1050ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၁။ စက္ခုပါလတ္ထေရဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ယမကဝဂ်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁။ စက္ခုပါလမထေရ်ဝတ္ထု

မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ ဒုက္ခ မနွေတိ၊ စက္ကံဝ ဝဟတော ပဒံ။

ဟူသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် စက္ခုပါလ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

သားသမီးဆု တောင်းခြင်း

သာဝတ္ထိပြည်၌ မဟာသုဝဏ္ဏ အမည်ရှိသော ချမ်းသာကြွယ်ဝသည့် သူကြွယ်သည် ရှိ၏။ ထိုသူကြွယ်သည် များသော ဥစ္စာနှစ် ရှိ၏။ များသော စည်းစိမ်လည်း ရှိ၏။ သားသမီး မရှိချေ။ ထိုသူကြွယ်သည် တစ်နေ့သ၌ ရေချိုးဆိပ်သို့သွား၍ ရေချိုးပြီး ပြန်လာသည်ရှိသော် ခရီးအကြား၌ အရွက်,အခက်နှင့်ပြည့်စုံသော တစ်ခုသော တောစိုးသစ်ပင်ကိုမြင်၍ “ဤသစ်ပင်ကို တန်ခိုးကြီးသော နတ်မင်းသည် သိမ်းဆည်း စောင့်ရှောက်အပ်သည် ဖြစ်လတ္တံ့”ဟု အောက်မေ့လျက် ထိုတောစိုးသစ်ပင်၏ အောက်အဖို့ကို သုတ်သင်စေလျက် တံတိုင်းဖြင့်ခြံရံကာ သဲကိုဖြန့်ကြဲစေပြီး တံခွန်,ကုက္ကားကို စိုက်ထောင်လျက် တောစိုးသစ်ပင်ကို တန်ဆာဆင်၍ လက်ယာရစ် လှည့်လည်ပူဇော်သည်ကိုပြု၍ “သားကိုလည်းကောင်း၊ သမီးကိုလည်းကောင်း ရသည်ရှိသော် သင်နတ်မင်းတို့အား ကြီးစွာသော ပူဇော်သက္ကာကို ပြုပါအံ့”ဟု ဆုတောင်းခြင်းကိုပြု၍ ဖဲသွားလေ၏။

သားယောက်ျား ဖွားမြင်ခြင်း

ထိုသို့ ဖဲသွားပြီးနောက် မကြာမြင့်မီပင် သူဌေးကတော်ဝမ်း၌ ကိုယ်ဝန်သည် တည်ရှိလေ၏။ ထိုသူဌေးကတော်သည် ကိုယ်ဝန်တည်သောအဖြစ်ကို သိ၍ သူဌေးအား ပြောကြားလေ၏။ သူကြွယ်သူဌေးသည် သူဌေးကတော်အား ကိုယ်ဝန်အစောင့်အရှောက်ကို ပေး၏။ သူဌေးကတော်လည်း ဆယ်လလွန်သဖြင့် သားယောက်ျားကို ဖွား၏။

မဟာပါလ နှင့် စူဠပါလ

ထိုသတို့သားကို အမည်မှည့်သောနေ့၌ သူဌေးသည် မိမိ စောင့်ရှောက်အပ်သော တောစိုးသစ်ပင်ကိုမှီ၍ ရသောကြောင့် ထိုသတို့သားငယ်အား “ပါလ”ဟူသောအမည်ကို မှည့်၏။ ထိုသူဌေးကတော်သည် နောက်အဖို့၌ တစ်ပါးသော ဒုတိယသားယောက်ျားကို ဖွားပြန်သည်ရှိသော် ထို ဒုတိယသားငယ်အား “စူဠပါလ”ဟူသောအမည်ကို မှည့်၍ ပထမ သားကြီးအား “မဟာပါလ”ဟူသောအမည်ကို မှည့်ပြန်၏။

အိမ်ရာတည်ထောင်

ထိုညီနောင် နှစ်ယောက်တို့သည် အရွယ်သို့ ရောက်ကုန်သည်ရှိသော် အိမ်ရာထောင်ခြင်းတည်းဟူသော အနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့ကုန်၏။ နောက်အဖို့၌ အမိအဘတို့ ကွယ်လွန်ကြကုန်သော် အလုံးစုံသော စည်းစိမ်ဥစ္စာကိုလည်း ညီအစ်ကို နှစ်ယောက်တို့သာလျှင် စီရင် အုပ်စိုးကြလေကုန်၏။

ဗုဒ္ဓမြတ်စွာနှင့် အနာထပိဏ်သူဌေးကြီး

ထိုအခါ၌ မြတ်စွာဘုရားသည် မြတ်သော ဓမ္မစကြာတရားကို ဟောကြားတော်မူပြီးသည်ဖြစ်၍ အစဉ်သဖြင့် ကြွလာတော်မူပြီးလျှင် အနာထပိဏ် သူဌေးကြီးသည် ငါးဆယ့်လေးကုဋေသော ဥစ္စာတို့ကို စွန့်လွှတ်၍ ဆောက်လုပ်အပ်သော ဇေတဝန် ကျောင်းတော်ကြီး၌ လူများအပေါင်းကို နတ်ရွာ ခရီး၌လည်းကောင်း၊ မဂ်ဖိုလ်နိဗ္ဗာန် ခရီး၌လည်းကောင်း တည်စေတော်မူလျက် သီတင်းသုံးနေတော်မူ၏။

မြတ်စွာဘုရားသည် မယ်တော်ဘက်မှ ရှစ်သောင်း၊ ခမည်းတော်ဘက်မှ ရှစ်သောင်း၊ ဤတစ်သိန်း ခြောက်သောင်းသော ဆွေတော်မျိုးတော်တို့ ဆောက်လုပ်အပ်သော နိဂြောဓာရုံ ကျောင်းတော်ကြီး၌ တစ်ဝါသာလျှင် ဝါဆိုတော်မူ၏။ အနာထပိဏ်သူဌေးသည် ဆောက်လုပ်အပ်သော ဇေတဝန် ကျောင်းတော်ကြီး၌ တစ်ဆယ့်ကိုးဝါပတ်လုံး ဝါဆိုတော်မူ၏။ ဝိသာခါ ဒါယိကာမကြီးသည် နှစ်ဆယ့် ခုနစ်ကုဋေသော ဥစ္စာတို့ကိုစွန့်သဖြင့် ဆောက်လုပ်အပ်သော ပုဗ္ဗာရုံ ကျောင်းတော်ကြီး၌ ခြောက်ဝါပတ်လုံး ဝါဆိုတော်မူ၏။ ဤသို့လျှင် အနာထပိဏ်သူဌေးနှင့် ဝိသာခါဟူသော နှစ်ဦးသော အမျိုးတို့၏ ကျေးဇူးများသည်၏အဖြစ်ကို စွဲ၍ သာဝတ္ထိပြည်ကိုမှီလျက် နှစ်ဆယ့်ငါးဝါတို့ပတ်လုံး ဝါဆိုတော်မူ၏။ အနာထပိဏ် သူဌေးကြီးသည်လည်းကောင်း၊ ဝိသာခါ ဒါယိကာမကြီးသည်လည်းကောင်း နေ့တိုင်း တစ်နေ့ နှစ်ကြိမ် အမြဲ မြတ်စွာဘုရားအား ဆည်းကပ်ခစားခြင်းငှာ သွားရောက်ကြကုန်၏။ သွားရောက်ကုန်သော်လည်း “သာမဏေငယ်တို့သည် ငါတို့လက်တို့ကို ကြည့်ကုန်လတ္တံ့”ဟု နှလုံးသွင်းကုန်လျက် တစ်စုံတရာ လှူဖွယ်မပါဘဲ မသွားစဖူးကုန်၊ နံနက်အခါ၌ သွားကုန်သည်ရှိသော် ခဲဖွယ်ဘောဇဉ် အစရှိသည်တို့ကို ယူ၍သာလျှင် သွားကြကုန်၏။ ညနေချမ်းအခါ၌ သွားကုန်သည်ရှိသော် ငါးပါးသော ဆေးတို့ကိုလည်းကောင်း၊ ရှစ်ပါးသော အဖျော်တို့ကိုလည်းကောင်း ယူ၍သာလျှင် သွားကြကုန်၏။ အနာထပိဏ်၊ ဝိသာခါတို့၏ အိမ်တို့၌ကား နှစ်ထောင် နှစ်ထောင်သော ရဟန်းတို့အဖို့ အမြဲခင်းထားအပ်ကုန်သော နေရာရှိကုန်သည်သာလျှင် ဖြစ်ကုန်၏။ ဆွမ်းအဖျော်,ဆေးတို့တွင် အကြင်ရဟန်းသည် အကြင်ပစ္စည်းကို အလိုရှိ၏။ ထိုရဟန်းအား ထိုပစ္စည်းကို အလိုရှိတိုင်း ပြည့်စုံအောင် လှူသည်သာတည်း။ ထိုအနာထပိဏ်, ဝိသာခါတို့တွင် အနာထပိဏ်သူဌေးသည် တစ်နေ့မျှလည်း မြတ်စွာဘုရားအား ပြဿနာကို မမေးလျှောက်စဖူး၊ အဘယ့်ကြောင့် မမေးလျှောက်သနည်းဟူမူကား “မြတ်စွာဘုရားသည်ကား ဘုရားဖြစ်၍ သိမ်မွေ့နူးညံ့တော်မူ၏၊ မင်းဖြစ်၍ သိမ်မွေ့နူးညံ့တော်မူ၏၊ “ဤသူကြွယ်သည် ငါ့အား ကျေးဇူးဥပကာရ များလှပေသည်”ဟု နှလုံးသွင်းတော်မူလျက် ငါ့အား တရားစကား ဟောကြားတော်မူသည်ရှိသော် ပင်ပန်းရာ၏”ဟု ထိုအနာထပိဏ် သူဌေးကြီးသည် မြတ်စွာဘုရား၌ လွန်ကဲစွာ ချစ်ကြည် မြတ်နိုးခြင်းကြောင့် ပြဿနာကို မမေးလျှောက်သတည်း။ မြတ်စွာဘုရားသည်ကား ထိုသူဌေးသည် ရှေ့တော်မှောက်သို့ရောက်၍ ထိုင်နေကာမျှလျှင် “ဤအနာထပိဏ် သူဌေးသည် ငါ့ကို မစောင့်ရှောက်အပ်သောအရာ၌ စောင့်ရှောက်၏။ ငါသည် ကမ္ဘာတစ်သိန်း အလွန်ရှိသော လေးသင်္ချေတို့ပတ်လုံး တန်ဆာဆင်ခြင်းနှင့်ယှဉ်သော မိမိ၏ ဦးခေါင်းတော်ကိုဖြတ်၍ မျက်စိတို့ကို ထုတ်လျက် နှလုံးသားကို နုတ်၍ အသက်နှင့်တူသော သား,မယားကို စွန့်လွှတ်၍ ပါရမီတို့ကို ဖြည့်ခဲ့တိုင်း သူတစ်ပါးတို့အား တရားဟောခြင်းအကျိုးငှာသာလျှင် ဖြည့်ကျင့်၏။ ဤအနာထပိဏ်သူဌေးကား ငါ့ကို မစောင့်ရှောက်အပ်သော အရာဌာန၌ စောင့်ရှောက်၏”ဟု တစ်ခုသော တရားဒေသနာကို ဟောတော်မူသလျှင်ကတည်း။

ထိုအခါ သာဝတ္ထိပြည်၌ ခုနစ်ကုဋေကုန်သော လူတို့သည် နေကုန်၏။ ထိုလူတို့တွင် မြတ်စွာဘုရား တရားတော်ကို ကြားနာရ၍ ငါးကုဋေမျှလောက်သော လူတို့သည် သောတာပန်စသော အရိယာသာဝကတို့ ဖြစ်ကြကုန်၏။ နှစ်ကုဋေမျှလောက်သော လူတို့သည် ပုထုဇဉ်တို့ ဖြစ်ကြကုန်၏။ ထိုလူတို့တွင် အရိယာသာဝကတို့အား နှစ်ပါးသောကိစ္စသာ ရှိကုန်၏။ နံနက်အခါ၌ အလှူကို လှူကြကုန်၏။ ညနေချမ်းအခါ၌ နံ့သာ,ပန်း စသည်တို့ကို လက်စွဲကုန်လျက် သင်္ကန်းလျာပုဆိုး, ဆေး, အဖျော် စသည်တို့ကို ယူကုန်၍ တရားနာအံ့သောငှာ သွားကြကုန်၏။

