စန္ဒကုမာရဇာတ်တော်ကြီး/အခန်း-၁၃
ဤသို့ သစ္စာလေးပါးကို ပြတော်မူပြီး၍ ရှေးအမိန့်တော်ရင်း ဒေသနာကို မပျက်ရအောင် ဝတ္ထုနှင့်လျော်စွာ စပ်တော်မူလိုရကား "ချစ်သားရဟန်းတို့ … ယခုသာလျှင် ဒေဝဒတ်သည် ငါတယောက်ကို မှီ၍ များစွာသောသူတို့ကို သတ်အံ့သောငှါ လုံ့လပြုသည်မဟုတ်၊ ရှေး၌လည်း ပြုဘူးသတည်း" ဟု မိန့်တော်မူပြီးလျှင် ဇာတ်တော်ကို ပေါင်းတော်မူ၏။
"ချစ်သားရဟန်းတို့ … ထိုစန္ဒကုမာရ မင်းဖြစ်တော်မူသောအခါ၌ ခဏ္ဍဟာလပုဏ္ဏားသည် ယခုအခါ ငါဘုရားလက်ထက်တော်၌ ဒေဝဒတ် ဖြစ်လာ၏။ စန္ဒကုမာရမင်းသား၏အမိ ဂေါတမီမိဖုရားသည်ကား ယခုအခါ ငါဘုရား၏မယ်တော် ဖြစ်လာ၏။ စန္ဒကုမာရမင်းသား၏ မိဖုရားကြီး စန္ဒာဒေဝီကား ယခုအခါ ရာဟုလာအမိ ယသော်ဓရာ ဖြစ်လာ၏။ စန္ဒကုမာရမင်းသား၏သား ဝသုလမင်းသားကား ယခုအခါ ငါဘုရား၏သားတော် ရာဟုလာ ဖြစ်လာ၏။ စန္ဒကုမာရမင်းသားနှမတော် သေလာမင်းသ္မီးကား ယခုအခါ ဥပ္ပလဝဏ်ထေရီ ဖြစ်လာ၏။ စန္ဒကုမာရမင်းသား၏ညီတော် ဝါမဂေါတ္တကား ယခုအခါ မဟာကဿပမထေရ် ဖြစ်လာ၏။ ဘဒ္ဒသေနညီတော်ကား ယခုအခါ လက်ဝဲရံ မောဂ္ဂလာန် ဖြစ်လာ၏။ ညီတော် သူရိယကုမာရမင်းသားကား ယခုအခါ ငါဘုရား၏တပည့်ကြီး လက်ျာရံ သာရိပုတ္တရာ ဖြစ်လာ၏။ ထိုအခါ စန္ဒကုမာရမင်းသားကား သစ္စာလေးပါးတရားကို မဖေါက်မပြန်သိတော်မူပြီးသော ငါဘုရားလျှင်တည်း" ဟု ဇာတ်တော်ကို ပေါင်းတော်မူ၏။