ပါပဝဂ်

၉။ ကောကခွေးမုဆိုးဝတ္ထု

ယော အပ္ပဒုဋ္ဌဿအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကောကအမည်ရှိသော ခွေးမုဆိုးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရဟန်းကို ခွေးဖြင့် ကိုက်စေသူ

ထိုမုဆိုးသည် တစ်နေ့သ၌ နံနက်အခါ လေးကိုထမ်း၍ ခွေးအပေါင်းခြံရံလျက် တောသို့ ထွက်သွားလတ်သည်ရှိသော် လမ်းခရီးအကြား၌ ဆွမ်းအလို့ငှာ ကြွဝင်လာသော ရဟန်းတော်တစ်ပါးကိုမြင်ရလျှင် အမျက်ထွက်လှသဖြင့် “ငါကား သူယုတ်ကို မြင်အပ်၏၊ ယနေ့ တစ်စုံတစ်ခုရခြင်းမဖြစ်တော့လတ္တံ့”ဟု ကြံလျက် ဖဲသွားလေသတတ်။ မထေရ်သည်လည်း ရွာ၌ဆွမ်းအလို့ငှာ လှည့်လည်ပြီးလျှင် ဆွမ်းစားခြင်းကိစ္စ ပြုပြီးလတ်သော် တစ်ဖန်ကျောင်းသို့ ပြန်သွားလေ၏။ မုဆိုးသည်လည်း တောသို့ သွားလာလှည့်လည်၍ တစ်စုံတစ်ခုကိုမရဘဲ ပြန်လာသည်ရှိသော် တစ်ဖန် မထေရ်ကို မြင်ပြန်လျှင် “ယနေ့ ငါသည် ဤသူယုတ်ကို မြင်ရသဖြင့် တောသို့သွားရာ တစ်စုံတစ်ခုကိုမျှ မရ၊ ယခုတစ်ဖန်လည်း ငါ၏ ရှေးရှုမျက်မှောက်ဖြစ်ပြန်ပြီ၊ ထိုရဟန်းကို ခွေးတို့ဖြင့် ကိုက်ခဲစေတော့အံ့”ဟု အချက်ပေး၍ ခွေးတို့ကိုလွှတ်လေ၏။ မထေရ်သည် “ဒါယကာ- ဤသို့မပြုပါလင့်”ဟု တောင်းပန်လေ၏။ “ယနေ့ ငါကား သင်၏ မျက်မှောက်ရှေးရှုဖြစ်ခြင်းကြောင့် တစ်စုံတစ်ခုကိုမျှ မရ၊ တစ်ဖန်လည်း ငါ၏မျက်မှောက် ရှေးရှုအဖြစ်သို့ ရောက်လာပြန်သည်၊ သင့်ကို ကိုက်ခဲစေအံ့”ဟုဆို၍ ခွေးတို့ကိုလွှတ်လိုက်သည်သာလျှင်တည်း။ မထေရ်မြတ်သည် သစ်ပင်တစ်ခုသို့ လျင်မြန်စွာတက်ပြီးလျှင် တစ်သူ(လက်ခုပ်တစ်ဖောင်) အတိုင်းအရှည်ရှိသောအရပ်၌ နေတော်မူရလေ၏။ ခွေးတို့လည်း သစ်ပင်ကိုခြံရံလျက် နေကြလေကုန်၏။ မုဆိုးသည် လိုက်သွား၍ “သစ်ပင်ကို တက်သော်လည်း အသင့်အား သေဘေးမှ လွတ်ခြင်းသည် မရှိ”ဟုဆိုလျက် ထိုရဟန်းကို မြားဦးချွန်ဖြင့် ခြေဖဝါးအပြင်၌ ထိုးလေ၏။ မထေရ်သည် “ဤသို့ မပြုပါလင့်”ဟု မုဆိုးကိုတောင်းပန်လေ၏။ မုဆိုးသည် ထိုရဟန်းတောင်းပန်ခြင်းကို နားမထောင်, မနာယူမူ၍ အဖန်တလဲလဲသာလျှင် ထိုးလေ၏။

