ကောက်စိုက်သမဖွဲ့ ဗုံကြီးသံ
ပျိုလေးတို့ ကောက်စိုက်ရာ၊
လိုက်လာနှင့် လေး။
လိုက်လာလျှင် ရွှံ့စင်ရော့မယ်၊
ပေါင်းကြော့ ရင်သွေး။ ။
မဲပန်းညို ပတ်လည်ဝိုက်လို့၊
ထပ်စိုက်တဲ့ မရိုးခိုင်ငယ်၊
ကိုးတိုင်က မွှေး။
လယ်ပွဲတော်ဝင်၊
ပန်ချင်လျှင် ပုံတော်တီး(ထီး)ငယ်၊
ခေါင်းဖြီး(ဘီး)ခဲ့လေး။ ။
အောင်ပင်လယ် ကန်မြမင်းနှင့်၊
ရန်ကင်းတောင် သီခေါင်၊
ရီမှောင်လို့ ဖွေး။
ပျာကသီ၊ တာဆီကို မရွာပါနှင့်၊
မင်္ဂလာလယ်တော်စိုက်ကို၊
ဆိုင်းလိုက်ပါလေး။ ။
ပျိုစိုက်တဲ့ လယ်ကန်သင်းက၊
ရွှေယင်းမာပင်။
မပွင့်ခင်က ငုံတန်သေးငယ်၊
ချိုး ပန်ခဲ့လေး။
တို့တိုင်းမြေနယ်ပေါ်၊
လယ်တော်နှင့် လေး … တော့။
အို-ဘုန်းတော်လေ ကြီးလို့၊
လယ်တော်လေ သီးလို့၊
ပြည်ကြီးမို့လေး။
ရွှေမန်းမြို့ စံရာ၊
ရန်ကွာလို့ ဝေး … တော့။
အို-စက်တော်လေအောက်မတော့၊
ဆဒ္ဒန်ရောက်ပေါ့၊ ရန်ပြန်လို့အေး။ ။
မိုးချုပ်လို့ ချိန်တန်၊
ပြန်ချိန်မှ မျှော်ကွဲ့လေး။
ရွှေဘိုးခေါင် ညီနောင်အိပ်တဲ့၊
တောင်ထပ်ကို နေစွယ်ခမှ၊
ချစ်တဲ့လူ ရွှေယောင်ပွက၊
ကြိုပါ့(ပ)ကွဲ့လေး။ ။
တို့နန္ဒာ လယ်တော်တိုက်မအေ့၊
ညည်းစိုက်တဲ့ ကောက်သွယ်ငယ်၊
မှန်း-ဘယ်မျှကြီး။
ဟော ကြည့်စမ်းမွန်၊
တနှံကို ဆယ်ပြည်ထွက်တယ်၊
ဖြိုးအက်လို့ သီး။ ။
တို့နန္ဒာ ကန်တော်လယ်မှာ၊
နှိုင်းဘွယ်ရှိ(ယှိ)ဘူး။
အကျွန်စိုက်တဲ့ ပျို့(ပျိုး)ကောက်ပင်၊
ဆင်ပေါက်ကယ် ဆယ်ကောင်ဝင်တော့၊
ရှာမမြင် အနှံဖူး၊
သုံးထွာကကြူး။
မှတ်ချက်
- (...) အတွင်းမှ စကားလုံးများသည် ဂီတဝိသောဓနီမူမှ ဖြစ်သည်။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |