ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
နတ်ဘုံခန်း
ထိုကဲ့သို့ တည်ထောင်ပြီးသော ကမ္ဘာသစ်၌ ငရဲသူ ငရဲသားတို့ ဆင်းရဲရပုံကို ပြခဲ့ပြီ၊ တိရစ္ဆာန် ပြိတ္တာတို့ ဆင်းရဲရပုံကိုလည်း မျက်မြင်အားဖြင့် ကြားဘူး နားဝ အားဖြင့်၎င်း, အတော်အတန် သိလောက်ပြီ၊ လူများ၏ ဆင်းရဲ ချမ်းသာမှာ ကိုယ်တွေ့ဖြစ်၍ အထူး ရေးဘွယ်မလို၊ နတ်စည်းစိမ်ကိုကား အများပင် သိလိုကြပေလိမ့်မည်။ ထို့ကြောင့် ကျမ်းဂန်လာ အချက်များကို အကျဉ်းချုပ် စုပေါင်း၍ နတ်တို့ နေထိုင်ကြပုံအကြောင်းများကို ပြပေအံ့။
နတ်ဘုံနတ်နန်း
နတ်စည်းစိမ်ကား လူ့စည်းစိမ်ထက် နေရာတိုင်းပင် သာလွန်၏၊ မြက်ဖျားပေါ်က ဆီးနှင်းပေါက်ဖြင့် သမုဒြာရေများ ကွာခြားသလောက် လူ့စည်းစိမ်နှင့် နတ်စည်းစိမ်များ ကွာခြား၏။ တာဝတိံသာနတ်တို့၏ “သုဒဿန” မည်သော နေပြည်တော်သည် မြင့်မိုရ် တောင်ထိပ်ဝယ် ယူဇနာ တသောင်း ကျယ်သော အရပ်၌ တည်ရှိ၏၊ ထို နေပြည်တော်၏ အရှေ့ဘက်၌ နန္ဒနယျာဉ်ခေါ် နန္ဒနဥယျာဉ်သည်ကား စုတေခါနီး၌ အလွန်ပူဆွေးနေသော နတ်များကိုပင် စုတေရမည့် အရေးကို မတွေးမိလောက်အောင် ပျော်မွေ့ဘွယ်ကို ဆောင်သတဲ့။
မခြောက်မသွေ့ ပကတေ့စိုစိမ်း၍ မြရည်လိမ်းထားသလို ပန်းပင်ပျိုတို့၏ အကြားအကြားဝယ် မောင်မယ်စုံ နတ်များတို့ လှည့်လည်သွားလာနေကြသည့်အတွက် ဥယျာဉ်တော်မှာ တမျိုး ကျက်သရေ တက်လေတော့၏၊ ထိုဥယျာဉ် တော်နှင့် မြို့တော်၏ အလယ်မှာ မဟာ နန္ဒာ စူဠနန္ဒာ အမည်ရှိသော ကန်တော်ကြီး ၂-သွယ်ကလည်း နဂိုရ်က တင့်တယ်သည့်အပြင် ကြည်လင်သော ရေများကို ရှုစားဘို့ရာ ကမ်းအစ၌ ဆန်းလှသော ရတနာ ထိုင်ခုံများကြောင့် တမျိုး သားနားလျက် ရှိပြန်လေ၏၊ မြို့တော်၏ တောင်မျက်နှာ အနောက် မျက်နှာနှင့် မြောက်မျက်တို့၌လည်း ထိုကဲ့သို့ တည်ရှိလေသည်။
နတ်သား နတ်သ္မီး