မုဆိုးအသားကို မုဆိုးခွေးတို့ စားခြင်း

မထေရ်သည် တစ်ဖက်သောခြေဖဝါးအပြင်ကို ထိုးသည်ရှိသော် ထိုခြေကိုကြွ၍ နှစ်ခုမြောက်သောခြေကို အောက်သို့ တွဲလျားချသဖြင့် ထိုချသောခြေကို ထိုးပြန်သည်ရှိသော် ထိုခြေကိုလည်း ကြွ၍ထားရ၏။ ဤသို့မုဆိုးသည် ရဟန်း၏တောင်းပန်ခြင်းကို နားမထောင် မနာယူမူ၍သာလျှင် ခြေဖဝါးပြင်နှစ်ဖက်တို့ကို ထိုးလေ၏။ မထေရ်၏ ကိုယ်အလုံးသည် မီးဖြင့်ရှို့မြိုက်သကဲ့သို့ ဖြစ်ရှာလေ၏။ ထိုမထေရ်သည် ဆင်းရဲခြင်းဝေဒနာသို့ အစဉ်ရောက်သည်ဖြစ်ရကား သတိကို ရှေးရှုထင်စေခြင်းငှာ မတတ်နိုင်သဖြင့် ရုံသောသင်္ကန်း လျှောကျသည်ကိုမျှလည်း မမှတ်သားနိုင်၊ လျှောကျသော ထိုသင်္ကန်းသည် ကောကမည်သော မုဆိုးကို ဦးခေါင်းမှစ၍ ခြုံရုံရစ်ပတ်လျက်သာ ကျလာလေ၏။ ခွေးတို့သည် “မထေရ်ကြီး ကျလာပြီ”ဟူသော အမှတ်ဖြင့် သင်္ကန်းကြားသို့ ဝင်ပြီးလျှင် မိမိသခင်ဖြစ်သောမုဆိုးကို ဆွဲထုတ်နုတ်ယူကာ စားကြကုန်လျက် အရိုးမျှလောက်သာ ကြွင်းကျန်အောင် ပြုကြလေကုန်၏။ ခွေးတို့သည် သင်္ကန်းကြားမှထွက်၍ အပ၌နေကြကုန်၏။ ထိုအခါ မထေရ်သည် ခွေးတို့အား သစ်ကိုင်းခြောက်တစ်ခုကိုချိုး၍ ပစ်လေ၏။ ခွေးတို့သည် မထေရ်ကိုမြင်လျှင် “ငါတို့ကား သခင်ကိုသာလျှင် ကိုက်၍ စားမိခဲ့ချေပြီ”ဟု သိသဖြင့် တောသို့ ဝင်ပြေးလေကုန်၏။ မထေရ်သည်လည်း “ငါ၏ သင်္ကန်းကြားသို့ဝင်၍ ဤမုဆိုးသည် သေကျေပျက်စီးရလေ၏၊ ငါ၏သီလသည် အပြစ်အနာကင်းပါ၏လော”ဟု ပူပန်ခြင်းကို ဖြစ်စေလေ၏။ ထိုမထေရ်သည် သစ်ပင်ထက်မှဆင်းသက်၍ ဘုရားရှင်၏အထံတော်သို့ သွားပြီးလျှင် အစမှစ၍ ထိုအကြောင်းကို လျှောက်ကြားလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်၏ သင်္ကန်းကိုမှီ၍ ထိုဒါယကာသည် ပျက်စီးရရှာလေ၏၊ ထို့ကြောင့် တပည့်တော်အား ရဟန်း၏အဖြစ်သည် မရှိပါပြီလောဘုရား” ဟူ၍လည်း မေးလျှောက်လေ၏။

မပြစ်မှားသင့်သူကို ပြစ်မှား၍ ပျက်စီးခြင်း

ဘုရားရှင်သည် ထိုရဟန်း၏စကားကိုကြားရလျှင် “ချစ်သားရဟန်း- သင်၏သီလသည် အပြစ်အနာမရှိ၊ သင့်အား ရဟန်း၏အဖြစ်သည် ရှိ၏၊ ထိုမုဆိုးကား မပြစ်မှားအပ်သောသူကို ပြစ်မှားမိခြင်းကြောင့် ပျက်စီးခြင်းသို့ ရောက်ရလေ၏။ ထိုမုဆိုးသည် ယခုသာလျှင် မဟုတ်သေး၊ ရှေးလွန်လေပြီးသောအခါ၌လည်း မပြစ်မှားအပ်သောသူတို့ကို ပြစ်မှားခြင်းကြောင့် ပျက်စီးခြင်းသို့ ရောက်ဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ထိုအကြောင်းကို ထင်ရှားပြလိုရကား အတိတ်ကို ဆောင်တော်မူလေ၏။

