ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း

ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
ဒုတိယအခန်း ဒုက္ခ ဒေါမနဿတို့ အကြောင်း
698ကိုယ်ကျင့်အဘိဓမ္မာ — ဒုတိယအခန်း ဒုက္ခ ဒေါမနဿတို့ အကြောင်းအရှင်ဇနကာဘိဝံသ

ဒုက္ခ ဒေါမနဿတို့ အကြောင်း

ကိုယ်ဆင်းရဲမှုကို “ဒုက္ခ”၊ စိတ်ဆင်းရဲမှုကို “ဒေါမနဿ”ဟု ခေါ်၏။ အသွားအလာ၊ အလုပ်အကိုင်၊ အနေအထိုင် ကျပ်တည်းကျဉ်းမြောင်းမှု၊ ရောဂါဝေဒနာဒဏ်ကို ခံစားနေရမှု၊ အရိုက်အနှက်ခံရမှု၊ တစုံတခုနှင့်ထိခိုက်မှု စသည်တို့ကြောင့် ခန္ဓာကိုယ်၏ ပင်ပန်း နွမ်းနယ်ခြင်းသည် ဒုက္ခချည်းတည်း။ ယခု လောက၌လည်း ကိုယ်ခန္ဓာနာကျင်လျှင် “အလိုလေး....ဒုက္ခ-ဒုက္ခ”ဟု ညည်းညူကြလေသည်။ ထိုသို့ ခန္ဓာကိုယ် ဆင်းရဲသော်လည်း စိတ်ကား ဆင်းရဲ ချင်မှ ဆင်းရဲမည်။ ဘုရားအလောင်း ပါရမီ ဖြည့်တော်မူရာ၌ မဟောသဓာ၊ ဝေဿန္တရာဘဝ စသည်တိုဝယ် ကိုယ်ခန္ဓာ မသက်သာပဲ ဆင်းရဲဒုက္ခ ရောက်တော် မူကြ၏။ သို့သော် သတ္တဝါတို့၏ အကျိုးကို မျှော်ကိုးရင်း စေတနာကြောင့် စိတ်ဆင်းရဲမှု ဒေါမနဿကား မဖြစ်ခဲ့ပါ။

စိတ်ဆင်းရဲမှု၊ စိတ်မချမ်းသာမှု၊ စိတ်ညစ်မှု၊ စိတ်ပျက်မှု စသည်ဖြင့် စိတ်မှာ ဖြစ်နေသော ဒုက္ခစုကိုပင် “ဒေါမနဿ”ဟု ခေါ်ရလေသည်။ ဤ ဒေါမနဿ ဝေဒနာသည် စိတ်မှာ စွဲကပ်လာသော ရောဂါတမျိုးပင် ဖြစ်၏။ ထို့ကြောင့် “သူ့ အကြောင်းကြားရတာ စိတ်ထဲမှာ နာလွန်းလို့ ငါ့အား သူ့ အကြောင်းကို မပြောလာပါနဲ့” စသည်ဖြင့် စိတ်မချမ်းသာမှုကိုပင် “စိတ်နာ”ဟု ပြောဆို ကြလေသည်။ ဤကဲ့သို့ စိတ်မချမ်းသာတိုင်း၊ စိတ်နာတိုင်းလည်း ကိုယ်ဆင်းရဲ ချင်မှ ဆင်းရဲမည်။ ခြွေရံပေါကြွယ် စည်းစိမ်လယ်မှာ ကိုယ်ခန္ဓာ ချမ်းမြပါလျက် ဓမ္မစကြာ တရားတော်လာ “ယံပိစ္ဆံ န လဘတိ၊ တံပိ ဒုက္ခံ = ရတာမလို၊ လိုတာ မရ” ဖြစ်နေကြသူတို့၏ ဒုက္ခလည်း ဤဒေါမနဿပင်တည်း။ ဤဒေါမနဿ၏ ဆင်းရဲပုံသည် ခန္ဓာကိုယ် ဆင်းရဲပုံထက် လွန်ကဲ ပြင်းပြ၏။ ရွှေပုံပေါ်မှာ စံနေရသော်လည်း ဒေါမနဿဒဏ်ကို မခံနိုင်ကြ၍ ရွှေပုံပေါ်မှ ဆင်းကာ တူပျော်ပျော် ယှဉ်တွဲလျက် တဲအိုထဲ၌ ကိုယ်ဆင်းရဲဒဏ်ကို ခံနိုင်ကြလေသည်။

