ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အမောဟ (ပညာ) အကြောင်း

ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
တတိယအခန်း အမောဟ (ပညာ) အကြောင်း
686ကိုယ်ကျင့်အဘိဓမ္မာ — တတိယအခန်း အမောဟ (ပညာ) အကြောင်းအရှင်ဇနကာဘိဝံသ


အမောဟ (ပညာ) အကြောင်း

အမောဟဟူသည် ဉာဏ်ပညာတည်း။ ထို့ကြောင့် “ပညာ ဉာဏ်မူ-အမောဟ ဟူ၏”ဟု ဆိုခဲ့သည်။ မောဟက ဖုံးလွှမ်းကွယ်ကာထားသော အရာဟူသမျှကို ဤဉာဏ်ပညာဟု ခေါ်သော အမောဟက မဖုံးကွယ်နိုင်အောင် စွမ်းနိုင်သမျှ ထုတ်ဖော်ပြသဖြင့် အမှန်ကို သိရလေသည်။ သို့ဖြစ်၍ မောဟနှင့် အမောဟသည် “ခင်ပုတ်နှင့် ကျီး”ကဲ့သို့ ကမ္ဘာ့ ရန်ဘက်ကြီးများပေတည်း။

ပညာစစ်

ဤဉာဏ်ပညာသည် ပညာစစ် ပညာတုဟု ၂-မျိုးရှိ၏။ ထိုတွင်ကံ ကံ၏ အကျိုးကို သိတတ်သော ဉာဏ်၊ စာပေကျမ်းဂန်၏ အဓိပ္ပါယ်မှန်ကို နားလည်သော ဉာဏ်၊ ဝိပဿနာ ဉာဏ်၊ မဂ်ဉာဏ် ဖိုလ် ဉာဏ်များနှင့် ဘုရားရှင်၏ သဗ္ဗညုတာ ဉာဏ်တိုင်အောင် အပြစ်ကင်းသော အသိအလိမ္မာ ဉာဏ်ပညာဟူသမျှ ပညာအစစ်ပင်တည်း။

ပညာတု

“ပါးနပ်သူ”ဟု ခေါ်ရသူတို့ သန္တာန်ဝယ် တဘက်သားကျလောက်အောင် ဟန်ပန် လေသံ ဆောင်တတ်၊ ပြောတတ်၊ ဟောတတ်သောဉာဏ်၊ အခိုးအဝှက်ဉာဏ်၊ အလှည့်စားဉာဏ်၊ အလိမ်ဉာဏ်၊ ပရိယာယ်မာယာဉာဏ်များ ရှိ၏။ ထိုဉာဏ်မျိုးသည် ပညာစစ် မဟုတ်။ လိမ်လည် လှည့်ပတ်တတ်သော “ဝဉ္စနာပညာတု” ဖြစ်သည်။ [ဝဉ္စနာ= သူတပါးကို လှည့်စားနိုင်သော ပညာ=အသိ၊ ပရမတ္ထ သဘောအားဖြင့် တဏှာပြဋ္ဌာန်းသော အကုသိုလ်တည်း။ ထို့ပြင်-သတ်နည်းဖြတ်နည်း တိုက်ခိုက်နည်း လက်နက်ကောင်းကောင်း လုပ်နည်းများကို နားလည်သောဉာဏ်များလည်း ရှိသေးသည်။ ထိုဉာဏ်များလည်း ပညာစစ် မဟုတ်၊ နောက်၌ပြမည့် “ဝိတက်”သော အကြံကောင်းသော အကုသိုလ်သာ ဖြစ်သည်။

