ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာတည်ပုံ

ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
ဧကာဒသမအခန်း ကမ္ဘာတည်ပုံ
727ကိုယ်ကျင့်အဘိဓမ္မာ — ဧကာဒသမအခန်း ကမ္ဘာတည်ပုံအရှင်ဇနကာဘိဝံသ

ကမ္ဘာတည်ပုံ

ထိုကဲ့သို့ ကမ္ဘာပျက်ပြီးနောက် တည်ချိန်ရောက်သောအခါ၌ ကမ္ဘာပြု မိုဃ်းကြီး ရွာသွန်းလာလေသည်။ ရှေးဦးစွာ မိုဃ်းဖွဲ့ကလေးကစပြီး တဖြည်းဖြည်း ကြီးမား၍ အိမ်လုံး တောင်လုံးခန့် မိုဃ်းပေါက်တွေ ကျသဖြင့် ပျက်စီး သောနေရာတွင် ဗြဟ္မာ့ပြည်ထိအောင် ရေအလျင်ပြည့်လာ၏၊ နှစ်ပေါင်းအတော်ကြာ၍ ထိုရေများ တဖြည်းဖြည်း ခန်းခြောက်လေသော် မီးလောင်သော ဗြဟ္မာဘုံ နတ်ဘုံတို့ တည်ရာ အရပ်သို့ ရောက်လျှင် ဗြဟ္မာဘုံ နတ်ဘုံများလည်း တည်ပြီးဖြစ်တော့၏၊ ထို့နောက် တဖြည်းဖြည်း ရေလျော့လာခဲ့ရာ လူ့ဘုံ တည်ရာသို့ ရောက်လာလျှင် ရေအလျှင် မာလျှောကျတော့ဘဲ မြင့်မောက်သော နေရာ၌ တောင်ကြီး တောင်ငယ် ချိုင့်ဝှမ်းသောနေရာ၌ မြစ်ကြီးမြစ်ငယ် ညီညွတ်သောနေရာ၌ မြေပြင်ဖြစ်ဘို့ရာ ရေ၏ အထက်မှာ (နွားနို့မလိုင် တက်သကဲ့သို့) ခပ်ပြစ်ပြစ် ခပ်ခဲခဲ ဖြစ်ရာမှ ကာလကြလျှင် ကျောက်တောင် ကျောက်သား မြေသားတွေ ဖြစ်ကြရလေသည်။

ထိုကဲ့သို့ ဖြစ်နေသော မြေသားသည် အထု ယူဇနာ ၂-သိန်း ၄-သောင်း ရှိ၏။ ထိုမြေသားကို ခံနေသော ရေကား အလွန် အေးမြ၍ လေပူ နေပူ မတွေ့ရသော ရေခဲပြင်ကြီး ဖြစ်နေဘွယ်ရှိ၏၊ ရေပြင်ကြီးသည် ယူဇနာပေါင်း ၄-သိန်း ဂ-သောင်း ထူရကား ယူဇနာ ၂-သိန်း ၄-သောင်းမျှသာ ထူသော မြေပြင်ကြီးကို ဆောင်ရွက်ဘို့ရန် တာဝန်ကြီးဘွယ် မရှိတော့ပြီ၊ ထိုယူဇနာ ၄-သိန်း ဂ-သောင်း ထူသော မြေပြင်ကြီးကိုကား ယူဇနာ ၉-သိန်း ၆-သောင်း ထူသော လေပြင်ကြီးက ပင့်မြှောက်၍ တားသတဲ့၊ ထို လေပြင်၏ အောက်မှာလည်း မဆုံးနိုင်သော ဟာလာဟင်းလင်း ရှိလေသေးသည်။

ဤကဲ့သို့ လေထု ရေထုမြေထုနှင့် လူ့ဘုံ နတ်ဘုံ ဗြဟ္မဘုံ အစုံအလင်ရှိကြသော ကမ္ဘာလောကလည်း ငါတို့နေရာ ဤကမ္ဘာ တခုသာမက, ရေတွက်၍ မကုန်နိုင် မဆုံးနိုင်အောင် များပြားလှလေ၏၊ ထို့ကြောင့် အနန္တစကြဝဠာ (အဆုံးမရှိသော စကြဝဠာ)ဟု ခေါ်စမှတ်ပြုကြသည်။ ထိုစကြဝဠာအများတွင် ကုဋေတသိန်းလောက် စကြဝဠာတို့မှာ ပျက်လည်းအတူ ဖြစ်လည်း အတူပင်တည်း၊ စကြဝဠာ တခုနှင့်တခုကို ကွဲပြားအောင် စကြဝဠာ ကျောက်တောင်ကြီးက မဟာရာမ် တံတိုင်းခတ်သလို ရံပတ်၍ နေလေသည်။

