ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ
စဉ်းစားဘွယ်ရာ အဖြာဖြာ
ဤတရားတော်အရ စဉ်းစားပါလျှင် နတ်ပြည်အာရုံသည် တရားမေ့အောင် မှိုင်းတိုက်နိုင်ကြောင်းကို နားလည်နိုင်ပေပြီ၊ မှန်၏-သကြားမင်းသည် ပင်ကိုယ်အားဖြင့် သတိကောင်း ဉာဏ်ထက်၍ အလွန် သွက်လက်သူပေတည်း၊ ထိုအချိန်မှာ သောတာပန်လည်း ဖြစ်ပြီးလေပြီ၊ နာခဲ့သော တရားလည်း သူ့ကိုယ်တိုင် သိချင်လှ၍ လျှောက်ထားသော ပြဿနာ၏ အဖြေ တရား အကျဉ်းမျှသာ ဖြစ်၏၊ ရှင်မောဂ္ဂလ္လာန် မေးချိန်နှင့် ထိုတရား နာခဲ့ချိန်မှာ မိနစ်လောက်သာ ဝေးပေလိမ့်ဦးမည်၊ သို့ပါလျက် ဥယျာဉ်ပွဲ၏ မှိုင်းတိုက် မှုကြောင့် စဉ်းစား၍ မရအောင်ပင် မေ့ရလေသည်။
၁။ ဤဝတ္ထုကို ထောက်ထား၍ မိမိတို့အတွက် လေးလေးနက်နက် စဉ်းစားသင့်၏၊ မိမိကိုယ်ကို “သူတော်ကောင်း ဟုတ်ပါသည်”ဟု ဝန်ခံနိုင်သော သူတော်ကောင်းမှန်လျှင် နောက်ဘဝတွက် ဂတိကောင်း ရောက်ဘို့ များပါ၏၊ သို့သော် ထိုရောက်ရမည့် ဂတိကား လူနှင့် နတ် ဘဝသာဖြစ်ပါသည်၊ ဈာန်မရ၍ ဗြဟ္မာ မဖြစ်နိုင်၊ ရဟန္တာ မဟုတ် သေး၍ နိဗ္ဗာန်မရနိုင်ပါ။ အထက် နတ်ဖြစ်ခဲ့သော် သကြားမင်းလို အရိယာပုဂ္ဂိုလ်သော်မှ မေ့ရပုံကို ထောက်၍ မိမိတို့အတွက် သိပြီး တခြားကလေးများ ပျောက်သွားမည်ကို မစိုးရိမ်ရပါလော။
၂။ တရားမေ့၍ နတ်တိုဓလေ့ဖြင့် အပျော်ကြီး ပျော်မွေ့နေစဉ် (ပုထုဇဉ် ဘဝဖြင့်) စုတေချိန်ရောက်သောအခါ မိမိ စည်းစိမ်ကို တမ်းတ၍ နွမ်းလျ အားငယ်စွာ စုတေရပါမူ အပါယ် ၄-ပါးသို့ တဆင့် သွားဘို့ အရေး မဝေးလှတော့ပါ၊ တခါတုန်းက နတ်သ္မီး ငါးရာ တို့သည် ဥယျာဉ်တွင်းဝယ် ပန်းပင်တက်၍ ပန်းခူးရင်း သီချင်း ကြူနေကြစဉ် ရုတ်တရက်စုတေကာ အဝီစိသို့ ရောက်သွားကြဘူးပါသည်။
၃။ တဖန်-နောက်တချိန်ရောက်မည့် လူ့ဘဝကို တွေးလျှင်လည်း စိတ်ဧဘွယ် မရှိလှပါ၊ ရှင်းပြပါဦးမည်... သူတော်ကောင်း အနေဖြင့် လူ့ဘဝ၏ တန်ဘိုးကို စဉ်းစားလျှင် ..(၁) ဘုရားသာသနာနှင့် ကြုံတွေ ရခြင်း... (၂) အားလုံး မဟုတ်စေကာမူ လူအများစုက လူကောင်း သူကောင်း ဖြစ်ကြခြင်း (၃) ဆရာ မိဘတို့က သူတော်ကောင်းများ ဖြစ်ကြခြင်း ... (၄) အလွန် မဆင်းရဲဘဲ အထိုက်အလျောက် ချမ်းသာသော အမျိုး၌ ဖြစ်ရခြင်း၊ ဤ အကြောင်းများ စုံညီမှ လူဘဝရကျိုး နပ်ပါလိမ့်မည်။
