ကုံရာသီ တပို့တွဲလဘွဲ့ ညည်းချင်း
အော်-လဲ့လဲ့မှုံပျံ့၊ မှဲ့မှဲ့တံ့လို့
နံ့တပျံပျံ၊ လက်ပံငုံဖူး
ဆက်ရက်ကယ်မြူးလို့၊ ပေါက်ဖူးငယ်လျှံသည်
ဂိမှာန်နွေဘက်က ကျင်းတော့မယ်။
ဟေမန်အသုံး၊ ကိုက်ဖူးပုရစ်
ရွှေချပ်စစ်ကို၊ လှေလှစ်တုန်းမို့
နောက်ဆုံးနာရီ၊ ကျွန်းကမှီလို့
ရောဟဏီမင်း၊ တောက်ပဝင်းသည်
သွင်းသန်ကောင်လောက်
တီးနှစ်ချက်လဲ၊ ချိန်စက်ရောက်က
သံကောက်မာဃ၊ ကြယ်ဓူဝတို့
အာကာသတိုင်
ခြည်ဝါရောင်ဆင့်၊ ယုန်စန်းပွင့်နှင့်
မွန်းတင့်ငယ်ဆိုင်သည်
ခရိုင်ရွှေမြို့လင်းတော့မယ်။
(လေးချိုးသဖြန်)
ထန်းယဉ်နင်း
ပေါက်ကင်းတဲ့ လဲ့ငုံ။
ဆက်ရက်ကယ်သာသာနှင့်
ယော်ရွက်ဝါတမာနု
လွမ်းသူ့ပူပုံ။
စရိုက်ကယ်လှုံ
ပင်မြုံမြင့်သိုက်နန်း။
ထွက်စီးငယ်ဝှန်
ကျောက်စက်ကယ်ရေတံခွန်နှင့်
ဟေမဝန်သာယာနုပါဘိ
ယွန်းလုနွေဆန်း။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |