ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ဗြဟ္မာ့စည်းစိမ်

ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
ဧကာဒသမအခန်း ဗြဟ္မာ့စည်းစိမ်
734ကိုယ်ကျင့်အဘိဓမ္မာ — ဧကာဒသမအခန်း ဗြဟ္မာ့စည်းစိမ်အရှင်ဇနကာဘိဝံသ

ဗြဟ္မာ့စည်းစိမ်

ဗြဟ္မာပြည် ရောက်ရန် ဈာန်ကို အားထုတ်စဉ်ကပင် လောကီ အာရုံ ကာမဂုဏ်နှင့် လူသူထူထပ်သော မြို့ ရွာ အိမ် ကျောင်းတို့ကို ရှောင်ရှား၍ ဆိတ်ဆိတ်ငြိမ်ငြိမ် နေထိုင်အားထုတ် ရသောကြောင့် ထိုဈာန်ကုသိုလ်တရားတို့အတွက် ဗြဟ္မာပြည်၌ ဖြစ်ကြရသော ဗြဟ္မာတို့လည်း လွန်စွာ ငြိမ်သက်ကြ ပေသည်၊ သားသီးဇနီးမောင်နှံဟူ၍ မရှိကြ၊ အားလုံးဗြဟ္မာတို့မှာ ယောက်ျား သဏ္ဌာန်ရှိသော်လည်း ယောကျ်ားအင်္ဂါနှင့် မိန်းမအင်္ဂါတို့ မပါကြန်တော့ချေ၊ သို့အတွက် ကာမဂုဏ်ချမ်းသာကို ခံစားခြင်းမရှိကြ၊ ဈာန်ကို အားထုတ်စဉ် (လူ့ဘဝ)တုန်းကပင် ကာမဂုဏ်အပြစ်ကို နှစ်နှစ်ကာကာ မြင်ခဲ့ပြီးဖြစ်သောကြောင့် ကာမစိတ်ဓာတ်များလည်း လုံးဝမဖြစ်အောင် ငြိမ်ဝပ်လျက် ရှိကြလေသည်။

ထို့ကြောင့် နတ်ဘုံနတ်နန်းတို့ထက် ခမ်းနားလှသော ဗိမာန်ဥယျာဉ်တွင် တကယ့် ယောဂီ သူတော်စင်များ နေသလို တချို့က မေတ္တာ စသော ကမ္မဋ္ဌာန်းကို စီးဖြန်းပွားများ, တချို့က ဈာန်ဝင်စားလျက် ငြိမ်သက် ဧချမ်းစွာ စံမြန်းနေကြလေသည်။ သို့သော် လူ့ပြည်၌ အတန်းအစားခြား သကဲ့သို့ ဗြဟ္မာချင်းလည်း အတန်းအစား ကွာခြားနေရ အချို့ ဗြဟ္မာက ဗြဟ္မာမင်း (ဗြဟ္မာဘုရင်) ဖြစ်ကြ၍ တချို့က ဗြဟ္မပုရောဟိတ် (ဗြဟ္မာမင်း၏ အမတ်)များ ဖြစ်ကြပြီးလျှင် တချို့ကမူ ဗြဟ္မာမင်း၏ အခြွေအရံ ပရိသတ်များ ဖြစ်ကြလေသည်။ [ဗြဟ္မာမင်းကို အောက်တန်း ဗြဟ္မာတို့က (တမင်မပြလျှင်) မမြင်နိုင်ကြ။]

အသညသတ်ဗြဟ္မာ

လူ့ပြည်တုန်းက ထုံးစံအတိုင်း ဈာန်ရပြီးသောအခါ တချို့က “စိတ်ဝိညာဉ်နှင့် အမှတ်သညာ ရှိ၍သာ မြင်ချင် ကြားချင် နံချင် စားချင် တွေ့ထိချင် သိချင်သော သဘောများ ဖြစ်နေရသည်၊ စိတ်နှင့် သညာသာ မရှိပါလျှင် အင်မတန် အေးမြပေလိမ့်မည်”ဟု စိတ်နှင့် သညာတို့ အပေါ် အတော်များစွာ အပြစ်မြင်နေ၏၊ ထိုသို့ အပြစ် မြင်သည့် အတိုင်းပင် “စိတ်သည် စက်ဆုပ်ဘွယ်, စိတ်သည် စက်ဆုပ်ဘွယ်”ဟု ကြပ်ကြပ် အပြစ်ရှုမိသောအခါ “သညာဝိရာဂ ဘာဝနာ” ခေါ် စိတ်သညာနှင့် နာမ် အားလုံးကို ရွံမုန်းသော ကမ္မဋ္ဌာန်းတမျိုး ပေါက်လေသည်။ ထိုပုဂ္ဂိုလ် စုတေလျှင် အသညသတ် ဗြဟ္မာဘုံ၌ဖြစ်၍ ကမ္ဘာ ၅၀၀-ခန့် ဘာကိုမျှ မသိတော့, ရွှေရုပ်ကြီးကဲ့သို့ တချို့က မတ်မတ်ရပ် တချို့က ထိုင် တချို့က အိပ်လျက် နေလေ၏။

အရူပဗြဟ္မာ

ဤ ဗြဟ္မာလောင်းတို့ကမူ စျာန်ရိုးရိုး ရပြီးနောက် “ရုပ်ခန္ဓာကြီး ရှိနေ၍သာ အရာရာအပြစ်များ ဆင်းရဲဒုက္ခ များရလေသည်။ စိတ်ဝိညာဉ် နာမ်တရားချည်းသာရှိနေပါမူ လွန်စွာချမ်းမြပေလိမ့်မည်”ဟု ရုပ်ကို အပြစ်ရှုကာ ဘာဝနာပွားများသောအခါ “ရူပဝိရာဂ ဘာဝနာ” ခေါ်သော ရုပ်ခန္ဓာကိုရွံမုန်းသော ကမ္မဋ္ဌာန်းတမျိုး ပေါက်လေသည်၊ ထိုပုဂ္ဂိုလ် စုတေလျှင် အရူပဘုံဟု ခေါ်သော ကောင်းကင်ပြင်ဝယ် ကမ္ဘာပေါင်းများစွာ ရုပ်ခန္ဓာမပါဘဲ စိတ်ဝိညာဉ်ချည်းသာ တည်ရှိလေ၏၊ ဤ စိတ်ဝိညာဉ် အစဉ်ကိုပင် အရူပဗြဟ္မာဟု ခေါ်ဝေါ်ရလေသည်။ [ဘာသာခြားတို့ကမူ ဤ ဗြဟ္မာ ၂-မျိုးကို ယုံကြည်ဘို့ ခဲယဉ်းပေလိမ့်မည်။]

ဗြဟ္မာ့ပြည် တဝင်းဝင်း ဝက်စားကျင်း တရှုပ်ရှုပ်

ဗြဟ္မာ့ပြည်၌ ဗြဟ္မာ ဖြစ်ရသူတို့သည် အရိယာအဖြစ်သို့ ရောက်လျှင် (မဂ်ဖိုလ်ရလျှင်) ထိုဗြဟ္မာ့ဘုံမှ အောက် ကာမဘုံသို့ ပြန်၍ ပဋိသန္ဓေ မနေရဘဲ အဆင့်ဆင့် ရင့်ကာ ရဟန္တာဖြစ်၍ နိဗ္ဗာန် စံကြလေတော့သည်၊ အရိယာ မဖြစ်သေးလျှင်ကား သူတို့၏ ဈာန်အဟုန် ကုန်သောအခါ လူ့ဘုံနတ်ဘုံဟူသော အောက်ကာမဘုံများ၌ တဖန်ပြန်၍ ပဋိသန္ဓေ နေကြရပြန်သည် သို့ရာတွင် ဈာန် မရမီက မိမိအားထုတ်ခဲ့သော ကုသိုလ်အဟုန်နှင့် ရုတ်တရက် အောက်တန်း မကျလှသေးဘဲ ဒွိဟိတ် တိဟိတ်ပုဂ္ဂိုလ် (ဒွိဟိတ် လူ နတ်-တိဟိတ် လူနတ်)များ ဖြစ်ပြီးလျှင် ထိုလူ နတ်အဖြစ်မှ တဆင့် ကံအကြောင်း မသင့်၍ လျှောကျရပြန်သောအခါ အပါယ် ၄-ပါး၌ ငရဲကောင် ပြိတ္တာကောင် တိရစ္ဆာန်ကောင်များလည်း ဖြစ်ခွင့်ရှိကြလေပြန်သည်။