စိတ်ချမ်းသာအောင် ပြုပြင်နည်းမှာ အကြောင်းအားလျော်စွာ အတော် များစွာပါရှိ၏။ သို့သော် သူ့အကြောင်းနှင့်သူ ထိုက်တန်အောင် ပြုပြင်တတ်ဖို့ကား တော်တော်တန်တန် အသိဉာဏ်ရှိရုံမျှဖြင့် မလွယ်ကူချေ။ အချုပ်မှာအရှည်ကိုမြော်မြင်၍ ဆိုင်ရာကိစ္စအဝဝကို ကြိုတင်ပြီး စီစဉ်ထားရမည်။ မိမိ အစီ အစဉ်နှင့် တည့်အောင်လည်း မပျင်းမရိ လုံ့လရှိရမည်။ ထိုကဲ့သို့ ဉာဏ်ရော ဝီရိယပါ အရာရာ ပြည့်စုံပါလျက် ကံမကောင်း အကြောင်းမသင့် ဖြစ်ခဲ့ပြန်သည် (ရည်ရွယ်ချက် မမြောက်ခဲ့သော်) စိတ်အား မငယ်စေနှင့်။ နောက်တမျိုးတိုး၍ ကြိုးစားလေဦး။ ကြိုးစားလျှင် ဘုရားပင် ဖြစ်နိုင်သေးသည်။ ထို့ပြင် လောကဓံကြောင့် မတုန်လှုပ်ဖို့လည်း အရေးကြီးသေး၏။ လောကဓံဆိုသည်ကား လောက၌ တွေ့ကြုံရန် ထုံးစံတမျိုးတည်း။ လောက= လောက+ဓမ္မ= ဓမ္မတာ (ထုံးစံ)။] ထိုလောကဓံသည်

၁။ လာဘ ... ပစ္စည်းဥစ္စာ ရခြင်း။
၂။ အလာဘ .... ပစ္စည်းဥစ္စာ မရခြင်း။
၃။ ယသ ... အခြွေအရံ များခြင်း။
၄။ အယသ ... အခြွေအရံ မရှိခြင်း။
၅။ နိန္ဒာ .. အကဲ့ရဲ့ ခံရခြင်း။
၆။ ပသံသာ ... ချီးမွမ်း ခံရခြင်း။
၇။ သုခ ... ကိုယ်-စိတ်ချမ်းသာခြင်း။
၈။ ဒုက္ခ ... ကိုယ်-စိတ် ဆင်းရဲခြင်း။
ဤသို့အားဖြင့် ရှစ်ပါး ရှိသည်။

ဤလောကဓံများ၌ မကောင်း ၄-ပါး၊ ကောင်း ၄-ပါး ပါ၏။ ကောင်းသော လောကဓံနှင့်တွေ့ကြုံသောအခါ ဝမ်းသာရွှင်ပျ တကြွကြွဖြစ်နေခြင်း၊ မကောင်း လောကဓံနှင့် တွေ့ကြုံသောအခါ စိတ်အားခွဲ၍ တမဲ့မဲ့ဖြစ်နေခြင်းသည် လောကဓံကြောင့် တုန်လှုပ်ခြင်းတည်း။ ဝမ်းသာလွယ်သူသည် ဝမ်းနည်းလွယ်၏၊ ဝမ်းသာအားကြီးသူသည် ဝမ်းနည်းအားကြီး၏။ ဝမ်းနည်း မှုမှာ ပြခဲ့သော ဒေါမနဿ သဘောတည်း။ ထို့ကြောင့် အမြဲ စိတ်ချမ်းသာခြင်းကို အလိုရှိလျှင် လောကဓံရှစ်ပါး ဖြစ်ရိုးဖြစ်စဉ် တရားကြောင့် (ဆိုးဆိုးကောင်းကောင်း) သိသိ သာသာ စိတ်မပြောင်းဖို့ အထူးသတိထား သင့်ကြ ပေသည်။ ... ချဲ့ဦးအံ့ -

