ကောင်းမှုအကျိုး
သင်ခန်းစာ (၁၀)
ကောင်းမှုအကျိုး
ပြင်ဆင်ရန်ရှေးအခါက ကမ်းခြေရွာလေးတစ်ရွာတွင် လူငယ်တစ်ဦး ရှိသည်။ သူ့အမည်မှာ မောင်သီလဖြစ်၏။ သူသည် ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်သည်။ နေ့စဉ်နေ့တိုင်း ဘုရားရှိခိုး၊ ငါးပါးသီလဆောက်တည်ပြီး သတ္တဝါအားလုံးကို အမျှပေးဝေလေ့ရှိသည်။ တစ်နေ့တွင် မောင်သီလသည် သင်္ဘောကြီးဖြင့် ခရီးထွက်ခဲ့ရာ လမ်းခရီး၌ သင်္ဘောပျက်လေသည်။ သူသည် နီးစပ်ရာ သစ်တုံးတစ်တုံးကို ဖက်ပြီး လိုက်ပါခဲ့ရသည်။ သူနှင့် အတူ မောင်ဗာလဆိုသူလည်း လိုက်ပါလာခဲ့သည်။ သူတို့နှစ်ဦးသည် ကျွန်းတစ်ကျွန်းပေါ်သို့ ရောက် သွားကြသည်။ ။
မောင်သီလသည် ကျွန်းပေါ်ရောက်သည်နှင့် မိမိပြုနေကျအတိုင်း ဘုရားရှိခိုးခြင်း၊ သီလဆောက် တည်ခြင်း၊ မေတ္တာပို့ခြင်း၊ အမျှဝေခြင်းများကို ပြုလုပ်သည်။ သူတစ်ပါးအသက်ကို မသတ်ဘဲ သစ်သီး များသာ စားသောက်ပြီး နေထိုင်သည်။
မောင်ဗာလကား ကျွန်းပေါ်ရှိ ငှက်ကလေးများ၊ ယုန်ကလေးများကို သတ်ဖြတ်စားသောက်လေ သည်။ ထို့ကြောင့် ကျွန်းစောင့်နတ်များသည် နေ့စဉ် ဘုရားရှိခိုးပြီး အမျှပေးဝေသော မောင်သီလ ကိုသာ ကယ်တင်ရန် ဆုံးဖြတ်ကြလေသည်။
နဂါးမင်းသည် သူ၏ ခန္ဓာကိုယ်ကို သင်္ဘောအဖြစ် ဖန်ဆင်းလိုက်သည်။ ပင်လယ်ရေစောင့်နတ် ကလည်း သင်္ဘောမောင်းသူအသွင် ဖန်ဆင်းပြီး သင်္ဘောဝမ်းဗိုက်ထဲတွင် ရွှေငွေကျောက်သံပတ္တမြားများ ထည့်ကာ ကျွန်းနားသို့ ကပ်လာခဲ့သည်။ နတ်များသည် သင်္ဘောပေါ်သို့ မောင်သီလကိုသာ တက်ခွင့် ပြုသည်။ ဘုရားတရားကို သတိမရဘဲ သူတစ်ပါးအသက်ကို သတ်ဖြတ်စားသောက်နေသော မောင်ဗာလကို တက်ခွင့်မပြုကြပေ။ ထိုအခါ စိတ်ထားကောင်းသော မောင်သီလသည် သူပြုထားသော ကုသိုလ်ကောင်းမှု၏ အဖို့ကို မောင်ဗာလအား အမျှပေးဝေသည်။ မောင်ဗာလက သာဓုခေါ်လိုက်သည့်အခါမှသာ နတ်များက သင်္ဘောပေါ် တက်ခွင့်ပြုခဲ့ကြလေသည်။ ကုသိုလ်ကောင်းမှု အမြဲပြုသော မောင်သီလကြောင့် သူတို့နှစ်ဦးသည် ကမ်းခြေရွာလေးသို့ ပျော်ရွှင်စွာ ပြန်ရောက်ခဲ့ကြလေသည်။ မောင်ဗာလသည် မောင်သီလကို အားကျပြီး ကုသိုလ်ကောင်းမှုများကို မမေ့မလျော့ ပြုလုပ်နေထိုင်သွားပါတော့သည်။
အမျှဝေ
ပြင်ဆင်ရန်ဤသို့ပြုရ၊ မြတ်ပုညကို၊ ကြီးထမြင့်ခေါင်၊ မြင်းမိုရ်တောင်ဦး၊ မကကြူးသား၊ ကျေးဇူးအရှင်၊ မွေး မိခင်နှင့်၊ ဖခင်တို့အား၊ ရငြားပါစေ၊ အမျှဝေ၏။ မသွေနိစ္စ၊ ဤကာယကို၊ စောင့်ထပေတတ်၊ ကိုယ်စောင့် နတ်လည်း၊ မလပ်စေရ၊ ပေးဝေငှ၏။
မိတ္တဆွေဉာ၊ ဆရာသမား၊ ဘိုးဘွားကစ၊ ယမရာဇာ၊ ဒေဝါယက္ခ၊ ဣန္ဒဘုမ္မာ၊ အာကာသနတ်၊ အထူးမှတ်၍၊ မပြတ်ပုည၊ ကုသလကို၊ ရကြပါစေ၊ အမျှဝေ၏။ သဗ္ဗေ သတ္တာ၊ သတ္တဝါဟု၊ နာနာလောက၊ အနန္တတွင်၊ မပြတ်စဉ်ကာ၊ သတ္တာဝါသ၊ ဘုံကိုးဝနှင့်၊ ဝိညာဏဋ္ဌိတိ၊ တည်ရှိခုနစ်ပါး၊ များစွာလုံးစုံ၊ ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်သမျှ၊ ဝေနေယျအား၊ အမျှကုသိုလ်၊ ပေးဝေလို၏။
ထိုကုသလ၊ ဤပုညကို၊ အမျှရကြသည် ဖြစ်စေသောဝ်။ ဝသုန္ဓရ၊ ဤမြေပံသု၊ သိလာထုလည်း၊ သက်သေအမှု၊ တည်စေသောဝ်။ (အမျှ ... အမျှ... အမျှ ယူတော်မူကြပါကုန်လော့။ သာဓု .. သာဓု .. သာဓု ...) (၃ ကြိမ်)