ကောသမ္ဗိဝါသီတိဿတ္ထေရသာမဏေရဝတ္ထု

892ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၇။ ကောသမ္ဗိဝါသီတိဿတ္ထေရသာမဏေရဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

အရဟန္တဝဂ်

၇။ ကောသမ္ဗီဝါသီ တိဿမထေရ်၏ သာမဏေဝတ္ထု

သန္တံ တဿ မနံ ဟောတိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် တိဿမထေရ်၏ သာမဏေကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တပည့်လိမ္မာ ဆရာအာပတ်လွတ်ခြင်း

ကောသမ္ဗီပြည်၌နေသော အမျိုးသားတစ်ယောက်သည် ဘုရားရှင်၏သာသနာတော်၌ ရှင်သာမဏေပြု၍ ပဉ္စင်းအဖြစ်ကို ရပြီးသည်ရှိသော် ကောသမ္ဗီပြည်၌ နေလေ့ရှိခြင်းကြောင့် “ကောသမ္ဗီဝါသီတိဿမထေရ်”ဟူ၍ ကျော်စော ထင်ရှားလေသတတ်။ ကောသမ္ဗီပြည်၌ ဝါကျွတ်ပြီးသည်ရှိသော် ထိုမထေရ်အား အလုပ်အကျွေး ဒါယကာသည် သင်္ကန်းသုံးထည်ကိုလည်းကောင်း၊ ထောပတ်တင်လဲကိုလည်းကောင်း ဆောင်၍ ခြေရင်း၌ လှူရန်ထားလေ၏။ ထိုအခါ ဒါယကာကို မထေရ်သည် “ဒါယကာ- ဤသည်ကား အဘယ်နည်း”ဟု မေးလေ၏။ “အရှင်ဘုရား- အရှင်ဘုရားတို့ကို တပည့်တော်သည် ဝါဆိုစေအပ်ကုန်သည် မဟုတ်ပါလော။ တပည့်တော်တို့၏ကျောင်း၌ ဝါကျွတ်ကုန်သောရဟန်းတို့သည် ဤလာဘ်လာဘကို ရကြပါကုန်၏။ အရှင်ဘုရား- ခံယူတော်မူကြပါဘုရား”ဟု လျှောက်ထားသဖြင့် “ဒါယကာ- ထိုသို့ဖြစ်စေကာမူ ငါ့အား ဤလာဘ်လာဘဖြင့် အလိုမရှိ”ဟု မိန့်ဆိုလေ၏။ “အရှင်ဘုရား အကြောင်းကား အသို့ပါနည်းဘုရား”ဟု လျှောက်လျှင် “ဒါယကာ- ငါ့အထံ၌ ကပ္ပိယကာရကဖြစ်သော သာမဏေသည်လည်း မရှိ”ဟု မိန့်တော်မူ၏။ “အရှင်ဘုရား- ကပ္ပိယကာရက အကယ်၍ မရှိသည်ဖြစ်အံ့၊ တပည့်တော်၏သားသည် အရှင်ဘုရား၏အထံတော်၌ သာမဏေဖြစ်ပါလိမ့်မည်ဘုရား”ဟု လျှောက်လတ်သော် မထေရ်မြတ်သည် သည်းခံတော်မူလေ၏။ ဒါယကာသည်လည်း ခုနစ်နှစ်အရွယ်သာရှိသော မိမိ၏သားကို မထေရ်အထံသို့ ဆောင်ပို့၍ “ဤသတို့သားကို ရှင်သာမဏေပြုပေးတော်မူကြပါဘုရား”ဟု အပ်နှင်းလေ၏။ ထိုအခါ မထေရ်သည် ထိုသူငယ်၏ဆံတို့ကို ရေဆွတ်လျက် တစပဉ္စက ကမ္မဋ္ဌာန်းကိုပေး၍ ရှင်သာမဏေပြုပေးတော်မူလေ၏။ ထိုသာမဏေသည် ဆံရိတ်သော သင်ဓုန်းအဆုံး၌ပင်လျှင် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ မထေရ်သည် ထိုသူငယ်ကို ရှင်သာမဏေပြုပေးပြီး၍ လခွဲပတ်လုံး ထိုကျောင်း၌နေပြီးလျှင် “ဘုရားရှင်ကို ဖူးမြင်အံ့”ဟု သာမဏေကို ပရိက္ခရာ ယူစေ၍ ကြွတော်မူရာ လမ်းခရီးအကြား၌ ကျောင်းတစ်ခုသို့ ဝင်ရောက်လေ၏။

သာမဏေသည်လည်း ဥပဇ္ဈာယ်ဆရာတို့၏အလို့ငှာ အိပ်ရာနေရာတို့ကိုယူ၍ သုတ်သင်ရှင်းလင်း၏။ ထိုနေရာကို သာမဏေ သုတ်သင်ရှင်းလင်းစဉ်ပင်လျှင် နေဝင်မိုးချုပ်ခြင်း ဖြစ်သောကြောင့် မိမိအလို့ငှာ အိပ်ရာနေရာကို သုတ်သင် ရှင်းလင်းခြင်းငှာ မတတ်နိုင်၊ ထိုအခါ ခစားသင့်သော အချိန်ကာလ၌ လာရောက်၍နေသော သာမဏေကို မထေရ်သည် “သာမဏေ- သင်သည် မိမိအလို့ငှာ နေရာအရပ်ကို သုတ်သင်ပြီးပြီလော”ဟု မေးတော်မူ၏။ “အရှင်ဘုရား- သုတ်သင်ခြင်းငှာ အခွင့်ကို မရပါဘုရား”ဟု လျှောက်သောအခါ “ထိုသို့ဖြစ်မူ ငါ့နေရာအရပ်၌သာလျှင် နေလော့။ ဧည့်သည် အာဂန္တုတို့၏ နေရာအပြင်ပ၌ နေခြင်းသည် သင့်အား ဆင်းရဲ၏”ဟု ဆိုသဖြင့် သာမဏေကို ယူ၍ ကျောင်းသို့ ဝင်လေ၏။ မထေရ်သည်ကား ပုထုဇဉ်ဖြစ်သောကြောင့် လျောင်းစက်ကာမျှသာလျှင် အိပ်ပျော်ခြင်းသို့ ရောက်လေ၏။ သာမဏေသည် ဤသို့ ကြံဆင်ခြင်၏၊ “ယနေ့ကား ဥပဇ္ဈာယ်ဆရာနှင့်အတူတကွ တစ်မိုးတစ်ရံတည်းသောကျောင်း၌ ငါအိပ်ရသည်မှာ သုံးရက်ရှိကုန်ပြီ၊ အကယ်၍ တုံးလုံးလှဲလျက် ငါအိပ်သည်ဖြစ်အံ့၊ မထေရ်သည် သဟသေယျအာပတ်သို့ ရောက်ခဲ့ရာ၏”ဟု ကြံဆင်ခြင်လျက် “ထိုင်လျက်သာလျှင် ညဉ့်အချိန်ကို လွန်စေအံ့”ဟု ဥပဇ္ဈာယ်ဆရာ၏ ညောင်စောင်းအနီး၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေလျက်သာ ညဉ့်ကိုလွန်စေလေ၏။ မထေရ်သည် နံနက်စောစောအခါ အိပ်ရာမှထ၍ “သာမဏေကို ပြင်ဘက်သို့ ထွက်စေခြင်းငှာ သင့်၏”ဟု ညောင်စောင့်တစ်ဘက်နံပါး၌ ထားအပ်သော ယပ်ကို ယူပြီးလျှင် ယပ်ရွက်အစွန်းဖြင့် သာမဏေ၏သင်ဖျူးကို ပုတ်ခတ်၍ ယပ်ကို အထက်သို့မြှောက်လျက် “အပသို့ ထွက်လော့”ဟု ဆိုလေ၏။

(တစ်မိုးတစ်ရံတည်းသောကျောင်း၌ လူသာမဏေနှင့် သုံးရက်ပတ်လုံး နံနက်အရုဏ်တက်အောင် အိပ်မိလျှင် နောက်ညဉ့် နေဝင်ချိန်မှ အရုဏ်တက်ချိန်အတွင်း လူသာမဏေနှင့် မအိပ်ရ၊ အာပတ်သင့်၏၊ သုံးရက်သာ အိပ်ခွင့်ရ၏ဟူလို။ မာတုဂါမနှင့်ကား ညဉ့်အချိန် တစ်ခဏမျှ အခွင့်မရ။)