အတိတ်ဘဝကလည်း ယုတ်မာခဲ့သူ

လွန်လေပြီးသောအခါ ဆေးသမားတစ်ယောက်သည် ဆေးကုခြင်းငှာ ရွာသို့ လှည့်လည်လတ်သော် တစ်စုံတစ်ခုသော ဆေးကုဖွယ်အမှုကို မရခြင်းကြောင့် မွတ်သိပ်ဆာလောင်သောသဘောရှိသဖြင့် ထွက်လာခဲ့ပြီးလျှင် ရွာတံခါး၌ များစွာသောသူငယ်တို့ ကစားနေကြသည်တို့ကို မြင်ရလျှင် “ဤသူငယ်တို့ကို မြွေဖြင့်ကိုက်စေ၍ ဆေးကုရသည်ရှိသော် ထမင်းအာဟာရကို ရပေလတ္တံ့”ဟု တစ်ခုသောသစ်ပင်၌ သစ်ခေါင်းဝတွင် ဦးခေါင်းကိုထုတ်၍ အိပ်နေသောမြွေကို ပြပြီးလျှင် “အိုသတို့သားငယ်တို့- ဤငှက်သည် သာလိကာငယ်တည်း၊ ထိုသာလိကာကို ဖမ်းကြကုန်လော့”ဟု ဆိုလေသတတ်။ ထိုအခါ သတို့သားငယ်တစ်ယောက်သည် မြွေကို လည်ပင်း၌ မြဲစွာဆုပ်ကိုင်သဖြင့် ထိုသတ္တဝါ၏ မြွေဖြစ်ခြင်းကိုသိရလျှင် ဟစ်ကြွေးမြည်တမ်းလျက် မနီးမဝေးသောအရပ်၌ ရပ်နေသော ဆေးသမား၏ ဦးထိပ်ထက်သို့ ပစ်မိလေ၏။ မြွေသည် ဆေးသမား၏ပခုံးရိုးကို ရစ်ပတ်လျက် ပြင်းစွာကိုက်ခဲခြင်းကြောင့် ဆေးသမား ထိုအရပ်၌ပင် အသက်ကုန်ခြင်းသို့ ရောက်စေလေ၏။ ဤသို့လျှင် ကောကမည်သော ဤခွေးမုဆိုးသည် ရှေး၌လည်း မပြစ်မှားအပ်သောသူကို ပြစ်မှားခြင်းကြောင့် ပျက်စီးခြင်းသို့ ရောက်ဖူးသည်သာလျှင်တည်းဟု မြတ်စွာဘုရားသည် လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၁၂၅] ယော အပ္ပဒုဋ္ဌဿ နရဿ ဒုဿတိ၊ သုဒ္ဓဿ ပေါသဿ အနင်္ဂဏဿ။
တမေဝ ဗာလံ ပစ္စေတိ ပါပံ၊ သုခုမော ရဇော ပဋိဝါတံဝ ခိတ္တော။

ယော၊ အကြင်မလိမ္မာသောသူသည်။ အပ္ပဒုဋ္ဌဿ၊ ဘယ်သူအားမျှ မပြစ်မှားတတ်သော။ သုဒ္ဓဿ၊ ပြစ်မှုလွတ်ကင်း စင်ကြယ်ခြင်းရှိသော။ အနင်္ဂဏဿ၊ ညစ်ကျကိလေ ကင်းကွေပြီးသော။ ပေါသဿ၊ မွေးမြူပူဇော်ထိုက်သော။ နရဿ၊ သတ္တဝါအား။ ဒုဿတိ၊ ပုတ်ခတ်ခြင်း စသည်ဖြင့် ပြစ်မှား၏။ တမေဝ ဗာလံ၊ ထိုမလိမ္မာသောသူ၏ အထံသို့သာလျှင်။ ပါပံ၊ ပြစ်မှားသော ထိုမကောင်းမှုသည်။ ပဋိဝါတံ၊ လေညာသို့။ ခိတ္တော၊ ပစ်အပ်သော။ သုခုမော၊ သိမ်မွေ့သော။ ရဇော ဣဝ၊ မြူကဲ့သို့။ ပစ္စေတိ-ပတိဧတိ၊ မကောင်းကျိုးအဖြစ်ဖြင့် ရှေးရှုလှည့်ကာ ပြန်၍လာ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုရဟန်းသည် အရဟတ္တဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ကောကခွေးမုဆိုးဝတ္ထုပြီး၏။