စာမျက်နှာ:ပါရာဇိကပါဠိတော်.pdf/116

ဤစာမျက်နှာကို ပရုဖ်မဖတ်ရသေးပါ

"မိမိသန္တာန်မှာ မြင့်မြတ်သော တရားမရှိဘဲလျက် မြင့်မြတ်သော တရားရှိဟန် ပြောဆိုသောရဟန်းသည် စဉ်းလဲသော ကစားသမား (ငှက်မုဆိုး) ကဲ့သို့ ပြည်သူ တို့၏ ဆွမ်းကို ခိုးစားသည် မည်၏။

သင်္ကန်းကို လည်တွင် သိုင်း၍ ညစ်ညမ်းသော သဘောရှိကုန်သောစောင့်စည်းမှု ကင်းကွာ၍ယုတ်မာကုန်သော များစွာသော ရဟန်းတို့သည် မကောင်းမှုအကုသိုလ် ကံကြောင့် ငရဲသို့ကပ်ရောက်ကြရကုန်၏။

အကျင့်သီလမရှိဘဲစောင့်ထိန်းမှု 'သံဝရ' မရှိဘဲ တိုင်းသူပြည်သားတို့ လှူဒါန်းသော ဆွမ်းကိုစားခြင်းထက် ရဲရဲညီး ဖုတ်ထားသော သံတွေခဲကို စားရခြင်းက မြတ်သေး၏"။

ထို့နောက် မြတ်စွာဘုရားသည် ဝဂ္ဂုမုဒါမြစ်ကမ်းနေ ထိုရဟန်းတို့ကို များစွာသော အကြောင်းဖြင့်ကဲ့ရဲ့တော်မူပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း သူတစ်ပါးတို့က ပြုစုမွေးမြူရန် ခက်ခဲခြင်း၏။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

ပဌမပညတ်သိက္ခာပုဒ်

၁၉၆။ "အကြင် ရဟန်းသည် မသိဘဲ ကိလေသာကို ဖျက်ဆီးခြင်းငှါ စွမ်းနိုင်သော မြတ်သောဉာဏ်အမြင်ဟု ဆိုအပ်သော လူတို့ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ် သော ဈာန်မဂ်ဖိုလ်တရားကို မိမိသို့ ဆောင်ကပ်၍ 'ဤသို့ ငါသိ၏၊ ဤသို့ ငါမြင်၏'ဟု ပြောကြားငြားအံ့၊ ထိုသို့ပြောကြားပြီးမှ နောက် အခါ၌ (သူတစ်ပါးတို့) မေးစစ်အပ်၍သော်လည်းကောင်း၊ မမေးစစ်အပ်ဘဲသော်လည်းကောင်း အာပတ်သင့်ရောက်ပြီး၍ စင်ကြယ်ခြင်းကို အလိုရှိရ ကား 'ငါ့သျှင်တို့ ဤသို့ မသိဘဲသိ၏ဟု ဆိုမိပြီ၊ မမြင်ဘဲ မြင်၏ဟု ဆိုမိပြီ၊ အချည်း အနှီး မှားယွင်းသော စကားကို ပြောမိပြီ'ဟုပြောဆိုငြားအံ့၊ ဤရဟန်းသည် လည်း သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏၊ ရဟန်းကောင်းတို့နှင့်အတူတကွ ပေါင်းသင်းရခြင်း မရှိ" ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။