ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း
ငရဲခဏ်း
ယခု လူ့ပြည်၌ ပြစ်မှုကျူးလွန်သူတို့၏ ကျရောက်ခံစားဘို့ရာ အကျဉ်း ထောင်များ တည်ရှိသကဲ့သို့ သတ္တဝါတို့၏ တည်နေရာ ဤကမ္ဘာမြေအတွင်း၌လည်း မကောင်းမှုဒုစရိုက် ကျူးလွန်သူတို့၏ ကျရောက် ခံနေဘို့ရာ ငရဲထောင်များ တည်ရှိ၏၊ ထိုငရဲထောင်ကား သတ္တဝါတို့ကံလျှင် အရင်းခံ၍ ဥတုကြောင့်ဖြစ်နေသော ကမ္မပစ္စယ ဥတုဇရုပ် တရားတည်း၊ ထိုငရဲသည် သတ္တဝါတို့ ကံအားလျော်စွာ အမျိုးမျိုး ရှိနေရုံမျှသာမက, လူ့ဘုံနှင့်နီးကပ်သော မြေတွင်းမှာပင် လောဟကုမ္ဘီ သံရည် ငရဲရှိကြောင်းကို ကျမ်းဂန်တို့၌ တွေ့ရ၏။
ဤကျမ်း၌ အများပြောရိုးဖြစ်သော ငရဲကြီးရှစ်ထပ်ကိုသာ အကျယ်ထုတ် ပြမည်၊ ထိုငရဲရှစ်ထပ်သည်ကား... ၁-သဉ္ဇိုင်းငရဲ, ၂-ကာဠသုတ်ငရဲ, ၃-သံဃာတငရဲ, ၄-ရောရုဝငရဲ, ၅-မဟာရောရုဝငရဲ, ၆-တာပနငရဲ, ၇-မဟာတာပန ငရဲ, ဂ-အဝီစိငရဲတည်း၊ ငရဲတထပ်တထပ်၌ ၁-ဘင်ပုတ်ငရဲ, ၂-ပြာပူငရဲ, ၃-လက်ပန်တေငရဲ, ၄-သန်လျက်ရွက်တောငရဲ, ၅-ဝေတ္တရဏီခေါ် “သံရည် မြစ်ငရဲ”ဟု ငရဲငယ် ၅-ထပ် တံတိုင်းခတ်သကဲ့သို့ ရံပတ်၍ နေသတဲ့၊ ထိုငရဲငယ် ၅-ထပ်ကို ဥဿဒငရဲဟု ခေါ်သည်။
ယမမင်း
စာတုမဟာရာဇ်နတ်တို့တွင် အပါအဝင်ဖြစ်သော ဝေမာနိက ပြိတ္တာ မင်းကိုပင် “ယမမင်း”ဟုခေါ်၏၊ တခါတရံ နတ်စည်းစိမ်ကို ခံစား၍ တခါတရံမှာမူ မကောင်းမှုကံအကျိုးကို (ရိုးရိုး ပြိတ္တာများကဲ့သို့ ခံစား ရရှာသေး၏၊ ထိုယမမင်းကား တယောက်သာမက အများပင် ရှိလေသည်။ လူ့ဘုံ၌ အစိုးရများရုံးထိုင်သလို ယမမင်းများလည်း ငရဲဘုံ၏ တံခါးလေးဘက်၌ ရုံးစိုက်ကြပြီးလျှင် ငရဲ ရောက်လာသူများကို စစ်ဆေး မေးမြန်းကြသည်။
သို့သော် ငရဲသို့ ရောက်လာသူတိုင်း အစစ်အဆေးခံရသည် မဟုတ် အကုသိုလ်ကြီး၍ ပြစ်မှုထင်ရှားသူတို့မှာ တခါတည်း ငရဲသို့ ကျရလေသည်၊ ကုသိုလ် နည်းပါးသူများအတွက် လွတ်လိုလွတ်ငြား အနေအားဖြင့် ယမမင်းထံ အစစ်အဆေးခံခွင့် ရလေသည်၊ ထို့ကြောင့် ယမမင်း၏ စစ်ဆေးမှုမှာ အပြစ် ရှာလို၍မဟုတ်, လွတ်သင့်က လွတ်ခွင့်ရစေလိုသောကြောင့် ဖြစ်သည်။ ယခုအခါ အယူခံရုံးမင်းများနှင့် အလားတူပင်တည်း၊ သို့အတွက် “ယမမင်း ဟူသည်မှာ တရားစောင့်သော မင်းကောင်းမင်းမြတ်ပင်တည်း”ဟု မှတ်ပါ။ [ဥပရိပဏ္ဏာသ ဒေဝဒူတသုတ်။]
ငရဲထိန်း