မဟာပါလ ရဟန်းပြုခြင်း

ထိုအခါ တစ်နေ့သ၌ မဟာပါလသည် ပန်း,နံ့သာစသည်ကို လက်စွဲကုန်လျက် မြတ်စွာဘုရားကျောင်းတော်သို့ သွားကုန်သော အရိယာသာဝကတို့ကို မြင်ရကား “ဤလူများအပေါင်းသည် အဘယ်အရပ်သို့ သွားသနည်း”ဟု မေးသည်ရှိသော် “တရားနာအံ့သောငှာ သွားသတည်း”ဟူသော စကားကို ကြားလျှင် “ငါသည်လည်း သွားအံ့”ဟု ကြံ၍ လိုက်သွားလျက် မြတ်စွာဘုရားကို ရှိခိုးပြီးမှ ပရိသတ်အစွန်အဖျား၌ နေလေ၏။

ဘုရားရှင်တို့မည်သည်ကား တရားဟောတော်မူကုန်သည်ရှိသော် သရဏဂုံတည်ခြင်း၊ သီလဆောက်တည်ခြင်း၊ ရှင်ရဟန်းပြုခြင်း အစရှိသည်တို့၏ ဥပနိဿယအကြောင်းကို ကြည့်တော်မူ၍ တရားနာပုဂ္ဂိုလ် အလို၏ အစွမ်းအားဖြင့် တရားဟောတော်မူကုန်၏။ ထို့ကြောင့် မြတ်စွာဘုရားသည် ထိုနေ့၌ မဟာပါလ၏ ဥပနိဿယကို ကြည့်တော်မူ၍ တရားဟောတော်မူသည်ရှိသော် အစဉ်အတိုင်းသော တရားစကားကို ဟောကြားတော်မူ၏။ အစဉ်အတိုင်းသော တရားစကားဟူသည် အဘယ်နည်းဟူမူကား ဒါနနှင့်စပ်သော တရားစကားကိုလည်းကောင်း၊ သီလနှင့်စပ်သော တရားစကားကိုလည်းကောင်း၊ နတ်ရွာနှင့်စပ်သော တရားစကားကိုလည်းကောင်း၊ ကာမဂုဏ်တို့၏ အပြစ်ကိုလည်းကောင်း၊ ယုတ်ညံ့ခြင်းကိုလည်းကောင်း၊ ညစ်နွမ်းခြင်းကိုလည်းကောင်း၊ ထိုကာမဂုဏ်တို့မှ ထွက်မြောက်ခြင်း၌ အကျိုးအာနိသင်ကိုလည်းကောင်း ပြလျက် ဟောကြားတော်မူ၏။ ထိုတရားစကားကို ကြားနာရ၍ မဟာပါလ သူကြွယ်သည် ဤသို့ကြံ၏။ “တမလွန်ဘဝသို့ သွားသောသူ၏နောက်သို့ သားသမီးတို့သည်လည်းကောင်း၊ ညီအစ်ကိုတို့သည်လည်းကောင်း၊ စည်းစိမ် ဥစ္စာတို့သည်လည်းကောင်း မလိုက်ကုန်၊ ခန္ဓာကိုယ်သည်လည်း မိမိနှင့်အတူတကွ မလိုက်၊ ငါ့အား လူတို့ဘောင်၌ နေခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရဟန်းပြုအံ့”ဟု ကြံ၏။ ထိုမဟာပါလ သူကြွယ်သည် တရားတော်ကို ဟောတော်မူပြီးသည့် အဆုံး၌ မြတ်စွာဘုရားထံတော်သို့ကပ်၍ ရဟန်းအဖြစ်ကို တောင်းပန်၏။ ထိုအခါ ထိုမဟာပါလသူကြွယ်ကို မြတ်စွာဘုရားသည် “သင့်အား တစ်စုံတစ်ယောက် ပန်ကြားသင့် ပန်ကြားထိုက်သော ဆွေမျိုးဉာတိ ရှိသေးသလော”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- ဘုရားတပည့်တော်အား ညီငယ်တစ်ယောက် ရှိပါ၏”ဟု နားတော်လျှောက်သော် “ထိုသို့ဖြစ်မူ ထိုညီငယ်ကို ပန်ကြားဦးလော့”ဟု မိန့်တော်မူ၏။

ထိုမဟာပါလ သူကြွယ်သည် “ကောင်းလှပါပြီဘုရား”ဟု ဝန်ခံ၍ မြတ်စွာဘုရားကို ရှိခိုးပြီးမှ အိမ်သို့ပြန်သွား၍ ညီကို ခေါ်ပြီးလျှင် “ငါ၏ ညီချစ်- ဤငါ၏အိမ်၌ သက်ရှိသက်မဲ့ တစ်စုံတစ်ခုသော ဥစ္စာသည် ရှိ၏၊ ထိုအလုံးစုံသော ဥစ္စာသည် သင်၏ တာဝန်တည်း။ ထိုဥစ္စာကို ခံစားသုံးဆောင်ရစ်လော့”ဟု ဆို၏။ “နောင်တော်တို့ကား အသို့ပြုမည်နည်း”ဟု မေးလျှင် “ငါကား မြတ်စွာဘုရားအထံ၌ ရဟန်းပြုအံ့”ဟု ဆို၏။ “နောင်တော်- အသို့ ဆိုသနည်း။ နောင်တော်သည် အကျွန်ုပ်၏ မိခင် သေလွန်ပြီးနောက် မိခင်သဖွယ် ဖြစ်၏။ ဖခင် သေလွန်ပြီးနောက် ဖခင်သဖွယ် ဖြစ်၏။ နောင်တော်သည် အိမ်၌ များစွာသော စည်းစိမ်ဥစ္စာတို့ကို ရအပ်၏။ အိမ်၌နေလျက်သာ ကောင်းမှုတို့ကို ပြုခြင်းငှာ တတ်ကောင်းပါ၏။ ဤသို့ ရဟန်းမပြုပါလင့်”ဟု ဆို၏။

ထိုအခါ မဟာပါလ သူကြွယ်သည် “ညီချစ်- ငါကား မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ကြားနာရသောကြောင့် အိမ်ရာထောင်သော လူ့ဘောင်၌ နေခြင်းငှာ မတတ်နိုင်။ မြတ်စွာဘုရားသည် အလွန် သိမ်မွေ့နူးညံ့သော လက္ခဏာယာဉ်သုံးပါးသို့ တင်၍ အစ, အလယ်, အဆုံး၏ ကောင်းခြင်းနှင့်ပြည့်စုံသော တရားကို ဟောတော်မူအပ်ပြီ။ ထိုတရားကို အိမ်ရာထောင်သော လူ့ဘောင်၌နေသဖြင့် ဖြည့်ကျင့်ခြင်းငှာ မတတ်နိုင်။ ညီချစ်- ရဟန်းပြုပါအံ့”ဟု ဆို၏။ ထိုအခါ ညီငယ်သည် “နောင်တော်- နောင်တော်ကား ပျိုမျစ်နုနယ် ငယ်ရွယ်သောသူပင် ဖြစ်သေး၏။ ဆိုင်းငံ့ပါဦး၊ ကြီးရင့်သောကာလ ရဟန်းပြုရလတ္တံ့”ဟု ဆိုသော် “ညီချစ်- ကြီးရင့်သောသူအား မိမိ လက်ခြေတို့သည်ပင် မိမိအလိုသို့ မလိုက်ကုန်။ ဆွေမျိုးတို့သည်ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ ထို့ကြောင့် ငါကား သင့်စကားကို မလိုက်နာအံ့၊ ရဟန်းအကျင့်ကိုသာ ကောင်းစွာ ဖြည့်ကျင့်တော့”ဟု ဆို၍ ဤဂါထာကို ရွတ်ဆို၏။

ဇရာဇဇ္ဇရိတာ ဟောန္တိ၊ ဟတ္ထပါဒါ အနဿဝါ။
ယဿ သော ဝိဟတတ္ထာမော၊ ကထံ ဓမ္မံ စရိဿတိ။

ဘော စူဠပါလ၊ အို ညီငယ် စူဠပါလ။ ယဿ၊ အကြင်သူ၏။ ဟတ္ထပါဒါ၊ လက်,ခြေတို့သည်။ ဇရာဇဇ္ဇရိတာ၊ ဇရာတရားကြောင့် အိုမင်း ဆွေးမြည့်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ အနဿဝါ၊ မိမိအလိုသို့ မလိုက်ကုန်။ ဝိဟတတ္ထာမော၊ ကင်းသော ခွန်အားရှိသော။ သော၊ ထိုသူသည်။ ကထံ၊ အသို့လျှင်။ ဓမ္မံ၊ တရားကို။ စရိဿတိ၊ ကျင့်နိုင်လတ္တံ့နည်း။

“ငါ့ညီ စူဠပါလ- ငါကား ရဟန်းပြုအံ့သည်သာလျှင်တည်း”ဟု ဆို၍ ညီစူဠပါလသည် ငိုကြွေးမြည်တမ်းစဉ်ပင် မြတ်စွာဘုရားအထံသို့ သွားပြီးလျှင် ရဟန်းအဖြစ်ကို တောင်းပန်၍ ရဟန်းပြုလေသတည်း။

မဟာပါလထေရ် ကမ္မဋ္ဌာန်းတောင်းခြင်း

ရဟန်းအဖြစ်ကိုရပြီးသော အရှင်မဟာပါလသည် ဆရာ ဥပဇ္ဈာယ်တို့၏အထံ၌ ငါးဝါပတ်လုံးနေ၍ ဝါကျွတ်သည်ရှိသော် ပဝါရဏာပြု၍ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ရှိခိုးလျက် “မြတ်စွာဘုရား ဤသာသနာတော်၌ ဓုရတို့သည် အဘယ်မျှ ရှိပါသနည်း”ဟု မေးလျှောက်၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်း- ဂန္ထဓုရလည်းကောင်း၊ ဝိပဿနာဓုရလည်းကောင်း ဤသို့အားဖြင့် ဓုရနှစ်ပါးတို့သာရှိ၏”ဟု မိန့်တော်မူ၏။ ထိုအခါ မဟာပါလမထေရ်သည် “မြတ်စွာဘုရား- ဂန္ထဓုရသည် အဘယ်ပါနည်း၊ ဝိပဿနာဓုရသည် အဘယ်ပါနည်း”ဟု မေးလျှောက်သော် “မိမိပညာနှင့်လျော်စွာ တစ်ခုသော နိကာယ်ကို လည်းကောင်း၊ နှစ်ခုသော နိကာယ်တို့ကိုလည်းကောင်း၊ အလုံးစုံသော ပိဋကတ်သုံးပုံဟု ဆိုအပ်သော ဘုရားစကားတော်ကိုလည်းကောင်း သင်ယူ၍ ထိုပိဋကတ်သုံးပုံကို ဆောင်ခြင်း၊ အံခြင်း၊ ပို့ချခြင်းသည် ဂန္ထဓုရ မည်၏။ ပေါ့ပါးသော အသက်မွေးခြင်း ရှိသည်ဖြစ်၍ ဆိတ်ငြိမ်သော ကျောင်းအရပ်၌ မွေ့လျော်သော ရဟန်း၏ မိမိကိုယ်၌ ကုန်ခြင်း၊ ပျက်ခြင်း ခယ,ဝယကမ္မဋ္ဌာန်းကို ဖြစ်စေ၍ အမြဲမပြတ် အထပ်ထပ် လုံ့လပြုသည်၏အစွမ်းဖြင့် ဝိပဿနာကို ပွားစေလျက် အရဟတ္တဖိုလ်ကို ယူခြင်းသည် ဝိပဿနာဓုရ မည်၏”ဟု မိန့်တော်မူ၏။ ထိုအခါ မဟာပါလမထေရ်သည် “မြတ်စွာဘုရား- တပည့်တော်ကား ကြီးရင့်သောကာလ၌သာ ရဟန်းပြုခြင်းကြောင့် ဂန္ထဓုရကို အားထုတ်ခြင်းငှာ မတတ်နိုင်ပါ။ ဝိပဿနာဓုရကို ဖြည့်ကျင့်ပါအံ့။ တစ်ခုသော ကမ္မဋ္ဌာန်းတရားကို စီးဖြန်းပွားများရန် ဟောတော်မူပါဘုရား”ဟု လျှောက်၏။