လောကန္တရိက်ငရဲ

စကြဝဠာ ၃-ခုအကြား၌(လင်ပန်း ၃-ချပ် စပ်နေသလို) အကြားတခုရှိ၏၊ ထိုအကြား၌ နေရောင် လရောင် မထွန်းနိုင်ဘဲ အမြဲမှောင်၍နေ၏၊ ထိုအကြားအရပ်ကို “လောကန္တရိက်ငရဲ”ဟု ခေါ်၏၊ မိဘ သူတော်ကောင်းများကို စော်ကားသူတို့ ပြိတ္တာ အသုရာ ဖြစ်လျက် မစားရ မသောက်ရဘဲ ထိုလောကန္တရိက်ငရဲ၌ဖြစ်ကာ သစ်ပင်ကို လင်းနို့များ တွယ်နေသလို စကြဝဠာ နံရံကို တွယ်ကပ်နေရာမှ တကောင်နှင့် တကောင် မှောင်အတွင်း တွေ့ကြသောအခါ အစာမှတ်၍ လှမ်းအဟပ်လိုက်တွင် အောက်ခံ ရေပြင်ပေါ်သို့ ကျသဖြင့် မွမွကြေရလေသတဲ့။

မြင့်မိုရ်တောင်

ထိုပြခဲ့သော စကြဝဠာ ကမ္ဘာလောကကြီး၏ အလယ်ဗဟို၌ ယူဇနာ တသိန်း ခြောက်သောင်း ရှစ်ထောင် မြင့်သော မြင့်မိုရ်တောင် တည်ရှိ၏။ ထို ၁၆၈၀၀၀-တွင် ရှစ်သောင်း လေးထောင်မှာ သမုဒြာတွင်း နစ်မြုပ်နေသောကြောင့် သမုဒြာရေပြင်မှ အထက်၌ မြင့်တက်နေသော အထက်ပိုင်းကိုသာ ရေတွက်၍ “ယူဇနာ ရှစ်သောင်း လေးထောင် အမြင့်ဆောင်သော မြင့်မိုရ်တောင်”ဟု ဆိုကြ၏။ ထိုမြင့်မိုရ်တောင်၏ ပတ်ဝန်းကျင်၌ “သီဒါ”ခေါ် မြစ်တစင်းက တံတိုင်းခတ်သလို ရံပတ်လျက် နေလေသည်။ ထိုသီဒါ၏ ပြင်ဘက်၌ ယုဂန္ဓုရ်တောင် တည်ရှိ၏။ အမြင့်မှာ မြင့်မိုရ်တောင်၏ တဝက်သာ မြင့်၍ သမုဒြာရေအတွင်းသို့လည်း တဝက်မျှ ဝင်လေသည်။ ထိုယုဂန္ဓိုရ်တောင်၏ ပြင်ဘက်၌ သီဒါမြစ်ခြား၍ ဤသန္ဓိုရ်တောင် တည်ပြန်၏၊ ဤနည်းအတိုင်း မြင့်မိုရ်တောင်ကို သီဒါ ၇-တန်နှင့် တောင်စဉ် ၇-ထပ်တို့ ရံပတ်တည်ရှိကြလေသည်။

ကျွန်းကြီး ကျွန်းငယ်

ထိုတောင်များ၏ ပြင်ဘက်၌ သမုဒြာ ရေပြင်ကြီးသည် စကြဝဠာတံတိုင်းအထိ တည်ရှိလေ၏၊ ထိုရေပြင်၏ အလယ်၌ ကျွန်းကြီး ကျွန်းငယ် အသွယ်သွယ် ပေါ်ထွန်းလျက်ရှိရကား မြင့်မိုရ်တောင် အရှေ့ဘက်၌ ပေါ်ထွန်းသော ကျွန်းများကို အရွှေကျွန်း, ထို့အတူတောင်, အနောက်, မြောက်ဘက်၌ ပေါ်ထွက်သောကျွန်းများကို တောင်ကျွန်း အနောက်ကျွန်း မြောက်ကျွန်းဟု ခေါ်ဝေါ်ရလေသည်။

နတ်ပြည် ဗြဟ္မာ့ပြည်

မြင့်မိုရ်တောင်၏ တဝက် ယုဂန္ဓိုရ်တောင်ထိပ်၌ စတုမဟာရာဇ်နတ်ပြည် တည်ရှိ၏၊ ယခုမြင်ရသော လ နေ နက္ခတ်တို့သည် စတုမဟာရာဇ်နတ်ပြည်ဝယ် ပါဝင်သော ဘုံဗိမာန်များဟု ဗုဒ္ဓဘာသာ ကျမ်းစာများ၌ ဆို၏၊ မြင့်မိုရ်တောင်ထိပ်နှင့် ညီမျှသော အရပ်ဝယ် “တာဝတိံသာ” နတ်ပြည် တည်ရှိ၏။ သိကြားမင်းစံရာ သုဒဿနခေါ် နတ်မြို့တော်သည် မြင့်မိုရ်တောင်ထိပ်မှာ တည်ရှိသတဲ့၊ ယာမာ တုသိတာ နိမ္မာနရတိ ပရနိမ္မိတဝသဝတ္တီ နတ်ပြည် ၄-ထပ်ကား မြေကြီးနှင့် လုံးဝ မစပ်ဘဲ ကောင်းကင်မှာပင် အဆင့်ဆင့် မြင့်ကာ တည်ရှိလေသည်၊ ဗြဟ္မာဘုံများလည်း ထိုအတူပင်၊ [အကျယ်ကို သိလိုလျှင် သင်္ဂြိုဟ် ဘာသာဋီကာ ဝီထိမုတ်ပိုင်းမှ ကြည့်ပါ။]