ဤငရဲထိန်းများလည်း စာတုမဟာရာဇ်နတ်မျိုး အပါအဝင် နတ်ဘီလူး နတ်ရက္ခိုသ် များတည်း၊ ထိုငရဲထိန်းများ၏ အလုပ်ကား အနည်းငယ်သော အကုသိုလ်ဖြင့် ကျရောက်လာသူများကို ယမမင်းထံ ပိုခြင်း, ငရဲသို့ ရောက်ပြီးသူများကို လက်မရွံ့ အာဏာသားတို့ကဲ့သို့ ရက်စက်ကြမ်းကြုတ်စွာ သတ်ပုတ် ရိုက်နှက်ခြင်းပင်တည်း။ [“ငရဲမီး”စသော အန္တရာယ်တို့လည်း ကံကြောင့် ဖြစ်ရသော ကမ္မပစ္စယ ဥတုဇရုပ်များဖြစ်ရကား ငရဲခံရမည့် သူ၌သာ ပူလောင်၍ ထိုငရဲထိန်းတို့မှာ မပူလောင်ချေ။]
ယမမင်းစစ်တမ်း
အများ ကြားဖူးနားဝ ရှိအောင် ဒေဝဒူတ သုတ္တန်ပါဠိတော်လာ ယမမင်း၏စစ်တမ်းကို အကျဉ်းချုပ် ပြဦးအံ့- လူ့ပြည်မှာရှိသော ကလေး သူအို, သူနာ, သူသေ, အကျဉ်းသမား ၅-ဦးသားကို ယမမင်း စေလွှတ်အပ်သော တမန်တော်မဟုတ်သော်လည်း အလားတူဖြစ်သောကြောင့် “ဒေဝဒူတ”ခေါ်သည်။ [ဒေဝ=ယမမင်း၏ + ဒူတ= တမန်တော်၊ ဒေဝဒူတပုဒ်ကို အမျိုးမျိုး ဖွင့်ကြသေး၏။] ယမမင်းသည် မိမိ ထံမှောက်သို့ ရောက်လာသော ငရဲသားများအား ဒေဝဒူတ ၅-မျိုးကို ဖေါ်ပြလျက် စစ်ဆေးလေ့ ရှိသည်။
ယမမင်း
မောင်မင်း ... လူ့ပြည်မှာတုန်းက မိမိ၏ ကျင်ကြီးကျင်ငယ်ကိုပင် မသုတ်သင်နိုင်ဘဲ ကျင်ကြီးကျင်ငယ်ထဲ၌ လူးလှိမ့်ကာ နေရရှာသော ကလေးများကို မတွေ့ခဲ့ဘူးလား
ငရဲသား
တွေ့ခဲ့ပါသည်။
ယမမင်း
မိမိကိုယ်တိုင်လည်း အရွယ်သို့ ရောက်သောအခါ ထိုကလေးများကို ကြည့်ရှု၍ “ငါသည် ဘာမျှ နားမလည်ရှာသော ယခုလို ကလေးသူငယ်ဖြစ်ဘို့ရာ နောင်ခါ ပဋိသန္ဓေ နေရဦးမည်, ပဋိသန္ဓေ နေခြင်း သဘောကို မလွန်နိုင်ပါတကား, ယခုနှယ်က ကိုယ် နှုတ် စိတ်ကို စောင့်စည်းလျက် ကောင်းကောင်း နေမှသာ တော်တော့မည်”ဟု အကြံ အစည်များ မဖြစ်ခဲ့ဘူးလား မောင်မင်း၊ (အလွန်ကြင်နာစွာ မေးမည်။)
ငရဲသား
ကျွန်တော် မေ့လျော့နေသည့်အတွက် ကုသိုလ်ကောင်းမှုဘက်၌ စိတ်စက် မဝင်စားမိခဲ့ပါ။
ယမမင်း
မောင်မင်း.. မကောင်းမှုကို ဆွေမျိုးဉာတကာ ဆရာ မိဘစသူတို့က ပြုပေးသည် မဟုတ်, မောင်မင်း ကိုယ်တိုင်ပြုခဲ့သည်ဖြစ်၍ မိမိ၏အပြစ် ဒဏ်ကို မေ့လျော့သူတို့ ထုံးစံအတိုင်းမောင်မင်း ခံရချတော့မည်။
ဤနည်းအတိုင်း သူအိုကို ညွှန်ပြ၍ ဒုတိယအကြိမ် မေး၏။ သူနာကို ညွှန်ပြ၍ တတိယအကြိမ် မေး၏။ သူသေကို ညွှန်ပြ၍ စတုတ္ထအကြိမ်မေး၏၊ အကျဉ်း သမားကို ညွှန်ပြ၍ ပဉ္စမအကြိမ် မေး၏၊ ၅-ကြိမ် တိုင်အောင် မေး၍ ကုသိုလ်ကောင်းမှုကို သတိမရသေးလျှင် ယမမင်းကိုယ်တိုင် “လူ့ဘဝဝယ် ထိုသူ ကုသိုလ်ပြုတဲ့ အခါတုန်းက မိမိအား အမျှဝေဘူးသလား”ဟု စဉ်းစား၏။ (ဤအချက်ကို ထောက်၍ ကုသိုလ်ပြုသောအခါ ယမမင်းအား အမျှ ပေးဝေကြသည်။) စဉ်းစား၍ရလျှင် ထိုကုသိုလ်ကို ဖော်ပြော၏၊ ယမမင်းက ပြောခြင်းကြောင့် ဖြစ်စေ မိမိဘာသာ သတိရ၍ ဖြစ်စေ၊ ကုသိုလ်ကို သတိရ သည်နှင့် တပြိုင်နက် ငရဲမှ လွတ်မြောက်၍ နတ်ပြည် ရောက်သူလည်း အများအပြားပင် ရှိ၏၊ ထိုနေရာမျိုးကျမှ မိမိ၏ ကုသိုလ်များ အားထားရကြောင်း ထင်ရှား ပေသည်၊ ယမမင်းကိုယ်တိုင် စဉ်းစား၍မရသောအခါ ဆိတ်ဆိတ်နေရတော့၏။ ထိုအခါ ငရဲကောင်သတ္တဝါကို ငရဲထိန်းတို့ ယူဆောင်လျက်အမျိုးမျိုး နှိပ်စက် ကြလေတော့သည်။
သဉ္ဇိုဝ်းငရဲ
“သဉ္ဇီဝ” ဟူသော ပါဠိကို မြန်မာလို “သဉ္ဇိုဝ်း”ဟု ပြန်ထား ရသည်၊ “သံ=အဖန်ဖန်+ဇီဝ-အသက်ရှင်ရာငရဲ”ဟု ဆိုလိုသည်။ ထိုငရဲသို့ ကျရောက်လာသော သတ္တဝါကို ငရဲထိန်းတို့က အပိုင်းပိုင်းပြတ်အောင် ခုတ်ဖြတ်ကြ၏။ ထိုကဲ့သို့ ခုတ်ဖြတ်သည့်အတွက် တခါတည်း သေစရာပင်။ သို့သော် အကုသိုလ်ကံ မကုန်သေးသမျှ တခါတည်း သေကျေပျောက်ပျက်၍ မသွားဘဲ ထပ်ကာထပ်ကာ အသက်ရှင်လျက် ငရဲထိန်းတို့၏ ခုတ်ဖြတ်မှု သတ်ပုဒ်မှုကိုသာ ပြင်းစွာခံကြရရှာလေတော့သည်။ အကုသိုလ်ကံ၏ ကြောက်ဘွယ် ကောင်းပုံသည် ငရဲ၌ သာ၍ ထင်ရှားပေသည်။
ဇလိတာဝုဓဟတ္ထေ ခဏ္ဍိတာပိ နေရယိကာ၊
ဇီဝန္တာ ယမှိ ပုနောပိ, သဉ္ဇီဝေါတိ ပဝုစ္စတေ။
ယမှီ နိရယေ၊ ကံကြမ္မာရင်း, ဖန်လာညှဉ်းက, မကွင်းနိုင်အောင်, အတင်း ဆောင်လျက်, သွင်းလှောင် ပိတ်ဆီး အကြင်သို့သော ငရဲကြီး၌။ နေရယိကာ၊ အမြဲ အစွဲ အနဲနဲဖြင့် တသဲသဲဆူ ငရဲသူတို့သည်။ ဇလိတာဝုဓဟတ္တေဟိ၊ ပြောင်တလက်လက် အရောင်ထွက်သည့် လက်နက်ကိုင်စွဲ ငရဲထိန်း ကြီးတို့က။ ခဏ္ဍိတာပိ၊ သေလောက် ကြေလောက် အနေရောက်အောင် တောက်တောက်ဖြတ်စင်း, သတ်ညှဉ်းအပ်ကုန်သော်လည်း။ ပုနောပိ ဇီဝန္တာ၊ အကုသိုလ်ကံ မကုန်ပြန်လျှင်, တဖန်ဆက်တည် အသက်ရှည်ကြရလေကုန်၏။ သော နိရယော၊ ဘို့ကလိုကံ မကုန်ပြန်လျှင် တဖန်ဆက်တည် အသက်ရှည်ရိုး ငရဲအိုးကို။ သိဉ္ဇီဝေါတိ၊ သဉ္ဇိုဝ်းငရဲဟူ၍။ ပဝုစ္စတေ၊ ဗျူပ္ပတ်အလိုက် ရုပ်ဓာတ် ကိုက်အောင် သမိုက်အပ်လေတော့သတည်း။
ကာဠသုတ်ငရဲ
သစ်တုံးကို ရွေသော လက်သမားတို့ အသုံးပြုသော မျဉ်းကြိုးကို ပါဠိလို “ကာဠသုတ္တ” မြန်မာလို “ကာဠသုတ်”ဟု ခေါ်သည်။ ထိုငရဲသို့ ကျရောက်လာသော သတ္တဝါများကို ငရဲထိန်းတို့က (သားကောင်ကို ခွေးတွေက လိုက်သလို) အတင်းလိုက်ကြ၏။ ထိုသို့ အတင်းလိုက်၍ မောဟိုက် လဲသွားသည့်အခါ (သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့) ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တမျိုး, မှောက်လျက် တမျိုး, ဝဲယာတမျိုး, ရှေ့နောက်တမျိုးအားဖြင့် အမျိုးမျိုး ခုတ်ရွေကြလေတော့သည်။ သို့သော် အကုသိုလ်ကံ မကုန်သေးသမျှ လွတ်ခွင့်မရ သေလည်း မသေနိုင်ကြချေ။
ကာဠသုတ္တေန တစ္ဆန္တိ, ယမှိ နိရယ ပါလကာ၊
အနုဗန္ဓာ ပ ပတန္တေ, ကာဠသုတ္တော ပဝုစ္စတေ။
ယမှီ နိရယေ၊ ကံကြမ္မာရင်း ဖန်လာညှဉ်းက မကွင်းနိုင်အောင် အတင်း ဆောင်လျက် သွင်းလှောင်ပိတ်ဆီး အကြင်သို့သော ငရဲကြီး၌။ နိရယပါလကာ၊ ပြောင် တလက်လက် အရောင်ထွက်သည့်, လက်နက်ကိုင်စွဲ, ငရဲထိန်းကြီးတို့က။ အနုဗန္ဓာ၊ သားကောင်တသိုက်, ခွေးတွေလိုက်သို့ ရိုက်နှက် သတ်ညှဉ်း အကင်း လိုက်အပ်ကုန်သည်ဖြစ်၍။ ပပတန္တေ၊ ဟော တဟိုက်ဟိုက်, အမောဆိုက်လျက်, မူးမိုက် လဲငြားငရဲသားတို့ကို။ ကာဠသုတ္တေန၊ သစ်ရွေသမား, လက်ကိုင်ထားလျက် သစ်များတိုင်းရိုး တမျဉ်းကြိုးဖြင့်။ တစ္ဆန္တိ၊ တိုင်းကာ ထက်အောက် ပက်လက်မှောက်၍ ရှေ့နောက်ရှုပ်ပွေ, ခုတ်ရွေကြလေကုန်၏။ သော နိရယော၊ သို့ကလို ကံ, မကုန်ပြန်လျှင် ဖန်ဖန် ရှုပ်ပွေ, ခုတ်ရွေကြရိုး, ငရဲအိုးကို။ ကာဠသုတ္တောတိ၊ ကာဠသုတ် ငရဲဟူ၍။ ပဝုစ္စတေ၊ ဗျူပ္ပတ်အလိုက် ရုပ်ဓာတ် ကိုက်အောင် သမိုက်အပ်လေတော့သတည်း။
သံဃာတ ငရဲ
အပြင်းအထန် ကြိတ်ချေ သတ်ဖြတ်ရာ ဖြစ်သော ငရဲကို “သံဃာတငရဲ”ဟု ခေါ်သည်၊ ထိုငရဲ၏ အောက်မြေအပြင်မှာ မီးအလျှံတွေထလျက် အထု ၉-ယူဇနာရှိသော သံမြေပြင်ကြီးတည်း၊ ထိုငရဲသို့ ကျရောက်လာသူများကို ထိုသံမြေအပြင်၌ (ထန်းပင်ငုတ်ကလေးတွေ စိုက်ထားသလို) ခါးထိအောင် စိုက်ထားကြ၏၊ ထိုအခါ အရှေ့အရပ်မှ လာသော သံတောင်ကြီးက စားမည် ဝါးမည်ဟု ဆိုနေသလို ကဒိန်းဒိန်း တဂျိန်းဂျိန်း မြည်ဟီးလျက် ကြိတ်ကာ ကြိတ်ကာ အနောက်အရပ်သို့ သွားပြီးနောက် တောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာ ကြိုက် မြောက်သို့သွားပြီးလျှင် အနောက်အရပ်ရောက်ပြီးသော သံတောင်ကြီးကလည်း အရှေ့သို့ ကြိတ်ကာ ကြိတ်ကာ ပြန်၍ လာလေသည် ဤနည်းအတိုင်း အရပ် လေးမျက်နှာမှ သံတောင်တွေ (သန်းအု တုတ်သလို ဖိနှိပ် ကြိတ်ချေကြ သော်လည်း အကုသိုလ်ကံ မကုန်သမျှ ငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာ ဆက်ကာ အကြိတ်ခံရရှာလေသည်။
အယောမယ ပထဗျံ ယမှိ, ကဋိမတ္တံ ပဝေသိတေ၊
အယောသေလာ သံဃာတေန္တိ, သံဃာတောတိ ပဝုစ္စတေ။