ခြောက်ကျိပ်သော ရဟန်းတို့နှင့်အတူ ပစ္စန္တရစ်ရွာသို့ ကြွခြင်း

ထိုအခါ မဟာပါလမထေရ်အား မြတ်စွာဘုရားသည် အရဟတ္တဖိုလ်တိုင်အောင်သော ကမ္မဋ္ဌာန်းတရားကို ဟောတော်မူ၏။ ထိုမဟာပါလမထေရ်သည် မြတ်စွာဘုရားကို ရှိခိုးဦးချပြီးမှ မိမိနှင့်တကွ သွားဖော်ဖြစ်ကုန်သော ရဟန်းတို့ကို ရှာသည်ရှိသော် ခြောက်ကျိပ်မျှသော ရဟန်းတို့ကို ရ၍ ထိုခြောက်ကျိပ်သော ရဟန်းတို့နှင့် အတူတကွထွက်လျက် ယူဇနာ တစ်ရာ့နှစ်ဆယ်ရှိသော ခရီးသို့သွား၍ တစ်ခုသော ပစ္စန္တရစ်ရွာကြီးသို့ရောက်လျှင် ထိုရွာကြီး၌ အခြံအရံနှင့်တကွ ဆွမ်းအလို့ငှာ ဝင်၏။ လူတို့သည် ဝတ်နှင့်ပြည့်စုံသော ရဟန်းတို့ကို မြင်ကြကုန်သည်ဖြစ်၍သာလျှင် ကြည်ညိုနှစ်သက်သော စိတ်ရှိကုန်သည်ဖြစ်၍ နေရာတို့ကိုခင်းစေ၍ နေစေပြီးလျှင် မွန်မြတ်သော ခဲဖွယ်ဘောဇဉ် အာဟာရတို့ဖြင့် လုပ်ကျွေး၍ “အရှင်ဘုရားတို့- အရှင်ကောင်းတို့သည် အဘယ်အရပ်သို့ ကြွကြပါကုန်အံ့နည်း”ဟု မေးလျှောက်ကုန်လတ်သော် “ဒါယကာတို့- သပ္ပါယဖြစ်၍ ချမ်းသာရာအရပ်သို့ သွားကြကုန်အံ့”ဟု ပြန်ကြားကုန်လျှင် ပညာရှိသောသူတို့သည် အရှင်ကောင်းတို့ကား ဝါဆိုကျောင်း အိပ်ရာနေရာကို ရှာကုန်၏ဟုသိ၍ “အရှင်ဘုရားတို့- အရှင်ကောင်းတို့သည် ဤဝါတွင်း သုံးလပတ်လုံး ဤအရပ်ဒေသ၌ အကယ်၍ သီတင်းသုံးကြကုန်သည် ဖြစ်ပါအံ့၊ တပည့်တော်တို့သည် သရဏဂုံတို့၌တည်၍ သီလတို့ကို ဆောက်တည်ရပါကုန်အံ့”ဟု လျှောက်ကုန်၏။ ထိုခြောက်ကျိပ်သော ရဟန်းတို့သည်လည်း “ငါတို့ကား ဤဒါယကာတို့ကိုမှီ၍ ဘဝမှ လွတ်မြောက်ခြင်းကို ပြုကုန်အံ့”ဟု သည်းခံကြကုန်၏။ လူတို့သည် ထိုရဟန်းတို့၏ ပဋိညာဉ်ကိုယူလျက် ကျောင်းကို သုတ်သင်၍ ညဉ့်သန့်ရာ၊ နေ့သန့်ရာ အရပ်တို့ကို ပြည့်စုံစေ၍ လှူကုန်၏။ ထိုခြောက်ကျိပ်သော ရဟန်းတို့သည် မပြတ် ထိုရွာသို့သာလျှင် ဆွမ်းအလို့ငှာ ဝင်ကုန်၏။ ထိုအခါ ဆေးသမားတစ်ယောက်သည် ရဟန်းတို့သို့ကပ်၍ “အရှင်ဘုရားတို့- များစွာကုန်သောသူတို့၏ နေရာအရပ်၌ မချမ်းသာခြင်း မည်သည်လည်း ဖြစ်တတ်၏။ ထိုမချမ်းမသာ ရောဂါဖြစ်သည်ရှိသော် တပည့်တော်အား အမိန့်ရှိတော်မူကြပါ၊ ဆေးကုစားပါမည်ဘုရား”ဟု ဖိတ်ကြားလျှောက်ထားလေ၏။

အိပ်ခြင်းဣရိယာပုထ်ကို ပယ်ခြင်း

မဟာပါလ မထေရ်သည်လည်း ဝါဆိုသောနေ့၌ ထိုရဟန်းတို့ကိုခေါ်၍ “ငါ့ရှင်တို့- ဤဝါတွင်း သုံးလပတ်လုံး အဘယ်မျှလောက်ကုန်သော ဣရိယာပုထ်တို့ဖြင့် လွန်စေကုန်အံ့နည်း”ဟု မေး၏။ “အရှင်ဘုရား- လေးပါးကုန်သော ဣရိယာပုထ်တို့ဖြင့် လွန်စေပါကုန်အံ့”ဟုလျှောက်လျှင် “ငါ့ရှင်တို့- ဤဣရိယာပုထ် လေးပါးတို့ဖြင့် လွန်စေခြင်းသည် အဘယ်မှာ လျှောက်ပတ်အံ့နည်း၊ မမေ့မလျော့သောသူတို့ ဖြစ်ထိုက်သည် မဟုတ်ပါလော၊ ငါတို့သည် သက်တော်ထင်ရှားရှိသော မြတ်စွာဘုရားအထံတော်မှ ကမ္မဋ္ဌာန်းကို ယူ၍ လာကုန်၏။ ဘုရားတို့မည်သည်ကား- မေ့လျော့ခြင်းဖြင့် နှစ်သက်စေခြင်းငှာ မတတ်နိုင်၊ ကောင်းသော အလိုဖြင့်သာ နှစ်သက်စေအပ်ကုန်၏။ မေ့လျော့သောသူအားကား အပါယ်လေးဘုံတို့သည် မိမိအိမ်နှင့် တူကုန်၏။ ငါ့ ရှင်တို့- မမေ့မလျော့ ဖြစ်ကြပါကုန်လော့”ဟုဆိုလျှင် “အရှင်ဘုရား- အရှင်ဘုရားတို့သည် အဘယ်မျှလောက်သော ဣရိယာပုထ်တို့ဖြင့် လွန်စေကုန်အံ့နည်း”ဟု မေးလျှောက်ကုန်သော် “ငါ့ရှင်တို့- ငါကား သုံးပါးသော ဣရိယာပုတို့ဖြင့် လွန်စေအံ့၊ ကျောက်ကုန်းကို မဆန့်, မအိပ်စက်အံ့”ဟုဆိုလျှင် “အရှင်ဘုရား- ကောင်းလှပါ၏။ မမေ့မလျော့ ဖြစ်တော်မူပါလော့”ဟု လျှောက်ကြကုန်၏။

မျက်စိရောဂါ ရတော်မူခြင်း

ထိုအခါ အိပ်စက်ခြင်းမပြုသော အရှင်မဟာပါလမထေရ်အား ဝါဆိုလလွန်၍ ဝါခေါင်လသို့ရောက်လျှင် မျက်စိရောဂါ ဖြစ်ခဲ့၏။ အိုးပေါက်,အိုးကွဲမှ ယိုကျသော ရေအလျဉ်ကဲ့သို့ မျက်စိတို့မှ မျက်ရည်အလျဉ်တို့သည် တသွင်သွင်ယိုစီးလျက် ကျကုန်၏။ ထိုမဟာပါလ မထေရ်သည် ညဉ့်သုံးယာမ်ပတ်လုံး ရဟန်းတရားကို အားထုတ်၍ အရုဏ်တက်သည်ရှိသော် တိုက်ခန်းတွင်းသို့ဝင်၍ နေတော်မူ၏။ ရဟန်းတို့သည် ဆွမ်းခံချိန်တန်သောအခါ၌ မထေရ်အထံသို့ သွားပြီးလျှင် ဆွမ်းခံချိန် တန်ပါပြီဘုရားဟု လျှောက်ကြားကြကုန်၏။ “ငါ့ရှင်တို့ ထိုသို့ဖြစ်လျှင် သပိတ်သင်္ကန်းကို ယူကုန်လော့”ဟု မိမိသပိတ်သင်္ကန်းကို ယူစေ၍ ထွက်လေ၏။ ရဟန်းတို့သည် ထိုမဟာပါလ မထေရ်၏ မျက်စိတို့မှ ယိုစီး၍ကျသော မျက်ရည်ပေါက်တို့ကို မြင်လျှင် “အရှင်ဘုရား- ဤမျက်ရည်ယိုခြင်းသည် အဘယ့်ကြောင့်နည်း”ဟု မေးလျှောက်ကုန်၏။ “ငါ့ရှင်တို့- ငါ၏မျက်စိတို့ကို လေတို့သည် ထိုးကုန်၏”ဟုဆိုလျှင် “အရှင်ဘုရား- ဆေးသမားသည် ဖိတ်ကြားအပ်သည် မဟုတ်ပါလော၊ ထိုဆေးသမားအား အကြောင်းကြားပါအံ့”ဟုဆိုလျှင် “ငါ့ရှင်တို့- ကောင်း၏”ဟု မိန့်တော်မူ၏။

မျက်စိကုဆရာ၏ အကြံပေးမှုကို ပယ်

ရဟန်းတို့သည် ဆေးသမားအား အကြောင်းကြားလျှင် ဆေးသမားသည် ဆီကိုချက်၍ ပို့စေ၏။ မထေရ်သည် နှာခေါင်း၌ ဆီကို သွန်းလောင်းသည်ရှိသော် ထိုင်လျက်သာလျှင် သွန်းလောင်း၍ ရွာတွင်းသို့ ဆွမ်းခံဝင်လေ၏။ ဆေးသမားသည် မဟာပါလ မထေရ်ကိုမြင်လျှင်“ အရှင်ဘုရား- အရှင်မြတ်၏မျက်စိတို့ကို လေထိုး၏ဟူသည် မှန်ပါသလား”ဟု မေးလျှောက်၏။ “ဒါယကာ၊ မှန်၏”ဟု မိန့်တော်မူသည်ရှိသော် “အရှင်ဘုရား- တပည့်တော်သည် ဆီကိုချက်၍ ပို့အပ်ပြီ၊ အရှင်ဘုရားတို့- နှာခေါင်း၌ သွန်းလောင်းပါ၏လော”ဟု မေးလျှောက်သော် “ဒါယကာ- သွန်းလောင်း၏”ဟု မိန့်တော်မူ၏။ “ယခုအခါ၌ အသို့ရှိပါသနည်း”ဟု မေးလျှောက်သော် “ဒါယကာ- နာကျင်မြဲ နာကျင်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၏။ ဆေးသမားသည် “ငါကား တစ်ကြိမ်မျှ ခတ်ခြင်းဖြင့်သာလျှင် ပျောက်ငြိမ်းစေခြင်းငှာ စွမ်းနိုင်သော ဆီကို ပို့အပ်ပြီ၊ အဘယ့်ကြောင့် ရောဂါမငြိမ်းသနည်း”ဟု ကြံပြီးလျှင် “အရှင်ဘုရား- အရှင်ဘုရားတို့သည် ဆီကို ထိုင်၍ သွန်းလောင်းသလော၊ သို့မဟုတ် အိပ်၍ သွန်းလောင်းသလော”ဟု မေးလျှောက်၏။ မထေရ်သည် ဆိတ်ဆိတ်နေလေ၏။ အဖန်ဖန် မေးအပ်သော်လည်း စကားမဆိုဘဲ နေလေ၏။ ထိုဆေးသမားသည် “ကျောင်းသို့သွား၍ မထေရ်၏ နေရာအရပ်ကို ကြည့်အံ့”ဟု ကြံ၍ “အရှင်ဘုရား- ဤသို့ဖြစ်လျှင် ကြွတော်မူပါတော့”ဟု မထေရ်ကို လျှောက်ကြားလိုက်ပြီးမှ ကျောင်းသို့သွား၍ မထေရ်၏နေရာအရပ်ကို ကြည့်သည်ရှိသော် စင်္ကြံသွားရာ၊ ထိုင်ရာ အရပ်ကိုသာလျှင်မြင်၍ အိပ်ရာအရပ်ကို မမြင်သောကြောင့် “အရှင်ဘုရား- အရှင်ဘုရားတို့ကား ဆီကို ထိုင်၍ သွန်းလောင်းသလော၊ သို့မဟုတ် အိပ်၍ သွန်းလောင်းသလော”ဟု မေးလျှောက်လေ၏။ မထေရ်သည် ဆိတ်ဆိတ်သာ နေလေ၏။ ထိုအခါ ဆေးသမားသည် “အရှင်ဘုရား- ဤသို့မပြုပါလင့်၊ ရဟန်းတရား မည်သည်ကား ကိုယ်ကို မျှတသဖြင့် ပြုခြင်းငှာ တတ်ကောင်း၏။ အိပ်၍ သွန်းလောင်းတော်မူပါကုန်”ဟု အဖန်ဖန် တောင်းပန်သော် “ဒါယကာ- သင်သွားလေဦး၊ တိုင်ပင်၍ သိရအံ့”ဟု ဆေးသမားကို လွှတ်လိုက်၏။