သို့သော် ထိုပြခဲ့သော ပညာအတုများသည် ထူထိုင်း ဖျင်းအသူတို့မှာ မရှိ၊ ပင်ကိုယ်က ပညာအစစ်အမှန် ဓာတ်ခံပါသူ၊ အတွေအကြုံ အကြားအမြင် (ဗဟုသုတ) များသူတို့၌သာ ဖြစ်နိုင်ပေသည်။ အစစ်အမှန် ပညာဉာဏ်က ပညာအတူအား ပကတူပနိဿယခေါ် ပဋ္ဌာန်းပစ္စည်းဖြင့် ကျေးဇူးပြုသည်ဟု ဆိုလိုသည်။ ထို့ကြောင့် ပင်ကိုယ်က ဉာဏ် ထက်မြက်သူတို့မှာ ကောင်းသော လုပ်ငန်း ကုသိုလ်လမ်း၌ အမြင့်ဆုံး အတန်းသို့ ရောက်အောင် စွမ်းနိုင်ကြသကဲ့သို့၊ မကောင်းလုပ်ငန်း အကုသိုလ်လမ်း၌လည်း ကမ်းကုန်လမ်းကုန် အဂွမ်းကုန် ဆိုးသွမ်းနိုင်ကြလေသည်။

ဇာတိနှင့် ပဝတ္တိပညာ

အစစ် ဖြစ်သော ပညာသည် ဇာတိပညာ-ပဝတ္တိပညာဟု ၂-မျိုး ရှိ၏။ ပဋိသန္ဓေ တည်နေစဉ်ကပင် အလောဘ အဒေါသ အမောဟ ၃ မျိုးပါလာသူကို “တိဟိတ်ပုဂ္ဂိုလ်”ဟု ခေါ်သည်။ “ပဋိသန္ဓေစိတ်မှာ အလောဘ စသော ဟိတ် ၃ ပါးရှိသူ”ဟု ဆိုလိုသည်။ ထိုတိဟိတ်ပုဂ္ဂိုလ်၏ အမောဟခေါ် ပညာသည် ဇာတိပညာ (ဝမ်းတွင်းပါ ပညာ)တည်း။ ထို ဇာတိပညာ ပါသူသည် ကလေးဘဝကပင် ပြောပြ၍ နားလည်လွယ်၏။ တောင်တောင် ဤဤ ကြံစည်တတ် တွေးတော စဉ်းစား တတ်၏။

ပဋိသန္ဓေပညာ မပါခဲ့ပဲ ပဝတ္တိအခါကျမှ (ဖွားမြင်လာမှ) မိကောင်း ဘကောင်းတို့က သင်ပြခြင်း၊ အရွယ်ရောက်၍ စာပေသင်ခြင်း၊ ကြီးရင့်သည့်အခါ ပညာရှိထံ မေးမြန်းလေ့ စုံစမ်းလေ့ ရှိခြင်း၊ ဗဟုသုတ ရှာမှီးခြင်း စသည်တို့ကြောင့် တတ်သိနားလည်သော ပညာသည် ပဝတ္တိပညာ မည်၏။ ထို့ကြောင့် ဇာတိပညာ မပါသူသည် ပဝတ္တိပညာ ဖြစ်အောင် ထူထောင်နိုင် သေး၏။ ဇာတိပညာ ပါလာသည့်ပြင် (ပြခဲ့သောနည်းဖြင့်) ပဝတ္တိပညာကိုလည်း ရပြန်ပါမူ အထက်တန်းရောက်သူတို့တွင် ပါဝင်နိုင်သည်။

ဇာတိပညာရှိအောင် ပျိုးထောင်နည်း

ပဋိသန္ဓေက ဉာဏ်ဓာတ် ပါလာခြင်းသည် လောကီ၌သာ အကျိုးများသည် မဟုတ်သေး။ တရား အားထုတ် ပျိုးထောင်နည်းရာ၌လည်း အကျိုးများ၏။ ပဋိသန္ဓေ ပညာရှိသူသာ တရားအားထုတ်၍ ပေါက်နိုင်၏။ ထို့ကြောင့် ဖြစ်လေရာဘဝတို့၌ ပဋိသန္ဓေ ပညာရှိဖြစ်အောင် ယခုဘဝကပင် ထူထောင်သင့်ကြသည်။ ထူထောင်နည်း တချို့ကား- ပထမဆုံး အသိအလိမ္မာ ဉာဏ်ပညာ ထက်မြက်သူ ဖြစ်ချင်ရမည်။ ထိုသို့ ဖြစ်ချင်သည့် အတိုင်းလည်း အသိအလိမ္မာ ဉာဏ်ပညာ တိုးပွားအောင် ရေးသားအပ်သော ကျမ်းစာတို့ကို စိတ်ပါ လက်ပါ ကြည့်ရှုရမည်။ ပညာရှိနှင့် ဆက်ဆံ၍ ထိုသူ့အထံမှ အကြံဉာဏ် အကောင်းများကို မေးမြန်းမှတ်သား ရမည်။ ဤမျှလောက် ကြိုးစားလျှင်ပင် ပဝတ္တိဉာဏ်တိုးပွား၍ အရာရာ၌ စဉ်းစားတတ်သူ ဖြစ်လာပါလိမ့်မည်။ ထိုအခါ နောင်သံသရာအတွက် ဉာဏ်ပညာ အထုံပလောက်ပေပြီ။ သို့သော် အားမရသင့်သေးပါ။