ယမှိနိရယေ၊ ကံကြမ္မာရင်း, ဖန်လာ ညှဉ်းက မကွင်းနိုင်အောင် အတင်း ဆောင်လျက်, သွင်းလှောင် ပိတ်ဆီး, အပြင်သို့သော ငရဲကြီး၌။ အယောမယ ပထဗျံ၊ ၉-ယူဇနာ, အလျှံဖြာသည့်, သံမာအတိပြီး မြေပြင်ကြီးဝယ်။ ကဋိမတ္တံ၊ ဖဝါးလျှောက်တက်, ခါးလောက် နက်အောင်။ ပဝသိတေ၊ ယိမ်းယိုင် ဆုတ်ခံ မလှုပ်ရန်တို့, မြှုပ်နှံသွင်းထား ငရဲသားတို့ကို။ အယေသေလာ၊ ဂျိုးတဂျိမ်းဂျိမ်း တဟိုးဟိန်းနှင့် ဒိန်းဒိန်း ညံအောင် အလျှံပြောင်ညီ, သံတောင်ကြီးတို့သည်။ သံဃာတေန္တီ၊ ရှေ့နောက် နှစ်ဖက် လှဲ့စီထွက်၍ ဆက်ဆက်နှိပ်မွှေ, ကြိတ်ချေ ကြလေကုန်၏။ သောနိရယော၊ ဘို့ကလိုကံ မကုန်ပြန်လျင်, ဖန်ဖန် နှိပ်မွှေ, ကြိတ်ချေကြရိုး ထိုငရဲအိုးကို။ သံဃာတောတိ၊ သံဃာတငရဲဟူ၍။ ပဝုစ္စတေ၊ ဗျုပ္ပတ် အလိုက် ရုပ်ဓာတ်ကိုက်အောင် သမိုက်အပ်လေတော့သတည်း။
ရောရုဝ ငရဲ
“ရောရုဝ”ဟူသော ပါဠိသည်“ပြင်းစွာ ငိုကြွေးခြင်း”ဟူသော အနက်ကို ပြ၏၊ ထိုငရဲ၌ မီးတောက်တို့သည် တဟုန်းဟုန်း ထလျက် ရှိ၏၊ ငရဲသို့ ကျရောက်လာသူတို့ ထိုမီးတောက် မီးလျှံများက ဒွါရ ၉-ပေါက်မှ အတင်း ဝင်ရောက် လောင်ကျွမ်းသဖြင့် အလွန် အားငယ်စွာ တစာစာ အော်ကြရရှာလေတော့သည်၊ ဤသို့ မီးတောက် မီးလျှံ အလောင် ခံနေရသောကြောင့် “ဇာလရောရုဝငရဲ”ဟုလည်း ခေါ်သည်။
ဇာလာဟိ ပဝိသိတွာ, ဍယုမာနာ ဒယာဝဟံ၊
မဟာရဝံ ရဝန္တေတ္ထေ, ဝုစ္စတေ ဇာလရောရုဝေ။
ဧတ္ထနိရယေ၊ ကံကြမ္မာရင်း ဖန်လာညှဉ်းက မကွင်းနိုင်အောင် အတင်း ဆောင်လျက် သွင်းလှောင်ပိတ်ဆီး ဤမည်သော ငရဲကြီး၌။ ဇာလာဟိ၊ တငရဲလုံး ပြုတ်ပြုတ်ပြုန်းမျှ တဟုန်းဟုန်းထန်, မီးတောက် မီးလျှံတို့သည်။ ပဝိသိတွာန၊ ဒွါရ ၉-သွယ် အပေါက်ငယ်မှ ဘယ်ဝယ်မကြွင်း, ချဉ်းနင်း ဝင်ရောက်ကြကုန်လျက်။ ဍယှမာနာ၊ အတင်းအကြပ် လောင်ကျွမ်းအပ်သည့် များလတ်ဘိတောင်း, ငရဲသား အပေါင်းတို့သည်။ ဒယာ ဝဟံ၊ အားငယ် ပါးငယ် အများကယ်အောင် သနားဘွယ်ကို ဆောင်သော။ မဟာရဝံ၊ ကယ်ပါ ယူပါ တစာစာနှင့် ကြမ္မာထန်သီး, အသံကြီးကို။ ရဝန္တိ၊ သံကုန်လှစ်၍, ဟစ်အော်ကြရှာလေကုန်၏။ သော နိရယော၊ သို့ကလို ကံ မကုန်ပြန်လျှင် ဖန်ဖန် အော်ရိုး, ထိုငရဲအိုးကို။ ဇာလရောရုဝေါ၊ ဇာလရောရုဝ ငရဲဟူ၍။ ပဝုစ္စတေ၊ ဗျုပ္ပတ်အလိုက် ရုပ်ဓာတ်ကိုက်အောင် သမိုက်အပ်လေတော့သတည်း။
မဟာရောရုဝ
ဤငရဲကား မီးတောက် မီးလျှံ မဟုတ်ဘဲ မီးခိုးတွေ တငရဲလုံး လွှမ်းဖုံးနေ၏၊ ငရဲသို့ ကျရောက်သူတို့ကို မီးခိုးက အတွင်း အပြင် အတင်းဝင်၍ နှူးနှပ်ကြလေတော့၏၊ ငရဲသူ ငရဲသားတို့မှာ ဘာမျှ မတတ်နိုင်ကြန်တော့ဘဲ သနားစဘွယ် အားငယ်စွာ အော်နေကြရရှာလေတော့သည်၊ ဤငရဲကို “ဓူမရောရုဝငရဲ”ဟုလည်း ခေါ်၏။
