စာမျက်နှာ:ပါရာဇိကပါဠိတော်.pdf/117

ဤစာမျက်နှာကို ပရုဖ်မဖတ်ရသေးပါ

၁၉၇။ ထိုအခါ များစွာသော ရဟန်းတို့သည် မမြင်အပ်သေးသည်၌ မြင်အပ်ပြီဟု အမှတ်ရှိကြ၍၊ မရောက်အပ်သေးသည်၌ ရောက်အပ်ပြီဟု အမှတ်ရှိကြ၍၊ မရအပ်သေးသည်၌ ရအပ်ပြီဟု အမှတ်ရှိကြ၍၊ မျက်မှောက် မပြုအပ်သေးသည်၌ မျက်မှောက်ပြုအပ်ပြီဟု အမှတ်ရှိကြ၍၊ အထင်ကြီးမှုဖြင့် အရဟတ္တဖိုလ်ကို ပြောကြားကြကုန်၏။ ထိုရဟန်းတို့အား အခါတစ်ပါး၌ ရာဂဖြစ်ဖို့လည်း စိတ်ညွတ်၏၊ ဒေါသဖြစ်ဖို့လည်း စိတ်ညွတ်၏၊ မောဟဖြစ်ဖို့လည်း စိတ်ညွတ်၏၊ "မြတ်စွာဘုရားသည် သိက္ခာပုဒ်ကို ပညတ်တော်မူပြီးပြီ၊ ငါတို့သည်လည်း မမြင်အပ်သေးသည်၌ မြင်အပ်ပြီဟု အမှတ်ရှိကြ၍၊ မရောက်အပ်သေးသည်၌ ရောက်အပ်ပြီဟု အမှတ်ရှိကြ၍၊ မရအပ်သေးသည်၌ ရအပ်ပြီဟု အမှတ်ရှိကြ၍၊ မျက်မှောက် မပြုအပ်သေးသည်၌ မျက်မှောက်ပြုအပ်ပြီဟု အမှတ်ရှိကြ၍ အထင်ကြီးမှုဖြင့် အရဟတ္တဖိုလ်ကို ပြောကြားမိကုန်ပြီ၊ အဘယ်သို့နည်း ငါတို့သည် ပါရာဇိက ကျလေကုန်သလော"ဟု ထိုရဟန်းတို့အား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ကြကုန်၏။

အသျှင်အာနန္ဒာအား ဤအကြောင်းကို လျှောက်ထားကြရာ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအားဤအကြောင်းကို လျှောက်ထား၏။

အာနန္ဒာ အကြင် ရဟန်းတို့သည် မမြင်အပ်သေးသည်၌ မြင်အပ်ပြီဟု အမှတ်ရှိကြ၍၊ မရောက်အပ်သေးသည်၌ ရောက်အပ်ပြီဟု အမှတ်ရှိကြ၍၊ မရအပ်သေးသည်၌ ရအပ်ပြီဟု အမှတ်ရှိကြ၍၊ မျက်မှောက်မပြုအပ်သေးသည်၌ မျက်မှောက်ပြုအပ်ပြီဟု အမှတ်ရှိကြ၍၊ အရဟတ္တဖိုလ်ကို ပြောကြားမိတတ်ကုန်၏၊ ထို အထင်ကြီးသဖြင့် အရဟတ္တဖိုလ်ကို ပြောကြားခြင်းကိုကား အာပတ်သင့်ခြင်း၏ အကြောင်းဟုမခေါ်ဝေါ်လောက်" ဤသို့ (မိန့်တော်မူ၏)။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