မိမိတို့ ရှေးကုသိုလ်ကံကြောင့် ကိုယ်ပိုင် ရရှိပြီးသော ဗိမာန်များကလည်း ဆန်းပြားလှပေ၏၊ အားလုံးသော နတ်လုလင်တို့က အသက် ၂၀-အရွယ် နတ်မိမယ်တို့က ၁၆-နှစ် အရွယ် သွားကျိုး ဆံဖြူ နားအူ မျက်မွဲ အရေတွန့်တွဲခြင်း မရှိ ပကတိ အလှမပျက်အောင် တသက်လုံး တည်နေ၏၊ နတ်ဩဇာ အဆီအနှစ်ကိုသာ စားသောက် ကြရသဖြင့် ခန္ဓာကိုယ်အတွင်း၌ အလေး အပေါ့မှစ၍ မကောင်းသော အနိဋ္ဌအာရုံ ဟူသမျှကို လုံးဝ မရှိတော့ရကား နတ်သီးတို့မှာ ဓမ္မတာသွေး အညစ်အကြေးတို့မှ ကင်းစင်လေ၏၊ (၁) ကာမချမ်းသာ ခံစားမှုတို့ကား နတ်ပြည် ၆-ထပ်လုံးမှာပင် လူများနှင့် မထူးခြားသော်လည်း အညစ်အကြေး မဖြစ်ဘဲ သွေးသား လှုပ်ရှားရုံမျှဖြင့် ကိစ္စပြီးလေသည်၊ (၂) နတ်ဒေဝီတို့၌ ကိုယ်ဝန်ဆောင်မှုနှင့် သက်ဆိုင်သော ကိစ္စစုများ တခုမျှမရှိ၊ (၃)သား သ္မီး ဖြစ်ထိုက်သော နတ်သား နတ်သ္မီးတို့မှာ ရင်ခွင်၌သော်၎င်း အိပ်ရာပေါ်၌သော်၎င်း ဖြစ်ပေါ်လာကြကုန်၏၊ ဤသို့ သားသ္မီးအရာ၌တည်သော နတ်များ အပြင် အခြားအစေခံ နတ်သား နတ်သ္မီးများလည်း ရှိသေးရကား တချို့ နတ်များ၌ ဗိမာန် ကိုယ်ပိုင် မရှိကြဟု သိသာ၏၊ လူ့ပြည်၌ကဲ့သို့ နတ်သား နတ်သ္မီးပျိုတို့၏ သွားလာ လှည့်ပတ်ကြမည့် အရေးမှာ တွေးတော စဉ်းစား ဘွယ်ရာပင်တည်း၊ နတ် ဇာတ်သမား ဖြစ်သော ပဉ္စသီခ နတ်သားသည် တိမ္ဗရု နတ်မင်းကြီး၏ သ္မီးပျို ဖြစ်သော သူရိယဝစ္ဆသာ နတ်သ္မီး အပေါ်မှာ အတော် စွဲလမ်းနေ၏၊ နတ်ပျိုလှည့်ရာတွင် စောင်းကို တီးကာ သာသာယာယာ သီဆိုသော စောင်းသီချင်းသံများတွင် အောက်ပါ ဂါထာလည်း အပါအဝင် ဖြစ်၏။
ယံ မေ အတ္ထိ ကတံ ပုညံ, အရဟန္တေသု တာဒိသု၊
တံ မေ သဗ္ဗင်္ဂကလျာဏိ, တယာ သဒ္ဓိံ ဝိပစ္စတံ၊
တာဒိသု၊ ကောင်းဆိုး ၂-တန့် လောကဓမ်ကြောင့် ဖောက်ပြန်မတုန် တာဒိဂုဏ်နှင့် ပြည့်စုံတော်မူကြပေသော။ အရဟန္တေသု၊ ပူဇော်သမျှ အကျိုးရဘို့ နိစ္စဖြူစင် ရဟန္တာအရှင်မြတ်တို့၌။ မေ ကတံ၊၊ မောင်တော် ချည့်သာ မယ်မပါဘဲ ကောင်းစွာ သီးသီး ပြုအပ်ပြီးသော။ ယံ ပုညံ၊ ဒါန သီလ စသည်ပေါင်းစု အကြင်သို့သော မြတ်ကောင်းမှုသည်။ အတ္ထိ၊ အကျိုးပေးမှု့ အလေး ပြုလျက် ယခုအနေ ရှိပါပေ၏။ သဗ္ဗင်္ဂကလျာဏိ၊ ကောင်းခြင်းအင်္ဂါ မင်္ဂလာနှင့် ထင်စွာပြည့်ကြွယ် အို... နတ်မိမယ်။ မေ၊၊ ပဉ္စသီခ မည်ရဘွဲ့နှောင် မယ်မယ့်မောင်၏။ တံ ပုညီ၊ ရှေးက ဆည်းပူး, ထိုကုသိုလ်ထူးသည်။ တယာ၊ မောင်တော့် သက်လယ်, သင် နတ်မယ်နှင့်။ သဒ္ဓိံ ဝိပစ္စတံ၊ အတူ တွဲနှောင်, မကွဲအောင်လျှင် မြဲခေါင်ဖြိုးဝေ, အကျိုးပေးပါစေသတည်း။
မာန်လည်ဆရာတော် မေး
မင်းကွန်း အလယ်တောရ ဆရာတော် ဖြေ
၁...(မေး) ဆကာမာဘူမိ, ကုမာရိ နတ်အပျို, လူလိုတဲ့ ပေလား၊ ပွင့်မြဲငယ်မှီ, တလလျှင်ကြိမ်အညီပ, ချိန်ရာသီ ပေါ်တဲ့ပန်းငယ် လန်းပါစလား။
(ဖြေ) ဆကာမာဘူမိ, ကုမာရိ နတ်အပျို, လူလိုပ ဟုတ်ဘဲ၊ ပွင့်မြဲငယ်မှီ, တလလျှင် ကြိမ်အညီပ ချိန်ရာသီပေါ်တဲ့ပန်းငယ် လန်းကြ မမြဲ။
၂...(မေး) အပွေပို-မဖြေလို စိတ်တော်ရှိပါနှင့်, ခင်သိသားမို့၊ နတ်ခြောက်ဆူ ချစ်သွေး နှစ်ကိုယ်မြှူတော့, ဟို အမူ လူလိုချင်းပေထင့်, သင်းက ဘယ်သို့။
(ဖြေ) အပွေပို-မဖြေလို စိတ်တော် ရှိပါဘု, ကိုယ်သိသားမို့၊ နတ်ခြောက်ဆူ ချစ်သွေးနှစ်ကိုယ်မြှူတော့ ဟို အမူ လူလို ကျင့်ကြတယ်, သင်းက ဤသို့။
၃...(မေး) နတ်ခြောက်ဘုံ၊ မောင်နှံစုံ, လူလိုရှိတယ်လို့ ခင်သိမူကား၊ မိန့်ပါရှင့်, နတ်ကလျာ လုံမယ်ခင်တို့ လူ့နယ်ပင် နှုတ်ငုံပိုက်တယ်, သားနို့ တိုက်လား။
(ဖြေ) နတ်ခြောက်ဘုံ မောင်နှံစုံ လူလိုရှိသည်ဟု မှန်ဘိမယွင်း၊ မိန့်လိုက်ပြီ, နတ်ကလျာမယ်ဒေဝီတို့ နှုတ်ငုံချီလွယ် မပိုက်တယ် သားနို့တိုက်ကင်း။
ဤမျှလောက်ပင် ပဉ္စသီခနတ်သားက စွဲလမ်းနေသော်လည်း သူရိယဝစ္ဆသာ နတ်သီးကမူ မာတလိနတ်မင်း၏ သားဖြစ်သော သိခန္တီနတ်သားကို မှန်းထားလျက် ရှိ၏၊ သို့ရာတွင် သိကြားမင်းက ပဉ္စသီခ နတ်သားကို (သူ့အားကျေးဇူး များသည့်အတွက်) သူရိယဝစ္ဆသာ နတ်သ္မီးနှင့် လက်ထပ်ပေးလေသည်၊ တချို့ နတ်သ္မီးတွေမှာ ဗိမာန် အဆင့်သင့် ရရှိသော်လည်း ဗိမာန်နှင့်တကွ မိမိတို့ကို ပိုင်ဆိုင်မည့် နတ်သား မရှိကြသဖြင့် ပျင်းရိငြီးငွေ့ အလိုမပြေ့ကြသည်လည်း ရှိသေး၏၊ ကုသိုလ်ကံချင်း ကွာခြားသလောက် ဘုံဗိမာန်နှင့် ရုပ်အဆင်းလည်း ကွာခြားနေသောကြောင့် ကိုယ့်ထက်သာ၍ မနာလိုသူတွေလည်း ရှိပေမည်သာ၊ ဥယျာဉ် ရေကန်၌ တပျော်တပါး လှည့်လည်ကြသည်မှာလည်း ကြည်နူးစရာပေ။