လာဘ အလာဘ

မိမိနှင့်ထိုက်တန်သော လာဘ်ကို တရားသဖြင့်ရအောင် ကြိုးစားရမည်။ ရသည့်အခါလည်း သူတပါး မြင်ပြင်း ကတ်အောင် ဝမ်းသာရွှင်ပျ တကြွကြွမရှိစေသင့်။ တချို့ ရှာဖွေမှုကား ရှာဖွေ၍မရ သည့်ပြင် “ဗူးထဲက ရေပါ၍” အရင်းပင်ရှုံးတတ်သေးသည်။ ထိုကဲ့သို့ ဆုံးရှုံး မှုကြောင့်လည်း ဝမ်းနည်း ပူဆွေး၍မနေနှင့်။ ထိုသို့ ဆုံးရှုံးသူတွေ မရေမတွက် နိုင်အောင် ရှိကြသည့်ပြင် ထီးနန်းကိုပင် စွန့်လွှတ်၍ တမျိုးလုံး သခင်ဘဝမှ ကျွန်ဘဝသို့ ဆင်းကာ မောင်မောင်လို့ ခေါ်တုန်းက “ဗျာ” လိုမျှ ထူးဖော်မရပဲ အောင်ကျော်လို့ ခေါ်ကာမှ “ဘုရား”ဟု ထူးရသူတွေ အများပင် ရှိရှာကြပေသည်။ သို့ဖြစ်၍ ရမှု မရမှု လောကဓံ ၂-ကြောင့် မတုန်လှုပ်ဖို့ရာ ခိုင်မာသော စိတ်ကိုသာ အမြဲထားသင့်ကြပေသည်။

ယသ အယသ

ဆရာသမားကြီး လူကြီး လူကောင်းတို့၌ အထိုက် အလိုက် အခြွေအရံရှိမှ တင့်တယ်သည်။ အခြံအရံဟူသည် အိမ်ဝင်း အိမ်ခြံတို့ကဲ့သို့ ဘေးဆီး ရန်ကာ အရာရာမှာပင် စောင့်ရှောက်လုပ်ကျွေး အကူ အညီ ပေးသူများပေတည်း။ ထိုကဲ့သို့ အခြံအရံများအောင် မိမိ၏ ပစ္စည်းများကို ခြွေတာဝေငှ မ-စ ချီးမြှောက်ရမည်။ ထို့ကြောင့် “ခြွေရံသည်”ဟု ပြောလေ့ ရှိသည်။ ထိုအခြွေအရံများကိုလည်း အစေခံလို သဘောထား၍ အားမနာ ပါးမနာများစွာ မစေခိုင်းသင့်။ မိမိကိုမှီခို၍ ကြီးပွားစေလိုသော စိတ်သာ ရှိသင့်ပေသည်။ အခိုင်းအစေကိုခံရာ ငှားရမ်းထားသော အစေခံများကိုပင် အခြွေအရံလို သဘောထားလျက် မိမိကိုအမှီပြု၍ တနေ့နေ့ ကြီးပွားအောင် စောင့်ရှောက်သင့်ပေသည်။ ထိုကဲ့သို့ သဘောထားကောင်းပါလျက် အခြွေ အရံ မရှိပြန်လျှင် စိတ်နှလုံး မပူပန်လေနှင့်။ အခြွေအရံ ပေါများသည့်အတွက်လည်း မာန်မာန မတက်စေသင့်။