ကိုယ်ခန္ဓာနှင့်သာ တိုင်ပင်ခြင်း

ထိုရွာ၌ မထေရ်၏ အဆွေအမျိုးတို့သည်လည်း မရှိ၊ တစ်မိသားချင်း ညီရင်းအစ်ကိုတို့သည်လည်း မရှိ၊ အဘယ်သူနှင့် တိုင်ပင်အံ့နည်း၊ ကရဇကာယနှင့် အတူတကွ တိုင်ပင်လိုသည်ဖြစ်၍ “ငါ့ရှင် ပါလိတ- သင်သည် ဆိုလော့၊ သင်ကား မျက်စိတို့ကိုပင် ကြည့်အံ့လော၊ သို့တည်းမဟုတ် ဘုရားရှင်သာသနာတော်ကို ကြည့်အံ့လော၊ အစမထင်သော သံသရာဝဋ်၌ သင်၏ မျက်စိကန်းခြင်းကို ရေတွက်နိုင်ခြင်းမည်သည် မရှိ၊ အရာ,အထောင်မက များပြားလှစွာသော ဘုရားတို့သည် လွန်လေကုန်ပြီ၊ ထိုဘုရားတို့တွင် တစ်ဆူသော ဘုရားရှင်သည်လည်း မျက်စိကန်းခြင်းကို ပိုင်းခြားတော်မမူနိုင်၊ ယခုအခါ ငါသည် ဤဝါတွင်းသုံးလပတ်လုံး မအိပ်ဘဲနေတော့အံ့ဟု ဆောက်တည်၍ ဝါတွင်းသုံးလပတ်လုံး မပြတ်လျှင် လုံ့လပြုတော့အံ့၊ ထို့ကြောင့် သင်ပါလိတ၏ မျက်စိတို့သည် ပျက်မူလည်း ပျက်စေကုန်၊ ကွဲမူလည်း ကွဲစေကုန်၊ ဘုရားရှင်၏ ဆုံးမခြင်းကိုသာ ဆောင်ယူလေလော့၊ မျက်စိကို မဆောင်ယူလေလင့်”၊ ဤသို့တိုင်ပင်၍ မဟာဘုတ်လေးပါးလျှင် မှီရာရှိသော ကိုယ်ကို ဆုံးမတော်မူလိုသော မဟာပါလမထေရ်သည် ဤဂါထာတို့ကို ရွတ်ဆိုလေ၏။

မိမိကိုယ်ကိုသာ ဆုံးမ

စက္ခူနိ ဟာယန္တု မမာယိတာနိ၊
သောတာနိ ဟာယန္တု၊ တထေဝ ကာယော။
သဗ္ဗမ္ပိဒံ ဟာယတု ဒေဟနိဿိတံ၊
ကိံ ကာရဏာ ပါလိတ တွံ ပမဇ္ဇသိ။
စက္ခူနိ ဇီရန္တု မမာယိတာနိ၊
သောတာနိ ဇီရန္တု တထေဝ ကာယော။
သဗ္ဗမ္ပိဒံ ဇီရတု ဒေဟနိဿိတံ၊
ကိံ ကာရဏာ ပါလိတ တွံ ပမဇ္ဇသိ။
စက္ခူနိ ဘိဇ္ဇန္တု မမာယိတာနိ၊
သောတာနိ ဘိဇ္ဇန္တု တထေဝ ကာယော။
သဗ္ဗမ္ပိဒံ ဘိဇ္ဇတု ဒေဟနိဿိတံ၊
ကိံ ကာရဏာ ပါလိတ တွံ ပမဇ္ဇသိ။

ပါလိတ၊ ငါ့ရှင်ပါလိတ။ မမာယိတာနိ၊ မရက်မစက် နှစ်သက် မြတ်နိုးအပ်ကုန်သော။ စက္ခူနိ၊ မျက်စိတို့သည်။ ဟာယန္တု၊ ဆုတ်ယုတ်မူလည်း ဆုတ်ယုတ်စေကုန်။ သောတာနိ၊ နားတို့သည်။ ဟာယန္တု၊ ဆုတ်ယုတ်မူလည်း ဆုတ်ယုတ်စေကုန်။ တထေဝ၊ ထို့အတူပင်။ ကာယော၊ ဤခန္ဓာကိုယ်သည်လည်းကောင်း။ ဒေဟနိဿိတံ၊ ခန္ဓာကိုယ်ကို မှီ၍ဖြစ်သော။ ဣဒံ သဗ္ဗမ္ပိ၊ ဤအလုံးစုံသော အင်္ဂါကြီးငယ် အစုသည်လည်းကောင်း။ ဟာယတု၊ ဆုတ်ယုတ်မူလည်း ဆုတ်ယုတ်စေ။ ကိံ ကာရဏာ၊ အဘယ်အကြောင်းကြောင့်။ တွံ၊ သင်သည်။ ပမဇ္ဇသိ၊ မေ့လျော့ရမည်နည်း။

ပါလိတ၊ ငါ့ရှင်ပါလိတ။ မမာယိတာနိ၊ မရက်မစက် နှစ်သက် မြတ်နိုးအပ်ကုန်သော။ စက္ခူနိ၊ မျက်စိတို့သည်။ ဇီရန္တု၊ ဆွေးမူလည်း ဆွေးမြည့်စေကုန်။ သောတာနိ၊ နားတို့သည်။ ဇီရန္တု၊ ဆွေးမူလည်း ဆွေးမြည့်စေကုန်။ တထေဝ၊ ထို့အတူပင်။ ကာယော၊ ဤခန္ဓာကိုယ်သည်လည်းကောင်း။ ဒေဟနိဿိတံ၊ ခန္ဓာကိုယ်ကို မှီ၍ဖြစ်သော။ ဣဒံ သဗ္ဗမ္ပိ၊ ဤအလုံးစုံသော အင်္ဂါကြီးငယ် အစုသည်လည်းကောင်း။ ဇီရတု၊ ဆွေးမူလည်း ဆွေးမြည့်စေ။ ကိံ ကာရဏာ၊ အဘယ်အကြောင်းကြောင့်။ တွံ၊ သင်သည်။ ပမဇ္ဇသိ၊ မေ့လျော့ရမည်နည်း။

ပါလိတ၊ ငါ့ရှင်ပါလိတ။ မမာယိတာနိ၊ မရက်မစက် နှစ်သက် မြတ်နိုးအပ်ကုန်သော။ စက္ခူနိ၊ မျက်စိတို့သည်။ ဘိဇ္ဇန္တု၊ ကွဲမူလည်း ကွဲပျက်စေကုန်။ သောတာနိ၊ နားတို့သည်။ ဘိဇ္ဇန္တု၊ ကွဲမူလည်း ကွဲပျက်စေကုန်။ တထေဝ၊ ထို့အတူပင်။ ကာယော၊ ဤခန္ဓာကိုယ်သည်လည်းကောင်း။ ဒေဟနိဿိတံ၊ ခန္ဓာကိုယ်ကို မှီ၍ဖြစ်သော။ ဣဒံ သဗ္ဗမ္ပိ၊ ဤအလုံးစုံသော အင်္ဂါကြီးငယ် အစုသည်လည်းကောင်း။ ဘိဇ္ဇတု၊ ကွဲမူလည်း ကွဲပျက်စေ။ ကိံ ကာရဏာ၊ အဘယ်အကြောင်းကြောင့်။ တွံ၊ သင်သည်။ ပမဇ္ဇသိ၊ မေ့လျော့ရမည်နည်း။

ဆေးဆရာ လက်လွှတ်

ဤသို့ သုံးဂါထာတို့ဖြင့် မိမိကိုယ်ကို ဆုံးမဩဝါဒပေးကာ ထိုင်လျက်သာ နှာနှပ်ခြင်းကိုပြု၍ ရွာသို့ ဆွမ်းအလို့ငှာ ကြွဝင်တော်မူ၏။ ဆေးဆရာသည် ထိုအရှင် မဟာပါလ မထေရ်ကိုမြင်လျှင် “အရှင်ဘုရား- နှာနှပ်ခြင်းအမှုကို ပြုလေပြီလော”ဟု မေးလျှောက်၏။ “ဒါယကာ-ပြုလေပြီ”ဟု ဆိုလျှင် “အရှင်ဘုရား- အသို့ရှိပါသနည်း”ဟု မေးလျှောက်သော် “ဒါယကာ- နာကျင်မြဲ နာကျင်သည်သာလျှင်တည်း”ဟု ဆို၏။ “အရှင်ဘုရား- အရှင်ဘုရားတို့သည် ထိုင်၍ နှာနှပ်သလော၊ အိပ်၍ နှာနှပ်သလော”ဟု မေးလျှောက်သော် မထေရ်သည် ဆိတ်ဆိတ်နေတော်မူ၏။ အဖန်ဖန် မေးပါသော်လည်း မထေရ်သည် တစ်စုံတစ်ခွန်းသောစကားကိုမျှ မဆိုဘဲ ဆိတ်ဆိတ်သာလျှင် နေတော်မူ၏။ ထိုအခါ မဟာပါလမထေရ်ကို ဆေးဆရာသည် “အရှင်ဘုရားတို့- အရှင်ဘုရားတို့ကား လျောက်ပတ်သည်ကို မပြုကုန်၊ ယနေ့မှ အစပြု၍ ငါ့အား ဤမည်သော ဆေးဆရာသည် မျက်စဉ်းဆီကို ချက်အပ်၏ဟု မဆိုပါလင့်။ တပည့်တော်သည်လည်း အရှင်ဘုရားတို့၏ အကျိုးငှာ မျက်စဉ်းဆီကို ချက်အပ်၏ဟု မဆိုတော့ပါ”ဟု လျှောက်လေ၏။

ဆေးဆရာ လက်လွှတ်သော်လည်း စိတ်ဓာတ်မကျ

ထိုမဟာပါလမထေရ်သည် ဆေးဆရာ လက်လွှတ်အပ်သည် ဖြစ်ရကား ကျောင်းသို့သွား၍ “ရဟန်း- သင့်ကို ဆေးဆရာကလည်း လက်လွှတ်အပ်လေပြီ၊ သင်သည် ဣရိယာပုထ်ကို မစွန့်လေနှင့်”ဟု မိမိကိုယ်ကို မိမိ ဆုံးမဩဝါဒ ပေးလိုရကား ဤဂါထာကို ဆို၏။

ပဋိက္ခိတ္တော တိကိစ္ဆာယ၊ ဝေဇ္ဇေနာပိ ဝိဝဇ္ဇိတော။
နိယတော မစ္စုရာဇဿ၊ ကိံ ပါလိတ ပမဇ္ဇသိ။

ပါလိတ၊ ငါ့ရှင် ပါလိတ။ တယာ၊ သင်သည်။ တိကိစ္ဆာယ၊ ဆေးကုခြင်းငှာ။ ပဋိက္ခိတ္တော၊ ပယ်စွန့်အပ်ပြီ။ ဝေဇ္ဇေနာပိ၊ ဆေးဆရာသည်လည်း။ ဝိဝဇ္ဇိတော၊ စွန့်ပစ်အပ်ပြီ။ မစ္စုရာဇဿ၊ သေမင်းသည်။ နိယတော၊ မှတ်အပ် စာရင်းယူအပ်ပြီ။ ပါလိတ၊ ငါ့ရှင်ပါလိတ။ တွံ၊ သင်သည်။ ကိံ ပမဇ္ဇသိ၊ အဘယ့်ကြောင့် မေ့လျော့ရအံ့နည်း။

သုက္ခဝိပဿက ရဟန္တာဖြစ်ခြင်း

ဤဂါထာဖြင့် မိမိကိုယ်ကို ဆုံးမ၍ ရဟန်းတရားကို အားထုတ်တော်မူ၏။ ထိုအခါ ထိုမဟာပါလ မထေရ်အား သန်းခေါင်ယံလွန်သည်ရှိသော် မျက်စိတို့သည်လည်းကောင်း၊ ကိလေသာတို့သည်လည်းကောင်း မရှေးမနှောင်း တစ်ပြိုင်တည်း ကွဲပျက်ကုန်ခန်းခြင်းသို့ ရောက်ကုန်၏။ ထိုမဟာပါလ မထေရ်သည် သုက္ခဝိပဿက ရဟန္တာဖြစ်၍ တိုက်ခန်းတွင်းသို့ဝင်လျက် နေတော်မူ၏။ (ဤမှအစပြု၍ စက္ခုပါလမထေရ်ဟု တွင်သည်။)

