894ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၃။ ကောသလရညော ပရာဇယဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

သုခဝဂ်

၃။ ကောသလမင်း စစ်ရှုံးသော ဝတ္ထု

ဇယံ ဝေရံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကောသလမင်းကြီး၏ စစ်ရှုံးခြင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကောသလမင်း စစ်ရှုံး၍ သေရန် ကြံရွယ်ခြင်း

ကောသလမင်းကြီးသည် ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရနှင့် ဝေဒေဟီမိဖုရားတို့ကို ထိမ်းမြားစဉ်က မဟာကောသလခမည်းတော်မင်းမြတ်က ပေးသနားအပ်သော ကာသိကမည်သော ရွာကို ပြန်ရလိုမှုဖြင့် တူဖြစ်သော အဇာတသတ်မင်းနှင့် အတူတကွ စစ်ထိုးလတ်သည်ရှိသော် သုံးကြိမ်တိုင်တိုင် စစ်ရှုံးရှာရလေသတတ်၊ သုံးကြိမ်မြောက် ရှုံးသောအခါ၌ “ငါသည် နို့ရည်နံ့မှ မစင်သေးသော သူငယ်ကိုသော်လည်း စစ်ရှုံးစေခြင်းငှာ မတတ်နိုင်၊ ငါ့အား အသက်ရှင်ခြင်းဖြင့် အဘယ်အကျိုးရှိတော့အံ့နည်း”ဟု ကြံ၍ ကောသလမင်းကြီးသည် အစာဖြတ်ခြင်းကိုပြုလျက် ညောင်စောင်းထက်၌ စက်တော်ခေါ်လေ၏၊ ထိုအခါ ကောသလမင်းကြီး၏ ထိုအကြောင်းသည် မြို့အလုံးကိုလည်း ပျံ့နှံ့လေ၏။ ရဟန်းတို့သည် မြတ်စွာဘုရားအား “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ကောသလမင်းကြီးသည် ကာသိကရွာကိုမှီ၍ သုံးကြိမ်တိုင်တိုင် စစ်ရှုံးခဲ့လေသတတ်၊ ထိုကောသလမင်းကြီးသည် ယခုအခါ စစ်ရှုံးသဖြင့် ပြန်လာ၍ နို့ရည်နံ့မှ မစင်သေးသော သူငယ်ကို ရှုံးစေခြင်းငှာ မတတ်နိုင်၊ ငါ့အား အသက်ရှင်ခြင်းဖြင့် အဘယ် အကျိုးရှိတော့အံ့နည်းဟုကြံ၍ အာဟာရဖြတ်ခြင်းကို ပြုလျက် ညောင်စောင်းထက်၌ စက်တော်ခေါ်ပါသတတ်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏၊ ဘုရားရှင်သည် ထိုရဟန်းတို့၏စကားကို ကြားရလျှင် “ချစ်သားရဟန်းတို့- နိုင်သောသူသည်လည်း ရန်ပွား၏။ ရှုံးသောသူသည်ကား နှလုံးမသာမယာ ဆင်းရဲစွာ အိပ်စက်ရသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၂၀၁] ဇယံ ဝေရံ ပသဝတိ၊ ဒုက္ခံ သေတိ ပရာဇိတော။
ဥပသန္တော သုခံ သေတိ၊ ဟိတွာ ဇယပရာဇယံ။

ဇယံ-ဇယန္တော၊ သူတစ်ပါးကို အောင်သောသူသည်။ ဝေရံ၊ ရန်ကို။ ပသဝတိ၊ ပွားစေ၏။ ပရာဇိတော၊ ရှုံးသောသူသည်။ ဒုက္ခံ၊ ဆင်းရဲစွာ။ သေတိ၊ နေရ၏။ ဥပသန္တော၊ ငြိမ်းပြီးသော ကိလေသာရှိသော ရဟန္တာသည်။ ဇယပရာဇယံ၊ အောင်ခြင်း ရှုံးခြင်းကို။ ဟိတွာ၊ စွန့်၍။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ နေရ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ကောသလမင်း စစ်ရှုံးဝတ္ထု ပြီး၏။