ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
မစ္ဆရိယ အကြောင်း
ဝန်တိုခြင်းသဘောသည် မစ္ဆရိယတည်း။ ထို့ကြောင့် “ပြောထူမစ္ဆေ၊ ဝန်တို လေသတဲ့”ဟု ဆိုခဲ့သည်။ ယခုကာလ၌ မလှူရက်၊ မပေးကမ်းရက်သူကို မစ္ဆရိယ ရှိသူဟု ခေါ်ကြသည်။ မစ္ဆရိယကား မလှူချင် မပေးချင်မှုမျိုးမဟုတ်။ သူတပါး တို့အား မရစေချင်သော သဘောသာတည်း။ ထို့ကြောင့် မလှူချင် မပေးချင်မှုတို့မှာ မိမိပစ္စည်းကို တွယ်တာသော လောဘသဘောသာ ဖြစ်သည်။ မိမိပစ္စည်းကို ဖြစ်စေ၊ အခြား ပစ္စည်းကို ဖြစ်စေ၊ ဂုဏ်ကို ဖြစ်စေ၊ သူတပါး မရစေလိုသော သဘောကိုသာ ဝန်တိုမူ မစ္ဆရိယ သဘောဟု မှတ်ပါ။ ဤ မစ္ဆရိယကို ကျမ်းဂန်တို့၌ ၅-မျိုး ပြ၏။
၁။ အာဝါသမစ္ဆရိယ=မိမိနေရာ၊ ကျောင်း၊ အိပ်ရာ၊ နေရာ၌ ဝန်တိုမှု... သံဃာ အများနှင့် သက်ဆိုင်သော သံဃိကကျောင်း၊ အိပ်ရာ၊ နေရာကို မိမိ ရသည့်အခါ ထိုကျောင်းသို့ အခြား သံဃာများကို မလာစေလိုခြင်း မျိုးတည်း။ သို့သော် မကောင်း ဆိုးရွားသော ရဟန်းများ မလာစေ လိုခြင်းကား မစ္ဆရိယ မဟုတ်ပါ။ ဤ အာဝါသ မစ္ဆရိယ ရှိသူသည် သေသောအခါ ထိုကျောင်း၌ပင် ပြိတ္တာ ဖြစ်နေတတ်သည်။ သို့မဟုတ် သံအိမ်ငရဲ၌ ကျက်ရတတ်သည်။
၂။ ကုလ မစ္ဆရိယ=မိမိ အမျိုးနှင့် ဒကာ ဒကာမများကို ဝန်တိုမှု၊ မိမိ ဆွေမျိုးကို ဖြစ်စေ၊ ဒကာ ဒကာမမျိုးကို ဖြစ်စေ၊ အခြား သံဃာများ မလာစေလို၊ မဆက်ဆံစေလိုခြင်းတည်း။ သို့သော် သဒ္ဓါ တရားကို ဖျက်ဆီးမည့် ယုတ်မာ ဆိုးရွားသော ရဟန်းများနှင့် မဆက်ဆံ စေလိုခြင်းမှာ မစ္ဆရိယ မဟုတ်ပါ။ ဤကုလမစ္ဆရိယရှိသူသည် မိမိ ဒကာ ဒကာမတို့၌ သူများဆက်ဆံနေသည်ကို မြင်တွေ့ရသောအခါ ဝမ်းထဲ၌ ပူပူလောင်လောင်ဖြစ်၍ သွေးအန်တတ်၏၊ ဝမ်းလျှောတတ်၏။ အူအပိုင်းပိုင်း ပြတ်တတ်၏။ သို့မဟုတ် နောက်ဘဝ၌ လာဘ်လာဘပါးရှားတတ်သည်။
၃။ လာဘ မစ္ဆရိယ=ပစ္စည်း လာဘ်လာဘကို ဝန်တိုမှု... သူတပါးတို့အား ပစ္စည်း လာဘ်လာဘ မရစေလိုခြင်းတည်း။ သို့သော် ရရှိသော လာဘ် လာဘကို မတရား သုံးစွဲမည့် ရဟန်းတို့ကို မရစေလိုပဲ၊ တရားသဖြင့် သုံးစွဲသော ရဟန်းတို့ကို ရစေလိုခြင်းမှာ လာဘမစ္ဆရိယ မဟုတ်ပါ။ ဤ လာဘမစ္ဆရိယ ရှိသူသည် ဘင်ပုတ်ငရဲ၌ကျက်၍ ဘင်ပုတ်ကို စားနေရ တတ်၏။ [ဤ လာဘမစ္ဆရိယကြောင့် အပြစ်ရသော လောသကတိဿ ဝတ္ထုကို ကံအခန်း၌ ပြအံ့။