ကျော်စောမှု၊ ဂုဏ်သတင်း ပြန့်နှံမှုများလည်း ယခု တဘဝသာမက ဘဝ တိုင်း အရေးကြီး၏။ မြင့်မြတ်သောအလုပ်ကို လုပ်မည်ကြံလျှင် ဂုဏ်ရှိမှ နာမည် ကြီးမှ အထမြောက်နိုင်သည်ကို ရှေးဦး သတိပြုသင့်ပေသည်။ “ဂုဏဝန္တေ ပဿန္တိ ဇနာ =ဂုဏ်ရှိသူမှ လူထင်ကြသောအခါ” ဖြစ်သည်။ သို့ဖြစ်၍ ရသင့်သော ကျော်ကြားမှု ဂုဏ်ကိုရအောင် ဉာဏ် ဝီရိယဖြင့် ထူထောင်ရမည်။ ရခဲ့ပြန်သည် ထိုဂုဏ်အတွက် မကြွား မမော်လေနှင့်။ ရသင့်ပါလျက် မရပြန်လျှင်လည်း စိတ်အား မငယ်လေနှင့်။

နိန္ဒာ-ပသံသာ

မလိုမုန်းထား ဣဿာများသူ၊ သို့မဟုတ် အလုပ်မရှိ အလုပ်ရှာ၍ ကဲ့ရဲ့စရာ ကြံစည်နေကြသူတွေ ပေါများသော ယခု ကာလဝယ် အချီးမွမ်းခံရဖို့ခဲယဉ်းသော်လည်း အကဲ့ရဲ့ခံရဖို့မှာ သေချာပြီးဖြစ်၏။ ထို့ကြောင့် ကဲ့ရဲ့စရာမရှိအောင် ရှေးဦးစွာ သတိထားရမည်။ သို့ရာတွင် သကြားမင်း ဖန်ဆင်းအပ်သော နွားသော်မှ မစင်ပျော့သည်ဟု နော့တော့တော့ အဆို ခံရသေးသောကြောင့် “မုန်းအပြစ်၊ ချစ်အကျိုး၊ မြတ်နိုးမှ သဒ္ဓါ” နိုင်သော ယခုကာလဝယ် မုန်းသူလည်း မရှားသဖြင့် အပြစ်မြင်ချင်သူလည်း အများပင် ရှိပေမည်။

သို့သော် သူတပါး၏ အပြစ်ကို လွယ်ကူစွာ မြင်နိုင်သော ထိုသူများသည် အမရာ၊ ကိန္နရီ၊ မဒ္ဒီ၊ သမ္ဗူလာတို့အလား၊ သို့မဟုတ် မဟောသဓာ၊ ဝေဿန္တရာတို့ တမျှ၊ သို့မဟုတ် အရှင်မဟာကဿပ၊ အရှင်သာရိပုတ္တရာ၊ အရှင်အာနန္ဒာတို့လို “ခြောက်ပြစ်ကင်း၊ စင်းလုံးချော”ဟု ဆိုနိုင်ပါမည်လော။ ရွာတရွာ၌ တောင်ဘက်အိမ်က မိန်းမကြီး စကားထစ်ကြောင်း ပြောလာသောသားငယ်က “အ.. အ..အဖေ၊ ဟို..ဟို..ဟို ဘက် အိမ် က မိန်းမိန်းမိန်း-မကြီးဟာ စ..စ.. စကား ထစ်၊ ထစ်ထစ်၊ ထစ်လိုက်တာ”ဟု ပြောသလို ထိုသူ့ ကိုယ်တိုင်မှာ အကဲ့ရဲ့ခံရပြီးဖြစ်၍ “သူခိုးသေဖော်ညှိများ” ဖြစ်တတ်ကြသည်။