အားလုံး ရဟန္တာဖြစ်

ရဟန်းတို့သည် ဆွမ်းခံချိန်အခါ၌ လာကုန်ပြီးလျှင် “ဆွမ်းခံချိန် တန်ပါပြီဘုရား”ဟု လျှောက်ကြကုန်၏။ “ငါ့ရှင်တို့- အခါတန်ပြီလော”ဟု မေးလျှင် “အရှင်ဘုရား- တန်ပါပြီ”ဟု လျှောက်သော် “ထိုသို့ဖြစ်လျှင် သွားကြကုန်လော့”ဟု မိန့်တော်မူ၏။ “အရှင်ဘုရား- အရှင်ဘုရားတို့သည်ကား အသို့နည်း”ဟု လျှောက်ကြကုန်သည်ရှိသော် “ငါ့ရှင်တို့- ငါ၏မျက်စိတို့ ကွယ်ကုန်ပြီ”ဟု ဆို၏။ ထိုရဟန်းတို့သည် စက္ခုပါလမထေရ်၏ မျက်စိတို့ကိုကြည့်၍ မျက်ရည်တို့ဖြင့်ပြည့်သော မျက်စိရှိကုန်လျက် “အရှင်ဘုရား- ထွေထွေရာရာ မကြံပါကုန်လင့်၊ တပည့်တော်တို့သည် အရှင်ဘုရားတို့အား လုပ်ကျွေးပါကုန်အံ့”ဟု လျှောက်ပြီးလျှင် မထေရ်ကို နှစ်သိမ့်စေလျက် ပြုသင့်ပြုထိုက်သော ဝတ်ကြီးဝတ်ငယ်ကိုပြု၍ ရွာသို့ ဆွမ်းအလို့ငှာ ဝင်လေကုန်၏။ လူတို့သည် အရှင်စက္ခုပါလ မထေရ်ကို မမြင်သောကြောင့် “အရှင်ဘုရားတို့- တပည့်တော်တို့၏ အရှင်မြတ်သည် အဘယ်မှာနည်း”ဟု မေးလျှောက်သော် ထိုအကြောင်းကို ပြောကြားကုန်၏။ ဒါယကာတို့သည် ထိုစကားကိုကြားလျှင် ယာဂုကိုပို့စေ၍ ကိုယ်တိုင် ဆွမ်းကို ယူသွားပြီးလျှင် မထေရ်ကို ရှိခိုးလျက် ခြေရင်း၌ လူးလှိမ့်လျက် ငိုကြွေးကုန်ပြီးမှ “အရှင်ဘုရား- တပည့်တော်တို့သည် အရှင်ဘုရားတို့အား လုပ်ကျွေးပါကုန်အံ့၊ အရှင်ဘုရားတို့သည် ထွေထွေရာရာ မကြံပါကုန်လင့်”ဟု နှစ်သိမ့်စေလျက် ဖဲသွားကြကုန်၏။ ထိုနေ့မှစ၍လည်း အမြဲသာလျှင် ယာဂုဆွမ်းကို ကျောင်းသို့ပို့စေကုန်၏။ မထေရ်သည်လည်း မိမိမှတစ်ပါး ခြောက်ကျိပ်သော ရဟန်းတို့အား မပြတ် ဆုံးမဩဝါဒကို ပေးတော်မူ၏။ ထိုခြောက်ကျိပ်သော ရဟန်းတို့သည် အရှင်စက္ခုပါလ မထေရ်မြတ်၏ အဆုံးအမ၌တည်၍ သီတင်းကျွတ်လပြည့် ပဝါရဏာနေ့ နီးသောအခါ ထိုအလုံးစုံသော ရဟန်းတို့သည် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏။

ဘုရားရှင်ထံ ဖူးမြော်ရန် ကြွသွားကြခြင်း

ထိုရဟန်းတို့သည် ဝါကျွတ်ကုန်ပြီးသော် မြတ်စွာဘုရားကို ဖူးမြင်လိုကုန်သည်ဖြစ်၍ မထေရ်၏အထံသို့ သွားပြီးလျှင် “အရှင်ဘုရား- မြတ်စွာဘုရားကိုဖူးမြင်ခြင်းငှာ အလိုရှိပါကုန်၏”ဟု လျှောက်ကြကုန်၏။ အရှင်စက္ခုပါလမထေရ်သည် ထိုရဟန်းတို့၏စကားကို ကြား၍ “ငါကား အားနည်း၏၊ ခရီးအကြား၌လည်း ဘီလူးတို့ သိမ်းဆည်းအပ်သော တောအုပ်သည် ရှိ၏၊ ငါကား ထိုရဟန်းတို့နှင့် အတူတကွ သွားသည်ရှိသော် အလုံးစုံသော ရဟန်းတို့သည် ပင်ပန်းကုန်လတ္တံ့၊ ဆွမ်းကိုရခြင်းငှာလည်း မတတ်နိုင်ကုန်လတ္တံ့၊ ဤရဟန်းတို့ကို ရှေးဦးစွာ စေလွှတ်အံ့”ဟု ကြံစည်ဆင်ခြင်၍ ထိုရဟန်းတို့ကို “ငါ့ရှင်တို့- သင်တို့သည် ရှေးဦးစွာ သွားနှင့်ကြကုန်လော့”ဟု ဆိုလေ၏။ “အရှင်ဘုရားတို့သည်ကား ဘယ်အခါ ကြွလာပါအံ့နည်း”ဟု မေးလျှောက်သော် “ငါကား အားနည်း၏၊ ခရီးအကြား၌လည်း ဘီလူးတို့ သိမ်းဆည်းအပ်သော တောအုပ်သည် ရှိ၏၊ ငါကား သင်တို့နှင့် အတူတကွ သွားသည်ရှိသော် အလုံးစုံသော ရဟန်းတို့သည် ပင်ပန်းကုန်လတ္တံ့၊ သင်တို့သည်သာ ရှေးဦးစွာ သွားနှင့်ကြကုန်လော့”ဟု ဆိုလေ၏။ “အရှင်ဘုရား- ဤသို့ မပြုပါလင့်၊ တပည့်တော်တို့သည် အရှင်ဘုရားတို့နှင့် အတူတကွ သွားပါကုန်အံ့”ဟု လျှောက်ကုန်၏။ “ငါ့ရှင်တို့- သင်တို့သည် ငါနှင့်အတူ သွားခြင်းကို မနှစ်သက်ကြကုန်လင့်၊ ဤသို့ နှစ်သက်သည်ရှိသော် ငါ့အား မချမ်းသာခြင်းသည် ဖြစ်လတ္တံ့”ဟု မိန့်တော်မူပြီး၍ “ငါ့ညီသည် သင်တို့ကိုမြင်လျှင် ငါ၏အကြောင်းကို မေးလျှောက်လတ္တံ့၊ ထိုသို့ မေးသောအခါ ငါ့ညီအား ငါ၏ မျက်စိ ကွယ်သောအဖြစ်ကို ပြောကြားကုန်လော့၊ ထိုငါ့ညီသည် ငါ၏အထံသို့ တစ်စုံတစ်ယောက်သောသူကို စေလွှတ်လတ္တံ့၊ ထိုစေလွှတ်အပ်သောသူနှင့် အတူတကွ ငါလာခဲ့အံ့၊ သင်တို့သည် ငါ့စကားဖြင့် မြတ်စွာဘုရားကိုလည်းကောင်း၊ ရှစ်ကျိပ်သော မဟာသာဝက မထေရ်ကြီးတို့ကိုလည်းကောင်း ရှိခိုးကြကုန်လော့”ဟု မှာ၍ ထိုရဟန်းတို့ကို လွှတ်လိုက်လေ၏။

ပါလိတကို စေလွှတ်ခြင်း

ထိုရဟန်းတို့သည် စက္ခုပါလမထေရ်ကို ကန်တော့ကြကုန်၍ ရွာတွင်းသို့ဝင်ကုန်သော် လူတို့သည် ရဟန်းတို့ကိုမြင်လျှင် သီတင်းသုံးနေထိုင်စေ၍ ဆွမ်းကိုလှူပြီးမှ “အရှင်ဘုရားတို့- အရှင်ဘုရားတို့အား သွားအံ့သော အခြင်းအရာသည် ထင်၏”ဟု လျှောက်ကုန်၏။ “ဪ... ဟုတ်ပေ၏ ဒါယကာတို့၊ ငါတို့သည် မြတ်စွာဘုရားကို ဖူးမြင်လိုကုန်၏”ဟု ဆိုကုန်သော် ထိုဒါယကာတို့သည် အဖန်ဖန် တောင်းပန်သော်လည်း ရဟန်းတို့၏ ကြွသွားလိုခြင်းကိုသာလျှင် သိရသဖြင့် လိုက်ပို့၍ ငိုကြွေးကာ ပြန်လာကြကုန်၏။ ထိုရဟန်းတို့သည်လည်း အစဉ်သဖြင့် သွားသည်ရှိသော် ဇေတဝန်ကျောင်းတော်သို့ ရောက်၍ မြတ်စွာဘုရားကိုလည်းကောင်း၊ ရှစ်ကျိပ်သော မဟာသာဝက မထေရ်ကြီးတို့ကိုလည်းကောင်း အရှင်စက္ခုပါလ မထေရ်၏စကားဖြင့် ရှိခိုး၍ တစ်ဖန် မိုးသောက်သောနေ့၌ မထေရ်၏ညီ သူကြွယ်နေရာ လမ်းခရီးသို့ ဆွမ်းအလို့ငှာ ဝင်ကြကုန်၏။ ညီ စူဠပါလသူကြွယ်သည် ထိုရဟန်းတို့ကို သိ၍ နေရာ၌ နေစေပြီးသော် ပဋိသန္ထာရ နှုတ်ဆက်စကား ပြောကြားပြီးမှ “အရှင်ဘုရားတို့- တပည့်တော်၏ နောင်တော်မထေရ်သည် အဘယ်မှာနည်း”ဟု မေးလျှောက်၏။ ထိုအခါ ထိုသူကြွယ်အား ရဟန်းတို့သည် ထိုအကြောင်းကို ပြောကြားကုန်၏။ သူကြွယ်သည် ထိုစကားကို ကြား၍ ရဟန်းတို့၏ ခြေရင်း၌ လူးလှိမ့်ကာ ငိုကြွေးလျက် “အရှင်ဘုရားတို့- ယခုအခါ အဘယ်သို့ ပြုရပါအံ့နည်း”ဟု မေးလျှောက်၏။ “အရှင် စက္ခုပါလမထေရ်သည် အသင်၏ထံမှ တစ်စုံတစ်ယောက်သောသူ၏ လာခြင်းကို တောင့်တ၏၊ ထိုတစ်စုံတစ်ယောက်သောသူ ရောက်သွားသောကာလ ထိုသူနှင့်အတူတကွ လာလတ္တံ့”ဟု ပြောကြားကုန်၏။ “အရှင်ဘုရားတို့- ဤသူငယ်သည်ကား တပည့်တော်၏ တူဖြစ်သော ပါလိတ အမည်ရှိသောသူ ဖြစ်ပါသည်၊ ထိုသူငယ်ကို စေလွှတ်တော်မူကြပါလော့”ဟု လျှောက်သော် “ဤသို့သော အသွင်အပြင်ဖြင့် စေလွှတ်ခြင်းငှာ မစွမ်းနိုင်၊ ခရီးအကြား၌ ဘေးရန်များ၏၊ ထိုပါလိတကို သာမဏေပြု၍ စေလွှတ်ခြင်းငှာ သင့်၏”ဟုဆိုလျှင် “အရှင်ဘုရားတို့- ထိုသို့ပြု၍ စေလွှတ်တော်မူကြပါလော့”ဟု လျှောက်ဆို၏။ ထိုအခါ ပါလိတကို ရှင်ပြု၍ လခွဲမျှ သပိတ်,သင်္ကန်း ကိုင်ပုံ,ယူပုံ စသည်တို့ကို သင်စေပြီးမှ ခရီးကို ညွှန်ကြား၍ စေလွှတ်ကုန်၏။ ပါလိတ သာမဏေသည် အစဉ်သဖြင့် ထိုရွာသို့ရောက်၍ ရွာတံခါး၌ တစ်ယောက်သော သူအိုကို မြင်၍ “ဤရွာကိုမှီလျက် တစ်စုံတစ်ခုသော တောကျောင်းသည် ရှိသလော”ဟု မေး၏။ “အရှင်ဘုရား- ရှိပါ၏”ဟု ဆိုသော် “ဤကျောင်း၌ အဘယ်မျှသော အရှင်မြတ် နေသနည်း”ဟု မေးမြန်း၏။ “အရှင်ဘုရား- ပါလိတ အမည်ရှိသော မထေရ်သည် နေ၏”ဟု ဆိုသော် “ငါ့အား သွားရန်ခရီးကို ညွှန်ကြားလော့”ဟု ဆို၏။ “အရှင်ဘုရား- အရှင်ဘုရားသည် အဘယ်ပုဂ္ဂိုလ်ဖြစ်သနည်း”ဟု မေးသော် “အရှင်ပါလိတ မထေရ်၏ တူဖြစ်၏”ဟု ဆို၏။ ထိုအခါ သာမဏေကို ပင့်ခေါ်၍ ကျောင်းသို့ ဆောင်လေ၏။

