ဗာလဝဂ်

၈။ လယ်ထွန်ယောက်ျားဝတ္ထု

န တံ ကမ္မံ ကတံ သာဓုအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် လယ်ထွန်ယောက်ျား တစ်ယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ငွေထုပ်လော မြွေဆိုးလော

ထိုလယ်ထွန်ယောက်ျားသည် သာဝတ္ထိပြည်မှ မနီးမဝေးသောအရပ်၌ တစ်ခုသောလယ်ကို ထွန်ယက်နေသတတ်။ ခိုးသူတို့သည် ရေပြွန်ပေါက်ဖြင့်သာလျှင် မြို့သို့ဝင်၍ တစ်ဦးသော ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာသော အမျိုးအိမ်၌ ဥမင်လိုဏ်ခေါင်းကို ဖျက်ဆီးဖောက်ထွင်း၍ များစွာသော ရွှေငွေတို့ကိုယူပြီးလျှင် ရေပြွန်ပေါက်ဖြင့်သာလျှင် ထွက်ခဲ့ကြလေကုန်၏။ တစ်ယောက်သော ခိုးသူသည် အဖော်ခိုးသူတို့ကို လှည့်ပတ်ပြီးလျှင် အသပြာတစ်ထောင်ဝင် အိတ်တစ်လုံးကို ခါးတောင်းကျိုက်၌ထားလျက် ထိုလယ်သို့ သွား၍ အဖော်ခိုးသူတို့နှင့် ဥစ္စာကိုခွဲဝေကာ ယူပြီးမှ သွားလေသည်ရှိသော် ခါးတောင်းကျိုက်မှကျသော အသပြာတစ်ထောင်ဝင်အိတ်ကို မမှတ်သားမိ သတိမရဖြစ်လေ၏။ ထိုနေ့၌ မြတ်စွာဘုရားသည် နံနက်စောစော မိုးသောက်သောအခါ လောကကို ကြည့်ရှုတော်မူသည်ရှိသော် ထိုလယ်ထွန်ယောက်ျားကို ကိုယ်တော်မြတ်၏ ဉာဏ်တော်တည်းဟူသော ကွန်ယက်၏အတွင်း၌ ဝင်လာသည်ကို မြင်ရတော်မူသဖြင့် “အသို့ဖြစ်လတ္တံ့နည်း”ဟု စူးစမ်းဆင်ခြင်တော်မူပြန်သည်ရှိသော် “ဤလယ်ထွန်ယောက်ျားသည် နံနက်စောစောကပင်လျှင် လယ်ထွန်ခြင်းငှာ သွားလတ္တံ့၊ ဥစ္စာရှင်တို့သည် ခိုးသူတို့၏ ခြေရာကိုလိုက်၍ ခါးတောင်းကျိုက်မှကျသော အသပြာထောင်ထုပ်အိတ်ကိုမြင်လျှင် ထိုလယ်ထွန်ယောက်ျားကို ဖမ်းယူကုန်လတ္တံ့၊ ငါဘုရားကိုထား၍ ထိုလယ်ထွန်ယောက်ျားအား တစ်ပါးသော သက်သေမည်သည် မဖြစ်လတ္တံ့၊ သောတာပတ္တိမဂ်၏ ဥပနိဿယသည်လည်း ထိုလယ်ထွန်ယောက်ျားအား ရှိ၏။ ထိုလယ်သို့ ငါဘုရားကြွခြင်းငှာ သင့်လျော်ပေ၏”ဟု ဤအကြောင်းကို မြင်တော်မူလေ၏။