၄။ ဘုရား သာသနာ့အရေးကို စဉ်းစားလျှင် ယခုအချိန်မှာပင် ပုဂ္ဂိုလ် ကောင်းကို အတော်ရှာမှ ရနိုင်သောအချိန် ဖြစ်နေပြီ၊ လောကီ အာရုံတွေကလည်း သောင်းကျန်း ဂုဏ်ပကာသနနှင့် လာဘ်လာဘ လိုက်စားသူလည်းများ လူဒကာ ဒကာမတို့ကလည်း သီလ သမာဓိ ပညာရှိသူထက် ဂုဏ်ရှိသူကို ကိုးကွယ်လိုကြ, မိမိတို့ဆရာ ဂုဏ်ရှိအောင်လည်း ဟိုကပ်သည်ကပ်နှင့် ကပ်ကြ, လူအချင်းချင်း ဂုဏ်သတင်း လွှင့်ကြနှင့် သာသနာ့ ဝန်ထမ်းများအတွက် ခေါင်က မိုယ်းယိုနေ လေပြီ။
၅။ သာသနာကို ယခု ကိုးကွယ်နေကြသော (သာသနာ့ဒါယကာ ဆိုသူတို့၏) သား သ္မီးများကို သာသနာ့ဝန်ထမ်း ရဟန်းတော်များက သင်ပြ ပေးမှုသည် တစစ လက်လွတ်၍လာခဲ့ရာ ယခုခါမှာ တချို့ ဘုန်းကြီးကျောင်း၌ ကျောင်းသားဟူ၍ မရှိတော့ပါ၊ ကျောင်းသားမရှိလျှင် ရှင်သာမဏေ (အမြဲနေ) မရှိနိုင်၊ ရှင်သာမဏေ မရှိလျှင် ရှင်သာမဏေ ဘဝ၌ စာသင်၍ စာတတ်သော ရဟန်းလည်း မရှိနိုင်။ သိပ်မကြာသော နောင်အခါဝယ် များစွာသော ကျေးရွာတို့၌ တောထွက်ရဟန်း ကြီးတွေသာ ကျောင်းကြီး ကံကြီးပေါ်ဝယ် စက်တော်ခေါ်၍ နေရစ်ကြပေလိမ့်မည်။
၆။ တဖန်-သာသနာကို ပစ္စည်း ၄-ပါးဖြင့် ထောက်ပံ့ရသော ဒကာ ဒကာမများဘက်ကို ဆက်လက်စဉ်းစားပြန်လျှင် ... ယခုအခါ ကလေးတွေ သင်ယူနေကြသော ပညာသည် လောကီအတွက် တဘဝမျှ အကျိုးပေးနိုင်သော ခေတ်မှီ ပညာကား ဟုတ်လောက်စရာ ရှိပါ၏။ သို့သော် ထိုပညာ၌ မဂ်ဖိုလ်နိဗ္ဗာန် ယုံကြည်ဘို့ ဉာဏ်ကို မဆိုထားဘိ၊ ကံနှင့် ကံ၏အကျိုးကို နားလည်စေနိုင်သော ပညာပင် ပါရှိ၏လော၊ ထိုသို့ မပါလျှင် နတ်ပြည် ဗြဟ္မာပြည် ဆိုတာ ယုံကြည်ဦးမှာလော၊ နတ်ပြည် ဗြဟ္မာပြည်ကို မယုံလျှင် ငရဲ ပြိတ္တာကို ယုံဦးမည်လော၊ ထိုသို့ မယုံသူသည် ရဟန်း သံဃာတို့အား ပစ္စည်း ၄-ပါး မဆိုထားဘိ ဝမ်းဝရုံမျှ ဆွမ်းပေးဘို့ သတိရပါဦးမည်လော။