သာဝတ္ထိပြည်သို့ စက္ခုပါလထေရ် ပြန်ကြွခြင်း

ထိုသာမဏေသည် မထေရ်မြတ်ကို ရှိခိုးပြီး၍ လခွဲမျှပတ်လုံး ဝတ်ကြီးဝတ်ငယ်ကို ပြုလျက် မထေရ်ကို ကောင်းစွာ လုပ်ကျွေးပြုစုပြီးလျှင် “အရှင်ဘုရား- တပည့်တော်ဦးရီး သူကြွယ်သည် အရှင်ဘုရားတို့၏ ကြွလာခြင်းကို တောင့်တ၏၊ ကြွတော်မူပါ၊ သွားကြပါကုန်အံ့”ဟု လျှောက်ဆို၏။ “ထိုသို့ဖြစ်မူ ဤငါ၏ တောင်ဝှေးစွန်းကို ကိုင်စွဲလော့”ဟု မိန့်တော်မူ၏။ ထိုသာမဏေသည် တောင်ဝှေးစွန်းကို ကိုင်စွဲလျက် မထေရ်နှင့် အတူတကွ ရွာတွင်းသို့ ဝင်၏။ လူတို့သည် မထေရ်ကို သီတင်းသုံးနေထိုင်စေပြီးမှ “အရှင်ဘုရား- အရှင်ဘုရားတို့၏ ကြွသွားအံ့သော အခြင်းအရာသည် ထင်သည်မဟုတ်ပါလော”ဟု မေးကြကုန်၏။ “ဟုတ်ပေ၏၊ ဒါယကာတို့- ငါကြွသွား၍ မြတ်စွာဘုရားကို ရှိခိုးပူဇော်အံ့”ဟု ဆိုသော် ထိုဒါယကာတို့သည် အထူးထူးအပြားပြားအားဖြင့် တောင်းပန်၍ မရကုန်ရကား မထေရ်ကို ထက်ဝက်သောခရီးသို့ ဆောင်ပို့ပြီးမှ လွှတ်လိုက်၍ ငိုကြွေးကာ ပြန်လည်လာကြကုန်၏။

ထင်းခွေသူမ၏ သီချင်းသံ

သာမဏေသည်လည်း မထေရ်ကို တောင်ဝှေးစွန်းဖြင့် ယူဆောင်၍ သွားသည်ရှိသော် ခရီးအကြား တောအုပ်၌ မထေရ်အရှင်သည် ရှေးက အမှီပြု၍ သီတင်းသုံးခဲ့ဖူးသော ကဋ္ဌနဂရမည်သော ရွာတစ်ရွာသို့ ရောက်လေ၏။ ထိုရွာမှထွက်၍ တော၌ သီချင်းဆိုလျက် ထင်းခွေနေသော မိန်းမတစ်ယောက်၏ သီချင်းသံကို သာမဏေသည်ကြား၍ အသံ၌ နှစ်သက်စွဲလမ်းလေ၏။

ထို့ကြောင့် မြတ်စွာဘုရားသည်-

“နာဟံ ဘိက္ခဝေ အညံ ဧကသဒ္ဒမ္ပိ သမနုပဿာမိ၊ ယော ဧဝံ ပုရိသဿ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ၊ ယထယိဒံ ဘိက္ခဝေ ဣတ္ထိသဒ္ဒေါ”ဟု ဟောတော်မူ၏။

အဓိပ္ပာယ်ကား-

ချစ်သားရဟန်းတို့- ယောက်ျား၏စိတ်ကို သိမ်းသွင်း ဆွဲယူနိုင်သော မိန်းမအသံနှင့်တူသော တစ်ခုသော အသံကိုမျှလည်း ငါဘုရား မြင်တော်မမူ ဟူလိုသည်။

သာမဏေသည် ထိုအသံ၌ စွဲလမ်းသည်ဖြစ်၍ တောင်ဝှေးစွန်းကို စွန့်လွှတ်ပြီးလျှင် “အရှင်ဘုရား- တပည့်တော်အား ပြုဖွယ်ကိစ္စ ရှိပါသေးသည်၊ ရပ်တန့်တော်မူပါဦးလော့”ဟု ခွင့်တောင်း၍ ထိုမိန်းမထံသို့ သွားလေ၏။ ထိုမိန်းမသည်လည်း သာမဏေကိုမြင်လျှင် တိတ်တဆိတ်နေ၏။ သာမဏေသည် ထိုမိန်းမနှင့်အတူတကွ သီလပျက်စီးခြင်းသို့ ရောက်လေ၏။

သေလျှင် သေပစေ၊ သူယုတ်နှင့်အတူ ခရီးမသွား

မထေရ်သည် “ယခုပင် တစ်ခုသော သီချင်းသံကို ကြားအပ်၏။ ထိုကြားသော မိန်းမ၏အသံသည်လည်း ပျောက်ခဲ့ပြီ။ သာမဏေသည်လည်း ကြာမြင့်ခဲ့၏။ ထိုသာမဏေသည် ထိုမိန်းမနှင့် အတူတကွ သီလပျက်စီးခြင်းသို့ ရောက်သည် ဖြစ်လတ္တံ့”ဟု ဆင်ခြင်တော်မူ၏။ သာမဏေသည်လည်း မိမိကိစ္စကို ပြီးစေ၍ လာပြီးလျှင် “အရှင်ဘုရား- သွားပါကုန်အံ့”ဟု လျှောက်၏။ ထိုအခါ သာမဏေကို မထေရ်သည် “သာမဏေ- သင်ကား အယုတ်တမာ ဖြစ်ခဲ့ပြီလော”ဟု မေး၏။ သာမဏေသည် ဆိတ်ဆိတ်နေသည်ဖြစ်၍ မထေရ်မြတ်သည် အဖန်ဖန်အထပ်ထပ် မေးသော်လည်း တစ်စုံတစ်ခွန်းသော စကားကိုမျှ ပြန်၍မဆို။ ထိုအခါ သာမဏေကို မထေရ်သည် “အသင်ကဲ့သို့ ယုတ်မာသော အကျင့်ရှိသောသူသည် ငါ၏ တောင်ဝှေးစွန်းကို ဆွဲကိုင်ဖွယ်ကိစ္စ မရှိ”ဟု မိန့်ဆိုသော် ထိုသာမဏေသည် ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ သင်္ကန်းတို့ကိုပယ်၍ လူ၏အသွင်ဖြင့် ဝတ်ပြီးလျှင် “အရှင်ဘုရား- တပည့်တော်သည် ရှေး၌ သာမဏေပါတည်း၊ ယခုအခါ လူဖြစ်ပါပြီ၊ တပည့်တော်သည် သာမဏေပြုသော်လည်း သဒ္ဓါတရားဖြင့် ပြုသည်မဟုတ်၊ လမ်းခရီး၌ ဖြစ်ပေါ်မည့်ဘေးကို ကြောက်သဖြင့် သာမဏေပြုရပါ၏၊ အရှင်ဘုရား- ကြွပါလော့၊ သွားပါအံ့”ဟု လျှောက်ဆို၏။ “ငါ့ရှင်- လူယုတ်မာသည်လည်းကောင်း၊ ရှင်ယုတ်မာသည်လည်းကောင်း အတူတူ ယုတ်မာသည်သာတည်း၊ သင်သည် ရဟန်းသာမဏေအဖြစ်၌ တည်ပါလျက်လည်း သီလကိုမျှ ဖြည့်ခြင်းငှာ မတတ်နိုင်၊ လူဖြစ်၍ကား ကောင်းသောအကျင့်ကို အသို့ ကျင့်နိုင်အံ့နည်း၊ အသင်ကဲ့သို့ ယုတ်မာသော အကျင့်ရှိသောသူသည် ငါ၏ တောင်ဝှေးစွန်းကို ဆွဲကိုင်ဖွယ် ကိစ္စမရှိ”ဟု မိန့်တော်မူ၏။ “အရှင်ဘုရား ဤတောလမ်းခရီးသည် ဘီလူးဘေးရန် ရှိ၏၊ အရှင်ဘုရားတို့သည်လည်း မျက်စိနှစ်ဖက် ကွယ်ပျောက်ကုန်၏၊ ခရီးညွှန်လည်း မရှိ၊ အဘယ်ပုံဖြင့် ဤအရပ်၌ နေတော်မူပါအံ့နည်း”ဟု နားတော်လျှောက်သောအခါ ထိုသူကို မထေရ်သည် “ငါ့ရှင်- သင်သည် ဤသို့မကြံလင့်၊ ဤအရပ်၌ပင် အိပ်၍ သေရမူလည်း သေပစေ၊ ထိုမှဤမှ လူးလှိမ့်ရမူလည်း လူးလှိမ့်ရပစေ၊ ငါ့အား သင်နှင့်အတူတကွ သွားခြင်းမည်သည် မရှိပြီ”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ရွတ်လေ၏။

ဟန္ဒာဟံ ဟတစက္ခုသ္မိ၊ ကန္တာရဒ္ဓါန မာဂတော။
သေယျမာနော န ဂစ္ဆာမိ၊ နတ္ထိ ဗာလေ သဟာယတာ။
ဟန္ဒာဟံ ဟတစက္ခုသ္မိ၊ ကန္တာရဒ္ဓါန မာဂတော။
မရိဿာမိ နော ဂမိဿာမိ၊ နတ္ထိ ဗာလေ သဟာယတာ။

အဟံ၊ ငါသည်။ ဟန္ဒ၊ ယခုအခါ၌။ ဟတစက္ခု၊ ပျက်စီးချွတ်ယွင်းသော မျက်စိရှိသည်။ အသ္မိ၊ ဖြစ်၏။ ကန္တာရဒ္ဓါနံ၊ အဓွန့်ရှည်ဝေး ဘီလူးဘေးရှိသော ခရီးခဲသို့။ အာဂတော၊ ရောက်လာ၏။ သေယျမာနော၊ အိပ်သော်လည်း အိပ်ရပစေ။ န ဂစ္ဆာမိ၊ ငါမသွားအံ့။ ဗာလေ၊ သူမိုက်၏။ သဟာယတာ၊ အဆွေခင်ပွန်း၏ အဖြစ်သည်။ နတ္ထိ၊ မရှိ။

အဟံ၊ ငါသည်။ ဟန္ဒ၊ ယခုအခါ၌။ ဟတစက္ခု၊ ပျက်စီးချွတ်ယွင်းသော မျက်စိရှိသည်။ အသ္မိ၊ ဖြစ်၏။ ကန္တာရဒ္ဓါနံ၊ အဓွန့်ရှည်ဝေး ဘီလူးဘေးရှိသော ခရီးခဲသို့။ အာဂတော၊ ရောက်လာ၏။ မရိဿာမိ၊ သေအံ့။ နော ဂမိဿာမိ၊ ငါမသွားအံ့။ ဗာလေ၊ သူမိုက်၏။ သဟာယတာ၊ အဆွေခင်ပွန်း၏ အဖြစ်သည်။ နတ္ထိ၊ မရှိ။

သာမဏေသည် ထိုစကားကိုကြားလျှင် ထိတ်လန့်ခြင်း ရှိသည်ဖြစ်၍ “ငါသည် မဆင်မခြင် အဆောတလျင် မလျော်သော အမှုကို ပြုမိခြင်းသည် ဝန်လေးလေစွတကား”ဟု လက်မြှောက်ကာ ငိုကြွေးမြည်တမ်းလျက် တောအုပ်သို့ ပြေးဝင်၍ ဖဲသွား တိမ်းရှောင်သည်သာလျှင် ဖြစ်၏။

စက္ခုပါလမထေရ်ထံ သိကြားမင်း ချဉ်းကပ်

အရှင်စက္ခုပါလမထေရ်၏ သီလတန်ခိုးကြောင့် အလျားအားဖြင့် ယူဇနာခြောက်ဆယ်၊ အနံအားဖြင့် ယူဇနာငါးဆယ်၊ အထုအားဖြင့် တစ်ဆယ့်ငါးယူဇနာရှိ၍ လယ်ခေါင်ရန်းပန်း အဆင်းနှင့်တူသော နီမြန်းသော အဆင်းရှိသော၊ ထိုင်သောအခါ၊ ထသောအခါတို့၌ အောက်သို့ညွတ်ခြင်း၊ အထက်သို့ တက်ကြွခြင်း သဘောရှိသော သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ကျောက်နေရာသည် ပူသောအခြင်းအရာကို ပြ၏။ သိကြားမင်းသည်လည်း “အဘယ်သူသည် ငါ့ကို နေရာမှ ရွေ့စေလိုသနည်း”ဟု နတ်မျက်စိဖြင့် ကြည့်သည်ရှိသော် စက္ခုပါလ မထေရ်ကိုမြင်၏။ ထို့ကြောင့် ရှေးဆရာတို့သည် မိန့်ဆိုတော်မူကြကုန်၏။