ထိုလယ်ထွန်ယောက်ျားလည်း နံနက်စောစောကပင်လျှင် လယ်ထွန်ခြင်းငှာ သွားခဲ့လေ၏။ မြတ်စွာဘုရားသည် အရှင်အာနန္ဒာမထေရ်လျှင် နောက်လိုက်ရဟန်းရှိသဖြင့် ထိုလယ်တောသို့ ကြွသွားတော်မူလေ၏။ လယ်ထွန်ယောက်ျားလည်း မြတ်စွာဘုရားကိုမြင်သဖြင့် သွားတဲ့၍ ဘုန်းတော်သခင် အရှင်ဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီး တစ်ဖန် လယ်ထွန်ခြင်းငှာ အားထုတ်လေ၏။ မြတ်စွာဘုရားသည် ထိုလယ်ထွန်ယောက်ျားနှင့် တစ်စုံတစ်ခုသောစကားကို မိန့်ကြားပြောဆိုတော်မမူဘဲသာလျှင် အသပြာထောင်ထုပ်အိတ်၏ ကျရာအရပ်သို့ ကြွသွားတော်မူ၍ ထိုအသပြာထောင်ထုပ်အိတ်ကို မြင်တော်မူလျှင် အရှင်အာနန္ဒာမထေရ်ကို “ချစ်သားအာနန္ဒာ- လျင်သော အဆိပ်ရှိသောမြွေကို ကြည့်ရှုစမ်းလော့”ဟု မိန့်ဆိုတော်မူလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော် မြင်ပါသည်၊ ပြင်းထန်သော အဆိပ်ရှိသော မြွေပါဘုရား”ဟု လျှောက်ကြားလေ၏။ လယ်ထွန်ယောက်ျားသည်လည်း ထိုစကားကိုကြားရ၍ “ဤနေရာအရပ်သည် အခါဟုတ်သည်၌လည်းကောင်း၊ အခါမဟုတ်သည်၌လည်းကောင်း ငါ၏သွားလာရာ အရပ်တည်း၊ ဤနေရာအရပ်၌ လျင်သောအဆိပ်ရှိသော မြွေရှိ၏”ဟု ကြံပြီးလျှင် မြတ်စွာဘုရားသည် ဤမျှသော စကားကိုသာ မိန့်တော်မူ၍ ဖဲကြွသွားတော်မူသည်ရှိသော် “ထိုမြွေကို ဆောင်ယူအံ့”ဟု နှင်တံကိုကိုင်ယူလျက် သွားရောက်သည်ရှိသော် အသပြာထောင်ထုပ်ကိုမြင်၍ “ဤအသပြာထုပ်ကို ရည်စူးတော်မူသဖြင့် မြတ်စွာဘုရား မိန့်တော်မူသည်ဖြစ်လတ္တံ့”ဟု နှလုံးသွင်း၍ အသပြာအိတ်ကို ယူဆောင်ပြီး ဆုတ်နစ်ပြန်လည်ခဲ့လေ၏။ လိမ္မာထက်မြက်သော ဉာဏ်ပညာ မရှိသည့်အဖြစ်ကြောင့် တစ်ခုသောအရပ်၌ထား၍ မြေမှုန့်ဖြင့် ဖုံးအုပ်ပြီးလျှင် တစ်ဖန် လယ်ထွန်ခြင်းငှာ အားထုတ်ပြန်လေ၏။

ဘုရားကြောင့် အသက်ဘေးမှ ချမ်းသာခြင်း

လူတို့သည်လည်း နံနက်မိုးသောက် အလင်းသို့ရောက်သောအခါ အိမ်၌ ခိုးသူတို့သည် ပြုအပ်သော အခြင်းအရာအမှုကို မြင်ရသဖြင့် ခြေရာအစဉ်အတိုင်း ကြည့်ရှုကာ လိုက်လျက် ထိုလယ်တောအရပ်သို့ ရောက်သွားကြရာ ထိုအရပ်ဒေသ၌ ခိုးသူတို့ ဥစ္စာခွဲဝေရာဖြစ်သော နေရာအရပ်ကို တွေ့မြင်ရပြီးလျှင် လယ်ထွန်ယောက်ျား၏ ခြေရာကို မြင်ပြန်လေကုန်၏။ ဥစ္စာရှင်တို့သည် ထိုလယ်ထွန်ယောက်ျား၏ ခြေရာကို အစဉ်လျှောက်သဖြင့် သွားကြရာ ဥစ္စာထားရာအရပ်ကိုမြင်သဖြင့် မြေမှုန့်ကိုယက်၍ ထားအပ်သော ဥစ္စာထုပ်ကို ယူပြီးလျှင် “သင်သည် အိမ်၌ လုယက်ဖျက်ဆီး ခိုးယူပြီးမှ လယ်ကိုထွန်နေလေဟန်ကဲ့သို့ လှည့်လည်ဘိသည်”ဟု ခြိမ်းခြောက်မောင်းမဲ ထောင်းပုတ်ရိုက်နှက်ကာ ဆောင်ယူ၍ မင်းကြီးအား ပြလေကုန်၏။ မင်းသည်လည်း ထိုအကြောင်းအရာကို ကြားတော်မူသဖြင့် လယ်ထွန်ယောက်ျားအား သတ်စေအံ့သောငှာ အမိန့်အာဏာကို ပေးလေ၏။ မင်းချင်းယောက်ျားတို့သည် ထိုလယ်ထွန်ယောက်ျားကို လက်ပြန်ချည်နှောင်၍ တံပြာကြိမ်လုံးတို့ဖြင့်လည်း ရိုက်ခတ်ကုန်လျက် သတ်ရာသင်္ချိုင်းသို့ ဆောင်ယူကြလေကုန်၏။ ထိုလယ်ထွန်ယောက်ျားသည် တံပြာကြိမ်လုံးဖြင့် ရိုက်ခတ်အပ်သည်ရှိသော် တစ်ပါးသော တစ်စုံတစ်ခုသော စကားကို မမြည်တမ်း မမြွက်ဆိုမူ၍ “ပဿာနန္ဒ အာသီဝိသောတိ၊ ပဿာမိ ဘဂဝါ ဃောရဝိသော”ဟူသော စကားကိုသာ မြည်တမ်းမြွက်ဆိုလျက် သွားလေသတည်း။