အနုပညတ်သိက္ခာပုဒ်နှင့် သိက္ခာပုဒ်အဖွင့်

၄။ (ခ) "အကြင် ရဟန်းသည် မသိဘဲ ကိလေသာကို ဖျက်ဆီးခြင်းငှါ စွမ်းနိုင်သော မြတ်သောဉာဏ်အမြင်ဟု ဆိုအပ်သော လူတို့ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို မိမိသို့ ဆောင်ကပ်၍ 'ဤသို့ ငါသိ၏၊ ဤသို့ ငါမြင်၏'ဟု ပြောကြား ငြားအံ့၊ ထိုသို့ပြောကြားပြီးမှ နောက်အခါ၌ (သူတစ်ပါးတို့) မေးစစ်အပ်၍သော်လည်းကောင်း၊ မမေးစစ်အပ်ဘဲသော်လည်းကောင်း အာပတ်သင့်ရောက်ပြီး၍ စင်ကြယ်ခြင်းကို အလိုရှိရကား 'ငါ့သျှင်တို့ဤသို့ ငါမသိဘဲ သိ၏ဟု ဆိုမိပြီ၊ မမြင်ဘဲ မြင်၏ဟု ဆိုမိပြီ၊ အချည်းအနှီး မှားယွင်း သော စကားကိုပြောမိပြီ'ဟု ပြောဆိုငြားအံ့၊ အထင်ကြီးမှုကို ကြဉ်၍ ဤရဟန်းသည် လည်း သာသနာတော်မှဆုံးရှုံးခြင်းသို့ ရောက်၏၊ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိ" ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

၄-စတုတ္ထ ပါရာဇိက သိက္ခာပုဒ်အဖွင့်

၁၉၈။ အကြင်ဟူသည် အကြင်သို့ သဘောရှိသော။ပ။

ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော သူကို"ရဟန်း"ဟု အလိုရှိအပ်၏။

မသိဘဲဟူသည် မိမိ၌ မရှိသော မဟုတ်မမှန်သော ထင်ရှားမရှိသော ကုသိုလ်တရားကို "ငါ့အားကုသိုလ်တရားရှိ၏"ဟု မသိဘဲ မမြင်ဘဲ။

လူတို့ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရား မည်သည် ဈာန်၊ ဝိမောက္ခ၊ သမာဓိ၊ သမာပတ်၊ ဉာဏ်အမြင်၊ မဂ်ကို ပွါးများခြင်း၊ ဖိုလ်ကို မျက်မှောက်ပြုခြင်း၊ ကိလေသာကို ပယ်ခြင်း၊ နီဝရဏမှ ကင်းခြင်း၊ ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်း၌ မွေ့လျော်ခြင်းတည်း။

မိမိသို့ ဆောင်ကပ်၍ဟူသည် ထိုကုသိုလ်တရားတို့ကိုသော်လည်း မိမိသို့ ဆောင်ကပ်၏၊ မိမိကိုသော်လည်း ထိုကုသိုလ်တရားတို့သို့ ဆောင်ကပ်၏။

ဉာဏ်ဟူသည် ဝိဇ္ဇာသုံးပါးတည်း။

အမြင်ဟူသည် ဉာဏ်သည် အမြင် မည်၏၊ အမြင်သည် ဉာဏ် မည်၏။

ပြောကြားငြားအံ့ဟူသည် မိန်းမအားသော်လည်းကောင်း၊ ယောက်ျားအားသော်လည်းကောင်း၊ လူအားသော်လည်းကောင်း၊ ရဟန်းအားသော်လည်းကောင်း ပြောကြားငြားအံ့။

ဤသို့သိ၏ ဤသို့မြင်၏ဟူသည် "ထိုတရားတို့ကို ငါသိ၏၊ ထိုတရားတို့ကို ငါမြင်၏၊ ထိုတရားတို့သည်လည်း ငါ၌ ရှိ၏၊ ငါသည်လည်း ထိုတရားတို့၌ ထင်၏"ဟု (ပြောကြားခြင်းတည်း)။

ထိုသို့ ပြောကြားပြီးမှ နောက်အခါ၌ဟူသည် အကြင်ခဏ၌ ပြောကြား၏၊ ထိုခဏ ထိုလယထိုမုဟုတ်ကို လွန်သည်ရှိသော်။

သူတစ်ပါးတို့ မေးစစ်အပ်၍သော်လည်းကောင်းဟူသည် အကြင် ဝတ္ထုကို ဝန်ခံ၏၊ ထိုဝတ္ထုကို"သင်သည် အဘယ်တရားကို ရသနည်း၊ သင်သည် အဘယ်သို့ ရသနည်း၊ သင်သည် အဘယ်အခါ၌ရသနည်း၊ သင်သည် အဘယ်အရပ်၌ ရသနည်း၊ သင်သည် အဘယ်မည်သော ကိလေသာတို့ကို ပယ်သနည်း၊ သင်သည် အဘယ်မည်သော တရားတို့ကို ရသနည်း"ဟု မေးစစ်သည်ရှိသော်။