၄။ ဝဏ္ဏ မစ္ဆရိယ= ကိုယ်အဆင်း ဂုဏ်သတင်း ၂-မျိုးလုံး၌ ဝန်တိုမှု၊ မိမိထက် အဆင်းလှမည်ကို ဝန်တိုမှု၊ မိမိထက် ဂုဏ်ကြီးမည်ကို ဝန်တိုမှုသည် ဝဏ္ဏမစ္ဆရိယပင်တည်း။ ဤ ဝဏ္ဏမစ္ဆရိယ ရှိသူသည် ဘဝသံသရာဝယ် ရုပ်အဆင်း ဆိုးရွားတတ်၏။ ဂုဏ်သတင်းလည်း ညံ့ဖျင်းတတ်သည်။
၅။ ဓမ္မမစ္ဆရိယ=မိမိ တတ်သိသောတရား (အတတ်ပညာ)ကို ဝန်တိုမှု၊ ဓမ္မမစ္ဆရိယ ရှိသူသည် မိမိ တတ်သိသော အတတ်ပညာ၊ စာပေပညာ၊ လက်မှုပညာ၊ နှုတ်မှုပညာများကို သူတပါး တတ်သိမှာ စိုးသောကြောင့် အကြောင်း မေးလာလျှင် ကောင်းမွန်စွာ မပြောလိုခြင်း၊ ရေးကူးထားသော ပညာကို မပြလိုခြင်း၊ စာချသောအခါလည်း မိမိလို တတ်မည်စိုး၍ အကုန် မပြောလိုခြင်း ဖြစ်တတ်သည်။ သို့သော် စာပေတတ်ပြီးနောက် ထိုစာကို မတရားသုံးစွဲမည့်သူ၊ သာသနာကို ဖျက်ဆီးမည့်သူတို့အား ပြောမပြုခြင်းတို့မှာ မစ္ဆရိယ မဟုတ်ပါ။ ဤဓမ္မမစ္ဆရိယရှိသူသည် ဖြစ်လေရာ ဘဝတို့၌ အဖျင်း အ အ ဖြစ်တတ်၏။ သို့မဟုတ် ပြာပူငရဲ၌ ကျက်ရတတ်သည်။
စဉ်းစားဖွယ်
ကျမ်းဂန်လာ မစ္ဆရိယ ၅-ပါးကို စဉ်းစားလျှင် သူတပါး လှူဒါန်းမှ နေထိုင်စားသောက်ရသော ရဟန်းများ၊ သီလရှင်များ၌ အဖြစ်များဖွယ် ရှိ၏။ ယခု မျက်မြင်အားဖြင့်လည်း ထိုသူများ၌ ဤမစ္ဆရိယ သောင်းကျန်းလျက် ရှိသည်။ လူအများ၌လည်း ကိုယ်ထက် အိမ်ကောင်း ယာကောင်းရှိမှာ စိုးခြင်း၊ ကိုယ်ထက်ဥစ္စာပေါမှာ၊ ရောင်းဝယ်ကောင်းမှာ စိုးခြင်း၊ ကိုယ်ထက် ဆွေမျိုးဉာတိပေါမှာ စိုးခြင်း၊ ကိုယ်ထက် လှမှာ စိုးခြင်း၊ ကိုယ်ထက် ဂုဏ်ကြီးမှာ စိုးခြင်း၊ ကိုယ်ထက် တတ်သိမှာ စိုးခြင်း စသောအားဖြင့် အများပင် ဖြစ်တတ်ပါသည်။ ထိုသဘောများကား မစ္ဆရိယပင်တည်း။ ထိုသို့ မစ္ဆရိယဖြစ်သည့်အတွက် ထိုအဖြစ်ခံရသူမှာ အကျိုးမယုတ်ပဲ မိမိမှာ စိတ်ယုတ်မာ ရှိကြောင်း ထင်ရှားရကား ဤ မစ္ဆရိယကို ဝါသနာနှင့်တကွ အမြစ်ပါ ပြုတ်အောင် ကြိုးစား၍ ဖြုတ်သင့်ကြပေသည်။ ဤကဲ့သို့ တရားသိသော ဘဝ၌ သော်မှ မစ္ဆရိယကို မတားလျှင် ပြိတ္တာဖြစ်ဖို့သာ ပြင်ကြပါတော့။