ဆိုလိုရင်းကား-ပုထုဇဉ်အဖြစ်မှ တန်းမတက်သေးသူတို့သည် ဗြဟ္မာပင် ဖြစ်နေသော်လည်း နောက်တဖန် တိရစ္ဆာန်စသော အပါယ်ဘုံသား ဖြစ်နိုင်ရကား “ဗြဟ္မာ့ပြည်မှာ တဝင်းဝင်း” နေသော်လည်း တနေ့ကျလျှင် ဝက် တိရစ္ဆာန်လည်း ဖြစ်နိုင်၍ “ဝက်ကျင်းမှာ တရှုပ်ရှုပ်” နေခွင့်ရှိသေးသည်။ “ပုထုဇဉ် အဖြစ်ကား လွန်စွာစက်ဆုပ် ကြောက်ရွံ့ဘွယ် ကောင်းလေစွ” ဘုံဘဝတို့၏ အထက်ဆုံးဖြစ်၍ “ဘဝဂ်”ဟု ခေါ်သော ဗြဟ္မာဘုံသို့ တက် ရောက်နေသော်လည်း တနေ့ကျလျှင် ဒုဂ္ဂတိဘဝသို့ ရောက်ရသေးသည်း ယခု ခေတ်၌ ဒုန်းခေါ်သော အရာဝတ္ထုကို အထက်ကောင်းကင်သို့ တင်ပို့လိုက်သောအခါ အရှိန်ရှိသမျှ တက်သွား၍ ကောင်းကင်၌ လှည့်ပတ်ပြီးလျှင် အရှိန် ကုန်သောအခါ အောက်သို့ ပြန်၍ ကျရသကဲ့သို့ ထို့အတူ ဈာန်အရှိန် ကုန်သောအခါ အောက်ဘုံသို့သာ ပြန်ကြရသည်-ဟူလို၊ [ဘဝဂ္ဂ=ဘဝ+အဂ္ဂ၊ “ဘဝ=ဘုံဘဝတို့တွင်+ အဂ္ဂ= အထက်ဆုံးဘုံ” ဖြစ်သောကြောင့် “နေဝသညာ နာသညာယတန” ဘုံကို “ဘဝဂ်”ဟု ခေါ်သည်။]

ဥက္ခိတ္တာ ပုညတေဇေန, ကာမရူပဂတိံ ဂတာ။
ဘဝဂ္ဂန္တံပိ သမ္ပတ္တာ, ပုန အာယန္တိ ဒုဂ္ဂတိံ။

ပုညတဇေန၊ ကောင်းမှု ရှိန်စော် အာနုဘော်သည်။ ဥက္ခိတ္တာ၊ အခွင့် သင့်စဉ် မြှင့်တင်အပ်ကုန်သည်ဖြစ်၍။ ကာမရူပဂတိံ၊ ဘုံဆောင် ကြငှန်း ဗိမာန်နန်းတို့ တင့်ဆန်း နတ်ဘုံ ဗြဟ္မာဘုံသို့။ ဂတာ၊ ထိန်တဝင်းဝင်း အရှိန်ပြင်းလျက် ချဉ်းနင်း ရောက်ကြ, ပုထုဇဉ် ဟူသမျှတို့သည်။ ဘဝဂ္ဂန္တ၊ ဘုံပေါင်း တမွတ် တုဘက်လွတ်သည့် အထွဋ်ထက်ခြုံ ဘဝဂ်ဘုံသို့။ သမ္ပတ္တာပိ၊ ကမ္ဘာမြောက်အများ, အောက်မသွားဘို့ ထောက်ထားပလေ, ရောက်သွားကြ စေကာမူ။ ဒုဂ္ဂတိံ၊ ဒုက္ခအဖုံဖုံ မျိုးပေါင်း စုံသည့် တလုံလဲလဲ အပါယ်ထဲသို့။ ပုနအာယန္တိ၊ ကောင်းမှု နုံဖျင်း, အဟုန် ကင်းက, ဒုန်ရင်းတဖန် ရောက်ကြရ ပြန်လေသတည်း။

ဘုံနှင့်စပ်၍ အရပ်ရပ် မှတ်ဘွယ် ပြီးပြီ။