စန္ဒကုမာရဇာတ်တော်ကြီး/နိဒါန်း
ဘုန်းတော် အလွန်ကြီးမြတ်တော်မူလှသော မင်းတကာတို့၏ အထွတ်သရဖူ မှန်ကူသင်းကျစ် မျက်ရစ်သဖွယ်ဖြစ်တော်မူသော ၃-လောကသေဌ်နင်း တရားမင်းဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်အနီး ဂိဇ္ဈကုဋ်တောင်ယံ၌ နေတော်မူသောအခါ ဒေဝဒတ်ကိုအကြောင်းပြု၍ “ရာဇာသိ လုဒ္ဒကမ္မော” အစရှိသောဂါထာဖြင့် တန်ဆာဆင်အပ်သော ဤ“စန္ဒကုမာရ”ဇာတ်တော်ကို ဟောတော်မူသတည်း။
အဇာတသတ်မင်းသည် ဒေဝဒတ်အကြံပေးသည့်အတိုင်း ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို သတ်ပြီးသော် ဒေဝဒတ်သည် အဇာတသတ်မင်းထံသို့သွား၍ “ဒကာတော်မင်းမြတ်။ ဒကာတော်အလိုအတိုင်း ပြည့်စုံပြီ။ ငါ၏အလို အပြီး မရောက်သေး”ဟု ဆို၏။ “ရှင်ဒေဝဒတ်... အရှင်ဘုရား အဘယ်အလို ရှိတော်မူသနည်း”ဟု မေး၏။ “အရှင်မင်းကြီး... ငါကား အား၁၀-ပါးနှင့်ပြည့်စုံသော ဘုရားကိုသတ်၍ ဘုရားလုပ်ရအံ့သည် မဟုတ်လော”ဟုဆို၏။ “အရှင်ဒေဝဒတ်... ထိုသို့တပြီးကား အကျွန်ုပ် အဘယ်အကြောင်းကို ပြုရပါအံ့နည်း”ဟု မေး၏။ “အရှင်မင်းကြီး... လေးသမားကျော်တို့ကို စည်းဝေးစေ”ဟု ဆို၏။
အဇာတသတ်မင်းလည်း ရှင်ဒေဝဒတ်စကားကို “ကောင်းပါပြီ”ဟု ဝန်ခံ၍ အရိုးကိုပေါက်အောင်ပစ်နိုင်သော အက္ခဏဝေဓိ လေးသမား ၅၀၀-တို့ကို စည်းဝေးစေ၍ လေးသမား ၅၀၀-တွင် လက်ရွေးလေးသမားကျော် ၃-ကျိပ် ၁-ယောက်တို့ကို “ရှင်ဒေဝဒတ်စကားကို လိုက်နာကြလေကုန်”ဟုဆို၍ ရှင်ဒေဝဒတ်ထံ စေလိုက်၏။
ဒေဝဒတ်သည် ထိုလေးသမား ၃-ကျိပ် ၁-ယောက်တို့တွင် ` လေးသမားကြီးကိုခေါ်၍ “ဒကာလေးသမားကြီး... ယခု ရဟန်းဂေါတမ ဂိဇ္ဈကုဋ်တောင်၌နေလျက် ဤမည်သော နေ့သန့်ရာ၌ စင်္ကြံသွား၏။ ထိုအရပ်သို့ သင်သွား၍ ဘုရားဂေါတမကို ဆိပ်လူးမြားဖြင့် ပစ်သတ်ပြီးသော် ဤမည်သောခရီးဖြင့် လာလှည့်”ဟု စေလိုက်ပြီးလျှင်၊ လေးသမား ၂-ယောက်ကိုခေါ်၍ ထိုလေးသမားကြီး ပြန်ရာခရီး၌ထား၍၊ “သင်တို့နေသောခရီးဖြင့် ယောက်ျားတစ်ယောက် လာလတ္တံ့။ ထိုယောက်ျားကိုသတ်၍ ဤမည်သောခရီးဖြင့် သင်တို့ လာလှည့်”ဟု ဆို၏။ ထိုလေးသမား ၂-ယောက် ပြန်ရာခရီး၌လည်း လေးသမား ၄-ယောက်ကိုခေါ်ပြန်၍ “သင်တို့ခရီးဖြင့် ယောကျာ်း၂-ယောက် လာလတ္တံ့။ ထိုသူတို့ကိုသတ်၍ ဤမည်သောခရီးဖြင့် လာလှည့်”ဟု ထားပြန်၏။