၇။ ထို့ပြင်-ယခု ပညာသင်နေသော ကလေးများ ကြီးရင့်သောအခါ ရှေးတုန်းကလို မိဘ အမွေအနှစ်ကို များများစားစား ရကြန်တော့မည် မဟုတ်၊ သူတို့၏ ကျောင်းစရိတ်ကိုပင် များစွာသော မိဘတို့ မနိုင့်တနိုင် ကြိုးစားနေကြရလေပြီ၊ လူတို့၏ အသုံးအဆောင် အလှအပ ပကာသန တွေကလည်း တစထက် တစ တိုး၍တိုး၍လာတော့သည်၊ ယခု ကလေးများ ကျောင်းမှထွက်၍ အသက်မွေးသောအခါ သူတို့၏ ပညာသည် သူတို့၏ အိမ်သူ အိမ်သားများပါ ဝမ်းဝ၍ ခါးလှရုံကိုပင် အင်မတန် ကြိုးစားနိုင်မှ (သို့မဟုတ်-မတရားရှာနိုင်မှ) တော်ရုံ ကျပေလိမ့်မည်။ ထိုမျှလောက် အသက်မွေးခဲယဉ်းချိန်ဝယ် အဘယ်မှာလျှင် သာသနာကို ထောက်ပံ့နိုင်တော့မည်နည်း။
၈။ တနည်း စဉ်းစားပြန်လျှင်-သာသနာ့ ဝန်ထမ်း ရဟန်းတော်တို့မှာ ကလေးများကို ဘာသာရေး အဝါးဝ၍ လောကီ အသက်မွေးဝမ်းကျောင်း အခြေခံရအောင် သင်ပြဘို့တာဝန် ရှိနေ၏၊ အရာရာ ပြုပြင်လျှင် သင်ပြနိုင်မည့် အခြေအနေလည်း လုံလုံလောက်လောက်ရှိ၏။ သို့သော် ယနေ့တိုင်အောင် (အချို့ ကျောင်းများမှ တပါး အများပြားက) မစဉ်းစားကြသေးချေ။ ထိုသို့ မစဉ်းစားရုံမက အသွား အလာ အနေ အထိုင်မှစ၍ ခေတ်လူတို့၏စိတ်ကို ဆွဲငင်နိုင်လောက်အောင် မကြိုးစားကြသဖြင့် ခေတ်ပညာတတ်သူတို့၏ အထင်သေး အမြင်သေးကိုသာ အများစုက ခံနေရလေသည်။ သို့ဖြစ်လျှင် ထိုခေတ်ပညာတတ် လူအများသည် ဗုဒ္ဓမြတ်စွာ၏ သာသနာတော်ကို အားပေးလိုကြလိမ့်မည်လော၊ ဤအချက်များကို တွေးပြန်သော် သာသနာဆုတ်ယုတ်ဘို့ အရေးသာလျှင် နီးသည်ထက် နီးလာသည်ကို တွေ့ရပါသည်။
၉။ နောက်လာမည့် ဘဝ၌ လူများစုက လူကောင်း သူကောင်း ဖြစ်ဘို့လည်း မလွယ်ကူတော့ချေ၊ ထင်ရှားစေအံ့-လူကောင်း သူကောင်း ခေတ်သည် မေတ္တာ, ကရုဏာ၊ မုဒိတာ ဤ တရား ၃-ပါး ထွန်းကားသော ခေတ်တည်း၊ ယခု မျက်မြင်မှာကား တယောက်အပေါ် တယောက်က ကောင်းကျိုးလိုလားသော မေတ္တာစစ် နည်းပါးလှလေပြီ။ မေတ္တာ မရှိလျှင် ဆင်းရဲသူကိုမြင်၍ သနားသော ကရုဏာနှင့် ချမ်းသာသူကို မြင်၍ ဝမ်းမြောက်သော မုဒိတာလည်း မဖြစ်နိုင်တော့ပါ၊ ယခု ဖြစ်နေ သည်မှာ တယောက် ကောင်းစားသည်ကို အခြားတယောက်က မနာလိုသော ဣဿာ မိမိကဲ့သို့ ကြီးပွားမည်ကို စိုးသော မစ္ဆရိယ, အထက်တန်း ရောက်နေသူက စိတ်ကြီးဝင်သော အထက်တန်းမာန, အောက်ကျ သူကလည်း “ဘာ အရေးစိုက်ရမှာတုန်း” ဟူသော အောက်တန်း မာနတွေ ဝေဆာလျက် ရှိလေသည်။