အပေါင်းရွေညီ, ဘုံကိုယ်စီဝယ်, ကျူးသီမပြီး, ပျော်မငြီးဖို့, နတ်ထီးနတ်ငြိမ့်, တခြိမ့်ခြိမ့်နှင့်, သိမ့် သိမ့်သဲသဲ, ရှုမရဲအောင်, နတ်ပွဲသဘင်, အမြဲရွှင်၏၊ မပင်မပူ, နတ်နန်းသူတို့, ပျူပျူငှာငှာ ရွှေမျက်နှာဖြင့်, ကြည်သာစိမ်းစိမ်း , မြမြရှိန်းတည်း၊ ငြိမ်းငြိမ်းအေးလျက် , ကုသိုလ်စက်ကြောင့်, မပျက်တရံ, စည်းစိမ်ခံ၍, မောင်နှံချစ်ပုံ, အသစ်ကြုံသို့, ဖော်စုံရွှင်မြူး, ချစ်ကြည်နူးလျက်, အထူး မေတ္တာ, သက်ပမာဖြင့် , ချမ်းသာမကင်း , ချစ်ငွေ့သွင့်သည် , ချစ်ခြင်း အတုံ့အလှယ်တည်း။ မဃဒေဝလင်္ကာ။
ဤသို့ ကာမဂုဏ်စခန်း၌ အစွမ်းကုန် ပျော်ဖွယ်ကောင်းလှသည့်အပြင် ထိုပျော်မွေ့ကောင်း သလောက်လည်း ပျော်စံလေ့ ရှိကြသောကြောင့် ကာမဂုဏ်ကို စက်ဆုပ်သော အနာဂါမ်နှင့် ရဟန္တာအဖြစ်သို့ ရောက်သောအခါ နတ်ပြည်မှာ ကြာရှည်စွာ မနေနိုင်ကြန်တော့ဘဲ, အနာဂါမ်ဖြစ်သူတို့ ဗြဟ္မာ့ပြည်သို့ စုတေ ရွှေ့ပြောင်း၍ ရဟန္တာအပေါင်းတို့မှာ ပရိနိဗ္ဗာန်စံကြလေတော့သည်၊ သို့ဖြစ်၍ နတ်ပြည်ကျမှ အန္တရာယ်ကင်း ရန်ဘေးရှင်းလျက် တရားအားထုတ်၍ ယောဂီလုပ်မည်ဟု မမြှော်လင့်လေနှင့်၊ လူ့ပြည်က အသေအလဲ အားခဲ သွားသူများနှင့် ဘုရားလက်ထက်တော်တုန်းက ဘုရားတရားတော်ကို နာရသူများလောက်သာ နတ်ပြည်၌ တရားအသား တက်ဖွယ် ရှိပါသည်၊ မလိုလဲ လိုလဲ တရားမြဲသူတို့မှာ နန္ဒနဥယျာဉ်အပေါက်ဝတွင် တရားကလေးများ ပျောက်ကြရစ်လတ္တံ့။
နတ်ပြည်၌ ကမ္မဋ္ဌာန်းကို မဆိုထားနှင့် ဥပုသ် မကျိုးအောင်ပင် စောင့်စည်း ဘို့ရာ အပုံကြီး ခဲယဉ်း၏၊ နတ်သ္မီးတွေ ပွတ်သီး ပွတ်သပ်ပြုချက်ကြောင့် သီလ ပျက်သည်သာ များလေ၏၊ စမ္ပေယျ နဂါးမင်းတို့ နဂါးပြည်မှာ မကြာမကြာ ဥပုသ်ကျိုးရပုံနှင့် ဝိဓူရဇာတ်တော်လာ သိကြားမင်းတို့ လူ့ပြည်ဆင်း၍ ဥပုသ်စောင့်ရပုံကို ထောက်ပါလေ၊ ဘုရားအလောင်းတော်တို့သည် ပါရမီဖြည့်ခွင့် မရကြသော နတ်ပြည်၌ သက်တမ်း စေ့အောင် မနေဘဲ စုတေခြင်းတမျိုးဖြင့် စုတေအောင် ဓိဋ္ဌာန်ကာလူ့ပြည်၌သာ ပါရမီဖြည့်တော်မူကြသည်။
