ကဿပဘုရားရှင်
၂၇။ ကဿပဗုဒ္ဓဝင်
ပြင်ဆင်ရန်ကောဏာဂမနဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် ဤဘဒ္ဒကမ္ဘာ မှာပင် လူတို့၏ အသက်တမ်း အနှစ်သုံး သောင်းမှ တဖြည်းဖြည်း ဆုတ်ယုတ်ကာ ဆယ်နှစ်သက်တမ်းသို့ ရောက်၍ တစ်ဖန်တိုးတက် ပြန်ရာ အသင်္ချေယျ တမ်းသို့ ရောက်ခဲ့သည်။ ထိုမှတစ်ဖန် ဆုတ်ယုတ်ပြန်ရာ လူတို့၏ အသက်တမ်း အနှစ်နှစ်သောင်းတမ်းသို့ အရောက် တွင် ကဿပဘုရားရှင် ပွင့်တော်မူခဲ့၏။
ကဿပဘုရား အလောင်းတော် ဖွားမြင်တော်မူခြင်း
ပြင်ဆင်ရန်ကဿပဘုရားအလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီး သည်၏အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာနတ်ပြည်၌ စံနေတော်မူခဲ့၏။ ထိုသို့ စံနေတော်မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော် နတ်သားအား ဘုံသုံးပါး၌ ဘုရားဖြစ်တော်မူရန် အချိန်တန်ပြီဖြစ်၍ လူ့ပြည်သို့ သက်ဆင်းကာ ပဋိသန္ဓေ နေတော်မူ ပါရန် တောင်းပန်ခဲ့ကြကုန်၏။ အလောင်းတော် သည် နတ်ဗြဟ္မာတို့၏ တောင်းပန်ချက်အရ တုတိသာနတ်ပြည်မှ စုတေ၍ လူ့ပြည် ကိကီမင်း ကြီး စိုးစံရာ ဗာရာဏသီပြည် ဗြဟ္မဒတ္တပုဏ္ဏား၏ဇနီး ဓနဝတီပုဏ္ဏေးမ၏ သန့်ရှင်း သိုက်မြိုက် ဝမ်းကြာ တိုက်၌ ပဋိသန္ဓေ စွဲနေစံပျော် ကိန်းအောင်းတော်မူခဲ့သည်။ ဆယ်လစေ့မြောက် အချိန်ရောက် သောအခါ မယ်တော် ပုဏ္ဏေးမကြီးသည် အလောင်းတော်ကို ဣသိပတန မိဂဒါဝုန်တော၌ မီးရှူးသန့်စင် ဖွားမြင် တော်မူခဲ့သည်။ အလောင်းတော်ကို ကဿပအမျိုးအနွယ်မှ ဆင်းသက် လာသည်ကို အစွဲပြု၍ “ကဿပ သတို့သား” ဟူ၍ မှည့်ခေါ်ခဲ့ကြကုန်၏။ အလောင်းတော် ပဋိသန္ဓေနေတော်မူသောအခါနှင့် ဖွားမြင်တော်မူသောအခါတို့၌ နိမိတ်ကြီးများအပြင် အံ့ဩဖွယ်ရာ များလည်း ထင်ရှားဖြစ်ပေါ်ခဲ့လေသည်။
စည်းစိမ်ကို ခံစားခြင်း
ပြင်ဆင်ရန်အလောင်းတော်ကဿပ သတို့သားသည် အရွယ်တော်သို့ ရောက်သော အခါ သုနန္ဒာပုဏ္ဏေးမနှင့် လက်ထပ်၍ လူ့စည်းစိမ်ကို ခံစားတော်မူခဲ့သည်။ ဥတုသုံးလီ ရာသီနှင့်မျှအောင် ဆောက်လုပ်ထား သော ဟံသပြာသာဒ်၊ ယသ ပြာသာဒ်၊ သိရိနန္ဒပြာသာဒ် ဟူသော ပြာသာဒ် သုံးဆောင်တို့၌ သုနန္ဒာပုဏ္ဏေးမ အမှူးရှိသော ရံရွေတော်ပုဏ္ဏား သမီးပျိုပေါင်း လေးသောင်း ရှစ်ထောင်တို့၏ ဖျော်ဖြေလုပ်ကျွေးခြင်းကို ခံယူကာ နှစ်ပေါင်းနှစ်ထောင်တို့ ကာလ ပတ်လုံး နတ်စည်းစိမ်နှင့်တူသော လူ့စည်းစိမ်ကို ခံစားနေတော်မူခဲ့သည်။ အလောင်း တော်၏ သားတော်မှာ ဝိဇိတသေန အမည်ရှိသော ပုဏ္ဏားငယ် ဖြစ်ခဲ့၏။