ဉာဏ်ပညာ ပွင့်လင်းအောင် အဝတ်အစား အိပ်ရာ နေရာမှစ၍ တကိုယ်လုံး အမြဲ သန့်သန့်ရှင်းရှင်း ရှိစေရမည်။ ဒါန စသော ကုသိုလ်ပြုတိုင်း “ဉာဏ်ပညာ ထက်မြက်သူ ဖြစ်ရပါလို၏”ဟု စိတ်ကလည်း ညွှတ်ရမည်၊ နှုတ်ကလည်း ရွတ်ဆို ဆုတောင်းရမည်။ ရဟန်း သံဃာ လှူဒါန်းရာ၌လည်း “စာပေကို သင်ယူနိုင် ပို့ချ ရေးသားနိုင်ပါစေ”ဟု စိတ်စေတနာ ဖြစ်စေရမည်။ တတ်နိုင်ပါမူ စာသင်ကျောင်းတိုက် တည်ထောင်၍ စာပို့ချနိုင်သော ပုဂ္ဂိုလ်ကို ကိုးကွယ်ကာ ပို့ချနိုင်အောင်လည်း ထောက်ပံ့ရမည်။

လူ စာသင်ကျောင်းများကိုလည်း ထောက်ပံ့ရမည်။ တိုင်းသူပြည်သားတို့ ပညာတိုးပွားအောင် ကူညီရမည်။ မိမိတတ်သိသမျှကို သူတပါးအား ပြောပြချင်စိတ်၊ နားလည်စေချင်စိတ် ရှိရမည်။ ဤသို့ စသည်ဖြင့် ပညာဘက်၌ စိတ်ထက်သန်သူသည် ဘဝသံသရာဝယ် ကြီးကျယ်သော ပညာရှင် ဖြစ်နိုင်ပါသည်။ ဤကား နောက်ဘဝ အဆက်ဆက်၌ ဇာတိပညာ (ဝမ်းတွင်း ပညာရှိ) ဖြစ်အောင် ပျိုးထောင်နည်း ပေတည်း။

သဒ္ဓါနှင့် ပညာ ကွာခြားပုံ

သဒ္ဓါ၏ သဘောကား စွန့်ကြဲပေးကမ်း လှူဒါန်းရလျှင်ပြီးရော၊ နောင်သံသရာမှာ ချမ်းချမ်းသာသာ ဖြစ်ဖို့သာ အရေးကြီး၏။ အမျိုးဘာသာ သာသနာ ကြီးပွားရေးကို လေးလေးနက်နက် သတိမထားတတ်။ ပညာ၏သဘောကား အမျိုးဘာသာ သာသနာ ပညာရေးကို လေးလေးနက်နက် စဉ်းစားပြီးလျှင် အကျိုးရှိလောက်မှလှူသည်။ အကြောင်းကောင်းလျှင် အကျိုးကောင်းမည်ဟု (ကံ-ကံ၏အကျိုးကို) ယုံကြည်ပြီးဖြစ်၍ နောက်ဘဝ၌ အကျိုးရဖို့ အရေးကို အထူးတလည် တွေးမနေတော့။ ဤသို့လျှင် သဒ္ဓါနှင့် ပညာသည် အခြေတည်က စ၍ပင် ကွာချင်တိုင်း လာသည်။ မြန်မာနိုင်ငံကို သဒ္ဓါမျက်စိ၊ ပညာမျက်စိဖြင့် တမျိုးစီ ကြည့်ကြပေလိမ့်မည်။ သို့ရာတွင် အစုံကြည့်ခြင်း မဟုတ်ပဲ တဘက်စီခွဲ၍ အလွန်အကဲ ကြည့်ခြင်းကား သဒ္ဓါလည်း မကောင်း၊ ပညာလည်း မကောင်းပင်။ ၂-ဘက်စုံ ကြည့်တတ်မှသာ ကောင်းပါသည်။ “သဒ္ဓါလွန်တော့ တဏှာ၊ ပညာလွန်တော့ မာယာ”ဟု ကျမ်းလာဆိုရိုး ရှိပါသည်။