အဓိပ္ပာယ်ကား “ချစ်သားအာနန္ဒာ- လျင်သောအဆိပ်ရှိသော မြွေကို ကြည့်ရှုစမ်းလော့”၊ ဤကား ဘုရားစကားတော်။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်မြင်ပါသည်။ ပြင်းထန်သော အဆိပ်ရှိသောမြွေပါဘုရား”၊ ဤကား ရှင်အာနန္ဒာစကားတော်။ ဟူသော စကားကိုသာ မြွက်ဆို၏ဟူလို။

ထိုအခါ လယ်ထွန်ယောက်ျားကို မင်းချင်းယောက်ျားတို့သည် “အသင်သည် ဘုရားသဗ္ဗညု၏လည်းကောင်း၊ အာနန္ဒာမထေရ်၏လည်းကောင်း စကားကိုသာ မြည်တမ်းမြွက်ဆိုဘိ၏။ ဤသို့ဆိုခြင်းကား အကြောင်းအသို့နည်း”ဟု မေးမြန်းသဖြင့် “မင်းကြီးကို ဖူးမြင်ရပါမူကား ပြောကြားပါအံ့”ဟု ဆိုသည်ရှိသော် မင်းကြီး၏အထံသို့သွား၍ မင်းကြီးကို လျှောက်ကြား သံတော်ဦးတင်ကြလေကုန်၏။ ထိုအခါ လယ်ထွန်ယောက်ျားကို မင်းကြီးသည် “အဘယ့်ကြောင့် ဤသို့ မြွက်ဆိုဘိသနည်း”ဟု မေးတော်မူသဖြင့် လယ်ထွန်ယောက်ျားက “အရှင်မင်းမြတ်- အရှင့်ကျွန်တော်မျိုးသည် ခိုးသူမဟုတ်ရပါ”ဟု လျှောက်တင်ပြီးလျှင် လယ်ထွန်ခြင်းငှာ ထွက်သွားသောကာလမှစ၍ ဖြစ်ခဲ့သမျှ အဖုံဖုံသော အကြောင်းမျိုးအစုံကို မင်းကြီးအား လျှောက်ကြား သံတော်ဦးတင်လေ၏။ မင်းကြီးလည်း ထိုသူ၏ တင်လျှောက်ချက်စကားကို ကြားသိတော်မူရ၍ “အချင်းတို့- ဤသူသည် လောက၌ မြတ်သောပုဂ္ဂိုလ်အစစ် ဖြစ်တော်မူသော မြတ်စွာဘုရားကို သက်သေညွှန်ပြပေ၏၊ ထိုသူ၏အပေါ်၌ ပြစ်ချက်ကိုတင်၍ အပြစ်ပေးခြင်းငှာ မသင့်လျော် မလျောက်ပတ်လေ၊ ငါသည် ဤအရာ၌ ပြုအပ်သော အခြင်းအရာကို သိအောင်ပြုရလတ္တံ့”ဟု မိန့်တော်မူပြီးလျှင် ထိုလယ်ထွန်ယောက်ျားကိုခေါ်၍ ညချမ်းသောအခါ မြတ်စွာဘုရား၏ အထံတော်သို့ သွားရောက်ပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တစ်ရံတစ်ခါ ရှင်တော်မြတ်ဘုရားတို့သည် အာနန္ဒာမထေရ်နှင့်အတူတကွ ဤလယ်ထွန်ယောက်ျား၏ နေထိုင်ရာအရပ်သို့ ကြွသွားတော်မူဖူးပါသလောဘုရား”ဟု မြတ်စွာဘုရားကို မေးလျှောက်လေ၏။