သို့မဟုတ် မိမိကဲ့ရဲ့ဖွယ်ကို အစွမ်းကုန် ဖုံးကွယ်ထားသော “ကြောင်သူတော် များ” ဖြစ်တတ်ကြသည်။ ဘာ့ကြောင့်နည်း။ “ခိုးတတ်လျှင် ရိုးတတ်”သောကြောင့်တည်း။ တချို့ အချက်များ၌ကား “ကိုယ့်ထက်သာ၍ မနာလို” လို ကဲ့၍သော်လည်း ထိုအကဲ့ရဲမျိုးကို သူကိုယ်တိုင်ပင် ခံချင်ကောင်း ခံချင်ပါလိမ့်မည်။ ဘာ့ကြောင့်နည်း။ မိန်းကလေးတယောက်အိမ်သို့ ဂုဏ်ရှိသိန်ရှိ ယောက်ျား ကလေး ထွက်ဝင်နေရာဝယ် တနယ်လုံး ကဲ့ရဲကြရာ၌ အမှန်စင်စစ်မှာ မိမိတို့ဆီ မလာသောကြောင့်သာ ဖြစ်သကဲ့သို့တည်း။ ဤသို့လျှင် အကဲ့ရဲ့ခံရမှုသည် မကင်း နိုင်သော လောကဓံဖြစ်သည့်ပြင် အမှန်အားဖြင့် ကဲ့ရဲသလောက် အပြစ်ရှိချင်မှ ရှိမည်။ အပြစ်ရှိသည်ပင်ထားဦးတော့၊ ကြောက်သင့် ရှက်သင့်သလောက်ထက် မိမိစိတ်ကို မိမိချောက်နေခြင်းက ပိုကောင်းပိုပါလိမ့်မည်။

တစ္ဆေ ကြောက်တတ်သူသည် ညဉ့် မှောင်မိုက်ထဲတွင် ထန်းပင်ငုတ်တို့ကို မြင်ရာ၌ ထန်းပင်ငုတ်တို့က လုံးဝ မပျောက်သော်လဲ သူ့ စိတ်ထဲက “တစ္ဆေပဲ.... တစ္ဆေ”ဟု အသေအလုံး စွဲလမ်း၍ တစ္ဆေ ကမ္မဋ္ဌာန်း စီးဖြန်းသောကြောင့် ကမ္မဋ္ဌာန်း ပေါက်ပြီးလျှင် သူ့နောက်သို့ လိုက်နေသည်ဟု ထင်ကာ မစင်ပါအောင် ပြေးရှာသကဲ့သို့တည်း။ ထို့အတူ တချို့ကိစ္စ၌ မိမိစိတ်ကို မိမိချောက်ကာ အလွန့်အလွန်ကြောက်စရာဟု ထင်လာတတ်ပေသည်။ ထို့ကြောင့် သံယုတ် ပါဠိတော်၌ “တောထဲမှာ ချွတ်ချွတ်သံကြားတိုင်း မောကြီးပန်းကြီး ပြေးရ ရှာသော သမင်ပျံကဲ့သို့ အကဲ့ရဲ့ ခံရမည်ကို ကြောက်နေသူကိုလည်း စိတ်မတည်သူ၊ စိတ်မခိုင်သူ၊ ပေါ့ဆဆစိတ်ရှိသူ”ဟု မိန့်တော်မူသည်။ ချွတ်ချွတ်သံ ကြားတိုင်း ပြေးရသဖြင့် သမင်ပျံမှာ အစာ-ရေစာ မဝသကဲ့သို့၊ ထိုကြောက်တတ် သူမှာလည်း မည်သည့် အကျိုးကိုမျှ မရချေ။ နဂိုကပင် အရှက်ရစေတော့ဟု သဘောထား၍ ကဲ့၍ ရကား ထိုကဲ့သို့ ရှက်မှန်း ကြောက်မှန်းသိလျှင် ကဲ့ရဲ့ သူတို့အတွက် “မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ” ဖြစ်ပေလတ္တံ့။