သဟဿနေတ္တော ဒေဝိန္ဒော၊ ဒိဗ္ဗစက္ခုံ ဝိသောဓယိ။
ပါပဂရဟီ အယံ ပါလော၊ အာဇီဝံ ပရိသောဓယိ။
သဟဿနေတ္တော ဒေဝိန္ဒော၊ ဒိဗ္ဗစက္ခုံ ဝိသောဓယိ။
ဓမ္မဂရုကော အယံ ပါလော၊ နိသိန္နော သာသနေ ရတော။

သဟဿနေတ္တော၊ မျက်စိတစ်ထောင် အမြင်ဆောင်သော။ ဒေဝိန္ဒော၊ နတ်တို့ကို အစိုးရသော သိကြားမင်းသည်။ ဒိဗ္ဗစက္ခုံ၊ နတ်မျက်စိကို။ ဝိသောဓယိ၊ သုတ်သင်ပြီ။ အယံ ပါလော၊ ဤအရှင် စက္ခုပါလမထေရ်သည်။ ပါပဂရဟီ၊ အယုတ်တမာကို ကဲ့ရဲ့လေ့ရှိ၏။ အာဇီဝံ၊ ဇီဝိန်မပျက် အသက်မွေးခြင်းကို။ ပရိသောဓယိ၊ သုတ်သင်တော်မူ၏။

သဟဿနေတ္တော၊ မျက်စိတစ်ထောင် အမြင်ဆောင်သော။ ဒေဝိန္ဒော၊ နတ်တို့ကို အစိုးရသော သိကြားမင်းသည်။ ဒိဗ္ဗစက္ခုံ၊ နတ်မျက်စိကို။ ဝိသောဓယိ၊ သုတ်သင်ပြီ။ အယံ ပါလော၊ ဤအရှင် စက္ခုပါလမထေရ်သည်။ ဓမ္မဂရုကော၊ တရားကို အလေးအမြတ်ပြုသည်ဖြစ်၍။ သာသနေ၊ သုံးလူ့မြတ်စွာ သာသနာ၌။ ရတော၊ မွေ့လျော်သည်ဖြစ်၍။ နိသိန္နော၊ နေတော်မူ၏။

ထိုသို့ မထေရ်မြတ်ကို မြင်သောအခါ သိကြားမင်းအား “ငါသည် ဤသို့သဘောရှိသော၊ အယုတ်တမာကို ကဲ့ရဲ့လေ့ရှိသော၊ တရားကို အလေးအမြတ် ပြုတတ်သော အရှင်မြတ်၏အထံသို့ အကယ်၍ မသွားဘဲနေအံ့၊ ငါ၏ ဦးခေါင်းသည် ခုနှစ်စိတ် ကွဲရာ၏။ ထိုမထေရ်မြတ်၏ အထံသို့ သွားအံ့”ဟူသော အကြံသည် ဖြစ်လေ၏။

သဟဿနေတ္တော ဒေဝိန္ဒော၊ ဒေဝရဇ္ဇသိရိန္ဓရော။
တင်္ခဏေန အာဂန္တွာန၊ စက္ခုပါလ မုပါဂမိ။

ဒေ၀ရဇ္ဇသိရိန္ဓရော၊ နတ်မင်း၏ အဖြစ်တည်းဟူသော ကျက်သရေကို ဆောင်တတ်သော။ သဟဿနေတ္တော၊ မျက်စိတစ်ထောင် အမြင်ဆောင်သော။ ဒေဝိန္ဒော၊ နတ်တို့ကို အစိုးရသော သိကြားမင်းသည်။ တင်္ခဏေန၊ ထိုခဏ၌။ အာဂန္တွာန၊ လာလတ်၍။ စက္ခုပါလံ၊ အရှင်စက္ခုပါလ မထေရ်မြတ်သို့။ ဥပါဂမိ၊ ချဉ်းကပ်လေ၏။

ခရီးသည်ယောင်ဆောင် သိကြားမင်းက တောင်ဝှေးဆွဲ

ယင်းသို့ကပ်ပြီး၍ မထေရ်မြတ်၏ မနီးမဝေးသော အရပ်၌ ခြေသံကိုပြု၏။ ထိုအခါ သိကြားမင်းကို မထေရ်သည် “ဤသူကား အသူနည်း”ဟု မေးလျှင် “အရှင်ဘုရား- တပည့်တော်သည် ခရီးသွားပါတည်း”ဟု လျှောက်ဆို၏။ “ဒါယကာ၊ အဘယ်အရပ်သို့ သွားအံ့နည်း”ဟုမေးလျှင် “အရှင်ဘုရား- သာဝတ္ထိပြည်သို့ သွားပါအံ့”ဟု လျှောက်၏။ “ဒါယကာ- သွားလော့”ဟု ဆိုလျှင် “အရှင်ဘုရားကား အဘယ်အရပ်သို့ ကြွသွားအံ့နည်း”ဟု မေးလျှောက်၏။ ထိုအခါ မထေရ်ကား “ငါသည်လည်း သာဝတ္ထိပြည်သို့သာလျှင် သွားအံ့”ဟု မိန့်ဆိုတော်မူသော် “ထိုသို့ဖြစ်လျှင် အရှင်ဘုရား အတူတကွ သွားပါကုန်အံ့”ဟု လျှောက်ဆို၏။ “ဒါယကာ- ငါကား မျက်စိကွယ်သောကြောင့် အားနည်း၏၊ ငါနှင့်အတူတကွ သွားသည်ရှိသော် သင့်အား ကြာမြင့်ခြင်းသည် ဖြစ်လတ္တံ့”ဟု မိန့်တော်မူလျှင် “တပည့်တော်ကား အဆောတလျင် ပြုဖွယ်ကိစ္စသည် မရှိ၊ တပည့်တော်သည်လည်း အရှင်ဘုရားနှင့် အတူတကွ သွားရသည်ရှိသော် ဆယ်ပါးသော ပုညကြိယဝတ္ထုတို့တွင် တစ်ခုသော ပုညကြိယဝတ္ထုကို ရပါလတ္တံ့၊ ထို့ကြောင့် အရှင်ဘုရားနှင့် အတူတကွသာလျှင် သွားပါအံ့”ဟု လျှောက်၏။ မထေရ်သည်လည်း “ဤသူကား သူတော်ကောင်း ဖြစ်လတ္တံ့”ဟုကြံ၍ “ထိုသို့ဖြစ်လျှင် ဒါယကာ- ငါ၏ တောင်ဝှေးစွန်းကို ကိုင်ဆွဲလော့”ဟုဆိုသော် သိကြားမင်းသည် ထိုမထေရ်ဆိုတိုင်းပြု၍ မြေကြီးကို အကျဉ်းချုံးလျက် ညချမ်းသောအခါ ဇေတဝန်ကျောင်းတော်သို့ ရောက်စေ၏။ မထေရ်သည် ခရုသင်းသံ၊ ထက်စည်သံ စသည်တို့ကို ကြားသောကြောင့် “ဤအသံသည် အဘယ်အရပ်ကဖြစ်သော အသံနည်း”ဟု မေးတော်မူ၏။ “အရှင်ဘုရား- သာဝတ္ထိပြည်ကဖြစ်သော အသံပါတည်း”ဟု လျှောက်သော် “ငါတို့သည် ရှေး၌ သွားသောအခါ ကြာမြင့်စွာ သွားရကုန်၏”ဟု ဆိုလျှင် “အရှင်ဘုရား- တပည့်တော်သည် လမ်းဖြောင့်(ဖြတ်လမ်း)ကို သိပါ၏”ဟု လျှောက်သောခဏ၌ မထေရ်သည် “ဤသူကား လူမဟုတ်၊ နတ်ဖြစ်လတ္တံ့”ဟု စိတ်၌ မှတ်သားတော်မူလေ၏။

သဟဿနေတ္တော ဒေဝိန္ဒော၊ ဒေဝရဇ္ဇသိရိန္ဓရော။
သံခိပိတွာန တံ မဂ္ဂံ၊ ခိပ္ပံ သာဝတ္ထိ မာဂမိ။

ဒေဝရဇ္ဇသိရိန္ဓရော၊ နတ်မင်း၏ အဖြစ်တည်းဟူသော ကျက်သရေကို ဆောင်တတ်သော။ သဟဿနေတ္တော၊ မျက်စိတစ်ထောင် အမြင်ဆောင်သော။ ဒေဝိန္ဒော၊ နတ်တို့ကို အစိုးရသော သိကြားမင်းသည်။ တံ မဂ္ဂံ၊ ထိုခရီးကို။ သံခိပိတွာန၊ ချုံးလတ်၍။ သာဝတ္ထိံ၊ သာဝတ္ထိပြည်သို့။ ခိပ္ပံ၊ လျင်စွာ။ အာဂမိ၊ ရောက်လေ၏။

ထိုသိကြားမင်းသည် မထေရ်၏ သီတင်းသုံးရန်အလို့ငှာ ညီ စူဠပါလသူကြွယ် ဆောက်လုပ်အပ်သော သစ်ရွက်မိုးသော ကျောင်းသင်္ခမ်းသို့ ဆောင်၍ ပလ္လင်နေရာထက်၌ သီတင်းသုံးနေစေပြီးမှ ချစ်သော အဆွေခင်ပွန်း၏ အသွင်အပြင်ဖြင့် ထိုညီသူကြွယ်အထံသို့ သွား၍ “အချင်း စူဠပါလ”ဟု ခေါ်သဖြင့် “အချင်း- အဘယ်ကိစ္စနည်း”ဟု မေးသော်“ မထေရ်လာသည့်အဖြစ်ကို သိ၏လော”ဟုဆို၏။ “အကျွန်ုပ် မသိပါ၊ အရှင်မဟာပါလမထေရ် ရောက်လာပြီလော”ဟု မေး၏။ “အချင်း- ကြွလာတော်မူပြီ၊ ယခု ငါကား ဇေတဝန်ကျောင်းတော်သို့ သွား၍ သင်သူကြွယ် ဆောက်လုပ်အပ်သော သစ်ရွက်မိုးသော ကျောင်းသင်္ခမ်း၌ သီတင်းသုံးနေသော မထေရ်ကိုမြင်၍ လာသည်”ဟု ဆိုပြီးလျှင် ဖဲသွားလေ၏။ သူကြွယ်သည်လည်း ဇေတဝန်ကျောင်းတော်သို့ သွား၍ အရှင်စက္ခုပါလမထေရ်ကို မြင်လျှင် ခြေရင်း၌ လူးလှိမ့်ငိုကြွေးလျက် “အရှင်ဘုရား- ဤကဲ့သို့ ဒုက္ခတွေ့မည်ကို မြင်သောကြောင့် တပည့်တော်သည် အရှင်ဘုရားတို့အား (ပန်ကြားစဉ်အခါက) ရဟန်းပြုအံ့သောငှာ အခွင့်မပေး။” ဤသို့ အစရှိသော စကားတို့ကိုဆို၍ ကျွန်ငယ်နှစ်ယောက်တို့ကို တော်လှန်သည် (တော်လှန်သည် ဆိုသည်မှာကား ကျေးကျွန်မဟုတ်သော လူကောင်းတည်း။) ကို ပြုပြီးလျှင် “မထေရ်အထံ၌ ရှင်ပြု၍ မြို့တွင်းမှ ယာဂု,ဆွမ်း စသည်တို့ကိုဆောင်၍ မထေရ်ကို လုပ်ကျွေးပြုစုကြကုန်လော့”ဟု အပ်နှံဆောင်နှင်း၏။ သာမဏေ နှစ်ယောက်တို့သည်လည်း ဝတ်ကြီး ဝတ်ငယ်တို့ကို ပြုကုန်လျက် မထေရ်ကို လုပ်ကျွေးပြုစုကြကုန်၏။