တောထွက်တော်မူခြင်း
ပြင်ဆင်ရန်အလောင်းတော်ကဿပပုဏ္ဏားသည် လူ့စည်းစိမ်ကို ခံစားနေစဉ်ကာလ အတွင်း နတ်တမန် သူအို၊ သူနာ၊ သူသေ၊ ရဟန်း နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူပြီး သုနန္ဒာပုဏ္ဏေးမမှ ဝိဇိတသေန သားတော်ကို ဖွားမြင်သောအခါ သံဝေဂကြီးစွာဖြစ်လျက် “ငါသည် ယနေ့ပင် တောထွက်တော့ အံ့”ဟု အကြံတော် ဖြစ်ပေါ်လာခဲ့၏။ အလောင်းတော် စိတ်အကြံဖြစ်သည်နှင့် တစ်ပြိုင်နက် အလောင်းတော်စံရာ ပြာသာဒ်သည် ကောင်းကင်သို့ပျံတက်ခဲ့သည်။ ထိုပြာသာဒ် သည် ကြယ်တာရာ အပေါင်းခြံရံကာ အလွန်နှစ်သက်ဖွယ်သော အရောင်ကိုပြုလျက် ပေါ်ထွန်းထွက်ပြူလာသော လမင်းကဲ့သို့ ဗောဓိမဏ္ဍိုင်သို့ သွားပြီးလျှင် ပညောင်ဗောဓိပင်ကို အလယ်ဗဟို ပြုကာ မြေ၌သက် ရောက်၍ တည်ခဲ့၏။ အလောင်းတော်သည် ပြာသာဒ်မှ ဆင်းသက် တော်မူ၍ မြေ၌ ရပ်တည်ပြီးလျှင် ဗြဟ္မာလှူဒါန်းသည့် သင်္ကန်းပရိက္ခရာ ကို ခံယူတော်မူကာ ရဟန်းပြုတော်မူခဲ့သည်။ အလောင်းတော်၏ ကြင်ရာတော်နှင့် မောင်းမမိဿံ အပေါင်းတို့သည် ဥသဘလေးဆယ် ဝေးကွာသော အရပ်သို့ သွားကြပြီးလျှင် ယာယီနေရာများ ဆောက်လုပ်ကာ နေထိုင်ခဲ့ကြကုန်၏။ အလောင်းတော်နှင့် အတူတကွ လိုက်ပါလာကြကုန်သော ယောက်ျားတို့သည် အလောင်းတော် ရဟန်းပြုသည်ကို အတုလိုက် အားကျကာ ရဟန်းပြုခဲ့ကြသည်။ အလောင်း တော်သည် ထိုရဟန်း တို့နှင့် အတူတကွ ဒုက္ကရစရိယာ ခုနစ်ရက်ကြာ ကျင့်တော်မူပြီးလျှင် ဘုရားဖြစ်မည့် ကဆုန်လပြည့် နေ့၌ ကြင်ရာတော် သုနန္ဒာပုဏ္ဏေးမ လှူဒါန်းသည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီး ထိုအရပ်ရှိ ရှားတောကြီးအတွင်းမှာ နေခို တော်မူခဲ့သည်။
ဘုရားဖြစ်တော်မူခြင်း
ပြင်ဆင်ရန်အလောင်းတော်သည် ရှားတောအတွင်း နေခိုတော်မူပြီးနောက် ညနေချမ်း အချိန်သို့ ရောက်သောအခါ ဗောဓိမဏ္ဍိုင်သို့ တစ်ပါးတည်း ကြွတော်မူခဲ့၏။ လမ်းခရီးအကြား၌ မုယောခင်းစောင့် သောမ လှူဒါန်းသော မြက်ရှစ်ဆုပ်တို့ကို ခံယူတော်မူခဲ့၍ မဟာဗောဓိ ပညောင်ပင်အရင်း၌ ဖြန့်ခင်း လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ဆယ့်ငါးတောင် ပမာဏ ရှိသော အပရာဇိတ ပလ္လင်တော် ပေါ်ပေါက် ခဲ့သည်။ ထိုပလ္လင်တော်ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူလျက် အင်္ဂါလေးပါးရှိသော ဝီရိယတော်ကို ဆောက်တည်၍ တရားအားထုတ် တော်မူခဲ့၏။ ထိုနေ့ နေမဝင်မီ မာရ်စစ်သည် တို့ကို အောင်မြင်တော်မူ၍ ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသဉာဏ်၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံ နေအရုဏ် တက်သည်နှင့် တစ်ပြိုင်နက် အာသဝက္ခယဉာဏ်တော်ကို ရတော်မူကာ ဘုံသုံးပါး၌ ဘုရားစင်စစ် ဖြစ်တော်မူပြီး “တဏှာယောက်ျား ဟယ်လက်သမား...ငါဘုရားသည် သင်ဆောက် လုပ်ခဲ့သော ခန္ဓာအိမ်တိုက် ကြီး၏ ထွတ်ထီးပမာ မိုးကာလွှမ်းအုပ် အဝိဇ္ဇာတည်းဟူသော ခေါင်အုပ်ကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် ခွါဖျက်လွှင့်ပစ်အပ်ကုန်ပြီ”စသော ဥဒါန်းစကားကို ကျူးရင့် တော်မူခဲ့သည်။
ဓမ္မစကြာတရားဦး ဟောတော်မူခြင်း
ပြင်ဆင်ရန်ကဿပဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိ ပညောင် ပင်အနီးမှာပင် သတ္တသတ္တာဟ-လေးဆယ့် ကိုးရက် စံနေတော်မူခဲ့သည်။ အဋ္ဌမ သတ္တာဟသို့ ရောက်သောအခါ ဗြဟ္မာမင်း၏ တောင်းပန်မှုကို ဝန်ခံတော်မူပြီး၍ ရှေးဦးစွာ တရားဟောရမည့် ပုဂ္ဂိုလ်ကို ကြည့်ရှုဆင် ခြင်လေလျှင် ကိုယ်တော်မြတ်နှင့်အတူ ရဟန်းပြုဖက်ဖြစ်ခဲ့ ကြကုန်သော တစ်ကုဋေသော ရဟန်းတို့ကို မြင်တော်မူခဲ့၏။ ထိုရဟန်းတော်များ နေထိုင်ရာ ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောသို့ ကောင်းကင်ခရီးဖြင့် တစ်ခဏချင်း ကြွသွားတော် မူခဲ့သည်။ မိဂဒါဝုန်တောသို့ ရောက်တော် မူလေလျှင် ထိုရဟန်းတို့၏ အလယ်၌ သီတင်းသုံးတော်မူကာ တရားနာရန် လာရောက် ကြကုန်သော လူနတ်ဗြဟ္မာ သတ္တဝါတို့အား ရှေးရှေးဘုရားရှင်တို့ ဟောကြားတော် မူမြဲဖြစ်သော ဓမ္မစကြာ ဒေသနာတော်ကို ဟောတော်မူခဲ့၏။ ဒေသနာတော်၏အဆုံးသို့ ရောက်သောအခါ ကုဋေနှစ်သောင်း သော သတ္တဝါတို့ မဂ်ဖိုလ်တရားထူးကို ရခဲ့ကြကုန်၏။
ဂေါတမဘုရားအလောင်းတော် ဗျာဒိတ်ခံခြင်း