တနည်းတဖုံ စဉ်းစားပြန်လျှင် အကဲ့ရဲ့ ခံနေရသည်မှာ တမျိုးအားတက် စရာဖြစ်၏။ ဘာ့ကြောင့်နည်း။ ခွေးလေးဂျပိုး အုတ်ကြားမြက်ပေါက် အစား မျိုးကို အရေးလုပ်၍ မလိုကြ၊ အတော်ထင်ရှားသူကိုမှ ကဲ့ရဲ့ ကြသော ကြောင့်တည်း။ ထို့ကြောင့် သစ်ပင်အများရှိရာတွင် အမြင့်ဆုံး သစ်ပင်သည် လေတိုက် အခံရဆုံး ဖြစ်သကဲ့သို့၊ ထို့အတူ အထက်တန်းကျလေ လောကဓံ လေမုန်တိုင်း အတိုက်ခံရလေဖြစ်ရကား၊ အကဲ့ရဲ့ခံရမှုကို ဂရုစိုက်၍ ဝမ်းမနည်း ထိုက်သည့်ပြင် တချို့ ကဲ့ရဲ့ခြင်းမျိုးမှာ မိမိအထက်တန်း ရောက်နေခြင်း၏ အမှတ်လက္ခဏာဖြစ်၍ ဝမ်းသာဖွယ်ကောင်းပေသည်။

ထို့ကြောင့် မည်သူမဆို ကဲ့ရဲ့မှုများကို အရေးစိုက်ကာ အရာရာ မတုန်လှုပ်အောင် “ခွေးဟောင်တိုင်း ထ၍ မကြည့်မိရန်” မြဲမြံသော စိတ်ထား၊ ခိုင်မာသော သမာဓိတရား ရှိအောင် ကြိုးစား၍ လေ့လာကြရမည်။ အကဲ့ရဲ့ ခံရသည့် အခါတိုင်း “ငါ၏ စိတ်များ ဘယ်အခြေရောက်အောင် ခိုင်မာနေ ပါလိမ့်မည်နည်း”ဟု စဉ်းစဉ်းစားစား သတိထားကာ အကဲ့ရဲ့ ဒဏ်ကို အရသာ ခံကြည့်ပါလေ။ သို့ရာတွင် ကဲ့ရဲ့ဖွယ် မရှိအောင်ကား သတိဆောင်ရပေလိမ့်မည်။

ကဲ့ရဲ့ ရာ၌ မတုန်လှုပ်သကဲ့သို့ တခုခုဂုဏ်ရ၍ ချီးမွမ်းကြသည့် အခါ၌လည်း သိသိသာသာကြီး မပြုမိစေပဲ “အလုပ်ကောင်း၍ အကျိုးရသည်မှာ ဓမ္မာပဲ”ဟု နှလုံးသွင်းလျက် သန့်ရှင်းသော စိတ်ထားဖြင့် အခြားသူများလည်း ငါကဲ့သို့ ဂုဏ်ရကာ အချီးမွမ်းခံကြရပါစေ”ဟု အမျှဝေ သဘောဖြင့် စိတ်မနော ကောင်းသင့်ကြပေသည်။ သုခ ဒုက္ခကို သဘောကား ထင်ရှားပြီ။]

အချုပ်ကား-လောကဓံ ၈-ပါးတွင် အကောင်း ၄-ပါးကို “ဣဋ္ဌာရုံ (အလိုရှိအပ်သော အာရုံ)”ဟု ခေါ်သည်။ မကောင်း ၄-ပါးကို “အနိဋ္ဌာရုံ (အလိုမရှိအပ်သော အာရုံ)”ဟု ခေါ်သည်။ ရှေးရှေးသော ဘဝများစွာ သံသရာက ကံကောင်း ကံဆိုး (ကုသိုလ် အကုသိုလ်) ၂-မျိုးကို ပြုလာခဲ့သော ငါတို့မှာ ထိုဣဋ္ဌာရုံ အနိဋ္ဌာရုံ အမျိုးစုံနှင့် အမှန် တွေ့ကြုံကြရတော့မည်။ ထိုကဲ့သို့ တွေ့ကြုံရာ၌ ထိုဣဋ္ဌာရုံ အနိဋ္ဌာရုံ လောကဓံ လေမုန်တိုင်းကို မိမိ၏ လုံ့လစွမ်း၊ ဉာဏ်စွမ်းတို့ဖြင့် နည်းလမ်းရှိသမျှ ခုခံကာကွယ်ကြပြီးလျှင် အကြင် သို့သော နိဗ္ဗာန်ဆိပ်ကမ်းသို့ မျှော်မှန်းကူးခပ်ရမည်။

