ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်းမရှိဟူရာ၌ ပေါင်းသင်းခြင်းမည်သည် အတူ တကွဝိနည်းကံ ပြုမှု၊ အတူတကွ ပါတိမောက် ရွတ်ဆို (ပြ) မှု၊ တူမျှသော ကျင့်ကြံ နေထိုင်မှုဟူသော ဤအလုံးစုံသည် ပေါင်းသင်းခြင်း မည်၏၊ ထို ပေါင်းသင်းခြင်းသည် ထို ရဟန်းနှင့် အတူတကွ မရှိတော့ပေ၊ ထို့ကြောင့် "ပေါင်းသင်းရခြင်း မရှိ"ဟု ဆိုအပ်၏။
၃-တတိယပါရာဇိက သိက္ခာပုဒ်အဖွင့်ပြီး၏။
ခေါင်းစဉ် မာတိကာ
၁၇၃။ ကိုယ်တိုင် ဆောက်တည် (စီရင်) ၍ တမန်စေလွှတ်ခြင်း၊ တမန် အဆင့်ဆင့် စေလွှတ်ခြင်း၊ ချွတ်ယွင်းသော တမန်၊ သွားပြီးမှ ပြန်လာသော တမန်၊ ဆိတ်ကွယ်ရာ မရှိဘဲ ဆိတ်ကွယ်ရာဟု ထင်မှတ်ခြင်း၊ ဆိတ်ကွယ်ရာကို ဆိတ်ကွယ်ရာ မဟုတ်ဟု ထင်မှတ်ခြင်း၊ ဆိတ်ကွယ်ရာ မဟုတ်သည်ကိုဆိတ် ကွယ်ရာ မဟုတ်ဟု ထင်မှတ်ခြင်း၊ ဆိတ်ကွယ်ရာကို ဆိတ်ကွယ်ရာဟု ထင်မှတ်ခြင်း၊ ကိုယ်ဖြင့်ချီးကျူးခြင်း၊ နှုတ်ဖြင့် ချီးကျူးခြင်း၊ ကိုယ်နှုတ်ဖြင့် ချီးကျူးခြင်း၊ တမန်ဖြင့် ချီးကျူးခြင်း၊ စာရေး၍ချီးကျူးခြင်း၊ တွင်းတူးခြင်း၊ မှီရာ တံကဲပျဉ် ထားခြင်း၊ လက်နက်ကို အနီး၌ ချထားခြင်း၊ ဆေး၊ ရူပါရုံကို အနီးသို့ ဆောင်ခြင်း၊ သဒ္ဒါရုံကို အနီးသို့ ဆောင်ခြင်း၊ ဂန္ဓာရုံကို အနီးသို့ ဆောင်ခြင်း၊ ရသာရုံကို အနီးသို့ ဆောင်ခြင်း၊ ဖောဋ္ဌဗ္ဗာရုံကို အနီးသို့ ဆောင်ခြင်း၊ ဓမ္မာရုံကို အနီးသို့ ဆောင်ခြင်း၊ ပြောကြားခြင်း၊ ဆုံးမခြင်း၊ အချိန်းအချက် ပြုခြင်း၊ အမှတ်အသား နိမိတ်ပြုခြင်း။
မာတိကာအဖွင့်
၁၇၄။ ကိုယ်တိုင်ဟူသည် ကိုယ်ဖြင့်သော်လည်းကောင်း၊ ကိုယ်နှင့်စပ်သော အရာဝတ္တုဖြင့်သော်လည်းကောင်း၊ လွှတ်လိုက်သော မြား စသည်ဖြင့်သော်လည်းကောင်း ကိုယ်တိုင် သတ်၏။
ဆောက်တည် (စီရင်) ၍ဟူသည် "ဤကဲ့သို့ ထိုး၊ ဤကဲ့သို့ ပုတ်ခတ်၊ ဤကဲ့သို့ သတ်"ဟုဆောက်တည် စီရင်၍စေခိုင်းခြင်းတည်း။
ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို "ဤမည်သော သူကို သတ်လော့"ဟုစေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုရဟန်းသည် ထိုသူဟု ထင်မှတ်၍ ထိုသူကိုပင် သတ်အံ့၊ နှစ်ဦးလုံး ပါရာဇိကအာပတ်သင့်၏။
ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို "ဤမည်သော သူကို သတ်လော့"ဟုစေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုရဟန်းသည် ထိုသူဟု ထင်မှတ်၍ အခြားသူကို သတ်အံ့၊ မူလစေခိုင်းရင်း ရဟန်းအား အာပတ် မသင့်၊ သတ်သော ရဟန်းအားသာ ပါရာဇိကအာပတ် သင့်၏။
ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို "ဤမည်သော သူကို သတ်လော့"ဟုစေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုရဟန်းသည် အခြားသူ ထင်မှတ်၍ ထိုသူကို သတ်အံ့၊ နှစ်ဦးလုံး ပါရာဇိကအာပတ်သင့်၏။
ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို "ဤမည်သော သူကို သတ်လော့"ဟုစေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုရဟန်းသည် အခြားသူ ထင်မှတ်၍ အခြားသူကိုပင် သတ်အံ့၊ မူလစေခိုင်းရင်းရဟန်းအား အာပတ် မသင့်၊ သတ်သော ရဟန်းအားသာ ပါရာဇိကအာပတ် သင့်၏။