၁၅၃။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ကျော့ကွင်း၌ မိနေသော ဝက်ကို သနားသဖြင့် လွှတ်လိုက်၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။
ရဟန်း သင်သည် အဘယ်စိတ်ရှိသနည်းဟု (မေးတော်မူရာ)
မြတ်စွာဘုရား တပည့်တော်သည် သနားခြင်းကို အလိုရှိပါသည်ဟု (လျှောက်ထား၏)။
ရဟန်း သနားခြင်းကို အလိုရှိသော ရဟန်းအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၉၂)
တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ကျော့ကွင်း၌ မိနေသော ဝက်ကို "ဥစ္စာရှင်များ မမြင်မီ (လွှတ်အံ့)"ဟု ခိုးလိုသောစိတ်ရှိသည်ဖြစ်၍ လွှတ်လိုက်၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၉၃)
တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ကျော့ကွင်း၌ မိနေသော သမင်ကို သနားသဖြင့် လွှတ် လိုက်၏။ပ။
ကျော့ကွင်း၌ မိနေသော သမင်ကို "ဥစ္စာရှင်များ မမြင်မီ (လွှတ်အံ့)"ဟု ခိုးလိုသောစိတ်ရှိသည် ဖြစ်၍လွှတ်လိုက်၏။
မြှုံး၌ မိနေကြသော ငါးတို့ကို သနားသဖြင့် လွှတ်လိုက်၏။ပ။
မြှုံး၌ မိနေကြသော ငါးတို့ကို "ဥစ္စာရှင်များ မမြင်မီ (လွှတ်အံ့)"ဟု ခိုးလိုသောစိတ်ရှိသည် ဖြစ်၍လွှတ်လိုက်၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိကကျပြီဟု (မိန့်တော်မူ၏)။ (၉၄-၉၇)
တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ယာဉ်ပေါ်၌ ဥစ္စာကိုမြင်၍ "ဤယာဉ်မှ ယူသော် ပါရာဇိကကျလိမ့်မည်"ဟု ကျော်လွန်၍ လှိမ့်ပြီး ယူ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၉၈)
တစ်ရံရောအခါ ရဟန်းတစ်ပါးသည် စွန်ရဲချီ၍ ပစ်ချသော သားတစ်ကို "ဥစ္စာရှင်များအား (ပြန်) ပေးမည်"ဟု ကောက်ယူ၏၊ ဥစ္စာရှင်တို့သည် ထိုရဟန်းကို "သင် (အသျှင်ဘုရား) သည် ရဟန်းမဟုတ်တော့ပြီ"ဟု စွပ်စွဲကြကုန်၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်းခိုးလိုသောစိတ်မရှိသော ရဟန်းအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၉၉)
တစ်ရံရောအခါ ရဟန်းတစ်ပါးသည် စွန်ရဲချီ၍ ပစ်ချသော သားတစ်ကို "ဥစ္စာရှင်များ မမြင်မီ (ကောက်ယူအံ့)"ဟု ခိုးလိုသောစိတ်ရှိသည်ဖြစ်၍ ကောက်ယူ၏၊ ဥစ္စာရှင်တို့သည် ထိုရဟန်းကို "သင် (အသျှင်ဘုရား) သည် ရဟန်း မဟုတ်တော့ပြီ"ဟု စွပ်စွဲကြကုန်၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၁၀၀)
၁၅၄။ တစ်ရံရောအခါ လူတို့သည် ဖောင်ဖွဲ့၍ အစိရဝတီမြစ်၌ မျှောကုန်၏၊ ဖောင်ဖွဲ့ ကြိုးပြတ်၍သစ်များ ဖရိုဖရဲ မျောကုန်ရာ ရဟန်းတို့သည် ပံ့သကူဟု ထင်မှတ်ကြ၍ ဆယ်ယူထားကုန်၏၊ ဥစ္စာရှင်တို့သည် ထိုရဟန်းတို့ကို