာတယ်ဆိုတဲ့ ဂုဏ်ကို အလွန်လိုချင် ပါတယ်။ (၃၅၇)
ဆရာတော်ကြီးသည် ဗုဒ္ဓမြတ်စွာ၏ အဆုံးအမသည် လောကတွင် အမှန်ဆုံး အမြတ်ဆုံး ပစ္စုပ္ပန်သံသရာနှစ်ဖြာ ကောင်းကျိုးပြုနိုင်ရုံမက ကမ္ဘာတခုလုံးက စံပြအဖြစ် လေးစားလာကြရမည် ဖြစ်ကြောင်း ယုံကြည်အားထားခဲ့ပုံကို အောက်ပါခံယူချက်ဖြင့် သိသာနိုင်ပါသည်။
ဒီတိုင်းသာ သဘောထားကြီးကြီး တဦးနဲ့တဦး အနွံနာခံပြီး သည်းခံမှုဖြင့် စိတ်ရှည်ရှည်ထားဆောင်ရွက်ကြယင် သာသနာဟာ နေလို လလိုမက ကမ္ဘာကစံပြုပြီး အကြည့်ခံကြရမှာပါ၊ ဒါလောက် မကသေးပါဘူး၊ လူတိုင်း၏လေးစားမှု ခံယူကြရပြီး ကျင့်သုံးသူ ကိုးကွယ်သူများဟာ ယခု ဘဝမှာပင် ရင်အေးပြီး သာသနာရေး မျှော်တွေး၍ အေးချမ်းမှုလဲ ဖြစ်နိုင်ကြရပါမည်။ (တဘဝသံသရာ စာမျက်နှာ-၂ဂဂ)
ဤသို့သော ခံယူချက်သဘောထားကို တပည့်သံဃာများကိုလည်း ဟောပြော ဒကာ-ဒကာမများကိုလည်း သွန်သင် သာသနာစိတ် အပြည့်အဝဖြင့် တက်တက်ကြွကြွ ဆောင်ရွက်ပြုစု ပျိုးထောင်တော်မူခဲ့ရာ မျှော်မှန်းသော ရည်ရွယ်ချက်များ အောင်မြင်သင့်သလောက် အောင်မြင်၍ မြန်မာ့စံပြ ကမ္ဘာ့စံပြအဖြစ် ရဲရဲဝံ့ဝံ့ အကြည့်ခံနိုင်သော အခြေသို့ ရောက်ခဲ့သည်ကို ယနေ့ မျက်မြင် တွေနေကြရလေပြီ၊ ဆရာတော်ကြီး၏ သီလ သမာဓိ ပညာ တန်ခိုး အရှိန်အဝါကြောင့် စေတနာ သဒ္ဓါတရား ထက်သန်သူ ဒကာ-ဒကာမများ တဖြည်းဖြည်း တချဉ်းကပ် ရောက်လာကြလေသည်။ ဤသို့ဖြင့် စေတနာရှင် ဒကာ-ဒကာမများ၏ သဒ္ဓါတရားကိုလည်း လိုက်လျောရခြင်း တိုးပွားလာသော တပည့်တပန်းများအတွက်လည်း နေရာထိုင်ခင်းဖြည့်စွမ်းရခြင်းတို့နှင့် မဟာဂန္ဓာရုံကျောင်းတိုက် အကျယ်အဝန်းသည် ၁၆-ဧကဖြစ်လာရပြီး ပျံလွန်တော်မူချိန်ဝယ် (အငယ် အလတ် အကြီး) အဆောက်အဦများလည်း စုစုပေါင်း ၉၆-ခုအထိ တိုးတက်လာခဲ့ပေသည်။ ဆရာတော်ကြီးသည်ကား မူလကျောင်းတိုက် တည်ထောင်စက နေခဲ့သော တထပ်သစ်သားကျောင်း လေးတွင်သာ နောက်ဆုံးရက်အထိ သီတင်းသုံး နေထိုင်တော်မူခဲ့လေသည်။ ဤနေရာတွင် အဆောက်အဦနှင့် ပတ်သက်၍ ဆရာတော်ကြီး၏ သဘောထားကို တင်ပြလိုပေသည်။
သာသနာသည် အဆောက်အဦမဟုတ်
သာသနာတည်မြဲအောင် ပြန့်ပွားအောင် သန့်ရှင်းအောင်လုပ်ဘို့ ဆိုတာ အဆောက်အဦကြီးတွေက တတ်နိုင်တာ မဟုတ်ဘူး၊ ပရိယတ္တိ သာသနာနှင့် ပရိယတ္တိကို အခြေခံသော လမ်းမှန်သည့် ပဋိပတ္တိ သာသနာကသာ သာသနာကို အရှည်တည်မြဲအောင် လုပ်နိုင်မှာ ဖြစ်တယ်။