ဓုမေဟိ ပဝိသိတွာန သေဒမာနာ ဒယာဝဟံ၊
မဟာရဝံ ရဝဗန္တတ္ထ, ဝုစ္စတေ ဓူမရောရုဝေါ။
ဧတ္ထနိရယေ၊ ကံကြမ္မာရင်း, ဖန်လာညှင်းက မကွင်းနိုင်အောင် အတင်း ဆောင်လျက် သွင်းလှောင်ပိတ်ဆီး ဤမည်သော ငရဲကြီး၌။ ဓူမေဟိ၊ တငရဲ လုံး လွှမ်းအုပ်ဖုံးလျက် တရုံးရုံးတိုး မီးအခိုးတို့သည်။ ပဝိသိတွာန၊ ဒွါရ ၉-သွယ် အပေါက်ငယ်မှ ဘယ်ဝယ်မကြွင်း ချဉ်းနင်းဝင်ရောက် ကြကုန်လျက်။ သေဒမာနာ၊ အတင်းအကြပ် နှူးနှပ်အပ်သည့် များလတ်ဘိတောင်း ငရဲသားအပေါင်းတို့သည်။ ဒယာဝဟံ၊ အားငယ် ပါးငယ် အများကယ်အောင် သနားဘွယ်ကို ဆောင်သော။ မဟာရဝံ၊ ကယ်ပါ ယူပါ တစာစာနှင့် ကြမ္မာ ထန်သီး, အသံကြီးကို။ ရဝန္တိ၊ သံကုန်လှစ်၍, ဟစ်အော်ကြရှာ လေကုန်၏။ သောနိရယော၊ သို့ကလိုကံ မကုန်ပြန်လျှင်, ဖန်ဖန်အော်ရိုး ထိုငရဲအိုးကို။ ဓူမရောရုဝေါ၊ ဓူမရောရုဝငရဲဟူ၍။ ပဝုစ္စတေ၊ ဗျုပ္ပတ်အလိုက် ရုပ်ဓာတ် ကိုက်အောင်, သမိုက်အပ်လေတော့သတည်း။
တာပနငရဲ
“တာပန”ဟူသော ပါဠိသည် “ပူလောင်စေတတ်” ဟူသော အနက်ကိုပြ၏၊ ထိုငရဲသို့ ကျရောက်လာသော သတ္တဝါများကို ထန်းလုံးလောက် ကြီးမား၍ မီးလျှံထသော သံတံကျင်၌ မလှုပ်နိုင်အောင် စိုက်ထားပြီးလျှင် ထိုထန်းလုံးလောက်ရှိသော တံကျင်မှထွက်သော မီးအလျှံတို့က အမြဲပူလောင်စေသည်။
ဇလိတေ အယသူလမှိ, နိစ္စလံ နိသီဒါပိတေ၊
တာပေဟိ ပါပကေ ပါဏေ, တာပနောတိ ပဝုစ္စတေ။
ယောနိရယော၊ ကံကြမ္မာရင်း ဖန်လာညှင်းက မကွင်းနိုင်အောင် အတင်း ဆောင်လျက် သွင်းလှောင်ပိတ်ဆီး, အကြင်သို့သော ငရဲကြီးသည်။ ဇလိတေ၊ ရဲရဲငြိလောင် ပြောင်တလက်လက် အရောင်ထွက်၍နေသော။ အယ သူလမှိ၊ ထန်းလုံးပင်စည် ပမာထင်သည့် သံလျှင်အတိပြီး တံကျင်ကြီး၌။ နိစ္စလံ နိသီဒါပိတေ၊ မယိမ်းမယိုင် ထိုင်စေအပ်ကုန်လျက်။ ပါပကေ ပါဏေ၊ အယုတ် တမာ, သတ္တဝါအများ ငရဲသားတို့ကို။ တာပေတိ၊ ကိုယ်လုံးရဲရဲ, မီးလျှံစွဲ၍ အမြဲပုံသေ ပူလောင်စေ၏။ သော နိရယော၊ သို့ကလိုကံ မကုန်ပြန်လျှင် ဖန်ဖန်လောင်ရိုး ထိုငရဲအိုးကို။ တာပနာတိ၊ တာပနငရဲဟူ၍။ ပဝုစ္စတေ၊ ဗျုပ္ပတ် အလိုက် ရုပ်ဓာတ်ကိုက်အောင် သမိုက်အပ်လေတော့သတည်း။
မဟာတာပနငရဲ
တာပနငရဲထက်ပင် သာလွန်၍ ပူလောင်စေသော ငရဲကို “မဟာတာပန”ဟု၎င်း “ပတာပန”ဟု၎င်း ခေါ်၏၊ ထိုငရဲ၌ မီးလျှံထနေသော သံတောင်ကြီးရှိ၏၊ ထိုသံတောင်၏ အောက်ခြေ၌ သံတံကျင်တွေ စိုက်ထူထား၏၊ ထိုငရဲသို့ ကျရောက်လာသော သတ္တဝါများကို ငရဲထိန်းတို့က သံတောင်ပေါ်သို့ မတက်-တက်အောင်ရိုက်နှက်၍ တင်ကြကုန်၏၊ “သံတောင်ပေါ်သို့ ရောက်လာသောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်း ပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင်ခြေ၌ရှိသော တံကျင်ပေါ်သို့ ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကားကနဲ စူးဝင်ကြရရှာလေတော့သည်။
အယောသေလံ အာရောပေတွာ, ဟေဋ္ဌာသူလံ ပတာပိယ၊
ပါပကေ ယော ပတာပေတိ, ပတာပနာတိ ဝုစ္စတေ။
ယော နိရယော၊ ကံကြမ္မာရင်း ဖန်လာ ညှဉ်းက, မကင်းနိုင်အောင် အတင်းဆောင်လျက် သွင်းလှောင် ပိတ်ဆီး အကြင်သို့သော ငရဲကြီးသည်။ အယောသေလံ၊ ရဲရဲ ငြိလောင် အလျှံပြောင်လက်, သံတောင်ထက်သို့။ အာရောပေတွာ၊ ရိုက်နှက်သောအား, တင်ထားပြီး၍။ ဟေဋ္ဌာသူလံ၊ တောင်ခြေ စိုက်ထား တံကျင်ဖျားသို့။ ပတာပိယ၊ ကံကြမ္မာမွှေ, မုန်တိုင်း လေကြောင့် အနေ မမှန် ဂျွမ်းပြန် ခေါက်ချိုး, ဇောက်ထိုး ကျစေလျက်။ ပါပကေ၊ အယုတ်တမာ သတ္တဝါအများ ငရဲသားတို့ကို။ ပတာပေတိ၊ တာပနထက် နှစ်ဆ တက်အောင် နှိပ်စက် ဆန်းပွေ, လောင်ကျွမ်းစေ၏။ သော နိရယော၊ သို့ကလိုကံ မကုန်ပြန်လျှင် ဖန်ဖန် လောင်ရိုး ထိုငရဲအိုးကို။ ပတာပနောတိ၊ ပတာပန ငရဲဟူ၍။ ဝုစ္စတေ၊ ဗျုပ္ပတ်အလိုက် ရုပ်ဓာတ်ကိုက်အောင် သမိုက် အပ်လေတော့သတည်း။
အဝီစိငရဲ
[အ=မရှိ+ဝီစိ = အကြား၊] ထိုအဝီစိငရဲ၌ မီးတောက် မီးလျှံများ လည်းအကြားမရှိ တငရဲလုံး၌ မီးလျှံချင်း ဆက်၍နေ၏။ ငရဲ သတ္တဝါချင်းလည်း အခြားမရှိ ဝါးကျည်တောက်အတွင်း၌ မုန်ညင်းစေ့ ကလေးတွေ ပြည့်ကြပ်ညပ်နေသကဲ့သို့ သတ္တဝါတွေ ပြည့်ကြပ် ညပ်နေတော့၏။ ဆင်းရဲဒုက္ခလည်း အကြားမရှိ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်၊ ဤသို့ မီးလျှံ သတ္တဝါ ဆင်းရဲဒုက္ခ ဤ ၃-မျိုးတို့ အကြားမရှိအောင် ဆက်စပ် နေသောကြောင့် “အဝီစိ ငရဲ”ဟုခေါ်၏။
ဇာလာနံ သတ္တာနံ ယတ္ထ, နတ္ထိ ဒုက္ခဿ အန္တရံ၊
ဗာလာနံ နိဝါသော သောဟိ အဝီစိတိ ပဝုစ္စတေ။
ယတ္ထ နိရယေ၊ ကံကြမ္မာရင်း ဖန်လာညှဉ်းက မကွင်းနိုင်အောင် အတင်း ဆောင်လျက်, သွင်းလှောင် ပိတ်ဆီး အကြင်သို့သော ငရဲကြီး၌။ ဇလာနံ၊ ဝဲယာ ရှေ့နောက် အထက်အောက်မှ ထွင်းဖောက်ထွက်သွား, မီးလျှံ အများတို့၏၎င်း။ သတ္တာနံ၊ ကျည်တောက်အတွင်း နှမ်းမုန်ညင်းသို့ ပြည့်တင်း ကြပ်လှောင်း သတ္တဝါအပေါင်းတို့၏၎င်း။ ဒုက္ခဿ၊ ကိုယ်ရော စိတ်မှာ မသက်သာအောင် ဆက်ကာ နှိပ်နင်း ဆင်းရဲခြင်း၏၎င်း။ အန္တရံ နတ္ထိ၊ တမိနစ်မျှ, မလစ်ရ၍ ခေတ္တ နားရန် အကြား မကျန်တော့ချေ။ ဗာလာနံ၊ ကမ္ဘာ့ တိုက်ဖွား ငမိုက်သားတို့၏။ နိုဝါသော၊ အမြဲ မပြတ် နေထိုင်ရာ အရပ်ဖြစ်သော။ သောဟိ နိရယော၊ အကုသိုလ်ကံ, အရင်းခံလျက် သယံ ဇာတ ထာဝရဖြင့် ကာလ ကြာပြီး ထိုငရဲကြီးကို။ အဝီစိတိ၊ အဝီစိငရဲ ဟူ၍။ ပဝုစ္စတေ၊ ဗျုပ္ပတ်အလိုက် ရုပ်ဓာတ် ကိုက်အောင် သမိုက်အပ်လေ တော့သတည်း။
ငရဲဒုက္ခ အကုန်မပြနိုင်
ဤငရဲကြီး ရှစ်ထပ်မှ နောက်၌ ဘင်ပုပ်ငရဲစသော ဥသာဒ ငရဲများဝယ် ဆင်းရဲပုံတွေများစွာ ရှိသေး၏၊ ထို့ပြင် ဒု-သ-န-သောဟု ဟစ်အော်ကြသော သေဌေးသား ၄-ယောက်တို့၏ ကျက်ရာ “လောဟကုမ္ဘီ” သံရည်အိုးငရဲကား ရာဇဂြိုဟ်ပြည်၏ အနီး အောက်မှာပင်ရှိ၏၊ ရာဇဂြိုဟ်ပြည် အနီးက တပေါဒ မြစ်ခေါ်သော ရေပူမြစ်သည် လောဟကုမ္ဘီငရဲ ၂-ခုစပ်ကြားမှ စီးတက်လာသော မြစ်ပင်တည်း၊ ထို့ကြောင့် ငရဲငယ်တွေ လူ့ပြည်အနီးအပါးမှာပင် များစွာရှိလေသည်။ ငရဲ၌ ခံရသော ဒုက္ခ အမျိုးမျိုးကား “ယာဝဉ္စိဒံ ဘိက္ခဝေ န သုကရာ အက္ခာနေန ပါပုဏိတုံ ယာဝဒုက္ခာ နိရယာ”နှင့် အညီ နှစ် လ ရှည်စွာ ဘုရားရှင်ဟောပြတော် မူအပ်သော်လည်း ကုန်နိုင်ဘွယ် မရှိဘူးတဲ့၊ ဘိက္ခဝေ-ဘိက္ခုတို့၊ ယာဝဉ္စိဒံ-ငရဲ၌ ဆင်းရဲသလောက်၊ အက္ခာနေန-ဟောပြတော် မူသဖြင့်၊ ပါပုဏိတုံ-အပြီး ရောက်ခြင်းငှါ၊ န သကရာ-မလွယ်ကုန်၊ နိရယာ- ငရဲတို့သည်၊ ယာဝ-အလွန်အကဲသာလျှင်၊ ဒုက္ခာ-ဆင်းရဲစေတတ် ဆင်းရဲ အရပ်တို့ပေတည်း။]
တိုက်တွန်းချက်
ဤ ငရဲဒုက္ခကို ဖန်ဖန် စဉ်းစားမိသူသည် မိမိပြုမိသော အကုသိုလ်အတွက် နောင်တ ဖန် မပူပန်တော့ဘဲ အသစ် အကုသိုလ် မဖြစ်အောင်သာ သတိထား၍ ကုသိုလ်တရားကို ပွားများ အားထုတ်သင့်ပြီ၊ ရှေးတုန်းက ဤဒေဝဒူတသုတ္တန်ကို ဆရာ့ထံ သင်ယူသော ရဟန်းတော်ကလေး တပါးသည် “အရှင်ဘုရား တပည့်တော်ကို စာမချသေးဘဲ ကမ္မဋ္ဌာန်းသာပေးတော်မူပါဘုရား”ဟု ဆရာ့ထံ ကမ္မဋ္ဌာန်းတောင်း၍ တရားကို အားထုတ်လေရာ မကြာမီ သောတာပန် ဖြစ်ပြီးနောက် ကျမ်းစာကို ထပ်၍ ယင်ယူသတဲ့၊ ဤ ဒေဝဒူတ သုတ္တန်၏ အဆုံး၌ တရားကို အားထုတ်၍ ရဟန္တာဖြစ်သော ပုဂ္ဂိုလ်မြတ်တို့မှာ မရေမတွက်နိုင်အောင် ရှိခဲ့ဘူးပြီ။ ဘုရားရှင် အဆူဆူလှယ်း ဤ ဒေဝဒူတသုတ္တန်ကို ဟောတော်မူမြဲပင် ဖြစ်ပါသတဲ့၊ [တိရစ္ဆာန် ပြိတ္တာ အသုရကာယ်တို့၏ အကြောင်းကို အကျဉ်းချုပ် ရတနာ့ဂုဏ်ရည်၌ ပြခဲ့ပြီးဖြစ်၍ ရှုကြပါလေတော့။]