ပြင်ဆင်ရန်ကဿပဘုရားရှင် လက်ထက်တော်တွင် ဂေါတမဘုရား အလောင်းတော်သည် ဇောတိပါလ လုလင်ဖြစ်ခဲ့၏။ အလောင်းတော် ဇောတိပါလလုလင်သည် ဗေဒင်သုံးပါးတို့ကို တစ်ဖက် ကမ်းရောက် တတ်မြောက်ခဲ့သည့် အပြင် မြေပြင်နှင့်စပ်၍ သိအပ်သော အကြောင်းရာတို့၌ လည်း ကောင်း၊ အာကာသ ကောင်းကင်နှင့်စပ်၍ သိအပ်သော အကြောင်းအရာတို့၌ လည်းကောင်း လိမ္မာသူဖြစ်ခဲ့၏။ ဃဋိကာရ အိုးထိန်းသည်နှင့် အလွန်ချစ်ကျွမ်း ဝင်သော မိတ်ဆွေလည်း ဖြစ်ခဲ့၏။ ထိုဃဋိကာရ အိုးထိန်းသည်နှင့်အတူ အလောင်းတော် ဇောတိပါလသည် ဘုရားရှင်ထံ ချဉ်းကပ်၍ ဘုရားရှင်၏ တရားတော်ကို နာကြားရသဖြင့် ဘုရားရှင်၏ အထံတော်၌ ရဟန်းပြုတော် မူခဲ့သည်။ ရဟန်းတော် ဇောတိပါလသည် အားထုတ်အပ်သော လုံ့လ ဝီရိယရှိသူဖြစ်လျက် ပိဋကတ်သုံးပုံတို့ကို သင်ယူပြီးလျှင် ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်တို့ကို အပြည့်အဝ ဖြည့်ကျင့်ပြီး ဘုရားရှင်၏ သာသနာတော်ကို တင့်တယ်စေ တော်မူခဲ့သည်။ ထိုအခါ ဘုရားရှင်က ဇောတိပါလ ရဟန်းအား “ဇောတိပါလရဟန်း...သင်သည် ဤဘဒ္ဒကမ္ဘာ၌ပင် ဂေါတမမည်သော ဘုရားစင်စစ် ဖြစ်လတံ့”ဟု ဗျာဒိတ်စကားကို မိန့်ကြားတော်မူခဲ့သည်။ အလောင်းတော် ဇောတိပါလရဟန်းသည် ဘုရားရှင်၏ ဗျာဒိတ်တော်ကို ကြားရလေလျှင် လွန်စွာရွှင်လန်း ဝမ်းမြောက်၍ ပါရမီဆယ်ပါးတို့ကို တိုးတက် ဖည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်ခဲ့သည်။
ကဿပဘုရားရှင်၏ တပည့်သာဝကများ
ပြင်ဆင်ရန်အရှင်တိဿမထေရ်နှင့် အရှင်ဘာရဒွါဇမထေရ်တို့သည် ကဿပဘုရားရှင်၏ (အဂ္ဂသာဝက) တပည့်မြတ်အစံုတို့ု ဖြစ်ခဲ့ကုန်၍ အလုပ်အကျွေးရဟန်းတော်မှာ အရှင်သဗ္ဗမိတ္တမထေရ် ဖြစ်ခဲ့သည်။ ကဿပ ဘုရားရှင်၏ (အဂ္ဂသာဝိကာ) မြတ်သော တပည့်မအစုံတို့မှာ အရှင်မ အနုဠာထေရီနှင့် အရှင်မ ဥရုဝေလာ ထေရီတို့ ဖြစ်ခဲ့ကြကုန်ပြီး ပွင့်တော်မူရာ ဗောဓိပင်မှာ ပညောင်ပင် ဖြစ်ခဲ့၏။ ကဿပဘုရားရှင်၏ (အဂ္ဂဥပဋ္ဌာက)မြတ်သော အလုပ်အကျွေးဒါယကာ တို့သည် သုမင်္ဂလ သူဌေးနှင့် ဃဋိကာရ အိုးထိန်းသည်တို့ ဖြစ်ခဲ့ကြ ကုန်၍ (အဂ္ဂဥပဋ္ဌိကာ) မတ်သော အလုပ်အကျွေး ဒါယိကာမတို့မှာ ဝိဇိတ သေနာဥပါသိကာမနှင့် ဘဒ္ဒါဥပါသိကာမတို့ ဖြစ်ခဲ့ကုန်၏။ ဘုရားရှင်၏ အရပ်တော်သည် အတောင်နှစ်ဆယ်မြင့်တော်မူ၍ ကောင်းကင်၌ တည်သော လျှပ်နွယ်ကဲ့သို့ လည်းကောင်း၊ ဂြိုဟ်နက္ခတ်တို့ဖြင့် ခြံရံအပ်သော လမင်းကဲ့သို့ လည်းကောင်း တင့်တယ် တော်မူခဲ့ပေ၏။