၁၀။ ထို့ပြင် လိုချင်ဘွယ် အာရုံ ခံစားဘွယ် ကာမဂုဏ်တွေလည်း တနေ့တခြား တိုးပွား၍ လာရကား (မီးသည် လောင်စာရှိသလောက် လိုက်၍ လောင်သလို) ယခု လူတို့ သန္တာန်၌ လောဘကလည်း အာရုံများ သလောက် ကြီးမား၍ လာလေသည်၊ လောဘ အလိုကို မဖြည့်နိုင်သောအခါ သတ်မှု ဖြတ်မှု တိုက်ခိုက်မှု စစ်ဖြစ်မှုတိုင်အောင် ဒေါသတွေလည်း တရှူးရှူး တရှဲရှဲနှင့် တကဲကဲဖြစ်၍ နေလေတော့၏၊ ဤသို့ အကောင်း တရားတွေ ထွန်းကားနေသော ယခုခေတ်မှာပင် လူကောင်း သူကောင်း ရှားပါးနေရကား နောက်ကာလဝယ် အဘယ်မှာ ယခုထက် ပို၍ မဆိုးဝါးဘဲ နေတော့မည်နည်း။
၁၁။ ထိုသို့ လူကောင်း သူကောင်း အလွန်နည်းပါးမည့် နောက်ကာလ၌ မိဘကောင်း ဆရာကောင်းလည်း ရနိုင်တော့မည် မဟုတ်ပါ။ ထိုသို့ အားကိုးစရာ မိဘကောင်း ဆရာကောင်း မရှိဘဲ မတရားလူများ၏ အလယ်မှာ မိမိတယောက်တည်း လူကောင်းကလေး ဖြစ်ဘို့လည်း မလွယ်ကူပါ၊ ထို့ကြောင့် နတ်ပြည်မှာ မှိုင်းတိုက်မည့် အာရုံများ၌ သွားဘို့ ခက်သလို လူ့ပြည်မှာလည်း အကုသိုလ် ထွန်းကားတော့မည့်အတွက် လူပြန်ဖြစ်ဘို့ ခက်လှပါတော့သည်။
၁၂။ ဤနေရာဝယ် မိမိစဉ်းစားမိသော အကြောင်းတခုကို ညွှန်ပြပါမည်။ လွန်ခဲ့သော (၁၃၁၉-ခု) ပြာသိုလက ရန်ကုန်သို့ သိမ်သမုတ် ကိစ္စဖြင့်သွား၍ ပြန်မည့်နေ့ဝယ် ဘူတာကြီး၌ အကြောင်းအားလျော်စွာ စောစောရောက်နေ၏၊ မီးရထား တွဲထိုးမည့် နေရာဘက်ကို ကျောပေးလျက် လိုက်ပို့သော ဘုန်းတော်ကြီးတပါးနှင့်အတူ စကား ပြောနေစဉ် ရထားတဲ့ထိုးသဖြင့် လူအများလှုပ်ရှားသံကြား၍ စကား ဖြတ်ပြီး လှည့်၍ ကြည့်လိုက်ရာ နေ့စဉ် ထုံးစံအတိုင်း အလုယက် နေရာယူနေကြသော လူအများကို မြင်ရပါသည်။