ဥပမာ-ဒုတိယသင်္ဂါယနာတင်တဲ့ အချိန်တုန်းက ဘုရားရှင်နှင့် တကွ ရဟန္တာကြီးများ သီတင်းသုံးနေထိုင်သွားတဲ့ သာဝတ္ထိ ဇေတဝန် ကျောင်းတိုက်တော်ကြီး ပုပ္ဖာရုံ ကျောင်းတိုက်တော်ကြီးများနှင့် ရာဇဂြိုဟ်ပြည်က ဝေဠုဝန်ကျောင်းတိုက်တော်ကြီးများက ထင်ရှားကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်ကြီးများပါတာ မတွေ့ရဘူး၊ အကျင့် သီလနှင့်နေတဲ့ အခြားသော သာသနာ့ဝန်ဆောင် ရဟန်းတွေသာ ဦးဆောင်ပြီး သာသနာကို စောင့်ရှောက်တော် မူခဲ့ကြတာ တွေ့ရတယ်၊
ယခုခေတ်ကြည့်ယင်လဲ အင်ဒိုနေရှားတို့ အာဖဂန်နီစတန်တို့ အစရှိတဲ့ နိုင်ငံတွေ အိန္ဒိယပြည်ကြီးတပြည်လုံးအနှံ့ ပါကစ္စတန် ပရှဝါ အစရှိတဲ့ ပြည်များမှာ ကျောက်စာ သုတေသနဌာန အသီးသီးက ရှာဖွေတူးဖော်ကြရာ တပြည်လုံးအနှံ့ ဗုဒ္ဓနှင့်ဆိုင်ရာ ရုပ်တုတော်များ၊ ပစ္စည်းများ၊ အဆောက်အဦကြီးများ၊ စေတီကြီးများကို တွေ့ရသော်လည်း ပြည်သူအများမှာ ဗုဒ္ဓဘာသာဟူ၍ တယောက်မျှပင် မတွေ့ရလောက်အောင်ပင် ရှိနေပြီ မဟုတ်ပါလား၊
အဲဒီတော့ သာသနာတည်ဘို့ဆိုတာ အဆောက်အဦတွေ တိုးအောင် ခန့်ညားအောင် လှပအောင် ပြုနေခြင်းသည် အဓိကမဟုတ်၊ အများနားလည်နိုင်သော ပရိယတ္တိစာပေများ ပြန့်ပွားခြင်း စာပေ ပရိယတ္တိ မှန်ကန်သော တရားတော်များကို လေ့လာနိုင်ခွင့်ရခြင်း ကျင့်သုံး နေကြခြင်းသည်သာ ပဓာနဖြစ်တယ်။
ဤသို့လျှင် ပရိယတ္တိ ပဋိပတ္တိသာသနာသည်သာလျှင် ဗုဒ္ဓမြတ်စွာသာသနာတော် အဓွန့်ရှည်ကြာ ပြန့်ပွားစေမည့် အဓိက အကြောင်း ဖြစ်သည်ကို ရှင်းလင်းစွာ မြင်သိတော်မူသည်အားလျော်စွာ ပိဋကတ်သင်ရိုးကျမ်းပေါင်းစုံကို အချိန် ရှိသမျှ ရေးသားထားခဲ့ပါသည်။ ဆရာတော်သည် ညအချိန် မီးထွန်း၍ စာရေးသားလေ့မရှိပါ၊ သို့သော် လွန်ခဲ့သော ၅-နှစ်ခန့်ကစပြီး (သေဘို့အချိန် နီးနေပြီ၊ အလုပ်တွေ ကျန်နေမှာစိုးရတယ်)ဆိုကာ တခါတရံ ညအခါ မီးထွန်း၍ စာရေးတော်မူခဲ့ပါသည်၊ စာဝါ ပို့ချခြင်းကိုလည်း ပျံလွန်တော်မူမည့်ညနေ အထိ မပျက်မကွက်ဘဲ ဆောင်ရွက်တော်မူခဲ့လေသည်။ (ဒီနေ့တော့ အချိန်စေ့ပြီ၊ မသေသေးယင် မနက်ဖန်ဆက်ပြီးပို့ချမယ်) ဟူ၍ အမိန့်ရှိတော်မူခဲ့သေးကြောင်းကို ကြေကွဲဘွယ်ရာကြားယောင်နေကြရပေသည်။ (တဘဝသံသရာ စာမျက်နှာ-၅၃၂)