(ဓမ္မာဘိသမယ) တရားပွဲကြီးများ
ပြင်ဆင်ရန်ကဿပဘုရားရှင်၏ ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ တစ်ကုဋေသော ရဟန်းတို့ နှင့်တကွ လူနတ်ဗြဟ္မာ သတ္တဝါတို့အား ဓမ္မစကြာ ဒေသနာတော်ကို ဟောတော်မူသော တရားပွဲသည် ရှေးဦးစွာသော (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေနှစ်သောင်းသော သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။ တစ်ဖန် ကဿပဘုရားရှင်၏ လေးလတို့ပတ်လုံး ဒေသစာရီ လှည့်လည် တော်မူကာ လူ နတ်ဗြဟ္မာ သတ္တဝါတို့အား ဟောကြားတော်မူခဲ့သော တရားပွဲ များသည် ဒုတိယအကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီး များ ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေတစ်သောင်းမျှသော သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။
ထို့နောက်တစ်ဖန် ကဿပဘုရားရှင်၏ သုန္ဒရမြို့တော် တံခါးအနီး ပိတောက်ပင်ကြီးအရင်း၌ ရေမီးအစုံအစုံသော တန်ခိုးပြာဋိဟာကို ပြတော် မူလျက် လူနတ်ဗြဟ္မာ သတ္တဝါတို့အား ဟောတော် မူသော တရားပွဲသည် တတိယ အကြိမ်မြောက် (ဓမ္မာဘိသမယ)တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေငါးထောင်သော သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်း ဝင်ခဲ့ကြကုန်၏။
သာဝက (သန္နိပါတ) အစည်းအဝေးကြီး
ပြင်ဆင်ရန်ကဿပဘုရားရှင် လက်ထက်တော်တွင် သာဝက (သန္နိပါတ) အစည်း အဝေး တစ်ကြိမ်သာ ဖြစ်ခဲ့သည်။ ဗာရာဏသီ ပြည် ပုရောဟိတ်၏ သား တိဿလုလင်သည် အလောင်းတော်ကဿပ သတို့သား၏ ကိုယ်၌ သုံးဆယ့် နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာများကို တွေ့မြင်ခဲ့ရ သည့်အပြင် “ဤလက္ခဏာမျိုးသည် ဘုရားဖြစ်မည့် ပုဂ္ဂိုလ်တို့၌ သာရှိသော လက္ခဏာများ ဖြစ်ကြောင်း” ဖခင် ပုရောဟိတ် ပုဏ္ဏားကြီးထံမှ စကားကိုလည်း ကြားခဲ့ရ၍ “ဤကဿပ သတို့သားသည် တောထွက်၍ ဘုရားဖြစ်မည်မှာ သံသယမရှိသင့်၊ ငါသည် ထိုဘုရားရှင်၏ အထံ၌ ရဟန်းပြု၍ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက် စေအံ့”ဟု ကြံစည်ပြီး အလောင်းတော် ကဿပ သတို့ သား တောမထွက်မီကပင် ဟိမဝန္တာသို့ သွားရောက်ကာ ရသေ့ ဝတ်ခဲ့သည်။ ထိုတိဿ ရသေ့၏ အခြံအရံ ရသေ့တို့ကား နှစ်သောင်းအရေအတွက် ရှိခဲ့ကုန်၏။ တိဿ ရှင်ရသေ့သည် နောင်အခါ “အလောင်းတော် ကဿပသတို့သားသည် တောထွက်၍ ရဟန်းပြုပြီး လျှင် ယခုအခါ ဘုရားဖြစ်ပြီ” ဖြစ်ကြောင်း သိရသောအခါ ဘုရားရှင်ထံ အခြံအရံ ရသေ့များနှင့်အတူ လာရောက်၍ ၎င်းင်းတို့အား ရဟန်း ပြုပေးရန် လျှောက်ထား တောင်းပန် ခဲ့ကြကုန်၏။ ထိုအခါ ကဿပဘုရားရှင်က ဧဟိဘိက္ခု ရဟန်းခေါ်တော်မူသည်တွင် အခြံအရံ ရသေ့များနှင့်တကွ ဧဟိဘိက္ခု ရဟန်းဖြစ်ကုန်၍ အရဟတ္တဖိုလ်သို့ ရောက်ခဲ့ ကြကုန်၏။ ထိုရဟန္တာတို့၏အလယ်၌ ဘုရားရှင် သီတင်းသုံးတော်မူကာ တပို့တွဲလပြည့်နေ့၌ ဩဝါဒပါတိမောက် ကို ပြတော်မူခဲ့သည်။ ထိုအစည်း အဝေးသည် တစ်ကြိမ်တည်းသော သာဝက (သန္နိပါတ) အစည်းအဝေးကြီး ဖြစ်ခဲ့၏။
ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း
ပြင်ဆင်ရန်ကဿပဘုရားရှင်သည် မကောင်းမှုကို တားမြစ်နိုင်သော အရဟတ္တဖိုလ် သူတော်ကောင်း တရားဟူ သော ထီးဖြူကို သတ္တဝါတို့အား ဆောင်းမိုးစေ၍ ဘေးမဲ့ရာသို့ရောက်ကြောင်း အဋ္ဌင်္ဂိကမဂ် ဟူသော ပန်းပွင့်ကို ဖန်ဆင်းပေးပြီးလျှင် တပည့်သာဝကတို့နှင့်တကွ ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့လေပြီ။ “မနှိုင်း ယှဉ်အပ်သော ဂုဏ်နှင့်ပြည့်စုံတော်မူသော ဘုရားရှင်သည် လည်းကောင်း၊ ဘုရားရှင် ကောင်း စွာ ဟောကြားတော်မူထားအပ်သော တရားတော်သည် လည်းကောင်း၊ ကောင်းသောအကျင့်ရှိ တော်မူ သော သံဃာတော်တို့သည်လည်းကောင်း ထိုအားလုံးတို့သည် ကွယ်ပျောက် ခဲ့လေပြီ။ အလုံးစုံ သော သင်္ခါရတရားတို့သည် ခိုင်မြဲသော အနှစ် မရှိကုန်။ အချည်းနှီးတို့သာ ဖြစ်ကုန်စွ” စေတီတည်ထား ကိုးကွယ်ကြခြင်း ကဿပဘုရားရှင်သည် သေတဗျာရာမကျောင်းတိုက်ကြီး၌ ပရိနိဗ္ဗာန် ပြုတော်မူခဲ့သည်။ ထိုကျောင်းတိုက်ကြီး အတွင်း၌ပင် စေတီတော်ကို တည်ထား ကိုးကွယ်တော်မူခဲ့ကြရာ စေတီတော်သည် ကောင်းကင်သို့ တစ်ယူဇနာ တိုင်တိုင် မြင့်တက်တော်မူခဲ့၏။ သက်တော်ရှည်ကြာသော ဘုရားရှင် တို့၏ ဓမ္မတာအရ အစိတ်စိတ်မကွဲ တစ်လုံး တစ်ခဲတည်းသော အသမ္ဘိန္နဓာတ်တော်ကို ထိုစေတီ တော်အတွင်း၌ ဌာပနာသွင်းခဲ့ကြကုန်၏။ ဇမ္ဗူဒိပ်ကျွန်းနေ လူအပေါင်း တို့သည် ရတနာခုနစ်ပါးဖြင့် ခြယ်လှယ်ကာ စေတီတော်ကိုပြီးဆုံး စေခဲ့ကြကုန် သတည်း။