နတ်ပြည်၌ သူတော်ကောင်းစိတ်ဓာတ် မြဲကြသူတို့ မျှော်လင့်ဘို့ အချက် အနည်းငယ်မျှ ရှိသေး၏၊ ထိုအချက်ကား စူဠာမဏိ စေတီတော်နှင့် သုဓမ္မာ ဓမ္မာရုံကြီးတို့တည်း၊ စူဠာမဏိ စေတီတော်မှာ တယူဇနာမြင့်သော မြသားစေတီတော်ကြီး ဖြစ်သည့်ပြင် ထိုမြသား စေတီတော်ကြီးအတွင်း၌ ဘုရားအလောင်း ဘဝက ဆံတော်ဓာတ်နှင့် လက်ျာစွယ်တော်ဓာတ်များ ကိန်းဝပ်တော်မူလျက်ရှိ၏၊ သဒ္ဓါတရားထက်သန်သော နတ်သီး နတ်သား မောင်မယ်စုံ နတ်များမှာ အသက်တမ်းကလည်းရှည် စိတ်ဓာတ်ကလည်း ကြည်သာကြောင့် (အခြား မောင်မယ်စုံတို့လို ဥယျာဉ်ထဲ၌ ပျော်ပွဲမခံဘဲ) စေတီတော်ထံပါး၌ ပန်း စသော လှူဘွယ်ဝတ္ထုများဖြင့် ဝပ်တွားဆည်းကပ်၍ ဆုထူး ဆုမြတ်ကို ပန်ဆင်ကာ ရသင့်သမျှ ပါရမီ တိုးအောင် ကြိုးစားကြမည်မှာလည်း ယုံမှားစရာမရှိပါပေ။
သုဓမ္မာ ဓမ္မာရုံကြီး၏ ကျက်သရေမှာ ရေးသား၍ ကုန်ဆုံးနိုင်ဘွယ်ရာမရှိ၊ ဓမ္မာရုံ အဆောက်အဦးအားလုံး၌ ရတနာမျိုးစုံကို သူ့နေရာနှင့်သူ သုံးစွဲထား၏၊ ထိုဓမ္မာရုံ၏ အနီး၌ တည်ရှိသော ပယ်လယ်ကသစ်ပင်မှ ပန်းများလည်း ဓမ္မာရုံအတွင်းသို့ လေညှင်းညှိသဖြင့် နှစ်မျို့စဘွယ် တင့်တယ်စွာ ပြန့်နှံ့လျက်ရှိ၏။ အလယ်ဗဟို တရားပလ္လင်ဝယ် ထီးဖြူကြီးကို စိုက်ထူထားပြီးလျှင် တရားပလ္လင်၏ ဘေးမှစ၍ သိကြားမင်း, ပဇာပတိ နတ်မင်း, ဝရုဏ နတ်မင်း, ဤသာန နတ်မင်း စသော (မဃလုလင် ဘဝတုန်းက ကောင်းမှုပြုဘက်)၃-ကျိပ် ၃-ပါး နတ်မင်း ကြီးများ၏ နေရာကို စီစဉ်ထား၏၊ ထို့နောက် ထင်ရှားနတ်များနှင့် မထင်ရှားသော နတ်များတို့လည်း နေရာများ စီစဉ်ထားသည်။ [ဤ သုဓမ္မာနတ်သဘင်မှာ တာဝတိံသာမှ အထက်နတ်ပြည်-ထပ်၌လည်း ရှိ၏။