တစ်နေ့သ၌ ထိုထိုအရပ်မျက်နှာတို့၌ နေကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားကို ဖူးမြင်ကုန်အံ့ဟု ဇေတဝန်ကျောင်းတော်သို့ လာ၍ မြတ်စွာဘုရားကို ရှိခိုးပြီးနောက် ရှစ်ကျိပ်သော မဟာသာဝကတို့ကိုလည်း ရှိခိုးပြီးလျှင် ကျောင်းစဉ် ဒေသစာရီ လှည့်လည်ကြကုန်သည်ရှိသော် အရှင်စက္ခုပါလမထေရ်၏ နေရာအရပ်သို့ ရောက်၍ ဤနေရာအရပ်ကိုလည်း ကြည့်ရှုကုန်အံ့ဟု ညချမ်းအခါ အရှင်စက္ခုပါလမထေရ်၏ နေရာအရပ်သို့ မျက်နှာရှေးရှူ ပြုကြကုန်၏။ ထိုခဏ၌ မိုးကြီးသည် တက်လတ်သည်ဖြစ်၍ ထိုရဟန်းတို့သည် ယခုအခါကား အလွန်မိုးချုပ်ပြီ၊ မိုးသည်လည်း တက်၏၊ နံနက်စောစောမှလျှင် သွား၍ ကြည့်ရှုကုန်အံ့ဟု ပြန်ကြကုန်၏။ မိုးသည် ပထမယာမ်ပတ်လုံး ရွာသွန်း၍ သန်းခေါင်ယံ၌ လင်းစင်လေ၏။ မထေရ်မြတ်သည် အားထုတ်အပ်သော လုံ့လနှင့်ပြည့်စုံ၏။ မပြတ် စင်္ကြံလည်း သွားလေ့ရှိ၏။ ထို့ကြောင့် မိုးသောက်ယံ၌ စင်္ကြံသို့ သက်တော်မူ၏။

ပိုးပရံတို့ သေရမှု စက္ခုပါလထေရ်ကို ကဲ့ရဲ့

ထိုအခါ ရှေးဦးပထမ မိုးရေစွတ်စိုစဖြစ်သော မြေ၌ များစွာသော ပိုးပရံတို့သည် လှုပ်ရှား သွားလာကြကုန်၏။ ထိုပိုးပရံတို့သည် များသောအားဖြင့် အရှင်စက္ခုပါလမထေရ်သည် စင်္ကြံသွားသည်ရှိသော် ပျက်စီး သေလွန်ကုန်၏။ အတွင်းနေ တပည့်ဖြစ်သော သာမဏေတို့သည်လည်း စင်္ကြံသွားရာအရပ်ကို နံနက်စောစောကလျှင် တံမြက်မလှည်းမိကုန်၊ ထိုထို အရပ်မျက်နှာမှ လာကုန်သော ရဟန်းတို့သည် အရှင်စက္ခုပါလမထေရ်၏ နေရာအရပ်ကို ကြည့်ရှုကုန်အံ့ဟု လာလတ်သည်ရှိသော် စင်္ကြံ၌သေသော ပိုးပရံတို့ကို မြင်လျှင် “အဘယ်သူသည် ဤအရပ်၌ စကြံသွားသနည်း”ဟု မေးကြကုန်၏။ “အရှင်ဘုရားတို့- တပည့်တော်တို့၏ ဥပဇ္ဈာယ်ဆရာ အရှင်စက္ခုပါလမထေရ် စင်္ကြံသွား၏”ဟု လျှောက်ကုန်သော် ထိုအရပ်မျက်နှာမှလာသော ရဟန်းတို့သည် “ငါ့ရှင်တို့- စက္ခုပါလရဟန်း၏အမှုကို ကြည့်ရှုကြကုန်လော့၊ မျက်စိကောင်းစဉ်အခါ၌ တုံးလုံးပက်လက် အိပ်စက်လျက် တစ်စုံတစ်ခုကိုမျှ မပြုပါဘဲ ယခု မျက်စိချွတ်ယွင်းသောအခါ၌ စင်္ကြံသွားမည်ဟု ဤမျှလောက်သော ပိုးပရံတို့ကို သတ်၏၊ အကျိုးစီးပွားကို ပြုအံ့ဟုကြံလျက် အကျိုးစီးပွားမဲ့ကို ပြု၏”ဟု ကဲ့ရဲ့ကြကုန်၏။

အတိတ်ကို ဆောင်တော်မူ

ထိုနောက်မှ ရဟန်းတို့သည် သွားကြကုန်၍ ဘုရားရှင်အား “မြတ်စွာဘုရား- အရှင်စက္ခုပါလ မထေရ်သည် စင်္ကြံသွားသည်ဟူ၍ များစွာသော ပိုးပရံတို့ကိုသတ်၏”ဟု လျှောက်ကုန်၏။ “ထိုစက္ခုပါလမထေရ် သတ်သည်ကို သင်တို့ မြင်ကုန်သလော”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- မမြင်ပါကုန်”ဟု လျှောက်သော် “သင်တို့သည် စက္ခုပါလမထေရ် သတ်သည်ကို မမြင်ကုန်သကဲ့သို့၊ ထို့အတူသာလျှင် စက္ခုပါလမထေရ်သည်လည်း ထိုပိုးပရံတို့ကို မမြင်။ ချစ်သားရဟန်းတို့- ရဟန္တာတို့အား သေစေလိုသော စေတနာမည်သည် မရှိ”ဟု မိန့်တော်မူ၏။ ထိုအခါ ရဟန်းတို့သည် “မြတ်စွာဘုရား- အရဟတ္တဖိုလ်၏ ဥပနိဿယ အကြောင်းရှိပါလျက် အဘယ့်ကြောင့် မျက်စိကွယ်ပျက်ရပါသနည်း”ဟု မေးလျှောက်သော် “ချစ်သားရဟန်းတို့- မိမိပြုအပ်သော ကံ၏အစွမ်းဖြင့် မျက်စိ ကွယ်ပျက်၏”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား-- ထိုမထေရ် ပြုအပ်သော မကောင်းမှုကံသည် အဘယ်ပါနည်း”ဟု မေးလျှောက်သောကြောင့် “ချစ်သားရဟန်းတို့- ထိုသို့ဖြစ်လျှင် နာကြကုန်လော့”ဟု မိန့်တော်မူ၍ လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူ၏။

စက္ခုပါလမထေရ်၏ ရှေးအတိတ်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ကာသိကရာဇ်မင်းသည် မင်းပြုသည်ရှိသော် တစ်ယောက်သော ဆေးသမားသည် ရွာ, နိဂုံး, ဇနပုဒ်တို့သို့သွား၍ ဆေးကုသော အမှုကိုပြုရာ မျက်စိအားနည်းသော မိန်းမတစ်ယောက်ကိုမြင်၍ “သင့်အား အဘယ်သို့သော မချမ်းသာခြင်း ဖြစ်သနည်း”ဟု မေးလေ၏။ “မျက်စိတို့ဖြင့် မမြင်ပါ”ဟု ဆိုလေသော် “သင့်အား ဆေးကုပေးအံ့”ဟု ဆို၏။ “အရှင်- ကုပါလော့”ဟု ဆိုလေသော် “ငါ့အား အဘယ်ကို ပေးအံ့နည်း”ဟု မေးမြန်း၏။ “အကျွန်ုပ်၏ မျက်စိတို့ကို ပကတိ ထင်မြင်အောင် အကယ်၍ ကုစားနိုင်သည်ဖြစ်အံ့၊ အကျွန်ုပ်သည် သားသမီးတို့နှင့်တကွ ဆရာ့ကျွန် ဖြစ်အံ့”ဟု ဆိုရကား ထိုဆေးသမားသည် “ကောင်းပြီ”ဟု ဝန်ခံလျက် ဆေးကို စီရင်လေ၏။ တစ်ကြိမ် ဆေးခတ်ကာမျှဖြင့် မျက်စိတို့သည် ပြကတေ့ ဖြစ်ကုန်၏။ ထိုမိန်းမသည် “ငါကား သားသမီးတို့နှင့် အတူတကွ ထိုဆေးသမား၏ ကျွန်ဖြစ်အံ့ဟု ဝန်ခံမိ၏။ ထိုသို့ ဝန်ခံမိသော်လည်း ငါ့ကို သိမ်မွေ့နူးညံ့သော စကားဖြင့် ပြောကြားခိုင်းစေခြင်း မဖြစ်လတ္တံ့၊ ထိုဆေးသမားကို လှည့်ပတ်အံ့”ဟု ကြံ၏။ ထိုမိန်းမသည် ဆေးသမားလာ၍ “အရှင်မ- မျက်စိနာ အသို့ရှိသနည်း”ဟု မေးသည်ရှိသော် “ရှေးအခါ ငါ၏မျက်စိတို့သည် အနည်းငယ်သာ နာကျင်ကုန်၏၊ ယခုအခါ အလွန်အမင်း နာကျင်ကုန်၏”ဟု ဆို၏။ ဆေးသမားသည် “ဤမိန်းမကား ငါ့ကို လှည့်ပတ်၍ တစ်စုံတစ်ခုကို မပေးလိုသောစိတ် ရှိ၏။ ထိုမိန်းမပေးအပ်သော ဆေးဖိုးဝါးခဖြင့် ငါ့အား အဘယ်မူအံ့နည်း၊ ယခု ထိုမိန်းမကို ကန်းအောင်ပြုအံ့”ဟု ကြံစည်လျက် အိမ်သို့သွား၍ မယားအား ထိုအကြောင်းကို ကြားသော် မယားသည် ဆိတ်ဆိတ်နေ၏။ ထိုအခါ ဆေးသမားသည် တစ်ခုသောဆေးကိုဖော်၍ ထိုမိန်းမ၏အထံသို့ သွားပြီးလျှင် “အရှင်မ- ဤဆေးကို မျက်စဉ်းခတ်လော့”ဟု ဆို၍ မျက်စဉ်းခတ်လေ၏။ နှစ်ဖက်သော မျက်စိတို့သည် ဆီမီးလျှံကဲ့သို့ တောက်ပ လောင်ကျွမ်းကုန်၏။ ထိုဆေးသမားကား စက္ခုပါလ မထေရ် ဖြစ်လာ၏။

“ချစ်သားရဟန်းတို့ ထိုစဉ်အခါက ငါ့သား စက္ခုပါလသည် ပြုအပ်သော မကောင်းမှုကံကား နောက်မှ နောက်မှ အစဉ်လိုက်၏၊ ဤမကောင်းမှုကံ မည်သည်ကား လှည်းဦးဝန်ကို ရွက်ဆောင်သော နွားလား၏ ခြေရာသို့ လှည်းဘီးသည် အစဉ်လိုက်သကဲ့သို့ အစဉ်လိုက်တတ်၏”ဟု ဤ စက္ခုပါလမထေရ်၏အကြောင်းကို ဟောတော်မူပြီး၍ အနုသန္ဓေကို ဆက်စပ်လျက် တည်စေအပ်သော ပြီးဆုံးခြင်းရှိသော သဝဏ်လွှာစာကို မင်း၏တံဆိပ် ခတ်နှိပ်သည့်အလား တရားမင်းဘုရားသည် ဤဂါထာကို ဟောတော်မူ၏။

စိတ်သာရှင်စော အဓိကဟော

[၁] မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ ဒုက္ခ မနွေတိ၊ စက္ကံ၀ ၀ဟတော ပဒံ။

ဓမ္မာ၊ နာမက္ခန္ဓာတရား သုံးပါးတို့သည်။ မနောပုဗ္ဗင်္ဂမာ၊ ဝိညာဏက္ခန္ဓာသာလျှင် ပြဋ္ဌာန်းခြင်း ရှိကုန်၏။ ဝါ၊ ဝိညာဏက္ခန္ဓာသာလျှင် ရှေ့သွားရှိကုန်၏။ မနောသေဋ္ဌာ၊ ဝိညာဏက္ခန္ဓာသာလျှင် အကြီးအမှူးရှိကုန်၏။ မနောမယာ၊ ဝိညာဏက္ခန္ဓာဖြင့် ပြီးကုန်၏။ ယော ပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်။ ပဒုဋ္ဌေန၊ ပြစ်မှားလိုသော။ မနသာ၊ စိတ်ဖြင့်။ စေ ဘာသတိ ဝါ၊ အကယ်၍ ဆိုမူလည်း ဆိုငြားအံ့။ စေ ကရောတိ ဝါ၊ အကယ်၍ ပြုမူလည်း ပြုငြားအံ့။ တတော၊ ထိုသို့ ပြစ်မှားလိုသောစိတ်ဖြင့် ဆိုခြင်း ပြုခြင်းကြောင့်။ နံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်သို့။ ဒုက္ခံ၊ ဆင်းရဲသည်။ အနွေတိ၊ အစဉ် လိုက်တတ်၏။ ကိမိဝ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ စက္ကံ၊ လှည်းဘီးသည်။ ဝဟတော၊ ဝန်ကိုဆောင်သော နွားလား၏။ ပဒံ၊ ခြေရာသို့။ အနွေတိ ဣဝ၊ အစဉ်လိုက်သကဲ့သို့တည်း။

ဂါထာ၏ အဆုံး၌ သုံးသောင်းကုန်သော ရဟန်းတို့သည် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ကုန်၏။ ရောက်လာသော တရားနာပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာတော်သည် ဖြစ်လေ၏။

စက္ခုပါလမထေရ်ဝတ္ထု ပြီး၏။