ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/အလောဘ အကြောင်း

ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
တတိယအခန်း အလောဘ အကြောင်း
688ကိုယ်ကျင့်အဘိဓမ္မာ — တတိယအခန်း အလောဘ အကြောင်းအရှင်ဇနကာဘိဝံသ

အလောဘ အကြောင်း

မလိုချင်မှု သဘောသည် အလောဘ တရားတည်း။ ထို့ကြောင့် “အလောဘလျှင်၊ မလိုချင်တည်း”ဟု ဆိုခဲ့သည်။ ဤ အလောဘ၏ မလိုချင် မှုသည် လောဘနှင့် ပြောင်းပြန် ဖြစ်၏။ မီးနှင့်ရေ ပမာ ကမ္ဘာ့ရန်ဘက်ကဲ့သို့ ဖြစ်ရကား လောဘ၏ လိုချင်အပ်သော အရာမှန်သမျှကို အလောဘက မလိုချင်ချည်း ဖြစ်သည်။ မျက်မြင်အားဖြင့် လောဘသမားနှင့် အလောဘသမားတို့ ကွာခြားပုံကို သတိပြုပါ။

လောဘဘုန်းကြီး

လောဘသမားသည် ဘုန်းကြီး ဖြစ်လျှင် ပစ္စည်းလာဘ်ကို လိုချင်၏။ မိမိကို လှူချင်လာအောင် ဆွယ်တရား ဟော၏။ ရပြန်လျှင်လည်း ထိုပစ္စည်းကို မလှူရက်၊ မပေးရက်၊ အလွန် မက်မော၏။ ထိုပစ္စည်းရမှုကို အကြောင်းပြု၍ “အာဂ...ငါပဲ”ဟု စိတ်ကြီးဝင်လိုက် သေး၏။ လှူဒါန်းနိုင်သော ဒကာ ဒကာမများကို အောက်ကျို့၍ ဆက်ဆံ ရသဖြင့် မိမိ၏ အောက်ကျပုံကိုကား သတိမရချေ။

လောဘလူ

လောဘသမားလူ ပုဂ္ဂိုလ်များသည် ဤနည်းပင်တည်း။ ပစ္စည်း ဥစ္စာကို (တရားသည် မတရားသည် မစိစစ်နိုင်တော့ပဲ) မရမက ရှာဖွေလေ့ ရှိ၏။ ရပြန်လျှင်လည်းတင်းမတိမ်နိုင် “ရလေ လိုလေ အိုတစ္ဆေ”သာ ဖြစ်၏။ တသက်လုံး အချိန်ရှိသမျှ စု၍ရသောပစ္စည်းတွေကို “ငါ့ဟာ..ငါ့ဟာ”ဟု လွန်စွာ စွဲလမ်းနေစဉ် သေမင်းငင်သောအခါ ပြိတ္တာဘောင်သို့ ထိုဥစ္စာများ ကပင် ပို့ဆောင်တတ်လေသည်။ လောဘသည် ဤ အခြေအနေ ရောက်အောင် ဆိုရွားလှချေတကား။

အလောဘဘုန်းကြီး

အလောဘ ဤသို့ မဟုတ်။ ဘုန်းကြီး ဖြစ်လျှင် ပစ္စည်းကို မခင်မင်။ အဆင်သင့် ရသည်ကိုလည်း မသာယာ။ ဒကာ ဒကာမတို့က ကုသိုလ်ရချင်၍ စွန့်ကြဲလိုက်သော စာလုံး စားပေါက် ကလေးများကို ဧရာမ လာဘ်လာဘကြီးဟု ထင်နေကြရာ၌ ဘုရားသားတော် အနေနှင့် စဉ်းစား၍မကြည့်သေးပဲ ယောက်ျားကောင်း တယောက်အနေနှင့် စဉ်းစားကြည့်ရုံမျှဖြင့် ရှက်ဖွယ်ကောင်းလှပြီဟု အယူရှိဟန် တူ၏။ “ယောက်ျားကောင်း” ဟူသည် မိမိကသာ သူတပါးတို့အား ပေးကမ်း စွန့်ကြဲသင့်သည်ဟု သဘောထားဟန် လက္ခဏာ ရှိသည်။ ထို့ကြောင့် အလောဘ ဓာတ်ခံရှိသူသည် ဘုန်းကြီးဖြစ်မူ ပစ္စည်းလာဘ်လာဘကိုမက်မောခြင်း

အလောဘလူ

လူ ဖြစ်ပြန်လျှင်လည်း မလွှဲသာ၍ ပစ္စည်းဥစ္စာကို ရှာနေရစေကာမူ မတရားသဖြင့် ရှာဖွေခြင်း မရှိ။ လောကီအာရုံ ကာမဂုဏ်ကိုလည်း လိုက်စားလေ့ မရှိ၊ ပစ္စည်းရှာရာ၌ ဆင်းရဲသားတို့အပေါ် သနား ညှာတာလေ့ရှိ၏။ စွန့်ကြဲပေးကမ်းလှူဒါန်းလေ့ ရှိ၏။လှူပြန်လျှင်လည်း တွန့်ဆုတ် တွန့်ဆုတ် မဟုတ်။ မုတ္တစာဂီ = လူကောင်း သူကောင်း ပီပီဖြင့် လွတ်လွတ် ကျွတ်ကျွတ် စွန့်လေ့ ရှိ၏။ ရွှေအိမ် ရွှေနန်းကို သော်မှလည်း ပြတ်ပြတ် တောက်တောက် စွန့်ခွါ၍ ရိပ်သာပင်နန်း ကျောင်းသင်္ခမ်း၌ ရွှင်လန်း မွေ့လျော် စံပျော်နိုင်ကြပေသည်။

ဤသို့လျှင် လောဘသမားနှင့် အလောဘသမားတို့ ကျောချင်းကပ်၍ ပြေးကြသကဲ့သို့ သဘောထားချင်း ဝေးလှလေရကား မိမိကိုယ်ကို ပါရမီရှင် သူတော်စင်ဟု အထင်ရောက်နေကြသူတို့သည် ပြခဲ့သော သဘောထားကို စဉ်းစား၍ “လောဘသမားလော၊ အလောဘသမားလော”ဟု စစ်ကြော ကြည့်ကြပါကုန်။ လောဘသမား ဖြစ်နေသေးလျှင် ယခုဘဝက အမြန်ပြင်ကြပါ။ အလောဘသမားဘက်သို့ ပါဝင်နိုင်သူဖြစ်က အခြေခံ အတော်ကောင်းပြီးဖြစ်၍ ရှေ့သို့ အဆင့်ဆင့် တိုးတက်ဖို့ရာ အဘက်ဘက်၌ သတိထားလျက် အလောဘ သမားအစစ် ဖြစ်အောင် အားထုတ်ကြပါကုန်။