မင်းသားတို့တွင် ကောင်းခြင်း လက္ခဏာ ငါးပါး ရှိသည်။ အရွယ်၏ ကောင်းခြင်း၊ ရုပ်ရည် ရူပကာယ၏ ကောင်းခြင်း၊ အသံ၏ ကောင်းခြင်း၊ အဆို၏ ကောင်းခြင်း နှင့် အပြော၏ ကောင်းခြင်းတို့ ဖြစ်သည်။ ဤကောင်းခြင်း လက္ခဏာ ငါးပါးနှင့် ပြည့်စုံမှ မင်းသားကောင်း တယောက် ဖြစ်နိုင်လေသည်။ ဇာတ်သဘင် လောကတွင် ဤကောင်းခြင်း လက္ခဏာ ငါးပါး နှင့် ပြည့်စုံသော မင်းသားတွေ အတော်များများပင် ရှိသည်။ အမှန်မှာ သူတို့တွေလည်း မင်းသားကောင်းများပင် ဖြစ်ကြသည်။
တင်မောင်ကား မင်းသားကောင်းတို့တွင် ထူးချွန်သူ ဟု ဆိုရပေမည်။ သူ၏ ထူးချွန်ခြင်းမှာ “ထွင်ဉာဏ်” ပင် ဖြစ်သည်။ သူသည် သူများ လုပ်သလို လုပ်ရိုးလုပ်စဉ် အတိုင်း လုပ်ချင်သူ မဟုတ်ချေ။ အညွှန့် အတက်ကလေးတွေနှင့် ဝေဝေဆာဆာ လုပ်ရမှ ကျေနပ်သည်။ များစွာသော မင်းသား မင်းသမီးတို့သည် ရှေးက နာမည်ကျော်များ ဖြစ်သော ဦးဖိုးစိန်၊ ဦးစိန်ကတုံး၊ အောင်ဗလ စသူတို့၏ ဆိုဟန်၊ ကဟန်ကို တူအောင် လိုက်၍ ဆိုကြ၊ ကကြသည်။ တင်မောင်ကား သူ့ဟန်ကို သူ အားကိုးသည်။ ရှေးက ပညာတွေကို ရှေးက ယဉ်ကျေးမှု အမွေအနှစ်အဖြစ် နှင့် မြတ်နိုးစွာ သိုမှီးထားပြီး တိုးတက်သော ခေတ်ကို တိုးတက်သော စံနစ်ဖြင့် ထွေးရစ်ပေးလေသည်။
လက်ဝဲ သုန္ဒရသည် တင်မောင်၏ ပဌမ ထွင်ခြင်း ဖြစ်သည်။ သဘင်သည်တို့သည် များသောအားဖြင့် ဦးဖိုးစိန်၊ ဦးစိန်ကတုံးတို့ ကသော ဇာတ်ထုပ်များကိုသာ ကပြနေကြသည်။ ကိုယ်တိုင်၊