ထိုလေးသမား ၄-ယောက် ပြန်ရာခရီး၌လည်း လေးသမား ၈-ယောက်ခေါ်၍ “သင်တို့ခရီးဖြင့် ယောက်ျား ၄-ယောက် လာလတ္တံ့။ ထိုသူတို့ကိုသတ်၍ ဤမည်သောခရီးဖြင့် လာလှည့်”ဟုထား၏။ ထိုလေးသမား၈-ယောက် ပြန်ရာခရီး၌လည်း လေးသမား ၁-ကျိပ် ၆-ယောက်ကိုခေါ်၍ “သင်တို့ခရီးဖြင့် ယောက်ျား ၈-ယောက် လာလတ္တံ့။ ထိုသူတို့ကိုသတ်၍ ဤမည်သော ခရီးဖြင့်လာလှည့်”ဟု ထား၏။
(ဤသို့စီရင်ခြင်းသည်ကား ဒေဝဒတ်သည် မိမိပြုသောအမှုကို ဖုံးလွှမ်းလျှို့ဝှက်လိုသောကြောင့် စီရင်သတည်း။)
ထိုအခါ လေးသမားကြီးသည် လက်ဝဲလက်မှ သန်လျက်ကိုလွယ်၍ ကျောဖြင့် မြားတောင့်ဖွဲ့လျက် ဆိတ်ချိုလေးကိုယူ၍ မြတ်စွာဘုရားရှိရာ အနီးသို့ကပ်ပြီးသော် “ပစ်အံ့”ဟု လေးကိုတင်၍ မြားကို ဒူးပေါ်၌တင်၍ “လွှတ်အံ့”ဟု ညှို့ကိုငင်သည်ရှိသော် မတတ်နိုင်။ မြားကိုချအံ့သောငှာလည်း မတတ်နိုင်ရကား နံရိုးကျိုးသကဲ့သို့ ခံတွင်းမှလည်း တံတွေးယိုစီးလျက် ပြင်းစွာပင်ပန်းခြင်းသို့ ရောက်၏။ ကိုယ်အလုံးလည်း ခက်တရော်ရှိ၏။ ယန္တရားစက်ဖြင့် ညှစ်သကဲ့သို့ ပြင်းစွာနာကျင်၏။ ထိုလေးသမားသည် သေအံ့သောဘေးမှ ကြောက်လန့်လျက် တည်နေ၏။
ထိုလေးသမားကို မြတ်စွာဘုရားမြင်တော်မူ၍ ရွှေနှုတ်တော်တည်းဟူသော ပဒုမ္မာကြာတိုက်မှ သာယာစွာသောအသံတော်ကိုမြွက်လျက် “အချင်းယောက်ျား။ မကြောက်လင့်။ ဤသို့လာလှည့်”ဟု မိန့်တော်မူ၏။ ထိုလေးသမားသည် ထိုခဏ၌ မြတ်စွာဘုရားခေါ်တော်မူလျှင် လက်နက်များကိုပစ်စွန်ခဲ့၍ အထံတော်သို့ကပ်လျက် ခြေတော်ရင်း၌ ဦးဖြင့်ဝပ်၍ “အရှင်ဘုရား... အကျွန်အား ကြီးစွာသောအပြစ် နှိပ်စက်ဘိ၏။ အကျွန်ုပ်သည် မသိမလိမ္မာ မိုက်မဲတွေဝေသောအလျောက် ဘုန်းတော်ကြီးလှသော အရှင်ဘုရား၏ ဂုဏ်ကျေးဇူးတော်မြတ်ကို မသိသည်ဖြစ်၍ အလွန်မိုက်သော ဒေဝဒတ်၏စကားဖြင့် အရှင်ဘုရားကို ပစ်သတ်အံ့သောငှာ လာမိ၏။ ထိုလွန်ကျူးပြစ်မှားမိသော အကျွန်ုပ်၏အပြစ်ကို အစဉ်သနားသဖြင့် သည်းခံတော်မူပါ”ဟု တောင်းပန်ကန်တော့ပြီးလျှင် တင့်အပ်သောနေရာ၌နေ၏။
ထိုအခါ မြတ်စွာဘုရားသည် လေးသမားကြီးအား တရားဟောကြားတော်မူလျက် သစ္စာ၄-ပါးကိုပြ၍ သောတာပတ္တိဖိုလ်၌ တည်စေပြီးသော် “ဒကာလေးသမား... ဒေဝဒတ်ကြားသောခရီးကို မသွားမူ၍ တစ်ပါးသောခရီးဖြင့် သွားလေ”ဟု လွှတ်တော်မူလိုက်၏။ ထိုလေးသမားပြန်သွားပြီးလျှင် စင်္ကြံမှ သက်တော်မူ၍ တစ်ခုသောသစ်ပင်ရင်း၌ နေတော်မူ၏။