ဥပမာ-ပင်လယ်ကို ကျော်ဖြတ်နေသော မာလိန်မှူးတို့၌ အခါခပ်သိမ်း ငြိမ်သက်ချမ်းသာစွာ ကျော်လွန်ရလိမ့်မည်ဟု မမျှော်လင့်နိုင်။ မကြာ မကြာပင် သာမန် လှိုင်းလေ၊ ပြင်းထန်သော လှိုင်းလေ၊ သဘောကိုပင် အန္တရာယ် ဖြစ်စေနိုင်သော လှိုင်းလေးများကို တွေ့ကြုံရပေသည်။ ထိုသို့ တွေ့ကြုံရာဝယ် ကျွမ်းကျင်သော မာလိန်မှူးတို့မှာ မိမိတို့ လုံ့လစွမ်း၊ ဉာဏ်စွမ်းတို့ဖြင့် ထိုလှိုင်းလေများကို ခုခံ၍ မိမိ၏ လိုရာ ဆိပ်ကမ်းသို့ ရောက်နိုင်ကြသကဲ့သို့တည်း။

ကတတ္တာ နာနာကမ္မာနံ၊ ဣဋ္ဌာနိဋ္ဌေပိ အာဂတေ၊

ယောနိသော တိတ္ထံ သန္ဓာယ၊ တရေယျ နာဝိကော ယထာ။

နာနာကမ္မာနံ၊ ကံကောင်း, ကံဆိုး, အမျိုးမျိုးတို့ကို, ကတတ္တာဘဝများစွာ, သံသရာက, မကွာထက်ကြပ်, ပြုအပ်ခဲ့လေသောကြောင့်။ ဣဋ္ဌာနိဋ္ဌေ၊ အကောင်း အဆိုး, အာရုံ ၂၊ မျိုးသည်။ အာဂတေပိ၊ အကြောင်း အားလျော်စွာ ပေါ်လာခဲ့ပါသော်လည်း။ နာဝိကော ယထာ၊ ပင်လယ်ကိုကူး, မာလိန်မှူးကဲ့သို့။ ယောနိသော၊ သင့်တင့် လျှော်ကန်, တော်မှန်ထုံးအရ, အသုံးကျမည်, လုံ့လပညာ, အလိမ္မာဖြင့်။ တိတ္ထံ၊ ဒုက္ခမီးစက်, ဆူဆူပွက်သည့်, ဤဘက်ကမ်းမှ, စခန်းထဖို့, နန်းမခေမံ, နေရဗဏ်နန်း, ဟိုဘက်ကမ်းကို။ သန္ဓာယ၊ စိတ်စဉ် ဖြောင့်တန်း, ကောင်းစွာမှန်း၍။ တရေယျ၊ လောကဓံလှိုင်း, လေမုန်တိုင်းကြောင့်, မဆိုင်းမလှုပ်, ဉာဏ်အားထုတ်လျက်, သုတ်သုတ်လျင်စွာ, ကူးခပ်ရာသတည်း။

ဤသို့လျှင် လောကဓံ ဂ-ပါးကြောင့် စိတ်လှုပ်ရှားခြင်း မရှိ၊ အရှည်ကို မျှော်မြင်၍ ကြိုတင်စီမံလေ့ လည်းရှိ၊ မိမိစီမံသည့်အတိုင်း အကျိုးရှိအောင် ဝီရိယလည်းရှိသူတို့မှာ ကိုယ်ဆင်းရဲမှု ဒုက္ခ၊ စိတ်ဆင်းရဲမှု ဒေါမနဿတို့မှ ကင်း၍ ချမ်းချမ်းသာသာနှင့် ပါရမီကုသိုလ်များကို ကြိုးစားဖြည့်ကျင့်ကာလူဖြစ်ရကျိုးနပ်သူ ဖြစ်ပါလိမ့်သတည်း။

“လောကဓံရိုးမို့၊ အမျိုးမျိုး တွေ့ရမယ်။
စိတ်အနေ မတုန်လှုပ်အောင် ထိန်းချုပ်ပါကွယ်။”