အမှာ

သဒ္ဓါမျက်--ပညာမျက်စိဖြင့် တဘက်စီ ကြည့်ကြပုံ၊ ၂-ဘက်စုံ ကြည့်ကြပုံကို စုံစုံလင်လင် ရေးရလျှင် ကျမ်းစာတစောင် ဖြစ်အောင်ရေးမှသာ လုံလောက်ဖွယ်ရှိသောကြောင့် ဤနေရာ၌ မရေးပဲ လျစ်လျူရှုရတော့မည်။

တိုက်တွန်းချက်

အို-အမျိုးသားတို့.....အသိအလိမ္မာ ဉာဏ်ပညာ ဟူသည် အစစ်ဖြစ်စေ၊ အတုဖြစ်စေ မိမိ၌ ဓာတ်ခံရှိဖို့ အရေးကြီးလှပေသည်။ လူတို့ အသက်ရှင်ဖိုအရေး၌ နှလုံးသည်းပွတ်သည် အရေးအကြီးဆုံး ဖြစ်သကဲ့သို့၊ လောကသံသရာ ၂-ဖြာ ကြီးပွားရေး၌လည်း ဉာဏ်ပညာသည် အရေးအကြီးဆုံး နှလုံးသည်းပွတ်ပင် ဖြစ်၏။ ဒါန သီလ စသော ပါရမီ အားလုံး၏ အကျိုးကို ဉာဏ်ပညာရှိသူသာ အဆုံးတိုင်သိနိုင်၍ ဉာဏ်ပညာကြောင့်သာ ထိုပါရမီများ ပြည့်ဝကြပေသည်။

လောက၌လည်း အိမ်တွင်းရေး ငြိမ်းချမ်းမှုသည် သမီးခင်ပွန်း ၂-ယောက်၏ အသိအလိမ္မာ ဉာဏ်ပညာ အပေါ်မှာ တည်သည် မဟုတ်လော။ သားရေး၊ သမီးရေး၊ စီးပွားရေး၊ ကြီးပွားရေးတို့၌လည်း ဉာဏ်ပညာရှိမှ ဝီရိယအကျိုး နားလည်၍ လုံ့ လစိုက်ကာ သာသာယာယာ ရှိစေနိုင်သည်။ ပရိသတ်ဗိုလ်ပုံတို့၏ အလယ်မှာလည်း “ပညာရဲရင့်သူတို့သာ ပွဲလယ်တင့်” နိုင်ကြသည်။ ဗူးလုံး နားမထွင်း အဖျင်း အအ ပညာပိုင်းက အောက်တန်းကျနေသူတို့မှာ စည်းစိမ် ရှင်ပင် ဖြစ်သော်လည်း အထက်တန်းသို့ မတက်လှမ်းနိုင်ကြပါ၊

ကမ္ဘာကို လွှမ်းမိုး၍ အုပ်စိုးနိုင်သော သတ္တိမှာ ဤ ပညာ အရည်အချင်းသာတည်း။ ဓနရှင်တို့မှာ ထိုပညာရှင်တို့ကို ကူညီကြသဖြင့် ကြီးပွားရေး၌ဝေစုရသူ များသာ ဖြစ်လေသည်။ အသေးအဖွဲ့ ရန်ပွဲကလေးမှစ၍ တိုင်းနိုင်ငံချင်း စစ်ခင်းသည်အထိ ပညာရှိတို့ဘက်မှ အောင်ပွဲရစမြဲ ဖြစ်သည်။ စတုဓမ္မဇာတ်တော်၌ ဂင်္ဂါမြစ် အတွင်း သူ့နယ်ဖြစ်သော စစ်တလင်းမှာပင် အလောင်းတော် မျောက်မင်းက ဝဉ္စနာပညာဖြင့်လှည့်စား၍ မိကျောင်းကို အနိုင်ရခဲ့ဖူးလေသည်။ [ဤ ဝတ္ထု၌ လှည့်စားတတ်သော ဉာဏ်သည် ပညာအတုသာ ဖြစ်၏။ သို့သော် လောကီ ကြီးပွားရေး၌ ဤ ပညာအတုလည်း များစွာ အသုံးကျသည်ပင်။]

မဟောသဓာ ဇာတ်တော်၌လည်း မရေမတွက်နိုင်လောက်အောင် မြားမြောင် လှစွာသော စစ်တပ်တို့ဖြင့် ချဉ်းကပ်လာသော ကေဝဋ်ပုဏ္ဏားနှင့် စူဠဏီမင်းကို အလောင်းတော်၏ပညာအစွမ်းဖြင့် ကျီးခြောက်သလိုခြောက်လှန့်၍ ခန့်ခန့်ကြီး အောင်ပွဲယင်ခဲ့ရပေသည်။ ပညာဘက်၌ အလိုက်အစား နည်းခဲ့သောဤ မြန်မာ နိုင်ငံကိုလည်း ရေနံတွင်း၊ ကျောက်တွင်းနှင့် သစ်တောများကို သွားရည်ယိုသော ဝဉ္စနာ ပညာရှင်တို့က သူငယ်နှပ်စား-ကလေးကို လှည့်စားသလို သိမ်းယူသွား သည်မှာ သူတို့၏ ပညာစွမ်းပင် ဖြစ်လေသည်။

ယခုအချိန်တိုင်အောင် ကူးသန်းရောင်းဝယ်မှု၌ ဉာဏ်မျက်စိ စူးရှသော နိုင်ငံခြားသားတို့က ငါတို့ အမျိုးသား အမျိုးသမီးတွေကို ကလေးလို သဘော ထား၍ ပစ္စည်းရော လူပါ အညွန့်ခူးချင်တိုင်း ခူးနေကြသည့်ပြင် အောက်တန်း စားဟု ထင်ရသော နိုင်ငံခြားသား လက်လီ ကုန်သည်ကလေးများကလည်း ထထကြွကြွ ဝီရိယဖြင့် စားပေါက်စားလမ်းကို အစွမ်းကုန် နှိုက်နေကြသည်။ ငါတို့ အမျိုးသားတွေက “ဖိုးသူတော် ကျပ်တလုံးနှင့် ညောင်ပင်ကုန်းမှာ အိပ်ပျော်နေကြတုန်းပင်”။

အို... အမျိုးသားတို့ ပညာတတ်နည်းပါးသော နိုင်ငံဟူသမျှသည် အဘက် ဘက်က အောက်တန်းကျရမည်မှာ ဗေဒင်မေးနေစရာ မလိုတော့ပါ။ အမျိုးကို ချစ်ခင်ကြသော ကျောင်းဆရာကြီးများကလည်း စွမ်းနိုင်သမျှ နည်းကောင်း လမ်းမှန်များကို ညွှန်ပြကြပါ။ ကျောင်းသူ ကျောင်းသားတို့ကလည်း စိတ်ပါ လက်ပါ ကြိုးစားကြပါ။ ဓနရှင် လူကြီးလူကောင်းနှင့် သံဃာတော် အပေါင်းကလည်း ပညာရေး တိုးတက်အောင် အဘက်ဘက်က အားပေးကြပါ။ ဤသို့ တနိုင်ငံလုံး ကြိုးစားမှသာ ယခုဘဝ၌ နာလန်ထူပြီးလျှင် သံသရာအဆက်ဆက်လည်း ထက်မြက်သော ဇာတိ ပညာရှင်များ ဖြစ်နိုင်ကြပါလိမ့်မည်။