၁၃။ ထိုအခါ စဉ်းစားမိသည်မှာ ဤလူများ၏ အကြာဆုံး ရထားစီးရမည့် အချိန်မှာ ၂-ရက်နီးနီးနှင့် တညဖြစ်၏၊ ထိုအချိန် အတွင်း၌ နေရာကောင်း မရလျှင် ဆင်းရဲမည်စိုး၍ အလုအယက် နေရာယူကြသည်၊ တချို့လည်း ငွေပိုပေး၍သီးခြားနေရာရအောင် ကြိုးစားရသည်။ ထိုမျှမက, ရထားပေါ်မှာ စိတ်ချရသော အဖော်ကိုလည်း ရှာကြသေးသည်၊ မတော်များ နေရာကောင်း မရပြန်လျှင် အလွန်ပင် စိတ်မကောင်းဖြစ်၏။ မိမိနေရာ အနီးက လူကို ကြည့်၍ ရိုးသားပုံမရလျှင်လည်း တလမ်းလုံး စိဘ်မချကြ။
၁၄။ ဤ ၂-ရက် တည အချိန်အတွင်း ဆင်းရဲမည့် အရေးကို တွေးကာ ဤမျှလောက် နေရာကောင်း ကြိုးစား သူတို့သည် နေနောက်ဘဝ-ဟို နောက်နောက် ဘဝတို့အတွက် နိဗ္ဗာန်အထိ နေရာကောင်း အဖော်ကောင်း ရအောင် အဘယ့်ကြောင့် မကြိုးစားဘဲ အေးစက်စက် နေကြပါလိမ့်မည်နည်း၊ မတော်တဆ ခြေချော် လက်ချော် ဆိုသလို အပါယ် ၄-ပါးရောက်သွားရလျှင် တဘဝလုံးဆင်းရဲရုံမက အဆက်ဆက် အကုသိုလ်တိုးပွား၍ အဆက်ဆက် နေရာကောင်းမရဘဲ ရှိနိုင်သည်။ လူ့ဘဝ ရောက်သော်လည်း လူနုံ လူမွဲ လူဆင်းရဲဖြစ်၍ တဘဝလုံး အောက်ကျနောက်ကျ ဒုက္ခရောက်နိုင်သည်။ သို့ပါလျက် ရထားစီးဘို့ ခရီးတိုကလေးအတွက် ကြိုးစားသလောက် နောက်ဘဝ၌ နေရာကောင်းရအောင်ကြိုးစားဘဲ နေကြခြင်းကား ထိုင်းမှိုင်းတွေဝေ အရှည်ကို မျှော်တတ်သော အသိဉာဏ်ကင်း၍ ဖျင်းလွန်းညံ့လွန်း လေစွကား၊ ဤသို့စဉ်းစားကာ ဤအကြောင်းကိုပင် လိုက်ပို့သော ဘုန်းတော်ကြီးအား ပြောပြမိခဲ့ပါသည်။
၁၅။ ပြခဲ့သော စဉ်းစားဘွယ်တို့ကို ဤကျမ်းစာရှုသူများလည်း လေးလေးနက်နက် စဉ်းစား၍ လက်လှမ်းမှီတရားထူးကို ရအောင်သော်လည်း ကြိုးစားသင့်ကြ၏၊ ရှေးဘဝက အထုံဝါသနာ ပါခဲ့သည့်အတိုင်း အထက်တန်း ပါရမီကို ဖြည့်ကျင့်နေသူ ဖြစ်လျှင်လည်း အကုသိုလ် နည်းအောင် သတိထား၍ ဒါနသီလ စသော ပါရမီများကို အနှစ် အမတေဖော်တည်လျက် မပျက်နိုင်အောင် အလွန်ကြိုးစားသင့်၏၊ ထိုသို့ ကြိုးစားလျှင် နတ်ပြည်၌လည်း နတ် သူတော်ကောင်း လူ့ပြည်၌လည်း ထူးခြားသော လူ သူတော်ကောင်းဖြစ်၍ (ရှေး အလောင်းတော်တို့ သာသနာပ၌ပင် ပါရမီများစွာ ဖြည့်ကျင့်တော်မူ ကြသကဲ့သို့) ရင့်သည်ထက် ရင့်အောင် ပါရမီ ဖြည့်ကျင့်နိုင်ကြပါလိမ့် သတည်း။
နောက်ဆက်တွဲပြီး၏။