ဆရာတော်သည် အများကောင်းကျိုးအတွက် ကြိုးစားမှု ကြောင့်ကြမှုများကြောင့် လုပ်ရကိုင်ရ-ကြံစည်ရသော ခန္ဓာကိုယ် ပင်ပန်းမှု စိတ်ပင်ပန်းမှုများကို လုံးဝ ပင်ပန်းသည်မထင်ပေ။ သတ္တဝါတို့ ကောင်းကျိုးအတွက် ဗုဒ္ဓမြတ်၏ အလောင်းအလျာဘဝများတွင် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ အမျိုးမျိုးခံကာ ပါရမီ ဖြည့်ခဲ့ပုံများကိုလည်း အလွန်အားကျတော် မူပါသည်၊ “အကြွင်းမဲ့ ကြည်ညိုလေးစား အားရတော်မူသည်၊ ဘုရားအလောင်းတော်၏ ပါရမီတော် ကျင့်စဉ်ကို အားကျကာ သာသနာတော်အတွက်ဆိုလျှင် အသက်ပင်သေသေ မနေမနားကြိုးစားမည်ဟု စိတ်ထားခဲ့ပေသည်။
“ဘုရားဖြစ်မှ သာဝကဖြစ်မှ တပည့်တော်က ကြည်ညိုတာ မဟုတ်ပါဘူး၊ အလောင်းတော်ဘဝကိုပါ ကြည်ညိုတာပါ (စာမျက်နှာ-၃၅၇)
ဤခံယူချက် ယုံကြည်မှုအတိုင်း အစဉ်တစိုက် ပြုလုပ်ကျင့်ဆောင်ခဲ့ပုံကို ဆရာတော်ကြီး၏ ကိုယ်တော်တိုင်ရေး ထေရုပ္ပတ္တိတွင် ၅-ကြိမ်တိုင်တိုင် ဥဒါန်း ကျူးရင့်ခဲ့ပုံဖြင့် ဤစာတန်းကို နိဂုံးချုပ်လိုက်ပါသည်။
ဗုဒ္ဓမြတ်စွာလောင်းလျာတုန်းက နောက်ဆုံးအထိ ပါရမီ၊ လူ နတ် များစွာ ချမ်းသာရေးမို့ အသက်ပေးလို့ ဖြည့်ခဲ့သည်၊ ဗုဒ္ဓမြတ်စွာ သာသနာအတွက်တော့ ငါပါအသက်ဆုံးစေမည်၊ စိတ်မပျက်ပေါင် ခုလို တွေးလို့ ကုသိုလ်ရေးမို့ ကြိုးစားသည်။ (တဘဝသံသရာ စာမျက်နှာ-၁၀၊ ၃၇၂၊ ၄၆၇၊ ၄၆၅၊ ၅၀၀)
စဉ်ဆက်သာသနာ တည်စေသောဝ်
အကယ်၍သာ
မြတ်ဗုဒ္ဓသည် လူ့ရွာထင်ရှား မပွင့်ငြားက ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘဝ မသိရ များလှအပြစ်တွေ။
ယခုသော်ကား ဘုရားရှင်တော် ပွင့်ထွန်း၍ ဟောဖေါ်ညွှန်ကြား မြတ်တရားကြောင့် ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘဝ သိကြရ များလှကျေးဇူးပေ။
ဂန္ဓာရုံရှင်တို့သခင်သည် ထွဋ်တင်ဗုဒ္ဓ ဟောညွှန်ပြသည့် ဓမ္မဒေသနာ အဖြာဖြာကို များစွာဗိုလ်လူ သိစိမ့်ဟူ၍ ဆူဆူကျမ်းစာ ကိုယ့်ဘာသာဖြင့် ဖွင့်ရာပြရာ များဋီကာဟု စာဝါမျိုးမျိုး ကမ္မည်းထိုးခဲ့၊ နောင်ကျိုးကိုမျှော် ဆရာတော်၏ ဉာဏ်တော်စေစား နှလုံးသားမှ ကိုးစားလောက်ဘွယ် ကျမ်းသွယ်သွယ်ကို မကွယ်မပျောက် စဉ်ထွန်းတောက်ဖို့ များမြောက် ကျေးဇူး အထူးထူးကို ညွှတ်နူး ရည်လျက်တို့ဆောင်ရွက်သည် စဉ်ဆက်သာသနာ တည်စေသော်။
ဣဒံ နော ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု။