ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/ကရုဏာ အကြောင်း
ကရုဏာ အကြောင်း
ဆင်းရဲသော “ဒုက္ခိတ သတ္တဝါ”များကို မြင်ရ ကြားရသောအခါ ဖြစ်ပေါ်လာသော သနားကြင်နာမှုကို “ကရုဏာ”ဟု ခေါ်သည်။ ထို့ကြောင့် “သနား-ကရုဏာ”ဟု ဆိုခဲ့သည်။ ထိုသို့ ကရုဏာအစစ် ဖြစ်သောအခါ ထိုဒုက္ခိတ သတ္တဝါကို ကယ်ဆယ်လို၏။ သူ၏ ဆင်းရဲမှုကို သက်သာနိုင်သမျှ သက်သာအောင်စောင့်ရှောက်လို၏။ ကူညီထောက်ပံ့လို၏။ ထိုသို့ မကူညီနိုင်လျှင် များစွာ စိတ်ထိခိုက်၏။ ရင်ထဲမှာ ပူလောင်သလို ဖြစ်၏။ ဤသို့ စိတ်ကို ထိခိုက်ခြင်းကား ကရုဏာအစစ် မဟုတ်ပါ။ ကရုဏာ အရင်းခံ၍ သူတော်ကောင်း သန္တာန်မှာ ဖြစ်တတ်သော ဒေါမနဿ အကုသိုလ်ကလေးမျှသာ ဖြစ်သည်။ ဤ အကုသိုလ်ကလေးကား ယုတ်မာ ဆိုးရွားလှသည် မဟုတ်ပါ။ ဒုက္ခိတ သတ္တဝါကို မြင်လျှင် သူတော်စင်တို့ သန္တာန်၌ ဖြစ်လေ့ရှိသော သဘောထုံးစံ ပင်တည်း။
ကရုဏာအတု
တခါတရံ မိမိနှင့် သက်ဆိုင်သူများ ဆင်းရဲသည်ကို မြင်ရကြားရ၍ ကရုဏာအစစ်သဖွယ် ကယ်ဆယ်ချင်သော သဘောများ ဖြစ်၏။ ထိုအခါ ကရုဏာ အစစ် လိုလိုနှင့် သောက ဖြစ်တတ်လေသည်။ ကရုဏာ အစစ်သည် သနားကြင်နာသော်လည်း စိတ်ကို မပူပန်စေတတ်။ ကရုဏာ အတုကား ပူပူပန်ပန်ရှိလေသည်။
ပုဂ္ဂိုလ်ထူးများနှင့် စိတ်ထား
သူတော်ကောင်း အခေါ်ခံသူ ယခု လူတို့တွင် တကယ် သနားစရာ ဒုက္ခိတ သတ္တဝါကို မြင်မှသာ ကရုဏာ ဖြစ်နိုင်ကြ၍၊ တကယ် ချစ်စရာ ဆွေမျိုး ဉာတိ စသူတို့ အပေါ်၌သာ မေတ္တာ ဖြစ်နိုင်ကြ၏။ အထက်တန်း ပါရမီကို ဖြည့်တော်မူကြသော အလောင်း အလျာနှင့် ပါရမီရင့်ပြီး သူတော်ကောင်းကြီးတို့ကား (မိမိ၏ သားသမီး ကလေးများ ဆင်းရဲနေသောအခါ မိဘတို့၌ ပြင်းပြစွာ ကရုဏာ ဖြစ်သကဲ့သို့) သတ္တဝါ ဟူသမျှတို့ အပေါ်တွင် မတော်တဆ ကျရောက်ရမည့် အပါယ်ဘေး၊ ဝဋ်ဆင်းရဲဘေးတို့ကို မျှော်တွေးတော်မူကာ ကရုဏာ သက်တော်မူကြသည်။ (ချစ်စရာမကောင်းသော သားကလေးကိုပင် မိခင်၏မေတ္တာက အလျှော့မပေးပဲ လေးလေးပင်ပင် ချစ်ခင်သကဲ့သို့) သတ္တဝါ အားလုံးကိုလည်း သိမ်း၍ ချစ်ခင်သော မေတ္တာစွမ်းဖြင့် လွန်စွာ ချစ်ကြည်တော်မူကြပေသည်။
ထိုကဲ့သို့ ဖြူစင် မြင့်မြတ်သော မေတ္တာ ကရုဏာ ဓာတ်ခံသည် ပါရမီတော် ဖြည့်စဉ်ကပင် ကိုယ်တော်သန္တာန်၌ အနှစ် တည်ကာ အမြူတေအလား ကြီးမား ခိုင်ခံ့စွာ ပါလာခြင်းကြောင့် ဘုရား ဖြစ်တော် မူခါနီး၌ အကြီးအကျယ်နှောင့်ယှက် လာသော မာရ်နတ် အပေါ်ဝယ် မပြယ်သော မေတ္တာဖြင့် ရှုစားတော်မူနိုင်သည့်ပြင် အသက်ကို ရန်ရှာနေသော ရှင်ဒေဝဒတ် အပေါ်မှာပင် ကရုဏာ သက်တော်မူနိုင်ပေသည်။ ထို့ကြောင့် ယခုအခါ သူတော်စင် ဖြစ်လိုသူတိုင်း အလောင်းတော်၏ စိတ်ထားပုံကို အတုယူကာ “သူတော်မှ ငါကောင်းမည်”ဟု သဘောမထားကြပဲ “သူတော်တော်၊ မတော်တော် ငါတော်မည်”ဟု အဓိဋ္ဌာန်ပြုလျက် မည်သူ့အပေါ် ဖြစ်ဖြစ် မေတ္တာစစ်၊ ကရုဏာစစ် ဖြစ်အောင် သတိထားနိုင်ကြပါစေသတည်း။