ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာပျက်ပုံ
ကမ္ဘာပျက်ပုံ
ဖြစ်ဖြစ်သမျှ အရာဝတ္ထုအစုစုသည် တနေ့ကျလျှင် ဧကန် ပျက်ရမည့် အနိစ္စတရားသာ ဖြစ်၏။ ထို့ကြောင့် သတ္တဝါတို့ တည်နေရာ ဤကမ္ဘာလောက ကြီးလည်း ထိုအနိစ္စနယ်တွင် ပါဝင်ရကား ခိုင်မြဲတည်တံ့နိုင်မည် မဟုတ် တနေ့ကျလျှင် ဧကန်မုချ ပျက်ရချမည်၊ ကမ္ဘာလောက ပျက်ဘို့ အကြောင်းမှာ မီး ရေ, လေ အားဖြင့် ၃-မျိုးရှိ၏၊ မီးကြောင့် ပျက်စီးရမည့် ကမ္ဘာကြီး၌ ပျက်ချိန်တန်လျှင် ရှေးဦးစွာ နေ ၂-စင်း ပေါ်လာ၏၊ ရိုးရိုးနေက နေ့အခါ ထွက်၍ နေသစ်က ညဉ့်အခါ ဆက်လက်ထွက်လာသဖြင့် ညဉ့်အခါဟု မရှိတော့ပြီ၊ ထိုနေသစ်၏ ပူလောင်မှုကြောင့် မြစ်ငယ် ချောင်းငယ်များ၌ရှိသော ရေတွေ ခြောက်ခန်းရလေတော့သည်၊ ထို့နောက် ၃-စင်းမြောက် နေအသစ် ပေါ်လာပြန်သောအခါ မြစ်ကြီးများ၌ရှိသော ရေတွေ ခြောက်ခန်း၏။ ၄-စင်းမြောက်နေ ပေါ်လာပြန်လျှင် ဟိမဝန္တာအတွင်း၌ရှိသော အိုင်ကြီး ၇-အိုင်လည်း ခြောက်ခန်းရတော့သည်။
ထို့နောက် ၅ စင်းမြောက်နေ ပေါ်လာပြန်လျှင် သမုဒြာရေ ခြောက်ခန်း၏၊ ၆-စင်းမြောက် နေထွက်သောအချိန်မှာ ကမ္ဘာလောက၌ အစိုအစေး ဟူသမျှ လုံးဝ မရှိတော့၊ ၇-စင်းမြောက်နေ ပေါ်သောအခါ ဤကမ္ဘာလောကမျိုး တသိန်းမျှ မီးဟုန်းဟုန်း ထလျက် ကာလ အတော်ကြာလျှင် ကမ္ဘာမြေပြင်မှ ပဌမဈာန် ဗြဟ္မာဘုံတိုင်အောင် မီးတောက်မီးလျှံ စွဲရကား ဟိမဝန္တာတောင် မြင့်မိုရ်တောင် စကြဝဠာတောင်ကြီး များနှင့်တကွ ငွေ ရွှေ ရတနာ နီလာ မြသား အလွန်ကြီးမားသော ဗိမာန်များလည်း မတိမ်းသာ မရှောင်သာ လောင်စာချည်း ဖြစ်ကြရလေတော့၏၊ မီးလောင်စာ မရှိ၍ မီးတောက် မီးလျှံ ငြိမ်းလျက် ပြာအမှုန့်မျှ မကျန်တော့သည့် အခါကျမှ ကမ္ဘာပျက်ခြင်းကိစ္စ ပြီးတော့သည်။ [ရေဖျက် လေဖျက်ဘို့ အလှည့်ကြုံသည့် အခါ၌လည်း ဆားငံရေထိ၍ မြည့်မြည့်ကြေရပုံ, လေမုန်တိုင်းကျ၍ မွမွကြေရပုံများကို သိပါလေ။]
ပျက်နေရာ အချိန်အခါ
ဤသို့ ကမ္ဘာလောဓာတ်ကြီး၏ ပျက်စီးနေရာ အချိန်အခါသည် “နှစ်ပေါင်း မည်မျှကြာသည်”ဟု မခန့်မှန်းနိုင်လောက်အောင်ပင် ကြာ၏၊ ၁၀-နှစ်တမ်းမှ တဖြည်းဖြည်းတက်၍ အသက် အသင်္ချေတမ်းသို့ရောက် ထိုအသင်္ချေတမ်းမှ တဖြည်းဖြည်းဆုတ်၍ ၁၀-နှစ်တမ်းသို့ရောက် ဤ တက်ကပ် ဆုတ်ကပ်တစုံကို အန္တရကပ် (အကြား ကပ်)ဟု ခေါ်၏။ ကမ္ဘာလောကကြီး မီးလောင်၍ ပျက်စီးနေရာ အချိန်အခါသည် ထိုအန္တရကပ်ပေါင်း ၆၄-ကပ်မျှ ကြာသတဲ့၊ ထိုကဲ့သို့ ပျက်စီးပြီးနောက် (အိမ်တဆောင်ကို မီးလောင်ပြီးနောက် အိမ်အသစ် မဆောက်ခင်ပျက်မြဲအတိုင်း တည်နေသကဲ့သို့)ကမ္ဘာအသစ် မတည်ခင် ပျက်မြဲအတိုင်း တည်နေသောအချိန်လည်း အန္တရကပ် ၆၄-ကပ်မျှပင် ကြာသတဲ့။
သတ္တဝါတိုင်း ဗြဟ္မာ့ပြည်မှာ
ထိုသို့ ကမ္ဘာပျက်နေတုန်းအခါ ပျက်မြဲအတိုင်း တည်နေတုန်းအခါဝယ် သတ္တဝါတိုလည်း မီးမလောင်သော အထက်ဗြဟ္မာ့ဘုံသို့ ရောက်နေကြ၏၊ “ကမ္ဘာပျက်လိမ့်မည်”ဟု အနှစ်တသိန်း လောက်ကပင် နတ်များ ကြွေးကြော် ထားသောကြောင့် ကြားကြားသမျှ သတ္တဝါတွေ ရှေးကလို မမေ့မလျော့နိုင်ကြဘဲ ကုသိုလ်တထူးပွားများ၍ နေကြ လေရာ, ကမ္ဘာပျက်ခါနီးအခါဝယ် အားလုံးပင် ဗြဟ္မာပြည်သို့ ရောက်ဘို့ရန် ဈာန်ကို ရကြလေသည်၊ ထို့ကြောင့် နိယတ မိစ္ဆာဒိဋ္ဌိ အယူရှိသူတို့မှ တပါး သတ္တဝါဟူသမျှ တကမ္ဘာလျှင် တခါတော့ ဗြဟ္မာပြည်၌ ဖြစ်ကြ၏။ [နိယဘ မိစ္ဆာအယူရှိသူတို့ကား ငရဲသက် မစေ့သေးလျှင် မပျက်သောကမ္ဘာသို့ပြောင်း ရွှေ့၍ ငရဲခံရသတဲ့။]