ဝိနည်းပိဋက
တမ်းပလိတ်:Xxxx-larger
မြန်မာပြန်
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဝေရဉ္ဇအခန်း
ဝေရဉ္ဇပုဏ္ဏားအကြောင်း
၁။ အခါတစ်ပါး၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဝေရဉ္ဇာမြို့ နဠေရုမည်သော (ဘီလူးသည်သိမ်းဆည်းအပ်သော) တမာပင်အနီး၌ များမြတ်သော ရဟန်းသံဃာ ငါးရာနှင့် အတူ သီတင်းသုံးနေတော်မူ၏။ (ထိုသို့ နေတော်မူသောအခါ) ဝေရဉ္ဇပုဏ္ဏားသည် (ဤဆိုလတ္တံ့သောအတိုင်း) ကြားသိရလေပြီ။ "အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမသည် ဝေရဉ္ဇာမြို့ နဠေရုမည်သော (ဘီလူးသည် သိမ်းဆည်းအပ်သော) တမာပင်အနီး၌ များမြတ်သော ရဟန်းသံဃာ ငါးရာနှင့်အတူ သီတင်းသုံးနေတော်မူ၏၊ ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်၏။
ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း 'အရဟံ'မည်တော်မူ၏။
အလုံးစုံသော တရားတို့ကို ကိုယ်တိုင် မှန်ကန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း 'သမ္မာသမ္ဗုဒ္ဓ' မည်တော်မူ၏။
အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ' နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း 'ဝိဇ္ဇာစရဏသမ္ပန္န' မည်တော်မူ၏။
ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း 'သုဂတ' မည်တော်မူ၏။
လောကကို သိတော်မူသော အကြောင်းကြောင့်လည်း 'လောကဝိဒူ' မည်တော်မူ၏။
ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့လွန်မြတ်သော ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'အနုတ္တရော ပုရိသဒမ္မသာရထိ' မည်တော်မူ၏။
နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'သတ္ထာ ဒေဝမနုဿာနံ' မည်တော်မူ၏။
သစ္စာလေးပါးတရားတို့ကို ကိုယ်တိုင် သိ၍ သူတစ်ပါးတို့ကို သိစေတော်မူသော အကြောင်းကြောင့်လည်း 'ဗုဒ္ဓ' မည်တော်မူ၏။
ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း 'ဘဂဝါ' မည်တော်မူ၏ဟု (ပျံ့နှံ့၍ ထွက်၏)။
ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤဩကာသလောကကိုလည်းကောင်း၊ သမဏဗြာဟ္မဏနှင့်တကွသော မင်းများ လူများနှင့်တကွသော ဤသတ္တလောကကိုလည်းကောင်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏။
ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသောအနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုသို့ သဘောရှိသော ရဟန္တာ (ပုဂ္ဂိုလ်) တို့ကို ဖူးမြော်ရခြင်းသည် ကောင်းသည် သာတည်း"ဟု (ကြားသိရလေ၏)။
၂။ ထိုအခါ ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏။ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေ၍တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရားအား -
"အသျှင်ဂေါတမ ဤစကားကို အကျွန်ုပ် ကြားဖူးပါသည်၊