ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/နကုလပိတာနှင့် နကုလမာတာ

ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
ဒုတိယအခန်း နကုလပိတာနှင့် နကုလမာတာ
700ကိုယ်ကျင့်အဘိဓမ္မာ — ဒုတိယအခန်း နကုလပိတာနှင့် နကုလမာတာအရှင်ဇနကာဘိဝံသ

နကုလပိတာနှင့် နကုလမာတာ

ဘုရားလက်ထက်တော်အခါဝယ် “နကုလပိတာ”ဟု ထင်ရှားသော သူကြွယ်နှင့် “နကုလမာတာ” ခေါ် သူကြွယ်ကတော်တို့သည် ရှေးရှေးဘဝ များစွာကပင် မကွဲမကွာ ဖြစ်လာကြ၍ ယခုဘဝ၌ ဘုရားရှင်ကို ပထမဆုံး ဖူးမြင်ရသည့် အချိန်ကပင် သောတာပန် ဖြစ်ခဲ့ကြလေသည်။ ထိုဇနီးမောင်နှံ ၂-ဦးလုံးပင် ဘဝပေါင်းများစွာက ဘုရားအလောင်း၏ မိဘ အဖြစ်-ဦးကြီး မိကြီး အဖြစ်-ဦးလေး ဒေါ်လေး အဖြစ်ဖြင့် အတူနေခဲ့ကြရသောကြောင့် ဘုရားရှင်ကို သားအသွင် ချစ်ခင်ကာလွန်စွာအကျမ်းဝင်ကြရကား လျှောက်လိုရာကို ခြွင်းချက်မရှိ လျှောက်လေ့ ရှိကြသည်။ ထို့ကြောင့် အခါတပါး၌ သူကြွယ်က လျှောက်သည်မှာ..

“တပည့်တော်သည် နကုလမာတာကို ငယ်ရွယ်စဉ်ကပင် သိမ်းပိုက်ခဲ့ပါသည်။ သူ့ကို သိမ်းပိုက်ခဲ့သောအခါမှစ၍ အခြား တယောက်ကို ကိုယ်ထိလက်ရောက် မဆိုထားဘိ စိတ်နှင့် မပြစ်မှားမိပါ။ နကုလမာတာကို ယခုဘဝမှာလည်း အမြဲကြည့်နေချင်၊ သံသရာမှာလည်း အမြဲမြင်လိုပါသည်။”

ထိုစကားကို နကုလမာတာ ကြားလျှင် အားကျမခံ သူ့စိတ်ရင်းအတိုင်း လျှောက်ပြန်သည်မှာ...

“တပည့်တော်မသည် ငယ်ရွယ်စဉ်ကပင် နကုလပိတာ၏ အိမ်သို့လိုက်ခဲ့ရပါသည်။ ထိုအခါမှစ၍ အခြားသူကို စိတ်မျှ မကူးမိပါ။ နကုလပိတာကို ယခုဘဝမှာလည်း အမြဲကြည့်နေချင်၊ သံသရာမှာလည်း အမြဲ တွေ့မြင်လိုပါသည်။”

ထိုသမီးခင်ပွန်း ၂-ဦးတို့၏ စကားကို ဘုရားရှင်က ပြန်၍ မိန့်တော်မူသည်မှာ--

“ယခုဘဝ၌ စိတ်တူ သဘောတူ ကြည်ဖြူကြသော သမီးခင်ပွန်းတို့သည် နောက်နောက် ဘဝ၌ မကွဲမကွာ ဖြစ်လို့ကြလျှင် တယောက်နှင့် တယောက် သဒ္ဓါ-သီလ-စာဂ-ပညာတို့ အရာရာ တူစေကြရမည်။

အိမ့်ရှင်က သဒ္ဓါတရား ကောင်းသကဲ့သို့ အိမ်သူကလည်း သဒ္ဓါတရားကောင်း ရမည်။ အိမ်ရှင်က သီလ စင်ကြယ်သကဲ့သို့ အိမ်သူကလည်း သီလစင်ကြယ်စေ ရမည်။ တယောက်ယောက်က စွန့်ကြဲ ပေးကမ်း လှူဒါန်းလိုလျှင် မတားမြစ် “မယ်က လှူမူ မောင်ကြည်ဖြူ-မောင်က လှူဒါန်း မယ်ရွှင်လန်း” ဖြစ်စေရမည်။ အသိ အလိမ္မာ ဉာဏ်ပညာ ချင်းလည်း အရာရာ တူစေရမည်-ဟု ဟောတော်မူလိုရင်း ဖြစ်၏။ ဤ အဓိပ္ပါယ်ကို ရည်ရွယ်၍ ပဉ္စဝုဓပျို့၌--

“လူ့ ရပ်ခွင်၊ အိမ့်ရှင် အိမ်သူ၊ မြတ်ရည်တူလျက်၊ ဆုယူ ညီမျှ၊ လှူဒါနနှင့်၊ သီလမယိုင်၊ သဒ္ဓါပြိုင်မှု၊ ဘုန်းလှိုင် ကျော်ကြား၊ မိုးနတ်သားနှင့်၊ ဆွေဝါးအနီး၊ နတ်သမီးသို့၊ ကောင်းချီးအံ့ရာ၊ စုမိရှာလျက်၊ သံသာနောင်လည်း၊ ချစ်စည်းမပြေ၊ ရှည်ကြာလေ၏” ဟူသတည်း။

ဤဝတ္ထု၌ သောတာပန် ဖြစ်ပြီးသော ဇနီးမောင်နှံတို့ အပြန်အလှန် ချစ်ခင်ကြပုံကို ပထမ စဉ်းစားသင့်၏။ ထိုကဲ့သို့ လုံလုံ လောက်လောက် ချစ်ခင် ကြသည့်အတွက် မိမိတို့အချင်းချင်းမှ လွဲ၍ အခြား သူနှင့် ဖေါက်ပြားဖို့ရန် စိတ်မျှမကြံမိကြ၊ ထိုမျှလောက် စိတ်ထား စင်ကြယ် ကြသဖြင့်လည်း ပိုမို၍ မြတ်နိုးကာ တသံသရာလုံး မခွဲမခွါလိုပဲ အမြဲ တွေ့မြင် လိုကြပေသည်။ ဤကဲ့သို့ တွေ့မြင်လိုကြရာ၌ လောဘ အရင်းခံသော ဆန္ဒပင် ဖြစ်လင့်ကစား ထိုသူတော်စင်တို့၏ တဏှာပေမ လောဘသည် သူတို့ချင်း မကွဲမကွာအောင် ချည်နှောင်ပြီးလျှင် ပြုပြုသမျှ ကုသိုလ် အပေါင်းက ကောင်း မြတ်ရာသို့ ပို့ဆောင်ပေလိမ့်သတည်း။