စည်းဝေးချိန်ရောက်လျှင် သိကြားမင်းကိုယ်တိုင် အချက်ပေးလိုက်သော “ဝိဇယုတ္တရ”ခေါ် ခရုသင်းကြီး၏ အသံမှာ ယူဇနာ တသောင်းကျယ်သော သုဒဿနနတ်မြို့တော်ကြီးကို ရိုက်ဟီးလျက် လူ့အရေအတွက်ဖြင့် ၄-လကြာအောင် အဆက်ဆက် မြည်ဟီးနေသော ဟူ၏၊ ဆိုင်ရာနတ်များ ဓမ္မာရုံအတွင်းသို့ ဝင်မိကြလျှင် ရတနာရောင် ပန်းရောင်တွေ လွှမ်းနေသဖြင့် ဓမ္မာရုံတဆောင်လုံး နီမြန်းနေတော့၏။ တရံတခါ ဗြဟ္မာပြည်မှဆင်းလျက် သနင်္ကုမာရ ဗြဟ္မာမင်းက တရားဟော၏၊ တရံတခါ သကြားမင်း ကိုယ်တိုင် တရားဟော၏၊ တရံတခါ တရား အဟောကောင်းသော နတ်သား တဦးဦး ဟော၏။ ထို့ကြောင့် စူဠာမဏိစေတီတော်ကို ဖူးမျှော်ရခြင်း သုဓမ္မာနတ်သဘင်ဝယ် တရားနာခြင်းတို့အတွက် မျှော်လင့်ချက်ကလေး ရှိပေသေး၏၊ “မျှော်လင့်ချက်” ဆိုသော်လည်း မဂ်ဖိုလ် ရလောက်အောင် မျှော်လင့်ချက်ကို ဆိုလိုသည် မဟုတ် သူတော်ကောင်းစိတ်ဓာတ် မပျောက်ပျက်ဘဲ ခိုင်မြဲ၍ ကာမဂုဏ်ထဲမှ အထိုက်အလိုက် ရှောင်လွှဲနိုင်စရာရှိသည်ဟု ဆိုလိုသည်။
နောင်လာမည့် လူ့ပြည်ဆုတ်ကပ် အခါကြီး၌ကား “ရဟန်း ရှင် လူတို့ တရားပြည့်ဝကြလိမ့်မည်”ဟု မျှော်လင့်ဘွယ် မရှိတော့၊ ယခုပင် အမြင် မတော်လှပြီ၊ သံသရာဒုက္ခတွေကို တကယ် ရွံ့လျှင် ယခုဘဝ၌ပင် စွန့်စွန့် စားစား မဂ်ဖိုလ်ပေါက် တရားကို ကြိုးစားသင့်ကြ၏၊ နတ်ပြည်ကပင် အရိမေတ္တယျ ဘုရားရှင်ကို စောင့်စားဖူးမြော်လျက် တရားတော်ကိုနာပြီးမှ မဂ်ဖိုလ်ရဘို့ မှန်းသူများလည်း နန္ဒန ဥယျာဉ်ပေါက်၌ ရှိသမျှ ဓာတ်ခံလေးများ ပျောက်မသွားအောင် အတော် ထူထောင်ရလိမ့်မည်၊ ပေါ့ပေါ့ဆဆနှင့် “နတ်ပြည်ကျမှ အားရပါးရ ခံစားမည်”ဟု အားခဲနေသူတို့ကား အရိမေတ္တယျ ဘုရားရှင် ပွင့်တော်မူလာသော်လည်း ကာမဂုဏ် အတွေ့ထူးဖြင့် မေ့မူးလျက် ရှိဦးမည်သာ၊ ထို့ကြောင့် ကိုယ့်အစွမ်း ကိုယ့်တရားဖြင့် အများကို ကယ်တင်မည့် ပုဂ္ဂိုလ်နှင့် အဂ္ဂသာဝက မဟာသာဝက အလောင်းတို့မှတပါး အခြား သူတို့ကား ယခုပင် ကြိုးစားသင့်ကြပါသည်။
“ဘေးပွဲကြုံ, အေးသဲတုန် ကိုယ်စီ ကုတ်ပါလို့ အားထုတ် သင့်သား၊ သို့ပါကို, ဘယ်တော့ ဘာလိုလိုနှင့် နောင်ရေးကို မျှော်ခေါ်လင့်လို့, ဘာဝနာ သီခေါင် လွင့်တယ်, ဖျင်းဖင့် အများ...ဆရာတော်ကြီး။