တပည့်မျက်စိပျက်၍ ဆရာပင်ပန်းခြင်း

ယပ်ရွက်ရိုးသည် မျက်စိ၌ ထိုးမိထိခိုက်လေ၏။ ထိုခဏ၌ပင်လျှင် မျက်စိပေါက်ကွဲ ပျက်စီးလေ၏။ “အပသို့ ထွက်လော့”ဟု ဆိုလျှင်ဆိုချင်း ထိုသာမဏေသည်လည်း “အရှင်ဘုရား- အဘယ်ပါနည်းဘုရား”ဟု လျှောက်ဆိုလျက် ထပြီးလျှင် “အရှင်ဘုရား- တပည့်တော်၏မျက်စိ ပေါက်ကွဲပျက်စီးပါပြီဘုရား”ဟု မဆိုမူ၍ လက်တစ်ဘက်ဖြင့်ဖုံးအုပ်ကာ ထွက်သွားရှာလေ၏။ ဝတ်ကြီးဝတ်ငယ်ပြုသောအခါ၌လည်း လက်တစ်ဘက်ဖြင့် မျက်စိကိုမ၍ လက်တစ်ဘက်ဖြင့် လက်ဆုပ်တံမြက်စည်းကိုယူလျက် ဝစ္စကုဋိကိုလည်းကောင်း မျက်နှာသစ်ရာ အရပ်ကိုလည်းကောင်း တံမြက်လှည်းပြီးလျှင် မျက်နှာသစ်ရေကိုလည်း တည်ထား၍ ပရိဝုဏ်ကို တံမြက်လှည်း၏။ ထို့နောက် သာမဏေသည် ဥပဇ္ဈာယ်ဆရာအား ဒန်ပူကို ဆက်ကပ်သည်ရှိသော် လက်တစ်ဘက်ဖြင့်သာလျှင် ဆက်ကပ်ရလေ၏။

ထိုအခါ သာမဏေကို ဥပဇ္ဈာယ်ဆရာသည် “ဤသာမဏေကား သင်ကြားတတ်မြောက်ခြင်း ကင်းလေစွတကား။ ဆရာဥပဇ္ဈာယ်တို့အား လက်တစ်ဘက်တည်းဖြင့် ဒန်ပူကို ဆက်ကပ်ခြင်းငှာ မသင့်မလျော်”ဟု မိန့်ဆိုလေ၏။ “အရှင်ဘုရား- တပည့်တော်သည် ဤသို့ပြုလျှင် မသင့်မလျော်ဟု သိပါသည်။ ထိုသို့သိသော်လည်း တပည့်တော်၏ လက်တစ်ဘက်သည် အချည်းနှီးမဟုတ်ပါဘုရား”ဟု လျှောက်ထားလေသော် “သာမဏေ- အသို့နည်း”ဟု မေးပြန်လေ၏။ သာမဏေသည် အစမှစ၍ ထိုအကြောင်းကို လျှောက်ကြားလေ၏။ မထေရ်သည် ကြားလျှင်ကြားချင်းထိတ်လန့်သော စိတ်နှလုံးရှိသဖြင့် “ငါကား အလွန်ဝန်လေးစွာသောအမှုကို ပြုမိလေစွတကား”ဟု ဆို၍ “သူတော်ကောင်း သာမဏေ- ငါ့အား သည်းခံပါလော့။ ဤအကြောင်းကို ငါမသိ၊ ငါ၏ကိုးကွယ်ရာ ဖြစ်ပါလော့”ဟု လက်အုပ်ချီလျက် ခုနစ်နှစ်ရှိသော သာမဏေငယ်၏ခြေရင်း၌ ဆောင့်ကြောင့်ထိုင်နေလေ၏။ ထိုအခါ မထေရ်ကို သာမဏေသည် “အရှင်ဘုရား- တပည့်တော်ကား ဤသို့ တောင်းပန်ရှိခိုးစိမ့်သောငှာ ဆိုသည်မဟုတ်ပါ။ အရှင်ဘုရားတို့၏ စိတ်တော်ကို စောင့်ရှောက်လိုပါသဖြင့် တပည့်တော် ဤသို့ ဆိုပါသည်၊ ဤအရာ၌ အရှင်ဘုရားတို့၏ အပြစ်မဟုတ်ပါ။ တပည့်တော်၏အပြစ်လည်း မဟုတ်ပါ။ ဤအပြစ်သည် သံသရာဝဋ်၏ အပြစ်သာဖြစ်ပါသည်။ ထွေထွေရာရာ မကြံကြပါလင့်။ တပည့်တော်သည် အရှင်ဘုရားတို့၏ နှလုံးမသာယာခြင်းကို စောင့်ရှောက်သောအားဖြင့်သာလျှင် မလျှောက်ကြားဘဲ နေပါသည်ဘုရား”ဟု လျှောက်ဆိုလေ၏။ မထေရ်ကား သာမဏေက သက်သာရာရအောင် နှစ်သိမ့်စေသော်လည်း မနှစ်သိမ့်မူ၍ ဖြစ်သောထိတ်လန့်ခြင်းရှိလျက် သာမဏေ၏ ပရိက္ခရာကိုယူ၍ ဘုရားရှင်၏အထံတော်သို့ သွားလေ၏။

မြတ်စွာဘုရားသည်လည်း ထိုကောသမ္ဗီဝါသီ တိဿရဟန်း၏ လာခြင်းကို ကြည့်ရှုလျက်သာ နေတော်မူလေ၏။ မထေရ်သည် သွားရောက်၍ ဘုရားရှင်ကို ရှိခိုးပြီးလျှင် ဘုရားရှင်နှင့်အတူတကွ ဝမ်းမြောက်ဝမ်းသာ ပြောကြားခြင်းကို ပြုသဖြင့် “ရဟန်း- သင့်အား ခန့်ကျန်း၏လော၊ တစ်စုံတစ်ခု လွန်စွာဖြစ်သော မချမ်းမသာခြင်းသည် ဖြစ်လေသလော”ဟု မေးမြန်းအပ်သည်ရှိသော် မထေရ်သည် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ခန့်ကျန်းပါ၏၊ တပည့်တော်အား တစ်စုံတစ်ခု လွန်စွာဖြစ်သော မချမ်းသာခြင်းမရှိပါ။ စင်စစ်မူကား တပည့်တော်၏ ဤသာမဏေငယ်ကဲ့သို့ လွန်ကဲသောဂုဏ်ကျေးဇူးရှိသောသူကို မမြင်စဖူးပါဘုရား”ဟု လျှောက်ထားလေ၏။

“ချစ်သားရဟန်း- အဘယ်အမှုကို ဤသာမဏေငယ် ပြုဖူးလေသနည်း”ဟု မေးတော်မူလတ်သော် မထေရ်သည် အစမှစ၍ အလုံးစုံသော ထိုအကြောင်းကို မြတ်စွာဘုရားအား ပြောကြားလျှောက်ထားလျက် “မြတ်စွာဘုရား- ဤသို့လျှင် တပည့်တော်သည် သည်းခံစေအပ်သည်ရှိသော် တပည့်တော်ကို ဤသို့ ဆိုပါသည်။ “ဤအရာ၌ အရှင်ဘုရားတို့အား အပြစ်မရှိပါ။ တပည့်တော်အားလည်း အပြစ်မရှိပါ၊ ဤသို့ဖြစ်ရခြင်းသည် သံသရာဝဋ်၏ အပြစ်သာတည်း။ အရှင်ဘုရားတို့သည် ထွေထွေရာရာ မကြံကြပါကုန်လင့်”ဟု ဆို၍ သက်သာရာရအောင် နှစ်သိမ့်စေပါသေးသည်။ တပည့်တော်အပေါ်၌ ငယ်သောအမျက်ထွက်ခြင်း၊ ကြီးသောအမျက်ထွက်ခြင်းကို မပြုပါ။ မြတ်စွာဘုရား- ဤသို့သဘောရှိသော ဂုဏ်ကျေးဇူးနှင့်ပြည့်စုံသောသူကို မမြင်စဖူးပါဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ ထိုမထေရ်ကို “ချစ်သားရဟန်း- ရဟန္တာတို့မည်သည်ကား တစ်စုံတစ်ယောက်သောသူအား အမျက်မထွက်ကြကုန်၊ ပြစ်မှားခြင်းမပြုကြကုန်၊ ငြိမ်သက်သော ဣန္ဒြေရှိကုန်သည်ဖြစ်၍ ငြိမ်သက်သော စိတ်ရှိကုန်သည်သာလျှင် ဖြစ်ကြကုန်၏”ဟု မိန့်တော်မူလျက် အနုသန္ဓေစပ်၍ တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၉၆] သန္တံ တဿ မနံ ဟောတိ၊ သန္တာ ဝါစာ စ ကမ္မ စ။
သမ္မဒညာ ဝိမုတ္တဿ၊ ဥပသန္တဿ တာဒိနော။

သမ္မာ၊ သင့်သောအကြောင်းဖြင့်။ အညာ၊ သိ၍။ ဝိမုတ္တဿ၊ ကိလေသာမှ လွတ်ပြီးထသော။ ဥပသန္တဿ၊ အတွင်းရာဂစသည် ငြိမ်းခြင်းဖြင့် ငြိမ်းပြီးထသော။ တာဒိနော၊ ထိုသို့သဘောရှိသော။ တဿ၊ ထိုရဟန္တာသာမဏေ၏။ မနံ၊ စိတ်သည်။ သန္တံ၊ အဘိဇ္ဈာစသည် မရှိသဖြင့် ငြိမ်းအေးသည်။ ဟောတိ၊ ဖြစ်၏။ ဝါစာ စ၊ ဝစီကံစကားသည်လည်းကောင်း။ ကမ္မံ စ၊ ကာယကံ အမှုသည်လည်းကောင်း။ သန္တံ၊ ငြိမ်းအေးသည်။ ဟောတိ၊ ဖြစ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ကောသမ္ဗီပြည်၌ နေလေ့ရှိသော တိဿမထေရ်သည် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ ကြွင်းသော လူများအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ကောသမ္ဗီဝါသီတိဿမထေရ်၏ သာမဏေဝတ္ထုပြီး၏။