“ဒကာတော်မင်းကြီး- ငါဘုရား ကြွသွားတော်မူဖူးသည် မှန်ပေ၏”ဟု မိန့်တော်မူပြီးလျှင် “ထိုအရပ်၌ ရှင်တော်မြတ်ဘုရားတို့သည် အဘယ်ကို မြင်တော်မူခဲ့ပါသနည်း”ဟု မေးလျှောက်ကြားပြန်လေ၏။ “ဒကာတော်မင်းကြီး- တစ်ထောင်ဝင်သော အသပြာအိတ်ကို မြင်ခဲ့ရပေ၏”ဟု မိန့်တော်မူလျှင် “မြင်တော်မူပြီးသောအခါ အဘယ်သို့သော စကားကို မိန့်ဆိုတော်မူပါသနည်းဘုရား”ဟု မေးလျှောက်ပြန်လေ၏။ “ဒကာတော်မင်းမြတ်- ဤမည်သောစကားကို မိန့်ဆိုခဲ့ပေသည်”ဟု မိန့်တော်မူလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤလယ်ထွန်ယောက်ျားသည် ရှင်တော်မြတ်ဘုရားတို့ကဲ့သို့သော ညွှန်ပြစရာ သက်သေကို မပြုခဲ့နိုင်သည် ဖြစ်ခဲ့ပါအံ့၊ ဇီဝိတိန္ဒြေတည်နေခြင်းကို မရတော့ပါပြီ၊ ရှင်တော်မြတ်ဘုရားတို့သည် မိန့်ဆိုတော်မူခဲ့သောစကားကို ဆိုခြင်းကြောင့် ထိုလယ်ထွန်ယောက်ျားသည် အသက်ကို ရအပ်ပါပြီဘုရား”ဟု လျှောက်ကြားလေ၏။ ထိုစကားကြား၍ မြတ်စွာဘုရားသည် “ဒကာတော်မင်းကြီး- ဟုတ်မှန်ပေ၏၊ ငါဘုရားသည်လည်း ဤမျှသောစကားကိုသာ မိန့်ကြား၍ ကြွသွားတော်မူခဲ့ပေ၏။ ပညာရှိသောသူ မည်သည်ကား အကြင်အမှုကို ပြု၍ နောင်တစ်ဖန် ပူပန်ရ၏။ ထိုအမှုကို မပြုကျင့်အပ်ပေ”ဟု အနုသန္ဓေကိုစပ်၍ တရားဟောတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၆၇] န တံ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ အနုတပ္ပတိ။
ယဿ အဿုမုခေါ ရောဒံ၊ ဝိပါကံ ပဋိသေဝတိ။

ယံ ကမ္မံ၊ အကြင်အမှုကို။ ကတွာ၊ ပြု၍။ အနုတပ္ပတိ၊ အဖန်တလဲလဲ စိုးရိမ်ရ၏။ ကတံ၊ ပြုအပ်သော။ တံ ကမ္မံ၊ ထိုအမှုသည်။ န သာဓု၊ မကောင်း။ ယဿ ကမ္မဿ၊ ယင်းမကောင်းမှုကံ၏။ ဝိပါကံ၊ အကျိုးကို။ အဿုမုခေါ၊ မျက်ရည်ဖြင့်စွတ်သော မျက်နှာရှိသည်ဖြစ်၍။ ရောဒံ-ရောဒန္တော၊ ငိုကြွေးလျက်။ ပဋိသေဝတိ၊ မှီဝဲခံစားရ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ လယ်ထွန်ယောက်ျား ဥပါသကာသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ စည်းဝေးရောက်လာကုန်သော ရဟန်းတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

လယ်ထွန်ယောက်ျားဝတ္ထု ပြီး၏။