ထိုအခါ ဒေဝဒတ်ကြားသောခရီးဖြင့် လေးသမားကြီး မလာလတ်သော် ထိုခရီး၌ထားသော လေးသမား၂-ယောက်တို့သည် “အကြောင်းအသို့နည်း။ ထိုယောက်ျားသည် မလာ။ ကြာလေစွ”ဟု ခရီးရင်ဆိုင်သွားကြလတ်လျှင် သစ်ပင်ရင်း၌ မြတ်စွာဘုရားကိုမြင်၍ အထံတော်သို့ကပ်လျက် ရှိခိုးကုန်သဖြင့် တင့်အပ်သောအရပ်၌ နေကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုလေးသမား ၂-ယောက်တို့အား တရားဟောတော်မူပြီး၍ သစ္စာ၄-ပါးကိုပြလျက် သောတာပတ္တိဖိုလ်၌ တည်စေပြီးသော် “ဒကာတို့။ ဒေဝဒတ်ဆိုသောခရီးဖြင့် မသွားမူ၍ ဤခရီးဖြင့် သွားလေကုန်”ဟု လွှတ်တောမူလိုက်၏။
ဤသို့သောနည်းဖြင့် လေးသမား ၄&ယောက်, ထိုနောက် ၈-ယောက်, ထို့နောက် ၁-ကျိပ် ၆-ယောက်သော လေးသမားတို့သည် လာလတ်ကုန်၍ နေကုန်ပြီးသော် သောတာပတ္တိဖိုလ်၌ တည်စေပြီး၍ “တစ်ပါးသောခရီးဖြင့် လွှဲသွားလေကုန်”ဟု လွှတ်တော်မူလိုက်၏။
ထိုအခါ ရှေးဦးစွာလာသော လေးသမားကြီးသည် ဒေဝဒတ်အထံသို့ကပ်၍ “ရှင်ဒေဝဒတ်... အကျွန်ုပ်သည် မြတ်စွာဘုရားကို ပစ်သတ်အံ့သောငှာ မတတ်နိုင်။ မြတ်စွာဘုရားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူပေ၏”ဟု ကြား၏။ ထိုလေးသမား ၃-ကျိပ် ၁-ယောက်တို့သည် “မြတ်စွာဘုရားကိုမှီ၍ ငါတို့ အသက်ရှည်ပေသည်”ဟု သံဝေဂကိုဖြစ်စေလျက် မြတ်စွာဘုရားအထံတော်၌ ရဟန်းပြုကြ၍ ရဟန္တာဖြစ်ကုန်၏။
ဤသို့ မြတ်စွာဘုရားကို ဒေဝဒတ် သတ်မည်အကြံ စီရင်ဟန်အကြောင်းကို ရဟန်းသံဃာတို့၌ ထင်ရှားပြောဆိုကြကုန်၏။
“အရှင်တို့... ဒေဝဒတ်သည် မြတ်စွာဘုရား တစ်ပါးတည်းကို ရန်ငြိုးဖွဲ့သောစိတ်ဖြင့် ဘုရားရှင်ကိုသာ သတ်မည်မကြံ။ များစွာသောသူတို့ကိုလည်း သတ်မည်အကြံနှင့် အတန်တန် လုံ့လပြု၏။ ထိုလေးသမားတို့သည်လည်း မြတ်စွာဘုရားကိုမှီ၍ အသက်ရှည်ကုန်၏”ဟု ပြောဆိုကြကုန်၏။
ထိုအခါ မြတ်စွာဘုရား ကြွတော်မူလတ်၍ “ရဟန်းတို့... ယခု ငါဘုရား လာတော်မူသောအခါ ဤတရားသဘင်၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူလျက်၊ “ဤမည်သော အကြောင်းဖြင့်တည်း”ဟု ရွှေနားတော်လျှောက်လတ်သော်၊ “ချစ်သားရဟန်းတို့... ယခုသာလျှင် ဒေဝဒတ်သည် ငါတစ်ယောက်ကိုမှီ၍ ငါ၌ ရန်ငြိုးဖွဲ့သောစိတ်ဖြင့် များစွာသောသူတို့ကို သတ်အံ့သောငှာ လုံ့လပြုသည်မဟုတ်။ ရှေးသံသရာ၌လည်း ဤကဲ့သို့ လုံ့လပြုဖူး၏”ဟု မိန့်တော်မူ၍ ဆိတ်ဆိတ်နေတော်မူ၏။ ရဟန်းတို့သည် “ဘုန်းတော် အလွန်ကြီးလှသော အရှင်ဘုရား... ယခုအဖြစ်၌ ဒေဝဒတ်အကြောင်း အတ္ထုပ္ပတ္တိကို သိရပါပြီ၊ ရှေးသံသရာ၌ အကြောင်းကို မသိကြရပါ။ ခပ်သိမ်းသော ဝေနေယျတို့အား သနားတော်မူသဖြင့် အတိတ်ကို ဆောင်တော်မူပါ”ဟု လျှောက်တောင်းပန်လတ်သော် လွန်လေပြီးသောအကြောင်းကိုဆောင်၍ ဤ“စန္ဒကုမာရ”ဇာတ်တော်ကို ဟောတော်မူပေ၏။